အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း(၁၃၃)
“ရွေးချယ်စရာမရှိလို့သာ ကုဟွားကို အဆင့်မြင့်ကိုယ်လုပ်တော်အဖြစ် သတ်မှတ်ပေးလိုက်ရတာပါ။ သူ့အပေါ် မတရားရာ ရောက်နိုင်ပေမဲ့ မင်္ဂလာပွဲကိုတော့ ပဏာမဇနီးသည်တစ်ဦးရဲ့ ကျင့်ထုံးတွေအတိုင်း ခမ်းခမ်းနားနား ကျင်းပပေးသွားမှာပါ”
မုကျွင်းယန်၏ စကားကြောင့် သခင်မကြီးဝမ်၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသည်။
ယုံမြို့စားကြီး၏ အဆင့်အတန်းက မြင့်မားလွန်းလှဖြင့် ကုအိမ်တော်၏ ကိုယ်လုပ်တော်ဖွား တရားမဝင်သမီးအဆင့်ဖြင့် သူ့ပဏာမဇနီးကြီးဖြစ်လာရန် မဖြစ်နိုင်ကြောင်းကို သူမ နားလည်ထား၍ ဖြစ်သည်။
ကုယွမ် အလွန် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။
“ဒါဆိုရင်တော့ ငါတို့ မိသားစုနှစ်စုက ပိုပြီးတော့ ရင်းနှီးတဲ့ ဆွေမျိုးတွေ ဖြစ်လာကြတာမှာပဲ”
မုကျွင်းယန်ကို လိုက်ပါပို့ဆောင်ပြီးနောက် ကုအိမ်တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြင့် ဆူညံသွားခဲ့ရသည်။
ကုအိမ်တော်တွင် မျက်လုံးထဲပင် အထည့်မခံရသော ဒုတိယသမီးပျိုလေးသည် ယခုကဲ့သို့ ရုတ်တရက် မြင့်မြတ်သော သစ်ကိုင်းထက်သို့ ခုန်တက်လျက် တောကြက်ဘဝမှ ဇာမဏီအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
ကုယွမ် ကြည်နူးမဆုံး ဖြစ်နေခဲ့သည်။
“ငါ့သမီးနှစ်ယောက်လုံး ယုံမြို့စားကြီးအိမ်တော်ထဲကို ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပိုပြီးတော့ မထင်မှတ်ထားတာက... ဟွားအာက ယုံမြို့စားကြီးရဲ့ စိတ်ကို အခုလိုမျိုး ဖမ်းစားနိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပဲ”
ကိုယ်လုပ်တော်ပိုင်က နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်၏။
“သူက ရုပ်ရည်လေးနဲ့ ခစားရတဲ့ ကစားစရာ သက်သက်ပဲဟာကို... ဘာတွေများ ဒီလောက် ဝမ်းသာနေရတာလဲ”
“ကိုယ်လုပ်တော်ပိုင်”
သခင်မကြီးဝမ် မခံမရပ်နိုင်တော့ဘဲ ဒေါသတကြီး ကြိမ်းမောင်းလိုက်မိသည်။
“နင်က သူ့မွေးမိခင်အရင်းရော ဟုတ်ရဲ့လား။ ဘယ်လိုလုပ် စကားကို အခုလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ပြောနိုင်ရတာလဲ။ ယုံမြို့စားကြီးကိုယ်တိုင်က သူ့ကို ပဏာမဇနီးသည်တစ်ဦးရဲ့ စံနှုန်းအတိုင်း ဂုဏ်သိက္ခာရှိရှိ လက်ထပ်မှာပါလို့ ပြောသွားတာပဲ။ သူ့မှာ ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိတယ်”
ကိုယ်လုပ်တော်ပိုင်က မဲ့ပြုံး ပြုံးလိုက်မိ၏။
“ဒီကိုယ်လုပ်တော်က သူ့ မွေးမိခင်အရင်း ဖြစ်နေလို့ပဲ သူက ဘာတန်ဖိုးရှိလဲဆိုတာ ကောင်းကောင်းသိတာပေါ့။ သူဘာသူ နိမ့်ကျချင်ရင်လည်း နိမ့်ကျပါစေ... အကြီးဆုံး မမလေးရဲ့ အိမ်တော်သခင်မလေး အာဏာကို လာပြီးတော့ မနှောင့်ယှက်ရင် ရပြီ”
ကိုယ့်သမီးအရင်းအပေါ် ယခုကဲ့သို့ ပြောဆိုနေသည့် ကိုယ်လုပ်တော်ပိုင်ကို ကြည့်ပြီး သခင်မကြီးဝမ် စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ကိုယ်လုပ်တော်ပိုင်က ပုံမှန်အားဖြင့် အလွန်ထောင်လွှားပြီး အိမ်တော်၏ အကြီးအကဲဖြစ်သော သူမကိုပင် မျက်စိထဲမထားတတ်သူ ဖြစ်သော်လည်း ထူးဆန်းသည်မှာ သူမ သမီးအရင်းကို သမီးကြီး၏ ခြေဖဝါးအောက်သို့ အမြဲတမ်း ပို့ဆောင်လျက် နင်းခြေခိုင်းနေတတ်ခြင်း ဖြစ်သည်။
သို့သော် ၎င်းက သူမ၏ ရင်နှစ်သည်းချာ သမီးကြီးနှင့် သက်ဆိုင်နေသဖြင့် သခင်မကြီးဝမ် ထပ်မံ၍ စကားမဆိုတော့ချေ။
ထိုသနားစဖွယ်ကောင်းသော ကလေးမလေး ကုဟွားကို တွေးတောမိသောအခါ သခင်မကြီးဝမ်၏ စိတ်အာရုံမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့ရပြီး အမိန့်ပေးလိုက်သည်။
“ကိုယ်လုပ်တော်ပိုင်... ကုဟွားရဲ့ မင်္ဂလာတင်တောင်း ခန်းဝင်ပစ္စည်းတွေကို အိမ်တော်ကနေ လက်ထပ်ထွက်ခွာမယ့် တရားဝင်သမီးကြီးတစ်ဦးရဲ့ စံနှုန်းအတိုင်း အပြည့်အဝ ပြင်ဆင်ပေးလိုက်ပါ”
ကိုယ်လုပ်တော်ပိုင် စူးရှစွာ အော်ဟစ်လိုက်မိ၏။
“သူက ကိုယ်လုပ်တော်ဖွား သမီးသာသာပဲဟာ။ တရားဝင်သမီးကြီးတစ်ယောက်လိုမျိုး ခန်းဝင်ပစ္စည်းတွေရဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ”
သခင်မကြီးဝမ်အနေဖြင့် ကိုယ်လုပ်တော်ပိုင် ကုဟွားအပေါ် အဘယ်ကြောင့် ဤမျှအထိ ရက်စက်နေရသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့ရသည်။
သူမ ကုယွမ်ဘက်သို့ လှည့်၍ ပြောလိုက်၏။
“အမတ်မင်း... ကုဟွားက ယုံမြို့စားကြီးနဲ့ လက်ထပ်ရမှာ ဖြစ်ပါတယ်။ ကြည့်ပါဦး... ယုံမြို့စားကြီးက ပဏာမဇနီးကြီးတစ်ဦးရဲ့ စံနှုန်းအတိုင်း ခန်းဝင်ပစ္စည်းတွေ ပေးပို့လာတာပဲ။ တကယ်လို့ ကျွန်မတို့ဘက်က ညီမျှတဲ့ ခန်းဝင်ပစ္စည်းတွေ ပြန်မပေးရင် ယုံမြို့စားကြီးက သူ့ကို မျက်နှာမပေးဘူးလို့ နားလည်မှုလွဲသွားရင် ဘယ်လိုလုပ်မလဲ။ ဖခင်ဖြစ်သူ ပေးပို့တဲ့ ခန်းဝင်ပစ္စည်းက သမက်ဖြစ်သူ ပေးပို့တဲ့ တင်တောင်းပစ္စည်းထက် နည်းပါးနေလို့ မဖြစ်ဘူးမလား”
ကုယွမ်က အစပိုင်းတွင် ကိုယ်လုပ်တော်ပိုင်၏ အမြင်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။
ကိုယ်လုပ်တော်ဖွားသမီးတစ်ဦး ကိုယ်လုပ်တော်အဖြစ် လက်ထပ်မည့်ကိစ္စအတွက် ငွေကြေးအများအပြား အသုံးမပြုလို၍ ဖြစ်သည်။
သို့သော် သခင်မကြီးဝမ်၏ စကားကို ကြားလိုက်ရချိန်တွင် သူ အလွန် သဘောတူမိသွားခဲ့ရ၏။
“သခင်မကြီးကတော့ အမြဲတမ်း အမြင်အရှိဆုံးပဲ။ ကိုယ်လုပ်တော်ပိုင်... ဟွားအာရဲ့ ခန်းဝင်ပစ္စည်းတွေကို ရုအာရဲ့ စံနှုန်းအတိုင်း ညီမျှအောင် ပြင်ဆင်လိုက်။ တစ်ခုမှ လျော့နည်းနေတာမျိုး မရှိစေရဘူး”
ကိုယ်လုပ်တော်ပိုင် မျက်စောင်းထိုးလိုက်မိ၏။
သူမ၏ရုအာ မုအန်းနှင့် လက်ထပ်စဉ်က မိုင်ပေါင်းများစွာ ရှည်လျားလှသော အနီရောင် ခန်းဝင်ပစ္စည်းတန်းကြီးဖြင့် လက်ထပ်ခဲ့ရခြင်း ဖြစ်ပြီး ၎င်းက သူမ၏ ကိုယ်ပိုင်စည်းစိမ် ထက်ဝက်ကျော်ကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
‘သခင်မကြီးဝမ်က ဟိုမိန်းမပျက်အတွက်ကိုပါ အဲဒီလိုမျိုးအထိ ပေးခိုင်းနေတာတဲ့လား’
‘အိပ်မက်သာမက်နေလိုက်’
ကိုယ်လုပ်တော်ပိုင် မျက်နှာပျက်သွားခဲ့ရပြီး လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။
“အမတ်မင်း... အိမ်တော်ရဲ့ စာရင်းဇယားတွေကို ကြည့်ရှုပေးပါဦး။ ကျွန်မတို့ဆီမှာ အဲဒီလောက်အထိ များပြားတဲ့ ခန်းဝင်ပစ္စည်းတွေကို မထုတ်ပေးနိုင်ပါဘူး။ သခင်မကြီးရဲ့ ကိုယ်ပိုင်စည်းစိမ်တွေထဲကနေ ထည့်ပေးရင်ရော ဘယ်လိုလဲ။ သမီးကြီး လက်ထပ်တုန်းကလည်း ခန်းဝင်ပစ္စည်း ထက်ဝက်ကျော်ကို ကျွန်မရဲ့ ကိုယ်ပိုင်ပစ္စည်းတွေထဲကနေ ထည့်ပေးခဲ့ရတာပါ”
ကိုယ်လုပ်တော်ပိုင် ရင်ထဲ၌ ဂုဏ်ယူဝင့်ကြွားနေခဲ့မိသည်။
အမတ်မင်းက သခင်မကြီးဝမ်ကို လက်ထပ်ခဲ့ခြင်းမှာ သူမ၌ ခန်းဝင်ပစ္စည်း အများအပြား မရှိခဲ့၍ ဖြစ်သည်။
ငွေကြေးမရှိသူများ၌ စကားပြောပိုင်ခွင့် မရှိချေ။
သခင်မကြီးဝမ် ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားခဲ့ရ၏။
သို့သော် ငွေကြေးအကြောင်းကို ပြောဆိုလာသည့် အခါတိုင်း သူမ၌ အားနည်းချက် ရှိနေခဲ့ရစမြဲ ဖြစ်သည်။
“တရားဝင်မိခင်တစ်ဦးအနေနဲ့ ငါ ဟွားအာရဲ့ ခန်းဝင်ပစ္စည်းအတွက် သေချာပေါက် ထည့်ဝင်ပေးမှာပါ”
သူမ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် ကုယွမ် ကိုယ်လုပ်တော်ပိုင်ကို စိုက်ကြည့်ပြီး အော်ဟစ်လိုက်၏။
“ကိုယ်လုပ်တော်ပိုင်... မင်းအနေနဲ့ ဟွားအာအတွက် လုံလောက်တဲ့ ခန်းဝင်ပစ္စည်းတွေ မပေးနိုင်ဘူးဆိုရင် မင်းရဲ့ ခန်းဝင်ပစ္စည်းထဲက ဆိုင်ခန်းတွေ အားလုံးကို ဟွားအာဆီ လွှဲပြောင်းပေးလိုက်စမ်း”
ကိုယ်လုပ်တော်ပိုင် ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ခံစားလိုက်ရ၏။
သူမ ဆိုင်ခန်းများမှ ရရှိသော ဝင်ငွေများဖြင့် ကုအိမ်တော်တစ်ခုလုံးကို ထောက်ပံ့ပေးနေရခြင်း ဖြစ်သည်။
‘အဲဒီလိုမှ မဟုတ်ရင် သခင်မကြီးဝမ် အနေနဲ့ အခုလိုမျိုး မှူးမတ်ကတော်ကြီးနေရာမှာ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေနိုင်ပါ့မလား’
ကုဟွားက ကုအိမ်တော်တစ်ခုလုံး ပြောင်းပြန်လန်မတတ် ဖြစ်ပျက်နေသည်ကို မသိရှိထားသလို ယုံမြို့စားကြီးအိမ်တော်ရှိ လူများအားလုံး အဘယ်ကြောင့် အလုပ်ရှုပ်နေကြသည်ကိုလည်း မသိရှိထားချေ။
သူမ မြင်တွေ့နေရသည်မှာ အိမ်တော်တစ်ခုလုံးတွင် အနီရောင် ပိုးထည်များနှင့် အနီရောင် မီးအိမ်များကို နေရာအနှံ့ စတင်ချိတ်ဆွဲနေကြပြီး ပျော်ရွှင်စရာ မင်္ဂလာအသွင် ဆောင်နေခြင်း ဖြစ်သည်။
ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော ပြင်ဆင်မှုကြီးမှာ ပဏာမဇနီးသည်တစ်ဦးကို လက်ထပ်ယူမည့် ပုံစံမျိုး ဖြစ်သည်။
ကုဟွား ရင်ထဲ၌ အနည်းငယ် မရေမရာ ဖြစ်ကာ စိတ်မကောင်း ဖြစ်လာခဲ့ရသည်။
ညဉ့်နက်သန်းခေါင်အချိန်တွင် ကျင်းခွေ့ တိတ်တဆိတ် ရောက်ရှိလာခဲ့၏။
“ဒုတိယမမလေး... အကြီးဆုံး မမလေးနဲ့ သခင်လေးတို့က မနက်ဖြန်ကျရင် နန်းတွင်းမိန်းမစိုးဌာန မိန်းမစိုးချုပ်ကြီးရဲ့ မွေးစားသားနဲ့ ယီချွန်းပြည့်တန်ဆာအိမ်မှာ တွေ့ဆုံဖို့ ချိန်းဆိုထားကြပါတယ်”
ကုဟွား ချက်ချင်းပင် စိတ်အားထက်သန်သွားခဲ့ရ၏။
သူတို့ တွေ့ဆုံမည့် အချိန်က အတိတ်ဘဝတုန်းက အချိန်နှင့် တစ်ထပ်တည်း တူညီနေခဲ့၍ ဖြစ်သည်။
“သူတို့က ခစားဖို့အတွက် ဘယ်သူ့ကို ခေါ်သွားကြမှာလဲ”
“ကျွန်မနဲ့ ပီယွီပါပဲ”
‘ပီယွီ...’
သူတို့ အမှန်တကယ်ပင် ပီယွီကို ရွေးချယ်ခဲ့ကြသည်။
ပီယွီသည် ငယ်စဉ်တည်းက မုအန်း၏ ဘေးနားတွင် နှလုံးသားတစ်ခုလုံး ပေးအပ်လျက် သစ္စာရှိရှိ အစေခံလာခဲ့သူ ဖြစ်သည်။
သို့သော် သူတို့က သူမကို ထိုစိတ်မမှန်သော လူယုတ်မာထံသို့ ကစားစရာအဖြစ် ပေးပို့ရန် ကြံစည်နေကြခြင်း ဖြစ်သည်။
သို့သော် ၎င်းက ထိုလူများ၏ အကျင့်စရိုက်နှင့် အမှန်တကယ်ပင် ကိုက်ညီလွန်းလှသည်။
ကုဟွား ရင်ထဲ၌ ရင်ခုန်စိတ်လှုပ်ရှားနေပြီး စိုးရိမ်တုန်လှုပ်မှုများလည်း ဖြစ်ပေါ်နေခဲ့ရသည်။
ရင်ခုန်ရသည့် အကြောင်းရင်းမှာ ကုဝမ်ရုနှင့် မုအန်းတို့က ဆောင်းရာသီ စစ်ရေးအသုံးအဆောင် ကိစ္စရပ်များကြောင့် ပြန်လည်သင့်မြတ်သွားကြပြီး စတင်လှုပ်ရှားလာခဲ့ကြ၍ ဖြစ်သည်။
သူတို့ စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သဖြင့် သူမအတွက် သူတို့၏ ခြေထောက်များကို ရိုက်ချိုးပစ်ရန် အခွင့်အရေး ရှိလာခဲ့ပြီ ဖြစ်သည်။
စိုးရိမ်ရသည့် အကြောင်းရင်းမှာ ယန်ကျစ်အနေဖြင့် အမှန်တရားကို ဖွင့်ဟပြောဆိုရန် ဝံ့ရဲပါ့မလား၊ သူမ မိခင်ရင်းနှင့် ပြန်လည်ဆုံတွေ့နိုင်ပါ့မလားဆိုသည်ကို သူမ မသိရှိနိုင်၍ ဖြစ်သည်။
ကုဟွားတစ်ယောက် မုကျွင်းယန်ကို တစ်နေ့လုံး မမြင်တွေ့ခဲ့ရချေ။
သူမအနေဖြင့် လူလွှတ်ကာ ချီယန်ကို ရှာဖွေခိုင်းချင်သော်လည်း သူတစ်ပါးကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သဖြင့် အတင်းအကျပ် မလုပ်ရဲပါချေ။
သူ ပဏာမဇနီးသည်တစ်ဦး လက်ထပ်တော့မည့် အခြေအနေကို မြင်တွေ့နေရသဖြင့် သူ သူမကို ယခုကဲ့သို့ ထပ်မံ၍ ကူညီပေးတော့မည် မဟုတ်ကြောင်း သူမ တွေးတောမိ၍ ဖြစ်သည်။
ညဉ့်နက်သန်းခေါင်ယံတွင် ကုဟွား အိပ်ရာထက်၌ ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင် ဖြစ်နေခဲ့ရသည်။