← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း(၁၃၂)

“ဆေးရည်တွေ အဆင်သင့်ဖြစ်ပြီလားဆိုတာ အရင်သွားကြည့်လိုက်ပါဦး”

မုဖုန်းကြောင့် မုကျွင်းယန် နားလည်မှုလွဲပြီး ယခုထိ ဒေါသထွက်နေဆဲ ဖြစ်သည်။

သူမအနေဖြင့် သူ့ကို ထပ်မံ၍ ဒေါသထွက်အောင် မပြုလုပ်သည်က အကောင်းဆုံး ဖြစ်သည်။

“ဟုတ်ကဲ့ပါ”

တုန့်ဟွား သူမအား စောင်ကို သေချာစွာ ခြုံပေးလိုက်ပြီးနောက် အလျင်အမြန် ပြေးထွက်သွား၏။

မကြာမီ၌ပင် ရှန်လီ သူမ၏ ဆေးသေတ္တာငယ်လေးကို သယ်ဆောင်လျက် ဝင်ရောက်လာခဲ့ပြီး သူမ အနောက်တွင် တုန့်ဟွား ဆေးရည်ပန်းကန်လုံးကို ကိုင်ဆောင်လျက် လိုက်ပါလာခဲ့သည်။

ရှန်လီ၏ ဆေးရည်ကို သောက်သုံးပြီးနောက် ကုဟွား အများကြီး သက်သာရာရသွား၏။

ရှန်လီ အပ်စိုက်ကုသမှုကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးချိန်တွင် မိနစ် ၃၀ ကျော်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ရှန်လီ မျက်မှောင်ကြုတ်လျက် သူမအား စိုက်ကြည့်နေခဲ့ပြီး စကားဆိုရန်အတွက် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

“ငါ သေတော့မှာလားဟင်”

ကုဟွား သူမကို စိုးရိမ်တုန်လှုပ်စွာ စိုက်ကြည့်လိုက်မိ၏။

ရှန်လီက သူမကို မျက်စောင်းထိုးလိုက်သည်။

“‌ပေါက်ကရတွေ... ဘာလို့သေရမှာလဲ။ ငါ ဒီမှာ ရှိနေသရွေ့တော့ သေဖို့ကို စိတ်တောင် မကူးနဲ့”

ကုဟွား သူမ ရင်ဘတ်ကို ပုတ်လိုက်မိ၏။

“ဒါဆိုရင်တော့ ကောင်းတာပေါ့။ ငါက သေရမှာကို အကြောက်ဆုံးပဲ”

ရှန်လီ၏ မျက်ခုံးများ ပိုမို၍ တင်းကျပ်သွားခဲ့ရသည်။

“အမျိုးသမီးတစ်ယောက်အတွက် ကလေးမမွေးနိုင်တော့တာက သေရတာထက်တောင် ပိုပြီးတော့ သနားဖို့ကောင်းသေးတယ်”

“ကလေး မမွေးနိုင်တော့ဘူး ဟုတ်လား”

ကုဟွား အံ့ဩစွာ ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း နားလည်သဘောပေါက်စွာ ပြုံးလိုက်မိ၏။

“ငါ ဒါကို ကြိုပြီးတော့ သိထားခဲ့ပါတယ်”

မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ယခုလိုမျိုး အခြေအနေကို ကြိုတင်ခန့်မှန်းထားခဲ့ပြီးသား ဖြစ်သည်။

ရှန်လီ သူမကို ပြင်းထန်စွာ စိုက်ကြည့်လိုက်၏။

“မဖြစ်ရပါဘူး။ ငါ သေချာပေါက် နင် ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်အောင် လုပ်ပေးမှာ”

ကုဟွား : “...”

သူမ ကလေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ၎င်းက သူမအတွက် အမှန်တကယ်ပင် အရေးမကြီးချေ။

ရှန်လီ ဒေါသတကြီးဖြင့် ထွက်ခွာသွားခဲ့သည်။

အင်အားအချို့ ပြန်လည်ရရှိလာခဲ့ပြီဖြစ်သော ကုဟွားသည် နောက်ဆုံးမှသာ မုဖုန်းကို သတိရသွား၏။

“မုလျိုလန် ထွက်သွားပြီလား”

[T/N မုလျိုလန် မုဖုန်းဆိုတာ ခြောက်ယောက်မြောက်သခင်လေးမုဖုန်းလို့ ပြောတာပါ။ နာမည်နှစ်မျိုးမဟုတ်ဘဲ ခြောက်ယောက်မြောက်သခင်လေးမု(မုလျိုလန်) or မုဖုန်းပါ သူတို့အဆင် ပြေသလိုခေါ်တာပါ]

တုန့်ဟွား ခေါင်းခါလိုက်၏။

“အခုလေးတင်ပဲ တံခါးစောင့်က လူလွှတ်ပြီးတော့ မမလေးအနေနဲ့ သူ့ကို တွေ့ဆုံပေးနိုင်မလားလို့ လာမေးပါတယ်”

“သခင်ကြီး ပြန်ရောက်မလာသေးဘူးလား”

တုန့်ဟွား ထပ်မံ၍ ခေါင်းခါလိုက်ပြန်သည်။

“ဒါဆိုရင်တော့... သွားတွေ့လိုက်ကြရအောင်”

သူ့ကို ပင်မတံခါးကြီးအပြင်ဘက်မှာ ယခုလိုမျိုး အမြဲတမ်း မတ်တတ်ရပ်စောင့်ခိုင်းနေခြင်းကလည်း အဖြေတစ်ခု မဟုတ်ချေ။

အကယ်၍ မုကျွင်းယန်သာ သိရှိသွားခဲ့ပါက သူ မည်မျှအထိ ပြင်းထန်စွာ ဒေါသပေါက်ကွဲလာမည်ကို မည်သူမျှ မသိရှိနိုင်ချေ။

ယခုအချိန်တွင်မူ သူမ မုကျွင်းယန် ဒေါသထွက်လာမည့်အရေးကို အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့မိပြီ ဖြစ်သည်။

ကုဟွားက ထူထဲလှသော စောင်များ ခင်းကျင်းထားသည့် ကုလားထိုင်ထက်တွင် ထိုင်လိုက်ပြီး ခန္ဓာကိုယ်ထက်တွင်လည်း နောက်ထပ် စောင်တစ်ထည်ကို ထပ်မံ၍ ခြုံထားလိုက်မိ၏။

မုဖုန်း သူမကို မြင်တွေ့လိုက်ရချိန်တွင် အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

သူ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။

“မင်း ဘာဖြစ်တာလဲ။ ဖျားနေတာလား”

“ကျွန်မ အဆင်ပြေပါတယ်။ မုလျိုလန် ကျွန်မကို ဘာကိစ္စများ ရှိလို့ တွေ့ချင်ရတာလဲမသိဘူး”

ကုဟွား အားနည်းလှသော လေသံလေးဖြင့် မေးမြန်းလိုက်၏။

မုဖုန်း နီမြန်းနေသော မျက်ဝန်းများဖြင့် သူမက တကယ့်ကို နှလုံးသားမရှိသည့် အမျိုးသမီးတစ်ယောက်အလား စိုက်ကြည့်လာသည်။

ကုဟွား စိုက်ကြည့်ခြင်း ခံလိုက်ရသဖြင့် ရင်ထဲ၌ မလုံမလဲ ဖြစ်လာကာ စိတ်တင်းထားပြီး ပြောလိုက်၏။

“မုလျိုလန်... သခင်လေးနဲ့ ကျွန်မ အခုလိုမျိုး တွေ့ဆုံဖို့ အဆင်မပြေပါဘူး။ သခင်လေးက ကျွန်မကို အခုလိုမျိုး ဇွတ်တရွတ် တွေ့ချင်နေတယ်ဆိုမှတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”

သူမ၏ စိမ်းကားလှသော အမူအရာကို မြင်တွေ့လိုက်ရသဖြင့် မုဖုန်းမျက်ဝန်းများအတွင်း၌ နာကျင်မှုများနှင့် ဝမ်းနည်းမှုများ ပြည့်နှက်သွားခဲ့ရသည်။

သူ ရှေ့သို့ လှမ်းလာခဲ့ပြီး သူမကို သေသေချာချာ စိုက်ကြည့်လိုက်မိ၏။

“ကုဟွား... ငါ မင်းကို သဘောကျတယ်။ မင်းရဲ့ နှုတ်ခမ်းကနေ စကားတစ်လုံးပဲ ပြောလိုက်စမ်းပါ။ ငါ ချူအိမ်တော်က သမီးပျိုကို လုံးဝ လက်မထပ်ဘူး”

အဟွတ်... အဟွတ်... အဟွတ်... အဟွတ်...

ကုဟွား ကိုယ့်တံတွေးနှင့်ကိုယ် ပြန်သီးသွားခဲ့ရပြီး မျက်နှာတစ်ခုလုံး နီမြန်းလာသည်အထိ ဆက်တိုက် ချောင်းဆိုးလိုက်မိ၏။

‘ဒီကလေးက တစ်ခုခု နားလည်မှုလွဲနေတာများလား’

တုန့်ဟွား အလျင်အမြန်ပင် သူမကို လက်ဖက်ရည်တစ်ငုံ တိုက်ကျွေးလိုက်၏။

စိတ်တည်ငြိမ်သွားခဲ့ပြီးနောက်မှသာ ကုဟွား ခါးကို ဆန့်လိုက်ပြီး လူငယ်လေးကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်မိသည်။

“မုလျိုလန်... သခင်လေးနဲ့ ကျွန်မက တစ်ကြိမ်တည်းသာ ဆုံတွေ့ဖူးတာပါ။ ဒါပေမဲ့ သခင်လေးက ကျွန်မကို သဘောကျတယ်လို့ လာပြောနေတာက နည်းနည်းလေးတော့ အလျင်စလို ဖြစ်မနေဘူးလားရှင်”

မုဖုန်း အလျင်အမြန်ပင် ခေါင်းခါလိုက်၏။

“ငါတို့က တစ်ကြိမ်တည်း တွေ့ဖူးတာ မှန်ပေမဲ့လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငါ့ရဲ့ စိတ်အာရုံတစ်ခုလုံး မင်းရဲ့ ပုံရိပ်တွေချည်းပဲ ပြည့်နှက်နေခဲ့တာ။ ငါ ပုံပြင်ဝတ္ထုစာအုပ်တွေကိုလည်း ဖတ်ဖူးသလို အိမ်ထောင်ကျဖူးတဲ့ ငါ့ရဲ့ အစ်ကိုတွေကိုလည်း မေးမြန်းကြည့်ခဲ့တယ်။ သူတို့က ဒီလို အခြေအနေမျိုးက လူတစ်ယောက်ကို သဘောကျနေတာလို့ ပြောကြတယ်”

ကုဟွား ခေါင်းကိုက်လာသလို ခံစားနေရ၏။

သူမ အတင်းအကျပ် ပြုံးလိုက်ပြီး ပြောလိုက်၏။

“သခင်လေးက ကျွန်မအကြောင်းကို မသိပါဘူး။ သခင်လေး မြင်တွေ့နေရတာက ကျွန်မရဲ့ အပြင်ပန်း ရုပ်ရည်လောက်ပဲရှိတာ။ ကျွန်မက စိတ်သဘောထား ယုတ်မာပြီး ကောက်ကျစ်တဲ့ အမျိုးသမီးတစ်ယောက် မဟုတ်ဘူးလို့ သခင်လေး ဘယ်လိုလုပ် သိနိုင်ပါ့မလဲ”

မုဖုန်း အလွန်အမင်း အလျင်စလို ဖြစ်လာသည်။

“မင်းကိုယ်မင်း အဲဒီလိုမျိုး ဘယ်လိုလုပ် ပြောရက်ရတာလဲ”

ကုဟွား သူ့စကားကို ဖြတ်ပိတ်လိုက်ပြီး ပွင့်လင်းစွာ ပြောလိုက်သည်။

“ကျွန်မက အနာဂတ်မှာ ကလေးရနိုင်တော့မှာ မဟုတ်ဘူး။ မုအိမ်တော်ကလည်း ကျွန်မလိုမျိုး အမျိုးသမီးတစ်ယောက်ကို တရားဝင်ဇနီးကြီးအဖြစ် ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ”

မုဖုန်း မှင်တက်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့ရ၏။

ကုဟွား ရုတ်တရက် ပြုံးလိုက်မိသည်။

“အဲဒါတွေအပြင်... ကျွန်မက သခင်လေးလိုမျိုး ကလေးကလား ပုံစံတွေကို သဘောမကျပါဘူး”

ယာယွင်ဆောင်သို့ ပြန်လည်ရောက်ရှိချိန်တွင် ကုဟွား ထိုလူငယ်လေး၏ ပုံစံကို ပြန်လည်တွေးတောမိပြီး ရင်ထဲ၌ အနည်းငယ် ဝမ်းနည်းမှုများ ခံစားမိနေခဲ့ရသည်။

အကယ်၍ သူမသာ ကုအိမ်တော်၏ တရားဝင်သမီးအစစ်အမှန် ဖြစ်ခဲ့ပါက သူမအနေဖြင့်လည်း ယခုလိုမျိုး ထူးချွန်သော လူငယ်လေးများနှင့် ပွင့်လင်းစွာ ပြောဆိုဆက်ဆံခွင့် ရရှိနိုင်မည် ဖြစ်သည်။

ထို့ပြင် တရားဝင်ဇနီးကြီးအဖြစ် ဂုဏ်သိက္ခာရှိရှိ လက်ထပ်နိုင်မည့် အခွင့်အရေးလည်း ရှိနေမည် ဖြစ်၏။

သို့သော် သူမအတွက် ‘အကယ်၍’ ဆိုသည်မျိုး မရှိချေ။

တုန့်ဟွား ကုဟွားဆံပင်များကို ဖြီးသင်ပေးနေစဉ် သူမ၏ ဝမ်းနည်းနေသော မျက်နှာလေးကို မြင်တွေ့လိုက်ရသဖြင့် မထိန်းနိုင်တော့ဘဲ ပြောလိုက်မိ၏။

“ဒီအစေခံ ကြားသိရတာကတော့... ချူအိမ်တော်က မမလေးနဲ့ အိမ်ထောင်ရေးကိစ္စကို သခင်ကြီးကိုယ်တိုင် ရှေ့ထွက်ပြီး စေ့စပ်ပေးခဲ့တာလို့ သိရပါတယ်”

၎င်းကို ကြားလိုက်ရသဖြင့် ကုဟွား ခေါင်းလှည့်ကြည့်လိုက်မိ၏။

“နင် ပြောတာက... သခင်ကြီးက မုလျိုလန်အတွက် အိမ်ထောင်ရေးကို စီစဉ်ပေးခဲ့တာပေါ့ ဟုတ်လား”

“ဒါပေါ့။ ဒီအစေခံ ကြားတာကတော့ မုလျိုလန်က တတိယသခင်ကြီးနဲ့ အကြီးအကျယ် စကားများခဲ့ကြပြီးတော့ အပြစ်ပေးတဲ့အနေနဲ့ အရိုက်ပါ ခံခဲ့ရသေးတယ်တဲ့”

ကုဟွား အံ့ဩသွားခဲ့ရ၏။

မုဖုန်း စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားချိန်တွင် သူ့ခြေလှမ်းများမှာ အနည်းငယ် တောင့်တင်းနေခဲ့ပြီး ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့ရသည့် အကြောင်းအရင်းကို ယခုမှသာ သူမ နားလည်သွားခဲ့ရသည်။

ကုဟွား မေးစေ့လေးကို လက်ဖြင့် ထောက်ထားလိုက်မိ၏။

“ငါ သူ့ကို ဒုက္ခပေးမိသွားတာလား”

တုန့်ဟွားနှင့် တုန့်ချင်းတို့ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်မိကြ၏။

“ဒါက သူ့ရဲ့ တစ်ဖက်သတ် ဆန္ဒပဲ ဖြစ်တာမို့လို့ မမလေးနဲ့ ဘာမှမသက်ဆိုင်ပါဘူး”

တုန့်ချင်းက တိုးညှင်းစွာ ဆိုလိုက်၏။

ကုဟွား မုဖုန်း၏ ကိစ္စကို အလျင်အမြန်ပင် စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။

သူမ ကိုယ်လုပ်တော်ပိုင်နှင့် ကုဝမ်ရုတို့၏ ကိစ္စများကို အမြန်ဆုံး ဖြေရှင်းရန်အတွက် ပြင်ဆင်ရမည် ဖြစ်သည်။

“တုန့်ဟွား... ဒီည နင် ကျင်းခွေ့ကို တိတ်တိတ်လေး သွားရှာလိုက်ဦး”

“ဟုတ်ကဲ့ပါ”

ကုဟွား ယခုအချိန်တွင် မုကျွင်းယန်သည် ကောင်းကင်ထက်မှ နတ်ဘုရားတစ်ပါးအလား ကုအိမ်တော်ဆီသို့ ရုတ်တရက် ဆင်းသက်သွားခဲ့ပြီး ကုအိမ်တော်ရှိ လူအုပ်ကြီးကို ထိတ်လန့်တုန်လှုပ်စေလျက် ပူပန်သောကရောက်စေမည့် အခြေအနေသို့ တွန်းပို့နေခဲ့ကြောင်းကို လုံးဝ မသိရှိထားချေ။

ကုယွမ်နှင့် သခင်မကြီးဝမ်တို့က ခြံဝင်းအပြင်ဘက်၌ ချထားသော အနီရောင် သစ်သားသေတ္တာကြီး(၁၈)လုံးကို ကြည့်ရှုပြီး မှင်တက်စွာဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိခဲ့ကြသည်။

ကျိုးချွန်းယွီက ပြုံးရယ်လိုက်ပြီး ဆိုလိုက်၏။

“မှူးမတ်ကု... သခင်မကြီးကု၊ ဒါတွေက ကျွန်တော်တို့ အိမ်တော်က ပေးပို့လာတဲ့ မင်္ဂလာခန်းဝင်တင်တောင်းပစ္စည်း (၁၈)စုံ ဖြစ်ပါတယ်။ လူကြီးမင်းတို့နှစ်ဦးအနေနဲ့ စိတ်ကျေနပ်မှု ရှိရဲ့လားဆိုတာ ကြည့်ရှုပေးပါဦး”

ကုယွမ် လုံးဝ ဝေဝါးသွား၏။

သူ၏ စိတ်အာရုံအတွင်း၌ အပြင်းအထန် စဉ်းစားကြည့်သော်လည်း သူ့၌ လက်ထပ်ရန်အတွက် သင့်တော်သော မည်သည့်သမီးမျိုး ရှိနေသည်ကို သူ စဉ်းစား၍ မရနိုင် ဖြစ်နေခဲ့ရသည်။

“သခင်ကြီးက ဘယ်သူ့ကို စေ့စပ်ကြောင်းလမ်းချင်လို့လဲ”

“ဒါတွေအားလုံးက ကျွန်တော်တို့ သခင်ကြီး... ကုအိမ်တော်ရဲ့ ဒုတိယသမီးပျိုကို လက်ထပ်ဖို့အတွက် ပေးပို့လာတဲ့ ခန်းဝင်ပစ္စည်းတွေ ဖြစ်ပါတယ်”

ကုယွမ်နှင့် သခင်မကြီးဝမ်တို့ နှစ်ဦးလုံး အလွန်အမင်း အံ့ဩမှင်တက်သွားခဲ့ကြရ၏။

‘ဒါဆို မုကျွင်းယန်ကို သူတို့ ဘယ်လိုခေါ်ရတော့မှာလဲ’

‘ခမည်းခမက်လား ဒါမှမဟုတ် သမက်လား’

သို့သော် ၎င်းက ယုံမြို့စားကြီးကိုယ်တိုင် လာရောက်တောင်းရမ်းခြင်း ဖြစ်သည်။

ကုယွမ်အနေဖြင့် ယခုလိုမျိုး ကောင်းမွန်သော ကိစ္စရပ်မျိုးကို လုံးဝ ငြင်းပယ်ရန် အကြောင်းမရှိချေ။

သူ စကားဆိုရန် ပြင်ဆင်လိုက်စဉ်၌ပင်...

“မဖြစ်နိုင်ဘူး”

ဘေးဘက်၌ မတ်တတ်ရပ်နေခဲ့သော ကိုယ်လုပ်တော်ပိုင်က စူးရှစွာ အော်ဟစ်လိုက်သည်။

ကုယွမ် သူမကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်မိ၏။

“ရိုင်းစိုင်းလိုက်တာ”

ကိုယ်လုပ်တော်ပိုင် အခြားအရာများကို ဂရုမစိုက်နိုင်တော့ချေ။

သူမ အလျင်အမြန်ပင် အလယ်သို့

ပြေးဝင်လာခဲ့ပြီး ဒူးထောက်လိုက်၏။

“သခင်ကြီးရယ်... ကုဟွားရဲ့ နောက်ခံက နိမ့်ကျလွန်းလှတာမို့လို့ သခင်ကြီးနဲ့ လုံးဝ မထိုက်တန်ပါဘူး”

မုကျွင်းယန်၏ မျက်နှာထားမှာ ချက်ချင်းပင် မှောင်မိုက်သွားခဲ့ရပြီး သူက အေးစက်သော လေသံဖြင့် ဆိုလိုက်၏။

“ဝမ်ချန်မှူးမတ်အိမ်တော်က အမှန်တကယ်ပဲ အခုလိုမျိုး စည်းစနစ်တွေ ကင်းမဲ့နေတာလား”

ကုယွမ် ပြင်းထန်စွာ အော်ဟစ်လိုက်၏။

“ကိုယ်လုပ်တော်ပိုင်... ဒီနေရာမှာ စကားပြောဖို့ မင်းအတွက် နေရာမရှိဘူး။ ချက်ချင်း အောက်ကို ဆင်းသွားစမ်း”

ကိုယ်လုပ်တော်ပိုင် မကျေမနပ် ဖြစ်နေခဲ့သော်လည်း သူမ ထပ်မံ၍ စကားမဆိုရဲတော့ဘဲ ဘေးဘက်သို့သာ ဆုတ်ခွာသွားခဲ့ရ၏။

ကုယွမ် အပြုံးများကို အတင်းအကျပ် ဖန်တီးလိုက်ပြီး ဆိုလိုက်၏။

“ဒီအဆင့်နိမ့် ကိုယ်လုပ်တော်က သခင်ကြီးရဲ့ အကျိုးအတွက် တွေးတောမိလို့ပါ။ သူက ကုန်သည်နောက်ခံကနေ လာတာမို့လို့ ဟွားအာက သခင်ကြီးနဲ့ အမှန်တကယ်ပဲ မလိုက်ဖက်လှပါဘူး”

မုကျွင်းယန်က တိုးညှင်းစွာဖြင့် ဆိုလိုက်၏။

“ငါ့မှာ ဇနီးသည်ကို သေစေတတ်တဲ့ နာမည်ဆိုး ရှိတာကြောင့် ကုဟွားကို အဆင့်မြင့်ကိုယ်လုပ်တော်အဖြစ်ပဲ သတ်မှတ်ပေးနိုင်တာက သူ့အပေါ် မတရားရာ ရောက်နေနိုင်ပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့နှစ်ဦးလုံး သဘောတူတယ်ဆိုရင်တော့ သန်ဘက်ခါက မင်္ဂလာရှိတဲ့ နေ့ရက်ဖြစ်တာမို့လို့ အိမ်တော်အတွင်း ခေါ်ဆောင်ဖို့အတွက် သင့်တော်ပါတယ်”

သခင်မကြီးဝမ် မျက်မှောင်ကြုတ်လိုက်မိ၏။

“ဒီလောက်တောင် အလျင်စလို ဖြစ်နေတာလား။ ကိုယ်လုပ်တော်အဖြစ်ပဲ ဖြစ်ဖြစ် ဒါက ဟွားအာအတွက် ပထမဆုံးအကြိမ် မင်္ဂလာဆောင်တာပါ”

“ကိုယ်လုပ်တော် ဟုတ်လား”

ကိုယ်လုပ်တော်ပိုင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ထပ်မံ၍ စကားဆိုလိုက်မိပြန်သည်။

သို့သော် မုကျွင်းယန်၏ ထက်ရှသော အကြည့်များနှင့် ဆုံတွေ့လိုက်ရချိန်တွင် သူမ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်မိ၏။

‘ဒါဆိုရင်တော့... ကိုယ်လုပ်တော်အဆင့်သာသာပါပဲ’

ကိုယ်လုပ်တော်ပိုင်၏ မျက်နှာထက်ရှိ ပူပန်မှုများ ချက်ချင်းပင် လွင့်ပျောက်သွားခဲ့ရ၏။

သခင်မကြီးဝမ်၏ မကျေမနပ်ဖြစ်နေသော မျက်နှာထားကို ကြည့်ရှုပြီး သူမ ရင်ထဲ၌ တိတ်တဆိတ် ရယ်မောလိုက်မိသည်။

‘နင်က တရားဝင်ဇနီးကြီး ဖြစ်နေတော့ရော ဘာဖြစ်လဲ။ နင့်သမီးက နောက်ဆုံးတော့ ကိုယ်လုပ်တော်တစ်ယောက်ပဲ ဖြစ်လာရတာ မဟုတ်ဘူးလား။

‘ငါ့သမီး အာဏာရလာမဲ့နေ့ကျရင် ငါ အဲဒီနိမ့်ကျတဲ့ ကိုယ်လုပ်တော်မကို ဆင်ခြေတစ်ခုခု ရှာပြီးတော့ အလွယ်တကူပဲ အဝေးကို ရောင်းစားပစ်လိုက်မယ်’

All Chapters