← Chapters

အခန်း ၅၇၉

Vol. 58 Ch. 579

အခန်း ၅၇၉

Vol. 58 Ch. 579

အခန်း (၅၇၉)

“တာအိုကို ပေါ့ပေါ့တန်တန် သင်ကြားပေးလို့ မရဘူး”

လျန်ယီ သူ့ဆရာ ပြောပြသည့် အရာများကို အခြားသူများအား မျှဝေပေးမည် မဟုတ်ချေ။ ထိုသို့ပြောပြီး သူ့လက်ထဲက ဓားကိုယူကာ နောက်ထပ်ကျောက်ခန်းမဆီသို့ တိုက်ရိုက် လျှောက်သွား၏။

ဤလုပ်ရပ်သည် ကျွမ်းကျင်သူများကို အလွန်အမင်း ဒေါသထွက်သွားစေသည်။ တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်၏ ဆရာဖြစ်သူက ၎င်းကိုမြင်တော့ ဖမ်းဆွဲရန် အလိုအလျောက် လက်လှမ်းလိုက်၏။ သို့သော် သူ့ကို တစ္ဆေအိုကြီးဖူ တားဆီးလိုက်သည်။

“မင်း ဘာလို့ ငါ့ကို တားနေတာလဲ”

အကြီးအကဲ မကျေနပ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် သူ့ကိုယ်ပိုင်တပည့်ကို ကြည့်ကာ မေးမြန်းလိုက်၏။

“ဆရာ မလုပ်သင့်ဘူး”

တစ္ဆေအိုကြီးဖူ အလျင်အမြန် ပြောလိုက်သည်။

“ဒီလူက မြင့်မြတ်နယ်မြေကလာတာ။ ပြီးတော့ သူ့ဆရာက တျန်းချန်အကြီးအကဲငါးဦးထဲက တစ်ဦးကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်”

ထိုစကားများထွက်ပေါ်လာသည်နှင့် ယခင်က လှုပ်ရှားချင်နေကြသော ကျွမ်းကျင်သူတို့ နေရာမှာတင် မှင်တက်သွားကြ၏။

တျန်းချန်အကြီးအကဲငါးဦးသည် သူတို့နှင့် တန်းတူ ဖြစ်သည်။ သူတို့ လျှို့ဝှက်ခန်းမထဲတွင် နှစ်တစ်ထောင်ကြာ ကျင့်ကြံခဲ့လျှင်တောင် ဓားတစ်ချက်တည်းဖြင့် သတ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် သူတို့ အခြား မျက်နှာဖုံးတပ်ထားသော အမျိုးသားကို မှတ်မိနေကြသေး၏။ အကယ်၍ တိုက်ပွဲတစ်ခု ဖြစ်ပွားလာပါက သူတို့ မည်သည့်အကျိုးအမြတ်ကိုမျှ ရရှိမည် မဟုတ်ပေ။

လူအုပ်ကြီး၏တုံ့ပြန်မှုကို လျန်ယီ သတိထားမိသည်။ သူ စကားမပြောမီ ဆက်သွယ်ရေးကျောက်စိမ်းအဆောင်တစ်ခုကို သူ့လက်ထဲတွင် ကိုင်ဆောင်ထား၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို တိုက်ခိုက်ရဲပါက သူ့ဆရာကို ချက်ချင်း ခေါ်လိုက်မည် ဖြစ်သည်။

လျန်ယီ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်ကို ပြော၏။ “မင်းတို့ အတော်လေး ဦးနှောက်ရှိသားပဲ”

ထိုသို့ပြောပြီးနောက် သူ လူအုပ်ကြီးကို လျစ်လျူရှုကာ ထွက်သွားတော့သည်။

တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင် အချင်းချင်းကြည့်လိုက်ကြပြီးနောက် လျန်ယီ၏အနောက်သို့ ချက်ချင်း လိုက်ပါသွားကြ၏။

သူတို့ လေ့လာမှုပုံစံကို အတုယူ၍ ရနိုင်သည်။

ထိုလုပ်ရပ်သည် အခြားသူများကို မဖုံးကွယ်ထားနိုင်သဖြင့် လူအများ သူတို့လေးဦး အနောက်မှ လိုက်သွားကြသည်။

နောက်ပိုင်းတွင် တစ်ခုခု ဖြစ်လာလျှင်တောင် အန္တရာယ်ရှိသူများသည် တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်သာ ဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် နောက်ဆုံးကျောက်ခန်းမအတွင်း၌

ရှီးရွှမ် တင်ပျဉ်ခွေထိုင်ကာ တာအိုအနှစ်သာရကို စတင် နားလည်ဆင်ခြင်သည်။ သို့သော် မည်သည့် အကြောင်းရင်းကြောင့် မသိပေ။ သူ့စစ်မှန်ဆန္ဒသည် အလုံးစုံပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေသော်လည်း သူ နောက်တစ်ဆင့်သို့ မတက်နိုင်ပေ။ တက်တော့မလို ခံစားနေရသော်လည်း ထိုခြေလှမ်းကို ဘယ်သောအခါမှ မကျော်ဖြတ်နိုင်ပေ။

ခြေသံတစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာပြီး ရှီးရွှမ်၏ တံခါးပိတ်ကျင့်ကြံမှုကို အနှောင့်အယှက်ပေးလိုက်၏။ သူ့မျက်လုံးများကို ဖွင့်ပြီး ကျောက်ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ လျန်ယီ ပြုံး၍ အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာ ကျွန်တော့်ဓားဆန္ဒက ပြီးပြည့်စုံသွားပြီ”

လျန်ယီ စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ပြောလိုက်၏။

“မဆိုးဘူး။ မင်း ဆရာ့ကို စိတ်မပျက်စေဘူး။ ဒါပေမဲ့ ဘာလို့ ဆက်မကျင့်ကြံတာလဲ”

ရှီးရွှမ် ပြန်မေးလိုက်သည်။

လျန်ယီ အနေရခက်စွာ သူ့ခေါင်းကို ကုတ်လိုက်၏။

“ဆရာ ဒီတပည့်ဓားဆန္ဒက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပါပြီ။ ဒါပေမဲ့ အလုံးစုံပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ နေ့ချင်းညချင်း ဖြစ်လာမဲ့ကိစ္စ မဟုတ်ဘူးလေ။ ဒါကြောင့် တပည့် ခဏလောက် ငြိမ်ငြိမ်လေးနေချင်လို့ပါ”

ရှီးရွှမ် ထိုစကားများကိုကြားတော့ တီးတိုးရေရွတ်လိုက်သည်။

“ငါ အရမ်း စိတ်မရှည်ဖြစ်နေတာများလား”

ထိုသို့ပြောပြီးနောက် သူ မတ်တတ်ရပ်လိုက်၏။

“မင်း ပြောတာလည်း မှန်တယ်။ နောက်တစ်ရက်ကြာရင် လျှို့ဝှက်ရတနာတိုက် ပြန်ပွင့်တော့မယ်။ မင်း မေးစရာရှိရင် ဆရာ့ကို အချိန်မရွေး မေးလို့ရတယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”

လျန်ယီ ထိုသို့ပြောပြီးနောက် ကျောက်ခန်းမ အပြင်ဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် အရိပ်လေးခု အလျင်အမြန် ဖြတ်ပြေးသွား၏။

ရှီးရွှမ် ၎င်းကိုမြင်လိုက်သော်လည်း သူ သိပ်ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ လျှို့ဝှက်ရတနာတိုက်အတွင်းရှိ လျှို့ဝှက်ချက်များကို လူအုပ်ကြီးအား သူ ပြောပြမည် မဟုတ်ပေ။ ဤလူများ အခြေခံအချက်လေးများကို နားထောင်လျှင်တောင် ကိစ္စမရှိချေ။

လျန်ယီ ဤရက်ပိုင်းအတွင်း သူ့ကျင့်ကြံမှုတွင် ရှိနေသော သံသယအားလုံးကို စပြောလာ၏။

သူ့ဓားဆန္ဒ ပြီးပြည့်စုံနေသော်လည်း ပြီးပြည့်စုံမှုသည် အလွန်မြန်ဆန်လွန်းနေကာ သူ့ကို လက်တွေ့မကျသည့် ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

ရှီးရွှမ် သူ့တပည့်ကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် ဖြေကြားပေး၏။

အချိန်များ အလျင်အမြန် ကုန်ဆုံးသွားသည်။

လူတိုင်း ကြားဖူးသောအသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။

“လျှို့ဝှက်ရတနာတိုက်ကျင့်ကြံချိန် ရောက်ပါပြီ ထွက်ပေါက်က တစ်ရက်ကြာ ပွင့်နေပါလိမ့်မယ်။ မထွက်သွားချင်ဘူးဆိုရင် လျှို့ဝှက်ရတနာတိုက်ထဲမှာ ဆက်လက် ကျင့်ကြံနိုင်ပါတယ်။ နောက်တစ်ကြိမ် ပွင့်လာမဲ့အချိန်ကို စောင့်ဆိုင်းနိုင်ပါတယ်”

၎င်းကိုကြားတော့ ရှီးရွှမ် မတ်တတ်ရပ်ပြီး လျန်ယီကို ပြောလိုက်သည်။

“သွားကြစို့ ငါတို့လည်း ပြန်သင့်ပြီ။ ငါ့မှာလည်း မင်းဆရာဘိုးဘိုးကို မေးချင်တဲ့ သံသယတွေ ရှိနေတယ်”

“ဟုတ်”

လျန်ယီ ပြန်ဖြေကြားလိုက်ပြီး ရှီးရွှမ်နောက်မှ လိုက်ပါသွား၏။

လမ်းတစ်လျှောက်တွင် ဆရာတပည့်နှစ်ဦး ကျောက်ခန်းမများထဲရှိ ကျင့်ကြံသူများအားလုံး၏ အာရုံစိုက်မှုဗဟိုချက်ဖြစ်လာသည်။

သို့သော် လူအများစု သူတို့နှစ်ဦးကို တစ်ချက်သာ လှမ်းကြည့်ပြီး ဆက်ကျင့်ကြံကြ၏။

နာရီအတော်ကြာပြီးနောက် ရှီးရွှမ်နှင့် သူ့တပည့်တို့ လျှို့ဝှက်ရတနာတိုက်မှ ထွက်ခွာလာကြသည်။ သူတို့ လျှို့ဝှက်ရတနာတိုက်မှ ထွက်လာသည်နှင့် လူအချို့က သူတို့နောက်မှ လိုက်ပါလာသည်။

တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်၊ တျန်းချန်အကြီးအကဲလေးဦးနှင့် ကျင်းရှီတို့ပင်။ ကျန်သည့်သူများက လျှို့ဝှက်ရတနာတိုက်အတွင်း၌ နေရန် ရွေးချယ်ခဲ့ကြ၏။

ကျင်းရှီတို့နှင့် တျန်းချန်အကြီးအကဲလေးဦးတို့ ထွက်လာသည့် အကြောင်းအရင်းကို ရှီးရွှမ် နားလည်နိုင်ပေသည်။ သို့သော် တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင် အပြင်ထွက်လာခြင်းသည် ထူးဆန်းနေပြီး သူတို့ပုံစံနှင့် အနည်းငယ် ကွဲလွဲနေ၏။

ရှီးရွှမ် လူအုပ်ကြီးကို လျစ်လျူရှုကာ လျန်ယီကိုခေါ်ဆောင်၍ ဓားပျံစီးကာ ထွက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသည့်သူကြီး နောက်ဆုံးတွင် ထွက်သွားသည်ကိုမြင်တော့ တျန်းချန်အကြီးအကဲလေးဦး သူတို့စိတ်ထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်ကြ၏။

တျန်းချန်တောင်မှ ထွက်ခွာပြီးနောက် ရှီးရွှမ် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ အနောက်မှ လိုက်ပါလာသော တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်ကို လှည့်ကြည့်ပြီး အေးစက်စွာ မေးလိုက်၏။

“ဘာကိစ္စ ရှိလို့လဲ”

ရှီးရွှမ်တို့နှင့် လမ်းခွဲသွားသော ကျင်းရှီတို့အဖွဲ့ ၎င်းကိုကြားတော့ အလိုအလျောက် ရပ်တန့်သွားပြီး တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်ကို ကြည့်လိုက်ကြသည်။

သူတို့အားလုံး၏ မျက်နှာများပေါ်တွင် သိချင်နေသော အမူအရာများ ပေါ်လွင်နေ၏။ အကယ်၍ မျက်နှာဖုံး တပ်ဆင်ထားသော ထိုလူကို သူတို့ မကြောက်ရွံ့ပါက ထုတ်မေးမိပေလိမ်မည်။

‘အဘိုးကြီးတွေ သေရမှာ မကြောက်ဘူးလား’

တစ္ဆေအိုကြီးဖူ ပထမဆုံး စကားဆိုလိုက်သည်။

“ကျွန်တော်တို့ သခင်လေးရဲ့ နောက်လိုက်ဖြစ်ဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ”

သူတို့ ဤသို့ကိုရွေးချယ်လိုက်ခြင်းသည် လျှို့ဝှက်ရတနာတိုက်အတွင်းရှိ လျှို့ဝှက်ချက်များကို သိချင်သည့်အပြင် ရှီးရွှမ်ကို ကျောထောက်နောက်ခံ တစ်ခုအဖြစ် လိုချင်သောကြောင့်ဖြစ်၏။

“ဟ”

လျန်ယီ ပထမဆုံး ပြောသည်။

“မင်းတို့တွေ ကိုယ့်အဆင့်အတန်း ကိုယ်ပြန်ကြည့်ဦး။ နာမည်ဆိုးနဲ့ နတ်ဆိုးကျင့်ကြံသူတွေ ငါ့ဆရာကို တွယ်ကပ်ဖို့ ကြိုးစားတယ်ပေါ့‌လေ”

၎င်းကိုကြားတော့ ရှီးရွှမ် လူလေးဦးကို တိတ်တဆိတ် ကြည့်လိုက်၏။

တစ္ဆေအိုကြီးဖူ ပြောလိုက်သည်။

“သခင်လေး ကျွန်တော်တို့ အရင်တုန်းက နတ်ဆိုးကျင့်ကြံသူတွေဖြစ်ခဲ့တာ ရွေးချယ်စရာမရှိခဲ့လို့ပါ။ အခု အခွင့်အရေး ရလာပြီဆိုတော့ ကျွန်တော်တို့ လူကောင်းတွေပဲ ဖြစ်ချင်တယ်”

“ဟီးဟီး”

ရှီးရွှမ် ရယ်မောလိုက်၏။

“ဒီလိုသာဆို မင်းတို့ ပြောင်းလဲချင်တဲ့စိတ် တကယ်ရှိပုံပဲ”

“ဟုတ်ပါတယ်။ သခင်လေး ကျွန်တော်တို့ကို အခွင့်အရေးတစ်ခု ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

တစ္ဆေအိုကြီးဖူ ပြောလိုက်သည်။

ရှီးရွှမ် ပြုံးလိုက်၏။

“အခွင့်အရေးမရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီသခင်လေးက ထိပ်တန်းအဆင့် ကောင်းကင်ရွေးချယ်ခံဗီလိန်ဖြစ်ပေမဲ့ အပြစ်မဲ့သူတွေကို မဆင်မခြင် သတ်ဖြတ်တတ်တဲ့ အမျိုးအစား မဟုတ်ဘူး။ မင်းတို့ခန္ဓာကိုယ်ပေါ်က သတ်ဖြတ်ခြင်းအပြစ်တွေ အရမ်း လေးလံလွန်းနေရင်တော့ သေရလိမ့်မယ်”

ကောင်းကင်ရွေးချယ်ခံဗီလိန်ဟူသော စကားကို ကြားတော့ လူတိုင်း မှင်တက်သွားကြသည်။

တစ်စုံတစ်ယောက်က လူဆိုးဖြစ်ကြောင်း ကြေညာသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း မည်သူကမျှ မေးခွန်းမထုတ်ရဲပေ။

တစ္ဆေအိုကြီးဖူ ဆက်မေးလိုက်၏။

“သခင်လေး ကျွန်တော်တို့ကို လက်ခံပေးဖို့ ဘာလိုအပ်လဲဆိုတာကို သိချင်ပါတယ်”

“မင်းတို့ ဝမ်တောက်မြို့ နှလုံးသားထင်ဟပ်ကြေးမုံကို ကျော်ဖြတ်နိုင်ရင် ဒီသခင်လေး နောက်လိုက်တွေ ဖြစ်လာဖို့ အရည်အချင်း ရှိလိမ့်မယ်”

ရှီးရွှမ်သည် မြောက်ပိုင်းတောရိုင်းဒေသ၏ တော်ဝင်မြေးတော် ဖြစ်သည်။ သူ့အမြင်တွင် အသုံးဝင်သည့်သူတိုင်းက လက်အောက်ငယ်သားကောင်းတစ်ယောက် ဖြစ်၏။ အဓိကလိုအပ်ချက်သည် သူတို့သတ်ဖြတ်ခြင်းအပြစ်များ အရမ်း မလေးလံဖို့နှင့် သူတို့ဝိညာဉ်များကို ကမ္ဘာခြားကောင်းကင်နတ်ဆိုးများထံ မရောင်းချဖို့သာ။

၎င်းကိုကြားတော့ သူတို့လေးဦး စိတ်ထဲတွင် တွေးလိုက်ကြ၏။

‘အခွင့်အရေး ရှိတယ်’

သူတို့ ချက်ချင်းပင် လေးစားစွာ ဦးညွှတ်လိုက်ကြသည်။ “ကျွန်တော်တို့ ကြိုးစားကြည့်ဖို့ ဆန္ဒရှိပါတယ်”

“သွားကြစို့”

ရှီးရွှမ် ပြောလိုက်ပြီးနောက် ဓားပျံစီးကာ ထွက်ခွာသွားခဲ့၏။

“အမိန့်အတိုင်းပါပဲ”

တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင် ပြန်ဖြေလိုက်ပြီးနောက် ရှီးရွှမ်အနောက်သို့ အလျင်စလို လိုက်ပါသွားကြသည်။

ကျင်းရှီ ရှီးရွှမ်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။

“ဖြောင့်မတ်သလို နတ်ဆိုးလည်းဆန်တဲ့ပါရမီရှင်မျိုးကို ဝမ်တောက်ကျောင်းတော်က ဘယ်အချိန်ကများ မွေးထုတ်လိုက်တာလဲ”

All Chapters