← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း(၁၃၁)

“အမ်း... ခန်းဝင်တင်တောင်းပစ္စည်း ရှစ်စုံကို ပြင်ဆင်ပြီးတော့ ပေးပို့လိုက်ပါ”

“ကောင်းပါပြီ”

သူ့၌ အခြား ညွှန်ကြားချက်များ မရှိတော့သည်ကို မြင်တွေ့ရသဖြင့် ကျိုးချွန်းယွီ ခွင့်တောင်းလိုက်ပြီး လှည့်ထွက်ရန် ပြင်ဆင်စဉ် မုကျွင်းယန်၏ စကားသံကို ထပ်ကြားလိုက်ရပြန်သည်။

“မင်္ဂလာပွဲအတွက် ပြင်ဆင်လိုက်ပါ”

“တတိယသခင်ကြီးရဲ့ အိမ်တော်အတွက်လား မသိဘူး”

ကျိုးချွန်းယွီ၏ စိတ်အာရုံမှာ ခဏတာမျှ မလည်ပတ်နိုင်တော့ချေ။

မုကျွင်းယန်၏ အကြည့်များမှာ အေးစက်လာသည်။

“ဒီသခင်ကြီးက မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတာ”

ကျိုးချွန်းယွီ : “...”

အချိန်အတော်ကြာသွားခဲ့ပြီးနောက်မှသာ သူ့ဦးနှောက် ပြန်လည်ပတ်လာခဲ့ပြီး ဝမ်းမြောက်စွာ ခေါင်းညိတ်လိုက်၏။

“အာ... အာ... ကောင်းပါတယ်...ကောင်းပါတယ်”

“မင်း ဘာလို့ ဒီလောက်တောင် ဝမ်းသာနေရတာလဲ။ မင်း မင်္ဂလာဆောင်မှာလည်း မဟုတ်ဘဲနဲ့”

မုကျွင်းယန်၏ အကြည့်များမှာ ထက်ရှနေပြီး ဒေါသ မထွက်သော်လည်း ခန့်ညားသော အရှိန်အဝါများ ရှိနေခဲ့သည်။

ကျိုးချွန်းယွီ ချက်ချင်းပင် အပြုံးကို ရုပ်သိမ်းလိုက်သော်လည်း သူကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ထပ်မံ၍ ပြုံးလိုက်မိပြန်သည်။

သူ ဒေါသထွက်လာမည့်အရေးကို မကြောက်ရွံ့တော့ဘဲ ခပ်တိုးတိုး ရယ်မောပြီး ဆိုလိုက်၏။

“ဒီအစေခံက သခင်ကြီးအတွက် ဝမ်းသာလွန်းလို့ပါ။သခင်ကြီးက နောက်ဆုံးတော့ လက်ထပ်ဖို့ သဘောတူလိုက်ပြီပဲ”

မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်၏။

“ဒါက ကိုယ်လုပ်တော်တစ်ယောက် ယူလိုက်တာပဲရှိတာ”

သို့သော် သူ စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်ပြန်သည်။

“ငါက လက်ထပ်ချင်လို့ မဟုတ်ဘူး။ ဒါပေမဲ့ လူအများကြီးရဲ့ မျက်စိရှေ့မှာတင် သူ့ကို ကူညီပေးပြီး ရေကန်ဘေးကို ပွေ့ချီလာခဲ့တာက ခန္ဓာကိုယ်ချင်း ထိတွေ့မှုတွေ ရှိသွားပြီ မဟုတ်ဘူးလား။ အမျိုးသားတစ်ယောက်အနေနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ပျက်စီးအောင် မလုပ်သင့်ဘူး။ အဲဒါအပြင် အမေကလည်း သူ့ကို တအား သဘောကျနေတာလေ။ အမေ့ဘေးနားမှာ အဖော်ပြုပေးမဲ့သူ တစ်ယောက်ယောက် ရှိနေတာက ငါ့ကို ပိုပြီးတော့ စိတ်အေးစေနိုင်တယ်”

ရှင်းပြခြင်းက ဖုံးကွယ်ခြင်းမျှသာ ဖြစ်သည်။

ကျိုးချွန်းယွီ အမှန်တကယ်ပင် ခပ်တိုးတိုး ရယ်မောလိုက်ချင်စိတ်များ ထွက်ပေါ်လာခဲ့ရပြန်သည်။

အနီးကပ် အလုပ်အကျွေးပြုနေကြသူတိုင်းမှာ ယနေ့ နန်းတော်အတွင်း၌ မည်သည့်ကိစ္စရပ်များ ဖြစ်ခဲ့သည်ကို သိရှိထားကြသည်။

အတိတ်တုန်းက အမျိုးသမီးများ ရာထူးဂုဏ်သတင်း တစ်စုံတစ်ရာ ရရှိရန်အတွက် ရည်ရွယ်ချက်ရှိရှိ ရေထဲသို့ ခုန်ချပြီး ခန္ဓာကိုယ်ချင်း ထိတွေ့မှုများကို ဖန်တီးလေ့ရှိကြသည်။

သို့သော် အမျိုးသမီးများ အနားမကပ်ဝံ့သော ဤသခင်ကြီးက အမြဲတမ်း မျက်ကွယ်ပြုထားလေ့ ရှိခဲ့သည်။

ယနေ့တွင် သူ အမှန်တကယ်ပင် စိတ်နှလုံး နူးညံ့သွားခဲ့ရ၏။

ခရိုင်မင်းသမီးကို လျစ်လျူရှုထားခဲ့ပြီး လူအများရှေ့တွင် ကုဟွားကို ကူညီပေးခဲ့သော်လည်း သူ့အနေဖြင့် စိတ်လှုပ်ရှားခြင်း မရှိပါဟု ဆိုနေခဲ့သေးသည်။

သေချာပေါက် ကုဟွား၏ လက်ရှိ အဆင့်အတန်းအရ တရားဝင်ဇနီးကြီးအဖြစ် မသင့်တော်သော်လည်း အဆင့်အတန်းတစ်ခု ပေးအပ်လိုက်ခြင်းက လုံးဝ တရားမျှတသွားစေနိုင်သည်။

ထို့ပြင် ၎င်းက ပြင်ပရှိ သူ မလိုလားသော အခြားအချစ်ရေးကိစ္စများကိုလည်း တားဆီးပေးနိုင်ဦးမည် ဖြစ်သည်။

အကယ်၍ သခင်ကြီး၌ အလိုလိုက်ခံရသော ကိုယ်လုပ်တော်တစ်ဦး ရှိနေခဲ့မည်ဆိုပါက မည်သည့် အထက်တန်းလွှာ အမျိုးသမီးကမှ အိမ်တော်အတွင်းသို့ ဝင်ရောက်လက်ထပ်ရန် တွေးတောရဲလိမ့်မည် မဟုတ်ချေ။

‘ကျန်းအိမ်တော်ကိုတော့...ထားလိုက်ပါတော့လေ’

…

ကုဟွား သုံးရက်အပြည့် အိပ်ပျော်နေခဲ့ရသည်။

သူမ နိုးလာခဲ့ချိန်၌ သူမဘေးပတ်ပတ်လည်ရှိ အရာအားလုံးမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“မမလေး နိုးလာပြီပဲ”

တုန့်ဟွား အိပ်ရာဘေးတွင် ထိုင်နေခဲ့ပြီး သူမမေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်လျက် အိပ်ရာပေါ်ရှိ မိန်းမပျိုလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ကုဟွား မျက်တောင်လေးများ လှုပ်ရှားလာသည်ကို မြင်တွေ့ရချိန်တွင် သူမ ချက်ချင်းပင် ဝမ်းမြောက်စွာဖြင့် အော်ဟစ်လိုက်၏။

တံခါးအပြင်ဘက်မှ လူအုပ် တစ်သီတစ်တန်းကြီး ဝင်ရောက်လာခဲ့ကြသည်။

ကုဟွား ထွက်ပေါ်လာသော မရင်းနှီးလှသည့် မျက်နှာသစ်အချို့ကို မှင်တက်စွာ စိုက်ကြည့်နေမိ၏။

တုန့်ချင်း အသစ်ရောက်ရှိလာသော အစေခံမလေးများကို ဦးဆောင်လျက် သူမကို အိပ်ရာမှထရန်အတွက် ကူညီလိုက်ပြီး တုန့်ဟွားက ရှန်လီကို သွားရောက်ရှာဖွေရန်အတွက် အပြင်သို့ ပြေးထွက်သွားသည်။

မကြာမီ၌ ကျိုးကျစ်လန်နှင့်ရှန်လီတို့ အတူတူ ရောက်ရှိလာခဲ့ကြ၏။

ဆေးရည်များ ထပ်မံသောက်သုံးရပြီး ဆေးရေချိုးခြင်းကိုလည်း ထပ်မံပြုလုပ်ရပြန်သည်။

အချိန်အတော်ကြာ အလုပ်ရှုပ်ပြီးနောက်မှသာ ကုဟွား အဝတ်အစားများကို စနစ်တကျ ဝတ်ဆင်ခွင့်ရရှိခဲ့ပြီး စောင်အတွင်းသို့ ပြန်လည်ထည့်သွင်းခြင်း ခံလိုက်ရ၏။

သူမ စကားမဆိုနိုင်သေးမီ၌ပင် အရသာရှိပြီး အစာခြေလွယ်သော အစားအသောက်များကို ယူဆောင်လာခဲ့ကြသည်။

ကျိုးကျစ်လန် အိပ်ရာပေါ်သို့ တိုက်ရိုက် တက်လိုက်ပြီး သူမအနီးနား၌ ဒူးတုပ်ထိုင်လိုက်ကာ တုန့်ချင်းက သူမအား အစားအသောက်များ ကျွေးမွေးနေသည်ကို စိုက်ကြည့်နေ၏။

ကုဟွား ကျိုးကျစ်လန်၏ ပြုံးရယ်နေသော မျက်နှာထားနှင့် စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ရင်ထဲ၌ အနည်းငယ် မလုံမလဲ ဖြစ်လာခဲ့ရသည်။

“တစ်ခုခု ဖြစ်ခဲ့လို့လားဟင်”

“အင်း... ကိစ္စကြီးတစ်ခု ဖြစ်ခဲ့တာပေါ့”

ကျိုးကျစ်လန် အပြုံးကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။

ကုဟွား တုန့်ချင်း ခွံ့ပေးလာသော ငှက်သိုက်စွပ်ပြုတ်တစ်ဇွန်းကို မျိုချလိုက်ပြီး မေးမြန်းလိုက်၏။

“ဘာဖြစ်လို့လဲဟင်”

“ယုံမြို့စားကြီး အိမ်တော်မှာ မင်္ဂလာပွဲတစ်ခု ကျင်းပတော့မှာလေ”

ကုဟွား ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး သူမကို အမိအရ ဖမ်းဆုပ်လိုက်မိ၏။

“ဘာလဲ... မယ်တော်ကြီးက နောက်ဆုံးတော့ အဲဒီအိမ်ထောင်ရေးကို စီစဉ်ပေးလိုက်တာလား”

“အမ်း... စီစဉ်ထားတဲ့ အိမ်ထောင်ရေးတစ်ခုပေါ့”

ကျိုးကျစ်လန် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြန်သည်။

ကုဟွား၏ နှလုံးသားလေးမှာ တစ်ချက်မျှ တုန်လှုပ်သွားခဲ့ရ၏။

‘ငါ အသက်စွန့်ပြီး ကြိုးစားခဲ့တာတောင် မုကျွင်းယန်မလိုလားတဲ့ အဲဒီပြဿနာကို မတားဆီးပေးနိုင်ခဲ့ဘူးပေါ့’

‘ဒီဘဝက အရင်ဘဝနဲ့ တကယ်ကြီး တအား ကွဲပြားခြားနားတာ မဟုတ်ဘူးလား’

‘ကျန်းရော့ရှီးက တကယ်ကြီး မုကျွင်းယန်ရဲ့ တရားဝင်ဇနီးကြီး ဖြစ်လာတော့မှာလား’

‘ဒါဆိုရင်... ငါ ဘာဆက်လုပ်ရမှာလဲ’

ကျိုးကျစ်လန် သူမကို စိုက်ကြည့်လာပြီး ဒေါသတကြီး ပြောလိုက်၏။

“နင်ကတော့ တကယ့် အရူးမလေးပဲ။ မယ်တော်ကြီးရဲ့ ဘေးနားမှာ လူတွေက အမြဲဝန်းရံနေတာ... နင်က ဘာလို့ ကိုယ့်အသက်ကို စတေးပြီး လူသွားကယ်ရတာလဲ”

ကုဟွား ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။

“တကယ်လို့ နောက်တစ်ကြိမ် ပြန်ရွေးချယ်ခွင့် ရှိခဲ့ရင်တောင် ညီမ ရေထဲကို သေချာပေါက် ထပ်ခုန်ချမိမှာပဲ”

သူမ၌ တိုက်ခိုက်လိုစိတ် ကင်းမဲ့နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျိုးကျစ်လန် စိတ်ပျက်လက်ပျက်ဖြင့် သူမနဖူးကို ပုတ်လိုက်မိ၏။

“ကဲပါလေ... နောက်ထပ် နှစ်ရက် သုံးရက်အတွင်းမှာ အိမ်တော်က အရမ်း အလုပ်ရှုပ်နေတော့မှာ။ နင်ကတော့ ကောင်းမွန်တဲ့ နေ့ရက်တွေကို စောင့်မျှော်ပြီး ခန္ဓာကိုယ်ကျန်းမာအောင်နဲ့ အင်အားတွေ ပြည့်ဝလာအောင်ပဲ ကောင်းကောင်း အနားယူနေလိုက်တော့”

ကုဟွားအနေဖြင့် မည်သည့် ကောင်းမွန်သော နေ့ရက်မျိုးကို စောင့်မျှော်ရမည်ကို နားမလည်နိုင်ချေ။

‘ကျန်းရော့ရှီးကို မတားဆီးနိုင်ခဲ့မှတော့ ငါ့အတွက် ဘယ်လိုလုပ် ကောင်းမွန်တဲ့ နေ့ရက်တွေ ရှိလာနိုင်ပါ့မလဲ’

သူမ ကျိုးကျစ်လန် လှည့်ထွက်သွားသည်ကို ငေးမောစွာ စိုက်ကြည့်နေခဲ့မိသည်။

သူမက ကိုယ်လုပ်တော်ပိုင်၏ သမီးအရင်း မဟုတ်ခဲ့သော်လည်း သူမဘေးနားတွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။

ကိုယ်လုပ်တော်ပိုင်၏ စိတ်ဓာတ်သည် အမြဲတမ်း တွက်ချက်မှုများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး သူမ ပြုလုပ်သမျှ အရာရာတိုင်းသည် တစ်ခုနှင့် တစ်ခု တန်ဖိုးချင်း လဲလှယ်ခြင်းမျှသာ ဖြစ်သည်။

သူမအနေဖြင့် မုကျွင်းယန်၏ ဘေးနား၌ ရှိနေခဲ့သည့် အချိန်ကာလ မရှည်လျားသေးသော်လည်း သူမက သူ့စိတ်နှလုံးကို တစ်ချက်မျှ မလှုပ်ခတ်နိုင်ခဲ့ကြောင်း ကောင်းစွာ နားလည်ထားသည်။

အလွန်ဆုံးရှိလျှင် သူမက ထိုအမျိုးသား၏ အိပ်ရာထက်က ကစားစရာ သက်သက်မျှသာ ဖြစ်၏။

အမျိုးသားတစ်ဦးကို အိပ်ရာထက်၌သာ ပျော်ရွှင်အောင် ပြုလုပ်ပေးခြင်းသည် ရေရှည်စီမံကိန်း မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။

ယနေ့တွင် သူမ ရေကန်ထဲသို့ ခုန်ချကာ လူကယ်ခဲ့ခြင်းသည် ကျန်းအိမ်တော်မှ အမျိုးသမီးတစ်ဦးကို မုကျွင်းယန်အနားသို့ အတင်းအဓမ္မတွန်းပို့မည့် မယ်တော်ကြီး၏ အကွက်ကို ရှောင်လွှဲရန် ကူညီပေးခဲ့ခြင်း ဖြစ်၏။

၎င်းက ထိုအမျိုးသား၏ ရင်ထဲ၌ အပြစ်မကင်းစိတ်ကို ပိုမိုဖြစ်ပေါ်စေခဲ့ပြီး သူမအတွက် နောက်ထပ် အဖိုးတန်လှသော အခြေအနေတစ်ရပ်ကို ရရှိစေခဲ့သည်။

ဘဝတွင် တစ်ခုခုကို ရရှိရန်အတွက် တူညီသော တန်ဖိုးတစ်ခုကို သေချာပေါက် ပေးဆပ်ရမည်ဖြစ်သည်။

သို့သော် သူမအသက်ကို စတေးပြီး ကျန်းရော့ရှီးကို ကယ်တင်ခဲ့ပါလျက်နှင့် မုကျွင်းယန် အဘယ်ကြောင့် သူမကို ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခဲ့ရသည်ကို သူမ ကောင်းစွာ နားမလည်နိုင် ဖြစ်နေမိ၏။

သူ အလွန်အမင်း ဒေါသထွက်နေခဲ့သည်ဟု သူမ ခံစားမိသည်။

သူမ နှလုံးသားလေးမှာ တစ်ချက်မျှ လှုပ်ခတ်သွားရ၏။

‘ဒါက... သူ ငါ့ကို ဂရုစိုက်လို့များလား’

‘ငါက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားလို့ သူ အခုလိုမျိုး ဒေါသထွက်နေရတာလား’

နှမြောစရာကောင်းသည်မှာ သူမ အသက်ဆုံးရှုံးလုနီးပါးအထိ ကြိုးစားခဲ့ပါသော်လည်း နောက်ဆုံးတွင် မအောင်မြင်ခဲ့ချေ။

အကယ်၍ ကျန်းရော့ရှီးကဲ့သို့ စရိုက်မျိုးရှိသည့် အမျိုးသမီးတစ်ဦးသာ အိမ်တော်ထဲ လက်ထပ်ဝင်ရောက်လာခဲ့မည်ဆိုပါက သူမသည် ကုဝမ်ရုထက်ပင် ပိုမို၍ ဗိုလ်ကျစိုးမိုးလိမ့်မည် ဖြစ်သည်။

မုကျွင်းယန် စစ်မြေပြင်သို့ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် မြို့စားအိမ်တော်ကို ဦးဆောင်စီမံမည့် တရားဝင်ဇနီးကြီး ဖြစ်လာမည့် ကျန်းရော့ရှီးသည် သူမကို သေချာပေါက် သည်းခံနေမည် မဟုတ်ချေ။

ကုဟွား အလွန်အမင်း စိတ်ရှုပ်ထွေးလာသည်။

သူမ ဝမ်းဗိုက်အောက်ပိုင်းမှ စူးရှလှသော နာကျင်မှုများက ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြန်သဖြင့် သူမဝမ်းဗိုက်ကိုသာ ဖိကိုင်ထားပြီး ခန္ဓာကိုယ်ကို ကွေးညွတ်ထားလိုက်မိ၏။

တုန့်ဟွား အခန်းထဲ ဝင်လာချိန်၌ သူမပုံစံကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားခဲ့ရသည်။

“ဘုရားရေ... မမလေးရယ် ထပ်ပြီးတော့ နာလာပြန်ပြီလားဟင်”

ကုဟွား ခေါင်းကို မော့လိုက်ပြီး အတင်းအကျပ် ပြုံးလိုက်မိ၏။

“သိပ်ပြီးတော့ မနာတော့ပါဘူး”

ယမန်နေ့ထက်စာလျှင် အများကြီး သက်သာလှပြီဖြစ်သည်။

ယမန်နေ့က သူမ ကိုယ့်ကိုယ်ကိုယ် သေဆုံးတော့မည်ဟုပင် ထင်မှတ်ခဲ့မိသည်။

“ကြည့်ပါဦး... မမလေးရဲ့ မျက်နှာတစ်ခုလုံး ဖြူလျော့နေတာပဲ။ မုလျိုလန်က သခင်မလေးကို သေချာပေါက် တွေ့ချင်တယ်လို့ ဇွတ်ပြောနေလို့ပါ။ ဒီအစေခံ သွားပြီးတော့ ငြင်းပယ်လိုက်ပါ့မယ်။ ပြီးရင် မိန်းကလေးရှန်ဆီက ဆေးရည်တွေကို အမြန်ဆုံး သွားယူပေးပါ့မယ်”

တုန့်ဟွား စကားများစွာကို တတွတ်တွတ် ဆိုနေခဲ့သဖြင့် ကုဟွား သူမကို အမိအရ ဖမ်းဆုပ်လိုက်မိ၏။

“မုလျိုလန်က ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ”

“မသိပါဘူးရှင်။ သူ့ ကြည့်ရတာတော့ တစ်စုံတစ်ယောက်ရဲ့ အနိုင်ကျင့် ခံထားရတဲ့ ပုံစံမျိုးပဲ။ သူ ခြံဝင်းတံခါးအပြင်ဘက်မှာ ခေါင်းမာမာနဲ့ ရပ်စောင့်နေခဲ့တာ တစ်နာရီကျော်တောင် ရှိနေပါပြီ။ ဘယ်သူကပဲ ဖျောင်းဖျဖျောင်းဖျ နားမထောင်ပါဘူး။ သခင်ကြီးလည်း အိမ်တော်မှာ မရှိတော့တာမို့လို့ တခြားသူတွေကလည်း သူ့ကို အလွယ်တကူ မောင်းထုတ်ဖို့ မဝံ့ရဲကြပါဘူး”

ကုဟွား ခဏမျှ တိတ်ဆိတ်သွား၏။

All Chapters