အခန်း ၅၈၀
Vol. 58 Ch. 580
အခန်း (၅၈၀)
“မင်းတို့လေးယောက် နှလုံးသားထင်ဟပ်ကြေးမုံကို ဒီလောက် အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းတို့နတ်ဆိုးကျင့်ကြံသူတွေအဖြစ် အရည်အချင်း မပြည့်မီဘူး”
ဝမ်တောက်မြို့အတွင်း
ရှီးရွှမ် တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင်ကို ကြည့်ကာ နောက်ပြောင်လိုက်၏။
တစ္ဆေအိုကြီးဖူ သူ့ရှေ့က မျိုးရိုးမြင့်သခင်လေးကို ကြည့်ပြီး အားတင်းပြုံးလိုက်ရသည်။
“သခင်လေး ကျွန်တော်တို့က တကယ်တော့ ယုတ်မာပက်စက်တဲ့ကိစ္စမျိုး တစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။ လမ်းမှန်နဲ့ နတ်ဆိုးလမ်းစဉ်တွေက ကျွန်တော်တို့ကို သည်းမခံနိုင်လို့ နတ်ဆိုးကျင့်ကြံသူဆိုတဲ့ နာမည်တပ်ခံလိုက်ရတာပါ”
ရှီးရွှမ် နောက်ပြောင်လိုက်၏။
“တစ်ယောက်ယောက်က သူ့ကိုယ်သူ အန္တရာယ်မရှိဘူးလို့ မိတ်ဆက်တာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဒီသခင်လေးအမြင်မှာတော့ မင်းတို့လေးယောက် လမ်းစဉ် နှစ်ခုလုံးက ကျင့်ကြံသူတွေကို စော်ကားရဲလောက်တယ်”
“ဟီးဟီး”
တစ္ဆေအိုကြီးဖူ ရယ်မောလိုက်သည်။
“သခင်လေး ကျွန်တော်တို့ကို သိနေတာပဲ။ ကျွန်တော်တို့က ဘယ်သူ့ကိုမဆို ရန်မစပါဘူး။ သခင်လေးလိုမျိုး အင်အားကြီးအဖွဲ့တွေက တပည့်တွေနဲ့ ဆုံမိပြီဆိုရင် မြန်မြန်တောင် မပုန်းနိုင်ပါဘူး”
“ကောင်းပြီ။ ဒီသခင်လေး မင်းတို့အတိတ်တွေကို ထပ်ပြီး စုံစမ်းနေတော့မှာ မဟုတ်ဘူး။ အခုကစပြီး ငါ့နောက်ကနေ လိုက်ခဲ့။ အမိန့်မပါဘဲ မလှုပ်ရှားရဘူး”
ရှီးရွှမ် အလွန် လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျွန်တော်တို့ သခင်လေး အမိန့်ကို နာခံပါမယ်”
တောင်ပိုင်းတောင်တန်းမှတစ္ဆေလေးကောင် ပြောနေရင်း သူတို့မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လာသည်။
သူတို့ သခင်လေး၏အမည်ကို မသိသော်လည်း ဤမျှအသက်ငယ်ငယ်လေးဖြင့် ဓားဆန္ဒကို အလုံးစုံပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားသည်။ ထိုသည်ကို ကြည့်လျှင် သူသည် ဝမ်တောက်ကျောင်းတော်တစ်ခုလုံးတွင် ထိပ်တန်းအဆင့်ပါရမီရှင် ဖြစ်ရပေမည်။
နာရီဝက်ခန့်အကြာတွင် သူတို့ အိမ်တော်တစ်ခု၏ အရှေ့သို့ ရောက်လာ၏။
တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင် အိမ်တော် ဝင်ပေါက်ကို လှမ်းကြည့်လိုက်၏။ တံခါးမကြီးအပေါ်တွင် ရှီးအိမ်တော်ဟူသော စာလုံးကြီးနှစ်လုံး ရေးထားကြောင်း တွေ့လိုက်ရသည်။
လျန်ယီ အလျင်အမြန် လျှောက်သွားပြီး ပင်မတံခါးကို ခေါက်ကာ အော်ဟစ်လိုက်သည်။
“ဦးလေးယွမ် ကျွန်တော်တို့ ပြန်လာပြီ”
အသံဆုံးသွားသည်နှင့် အိမ်တော်၏ပင်မတံခါး ပွင့်လာ၏။ အကြီးအကဲတစ်ဦး ကျင့်ကြံသူအချို့ကို ဦးဆောင်ကာ ထွက်လာခဲ့သည်။
“တော်ဝင်မြေးတော်”
လူတိုင်း ရှီးရွှမ်ကို အရိုအသေပေးလိုက်ကြ၏။
“ထကြ”
ရှီးရွှမ် ဆက်ပြောသည်။
“အခုကစပြီး တောင်ပိုင်းတောင်တန်းတစ္ဆေလေးကောင်က ဒီအိမ်ကြီးမှာ နေလိမ့်မယ်။ အိမ်တော်ရဲ့ ဒုတိယတန်းစား ဧည့်အကြီးအကဲတွေအတိုင်း တန်းတူဆက်ဆံမှုမျိုး သူတို့ကို ပေးလိုက်ပါ”
“အမိန့်အတိုင်းပါ”
ဦးလေးယွမ် ပြန်ဖြေလိုက်ပြီး သူ့အကြည့်များကို တစ္ဆေလေးကောင်အပေါ်သို့ ရွှေ့လိုက်၏။
တစ်ချက်ကြည့်ရုံဖြင့် တောင်ပိုင်းတောင်တန်းမှ တစ္ဆေလေးကောင် တစ်ဖက်လူ၏ ထိုးဖောက်မြင်းခြင်း ခံလိုက်ရမည့်အလား ခံစားလိုက်ကြရသည်။
‘နီဗားနားရှင်သန်ခြင်းအဆင့်ကျွမ်းကျင်သူပဲ’
ထိုအတွေး သူတို့စိတ်ထဲတွင် ချက်ချင်း ပေါ်လာ၏။ သူတို့လေးဦး အိမ်တော်စည်းမျဉ်းများအကြောင်း မေးမြန်းရန် ပြင်လိုက်ချိန် သခင်လေးရှီ ထွက်သွားကြောင်း သူတို့ တွေ့လိုက်ရသည်။
“မင်းတို့လေးယောက် ကျေးဇူးပြုပြီး ဒီအဘိုးကြီးနဲ့ လိုက်ခဲ့ပါ”
ဦးလေးယွမ် သာမန်အတိုင်း ပြောလိုက်၏။
“ဟုတ်ကဲ့ပါ”
တစ္ဆေလေးကောင် ဦးလေးယွမ်၏အနောက်မှ လိုက်ပါကာ ရှီအိမ်တော်ထဲသို့ လျှောက်သွားကြသည်။
ဦးလေးယွမ် နေ့စဉ်ဘဝအကြောင်းပြောနေသည့်အလား ရှီအိမ်တော်အကြောင်းအရာအားလုံးကို ဖြည်းညှင်းစွာ မိတ်ဆက်ပေး၏။
“ငါတို့ရှီအိမ်တော်က ဝမ်တောက်မြို့မှာ မိသားစုကြီးတစ်ခု မဟုတ်ပေမဲ့ အဆင့်အတန်းတစ်ခုရှိတယ်လို့ သတ်မှတ်ထားလို့ရတယ်။ ဒီအဘိုးကြီး မင်းတို့လှုပ်ရှားမှုတွေကို ကန့်သတ်ထားမှာ မဟုတ်ဘူး”
“ဒါပေမဲ့ မင်းတို့လှုပ်ရှားမှုတိုင်းက ရှီအိမ်တော်ကို ကိုယ်စားပြုတယ်။ မင်းတို့ အပြင်ဘက်မှာ ပြဿနာရှာပြီး မျက်နှာပျက်စရာဖြစ်ခဲ့မယ်ဆိုရင် မင်းတို့ မျက်နှာပျက်ရုံတင် မဟုတ်ဘူး။ အရှင့်သား ဒါမှမဟုတ် မဟာပဏ္ဍိတမိုးမြေအထိပါ မျက်နှာပျက်ရလိမ့်မယ်”
“ဒါကြောင့် မင်းတို့အပြင်ထွက်တဲ့အခါ စကား အပြောအဆိုတွေ၊ အပြုအမူတွေကို သတိထားရမယ် နားလည်လား”
“အာ”
တစ္ဆေလေးကောင် မဟာပဏ္ဍိတမိုးမြေဟူသော စကားကို ကြားတော့ မှင်တက်သွားကြပြီး ငုတ်တုတ်မေ့သွား၏။
သူတို့ပုံစံကိုမြင်တော့ ဦးလေးယွမ် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သခင်လေးက မင်းတို့ကို သူ ဘယ်သူလဲဆိုတာ မပြောပြထားဘူးထင်တယ်။ ဒါဆို ဒီအဘိုးကြီး မင်းတို့ကို ပြောပြမယ်။ သခင်လေးက မဟာပဏ္ဍိတမိုးမြေ ကိုယ်ပိုင် တပည့်၊ မြောက်ပိုင်းတောရိုင်းမင်းဆက်ရဲ့ တော်ဝင်မြေးတော်ပဲ။ မင်းတို့ ရှင်းရှင်းလင်းလင်း ကြားရဲ့လား”
“ရှင်းရှင်းလင်းလင်း ကြားပါတယ်။ ရှင်းရှင်းလင်းလင်း ကြားပါတယ်”
သူတို့လေးဦး၏ဆုံးဖြတ်ချက်တစ်ခုသည် ဂန္ထဝင်ရွှေပေါင်တစ်ခုကို ဖယ်တွယ်နိုင်လိမ့်မည်ဟု မထင်ထားကြပေ။ ၎င်းသည် မရေမတွက်နိုင်သော လူများ အိပ်မက်မက်ခဲ့ရသည့် အရာတစ်ခု ဖြစ်၏။
ရှီအိမ်တော်မှ ထွက်ခွာပြီးနောက် ရှီးရွှမ် သူ့တပည့်ကို ခေါ်ကာ ဝမ်တောက်ကျောင်းတော်ဆီသို့ ပြန်လာလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ဆရာတပည့်နှစ်ဦး ရင်းနှီးနေသော မြောင်တောင်ခြေသို့ ရောက်လာကြ၏။
ရှီးရွှမ် တောင်ပေါ်သို့ ဓားပျံစီး၍ မတက်ဘဲ တိတ်တဆိတ် လမ်းလျှောက်တက်သွားသည်။
လမ်းတစ်လျှောက်တွင် ရှုခင်းများကို ကြည့်ရင်း သူ အံ့သြနေမိ၏။ ရင်းနှီးနေသော်လည်း စိမ်းသက်နေသည်။
ရှီးရွှမ် သူ့နှလုံးသား အလွန်တည်ငြိမ်ပြီး ငြိမ်းချမ်းနေကြောင်းကို ခံစားလိုက်ရ၏။ ၎င်းသည် လွန်ခဲ့သောဆယ်နှစ်အတွင်း သူ မကြုံတွေ့ဖူးသော ခံစားချက်တစ်ခု ဖြစ်သည်။
ထိုအခိုက် ရှီးရွှမ် နေရာမှာတင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံချင်စိတ်ပင် ပေါက်လာ၏။
သို့သော် ရှီးရွှမ် သူ့ခြေလှမ်းများကို မရပ်တန့်၊ ရှေ့သို့ ဆက်လျှောက်သွားသည်။
ပုံမှန်အားဖြင့် အသက်ရှူချိန်အနည်းငယ်သာ သွားရသောလမ်းသည် ယခုတစ်ကြိမ်တွင် နာရီဝက်တိတိကြာမြင့်ခဲ့၏။
ရှီးရွှမ် သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး တီးတိုးရေရွတ်လိုက်သည်။
“ဒီခံစားချက်က တကယ်ကိုလျှို့ဝှက်ဆန်းကြယ်တာပဲ”
ထိုစကားများကိုကြားတော့ ဘေးတွင်ရှိနေသော လျန်ယီ ဇဝေဇဝါဖြစ်သွား၏။
“ဆရာ ဘာတွေပြောနေတာလဲ”
ရှီးရွှမ်၏ နှုတ်ခမ်းထောင့် အနည်းငယ် မြင့်တက်သွားသည်။
“မမေးနဲ့။ မင်းမေးရင်လည်း ငါ မင်းကို ဘယ်လို ပြန်ဖြေရမလဲဆိုတာ မသိဘူး။ အရင်ဆုံး ကိုယ့်ခြံဝင်းဆီ ပြန်သွားလိုက်ဦး။ ငါ မင်းဆရာဘိုးဘိုးကို အရိုအသေသွားပေးရဦးမယ်”
“ဟုတ်ကဲ့ပါ”
လျန်ယီ ပြန်ဖြေလိုက်ပြီး လှည့်ထွက်သွား၏။
ယနေ့တွင် ဆရာဖြစ်သူ အလွန်ထူးဆန်းနေကြောင်း သူ ခံစားလိုက်ရသော်လည်း တစ်ခဏမျှ ဆရာနှင့် ပတ်သက်၍ ထူးဆန်းနေသည့်အရာကို သူမပြောနိုင်ပေ။
ရှီးရွှမ် ဌာနမှူးခြံဝင်းသို့ လျှောက်သွားသည်။ သူ ဌာနမှူးခြံဝင်း အတွင်း၌ ကစားနေသော ကလေးနှစ်ဦး၏ အသံကို ကြားလိုက်ရ၏။
ရှီးရွှမ်၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားသည်။ သူ ခြံဝင်းအဝသို့ လျှောက်သွားပြီး လေးစားစွာ ပြောလိုက်၏။
“တပည့်ရှီးရွှမ် ဆရာ့ကို ဂါဝရပြုဖို့ လာပါတယ်”
ခြံဝင်းအတွင်း၌ ချူဖုန်း သူ့သမီးနှစ်ဦးနှင့် ကစားနေသည်။ ရှီးရွှမ်၏အသံကိုကြားတော့ သူ လုပ်နေသည့်ကိစ္စကို ရပ်ကာ ပြောလိုက်၏။
“ရွှမ်လေး မင်း ပြန်လာပြီပဲ။ ဝင်ခဲ့”
“ဟုတ်”
ရှီးရွှမ် ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားသည်။ ကောင်မလေးနှစ်ဦး၏ သိချင်နေသော အကြည့်များကို ခံစားရတော့ သူ မေးရန် ပါးစပ်ဟလိုက်သော်လည်း မည်သို့မေးရမည်ကို မသိပေ။
“ဖေဖေ ဒီအစ်ကိုကြီးက ဘယ်သူလဲ”
ချူယွီကျစ် ရှီးရွှမ်ကိုကြည့်ကာ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
ချူဖုန်း သူ့သမီးနှစ်ဦးကို ထိကာ ပြောလိုက်သည်။
“ဒါ သမီးတို့စီနီယာအစ်ကို ရှီးရွှမ်လေ”
ကောင်မလေးနှစ်ဦး စီနီယာအစ်ကိုဟူသော စကားလုံးကို ကြားတော့ သူတို့မျက်လုံးများ လင်းလက်သွားကြ၏။ သူတို့ သင့်လျော်သောဟန်ပန်ဖြင့် နှုတ်ဆက်လိုက်ကြသည်။
“စီနီယာအစ်ကိုလေးကို ဂါဝရပြုပါတယ်”
“ဂျူနီယာညီမလေးနှစ်ယောက်လား”
ရှီးရွှမ် သူ့ရှေ့က ဂျူနီယာညီမလေးနှစ်ဦးကို ကြည့်ပြီး သူ့တစ်သက်စာ အချိန်ကြာမြင့်သွားသလို ခံစားလိုက်ရ၏။ သူ ထွက်သွားသည်မှာ ဆယ်နှစ်ရှိပြီဖြစ်ပြီး ဆရာဖြစ်သူ၌ သမီးများပင် ရှိနေပြီ ဖြစ်သည်။
ချူဖုန်း ကလေးမလေးနှစ်ဦးကို ပြောလိုက်၏။
“ဖေဖေ့မှာ သမီးတို့စီနီယာအစ်ကိုလေးကို ပြောစရာ စကားတွေရှိတယ်။ သမီးတို့နှစ်ယောက် မေမေ့ကို သွားရှာပြီး ဆော့ကြတော့”
“ဟုတ်”
ကောင်မလေးနှစ်ဦး နာခံစွာ ခေါင်းညိတ်လိုက်ကြသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ မြင်နေကျ ဖြစ်၏။
“ထိုင်”
သူ့သမီးနှစ်ဦး ထွက်သွားပြီးနောက် ချူဖုန်း အနီးရှိ ကျောက်ကုလားထိုင် တစ်လုံးကို ညွှန်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
ရှီးရွှမ် ရှေ့သို့ လျှောက်သွားပြီး ဆရာဖြစ်သူအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီးနောက် ထိုင်လိုက်၏။
“တာအိုပေါင်းစည်းခြင်းအဆင့် စစ်မှန်ဆန္ဒနှစ်မျိုးက အလုံးစုံပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီပဲ။ သတ်ဖြတ်ခြင်းနယ်မြေကို သွားလိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ပုံရတယ်”
ချူဖုန်း ပြောပြီးနောက် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
ရှီးရွှမ် ခေါင်းအသာညိတ်လိုက်၏။
“ဆရာ ပြောတာ လုံးဝမှန်ပါတယ်။ သတ်ဖြတ်ခြင်းနယ်မြေအတွက်သာ မဟုတ်ရင် ဒီတပည့် အချိန်တိုလေးအတွင်းမှာ ဒီလောက်တိုးတက်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့...”
သူ့တပည့်လေး စကားပြောချင်သော်လည်း ရပ်တန့်သွားသည်ကိုမြင်တော့ ချူဖုန်း ပြုံးကာ ပြောလိုက်သည်။
“မင်း ငါတို့ အချင်းချင်း မတွေ့ရတာ ဆယ်နှစ်ပဲရှိသေးတယ်။ ငါ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေတာပဲ။ မင်း နားမလည်တဲ့အရာတစ်ခုခုရှိရင် ဆရာ့ကို အချိန်မရွေး မေးလို့ရတယ်”
“ဆရာ ဒီတပည့် စစ်မှန်ဆန္ဒ အလုံးစုံပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပါပြီ။ အဆင့်တက်တော့မလိုလည်း ခံစားရပါတယ်။ ဒါပေမဲ့ တာအိုအနှစ်သာရကို နားမလည်နိုင်ဖြစ်နေတယ်”
ရှီးရွှမ် ပြောပြီးနောက် ဆရာဖြစ်သူကို လေးစားစွာ ကြည့်လိုက်သည်။