← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း(၁၃၄)

ရုတ်တရက် မည်းမှောင်နေသော အရိပ်တစ်ခုက သစ်သားပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ ဖြာကျနေသော လရောင်ကို ကွယ်သွားခဲ့သောကြောင့် ကုဟွား ထိတ်လန့်လွန်းသဖြင့် အော်ဟစ်မိလုနီးပါး ဖြစ်သွားခဲ့ရ၏။

ထိုသူ အနားသို့ တဖြည်းဖြည်း တိုးကပ်လာချိန်တွင် သူမ ရင်းနှီးလှသော သင်းပျံ့သည့် အနံ့အသက်တစ်ခုကို ရရှိလိုက်သည်။

သူက မုကျွင်းယန် ဖြစ်၏။

သူ ယာယွင်ဆောင်သို့ တစ်ကြိမ်မျှ ခြေဦးမလှည့်ဖူးသကဲ့သို့ ယခုလိုမျိုး ညဉ့်နက်သန်းခေါင်အချိန်တွင် ပို၍ပင် မလာဖူးချေ။

ကုဟွား အလျင်အမြန်ပင် မျက်လုံးများကို မှိတ်လိုက်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ပုံစံမျိုး ဖန်တီးထားလိုက်မိ၏။

နန်းတော်မှ ပြန်လာတည်းက သူမ သူ့ကို မမြင်တွေ့ခဲ့ရချေ။

သူမ ရင်ထဲ၌ မတည်မငြိမ် ဖြစ်နေခဲ့ရပြီး သူ့နှလုံးသားအတွင်း၌ သူမက မည်သည့်နေရာ၌ ရှိနေသည်ကို သူမ တွေးတော၍ မရနိုင် ဖြစ်နေခဲ့ရသည်။

ထိုသူက သူမအိပ်ရာဘေးတွင် ရပ်တန့်လိုက်ချိန်၌ ကုဟွား သူ၏ စိတ်ကို စမ်းသပ်ကြည့်ချင်စိတ်များ ပေါ်လာခဲ့ရ၏။

ထိုအမျိုးသားက အိပ်ရာဘေးတွင် အချိန်အတော်ကြာအောင် ရပ်စောင့်နေခဲ့သည်။

ကုဟွား ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသဖြင့် သူမ ခန္ဓာကိုယ်လေးမှာ မထိန်းနိုင်တော့ဘဲ အနည်းငယ် လှုပ်ရှားသွားခဲ့ရသည်။

မုကျွင်းယန်ကလည်း သူ့ကိုယ်သူ တစ္ဆေပူးနေသကဲ့သို့ ခံစားနေခဲ့ရသည်။

သူမကို အဆင့်မြင့်ကိုယ်လုပ်တော်အဖြစ် တရားဝင် လက်ထပ်ရန် စိတ်ဆန္ဒများ အမှန်တကယ်ပင် ဖြစ်ပေါ်ခဲ့ရသည်။

ထို့ပြင် သူမအတွက် ပိုမို၍ ဂုဏ်သိက္ခာရှိစေရန်အတွက် သူကိုယ်တိုင် ကုအိမ်တော်သို့ သွားရောက်ကာ စေ့စပ်ကြောင်းလမ်းပြီး တင်တောင်းပစ္စည်းများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သူ ပြုလုပ်ခဲ့သည့် ကိစ္စရပ်က မှန်ကန်ရဲ့လားဆိုသည်ကို သူကိုယ်တိုင်လည်း မသေချာချေ။

သူ့အလုပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် အိမ်တော်သို့ ပြန်လည်ရောက်ရှိချိန်တွင် ညဉ့်နက်နေခဲ့ပြီ ဖြစ်သော်လည်း သူမ၏ အခြေအနေ သက်သာသွားခဲ့ပြီလားဆိုသည်ကို လာရောက်ကြည့်ရှုရန်အတွက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ချေ။

ကိုယ်လုပ်တော်တစ်ဦးကို သိမ်းပိုက်ရန်အတွက် မင်္ဂလာပွဲ ပြင်ဆင်နေသည့် ကိစ္စကို သူမအား အသိမပေးရန် သူ အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ သူ့ရင်ထဲ၌ အနည်းငယ် နောင်တရစိတ်များ ဖြစ်ပေါ်နေခဲ့၍ ဖြစ်သည်။

အကယ်၍ ၎င်းက သူ၏ တစ်ဖက်သတ် ဆန္ဒမျှသာ ဖြစ်နေခဲ့မည်ဆိုပါက ထိုမိန်းမပျိုလေးကို နစ်နာစေမိမည် ဖြစ်သည်။

မုကျွင်းယန် အိပ်ရာဘေးတွင် တဖြည်းဖြည်း ထိုင်ချလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ သူမပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်မိ၏။

၎င်းက သူမကို ယားကျိကျိ ဖြစ်စေခဲ့သည်။

မခံမရပ်နိုင်တော့သဖြင့် ကုဟွား ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်မိ၏။

“တုန့်ဟွား... ငါ ရေငတ်နေလို့။ ရေတစ်ခွက်လောက် လာခပ်ပေးပါဦး”

မုကျွင်းယန်၏လက်မှာ လေထဲ၌ ရပ်တန့်သွားခဲ့ရပြီး သူမကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်မိ၏။

မိန်းမပျိုလေးက မျက်ဝန်းများကို မှိတ်ထားဆဲ ဖြစ်ပြီး တံတွေးကို မျိုချနေခဲ့ရာ အမှန်တကယ်ပင် ရေငတ်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

လရောင်အောက်တွင် မုကျွင်းယန် စားပွဲခုံထက်ရှိ မီးသွေးမီးဖိုငယ်လေးပေါ်၌ နွေးထွေးနေသော ရေနွေးအိုးကို မြင်တွေ့လိုက်ရသဖြင့် သူ ရေတစ်ခွက် ခတ်လိုက်ပြီး သူမနှုတ်ခမ်းနားသို့ ကပ်ပေးလိုက်၏။

ကုဟွား ခန္ဓာကိုယ်ကို တစ်ဝက်မျှ ထောက်လိုက်ပြီး သူ့လက်ထဲမှ ရေကို ဖြည်းဖြည်းချင်း သောက်လိုက်သည်။

သူမနားထင်ဘေးမှ ဆံနွယ်စအချို့ ရေခွက်ထဲသို့ လျှောကျသွားသည်ကို ကြည့်ပြီး မုကျွင်းယန် သဘာဝအတိုင်းပင် လက်ကို ဆန့်ထုတ်ကာ သူမနားရွက်နောက်သို့ သပ်တင်ပေးလိုက်မိ၏။

သူ့လက်ချောင်း ထိတွေ့မှုကြောင့် သူမအနေဖြင့် ထပ်မံ၍ ဟန်ဆောင်နေရန် မဖြစ်နိုင်တော့ချေ။

သူမ အံ့ဩတုန်လှုပ်စွာ မော့ကြည့်လိုက်မိ၏။

“သခင်ကြီး... ဘာလို့ ဒီကို ရောက်နေတာလဲဟင်”

“အကုန်သောက်လိုက်ဦး”

မုကျွင်းယန်၏ လေသံက တည်ငြိမ်နေသည်။

ကုဟွား ရေခွက်ကို လှမ်းယူရန် ပြင်လိုက်သော်လည်း သူက တင်းကျပ်စွာ ကိုင်ဆောင်ထားခဲ့သဖြင့် သူမခေါင်းလေးကို ငုံ့လိုက်ပြီးသာ ရေကို ဆက်သောက်လိုက်ရ၏။

“ထပ်ပြီးတော့ သောက်ချင်သေးလား”

“မသောက်ချင်တော့ပါဘူး”

မိန်းမပျိုလေး၏ လေသံမှာ ခြင်သံလေးအလား တိုးညင်းနေသည်။

မုကျွင်းယန် ရေခွက်ကို ချထားလိုက်ပြီး အိပ်ရာဘေးတွင် ထိုင်၍ လရောင်အောက်တွင် သူမအား စိုက်ကြည့်နေခဲ့မိသည်။

‘ငါ သူ့ကို မေးကြည့်လိုက်သင့်လား’

အကယ်၍ သူမ၏ တရားဝင်သမီးကြီး အဆင့်အတန်းကို ပြန်လည်ရရှိခဲ့မည်ဆိုပါက သူမအနေဖြင့် ကောင်းမွန်သော အိမ်တော်တစ်ခုသို့ တရားဝင်ဇနီးကြီးအဖြစ် လက်ထပ်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

သို့သော် သူမသာ သူ့ကိုယ်လုပ်တော် ဖြစ်လာခဲ့မည်ဆိုပါက အနာဂတ်တွင် အခြားမည်သည့် အိမ်တော်ကမျှ သူမကို ကိုယ်လုပ်တော်အဖြစ်ပင် လက်ထပ်ယူရန် ဝံ့ရဲကြတော့မည် မဟုတ်ချေ။

သူ၏ အလျင်စလို ဆုံးဖြတ်ချက်အပေါ် အနည်းငယ် နောင်တရသလို ဖြစ်လာခဲ့ရသည်။

ကုဟွား အနည်းငယ် စိတ်မသက်မသာ ဖြစ်လာခဲ့ရ၏။

‘ငါ အိပ်ရာပေါ်မှာ ဒီတိုင်း ဆက်အိပ်နေရမှာလား ဒါမှမဟုတ် တစ်ခုခု ထလုပ်ရမှာလား’

‘သူ့ကို စိတ်ပျော်အောင် လုပ်ပေးရမှာလား’

ယခုလိုမျိုး စိတ်အာရုံအခြေအနေဖြင့်မူ... သူမ မပြုလုပ်နိုင်ပါချေ။

“မင်း...”

“မြို့စား...”

နှစ်ဦးလုံး တစ်ချိန်တည်း၌ပင် စကားဆိုမိလိုက်ကြပြီး တစ်ချိန်တည်း၌ပင် ပြန်လည်ရပ်တန့်သွားခဲ့ကြရ၏။

မှောင်မိုက်သော ညဉ့်နက်အတွင်း သူတို့နှစ်ဦး ခဏမျှ တိတ်ဆိတ်စွာဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့မိကြသည်။

မုကျွင်းယန်က စတင်၍ စကားဆိုလိုက်၏။

“မင်း ဘာပြောစရာ ရှိလို့လဲ”

ကုဟွား တံတွေးကို မျိုချလိုက်မိပြီး သတ္တိမွေးကာ တိုးညှင်းသော လေသံလေးဖြင့် မေးမြန်းလိုက်သည်။

“မယ်တော်ကြီးက... အိမ်ထောင်ရေးကို စီစဉ်ပေးလိုက်တာလားဟင်”

မုကျွင်းယန် မျက်ခုံးတစ်ဖက် ပင့်လိုက်မိ၏။

“မင်း ကြောက်နေတာလား”

‘ကြောက်တယ်တဲ့လား’

‘နည်းနည်းတော့ ကြောက်မိတာပေါ့’

သို့သော် ယခုကဲ့သို့ အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးနောက်တွင် ကုဟွားအနေဖြင့် မည်သည့် မမျှော်လင့်ထားသော ပြောင်းလဲမှုမျိုးကိုမဆို လက်ခံနိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။

သူမအနေဖြင့် သတ္တိရှိရှိ ကြိုးစားကြည့်သရွေ့ လမ်းခရီးအားလုံးက မြို့တော်ဆီသို့ ဦးတည်နေသည် ဖြစ်သည်။ သူမ လျှောက်လှမ်းနိုင်မည့် လမ်းစတစ်ခု သေချာပေါက် ရှိနေမည် ဖြစ်သည်။

“မကြောက်ပါဘူး။ တကယ်လို့ သခင်ကြီးမှာ တရားဝင်ဇနီးသည် ရှိလာခဲ့ရင် သခင်ကြီးကို စောင့်ရှောက်ပေးမဲ့သူ ရှိလာမှာမို့လို့ အရမ်းကောင်းမွန်တဲ့ ကိစ္စကြီးပဲ မဟုတ်ဘူးလား”

မုကျွင်းယန် သူ့လက်မနှင့် လက်ချောင်းများကို ပွတ်သပ်လိုက်မိ၏။

မိန်းမပျိူလေး၏ ကြည်လင်နေသော မျက်ဝန်းများအတွင်းသို့ လရောင်များ ဖြာကျနေသည်ကို ကြည့်ပြီး သူ အသေအချာ စဉ်းစားတွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“တကယ်လို့... မင်းကို အဆင့်မြင့်ကိုယ်လုပ်တော်အဖြစ် လက်ထပ်မယ်ဆိုရင်ရော... မင်း သဘောတူရဲ့လား”

ကုဟွားမျက်နှာထက်တွင် အံ့ဩမှင်တက်သွားသော အမူအရာများ ချက်ချင်းပင် ပြည့်နှက်သွားခဲ့ရ၏။

မှောင်မိုက်နေသော ညဉ့်နက်အတွင်း မိန်းမပျိုလေးက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

မုကျွင်းယန်၏ ရင်ထဲ၌ စိုးထိတ်သွားခဲ့ရ၏။

သူမ သဘောမတူလိုသည်မှာ သိသာလှသည်။

ယခုတစ်ကြိမ် ရေထဲသို့ ခုန်ချကာ လူကယ်ခဲ့သည့် ကိစ္စကို ကြည့်ခြင်းအားဖြင့် ကုဟွားသည် ပုံမှန်အားဖြင့် ကြောင်လေးတစ်ကောင်အလား နူးညံ့သိမ်မွေ့ပြီး အရာရာကို ကြောက်ရွံ့တတ်ပုံပေါ်သော်လည်း အမှန်စင်စစ်တွင်မူ သူမက အရိုးထဲအထိ ခေါင်းမာလွန်းသူ ဖြစ်သည်။

၎င်းကလည်း သဘာဝကျလှသည်။

သူမ ဘဝတစ်ခုလုံး ပြောင်းလဲခံခဲ့ရပြီး သေလမ်းသို့ တွန်းပို့ခြင်းခံခဲ့ရသည့် အမုန်းတရားသည် သာမန်လူတစ်ဦးအဖို့ အလွယ်တကူ မျိုသိပ်နိုင်မည့် အရာမျိုး မဟုတ်ချေ။

သူမက လမ်းမှန်ပေါ်သို့ ပြန်မရောက်သေးသလို မှီခိုအားထားရာလည်း မရှိသေးချေ။

သူမ၏ အပျိုစင်ဘဝကို စတေးပြီး အသက်အန္တရာယ်ကိုပင် ရင်းကာ ယခုကဲ့သို့ တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။

သူ့အင်္ကျီလက်အောက်တွင် ထည့်ထားသော မင်္ဂလာပွဲအတွက် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ချီးမြှင့်ပေးထားသည့် တော်ဝင်အမိန့်ပြန်တမ်းနှင့် သူကိုယ်တိုင် ရေးသားထားသော လင်မယားကွာရှင်းစာချုပ်ကို လှမ်းကိုင်လိုက်မိ၏။

ထိုတော်ဝင်အမိန့်ပြန်တမ်းကို ဧကရာဇ်မင်းမြတ်ထံတွင် သူ အတင်းအကျပ် တောင်းခံခဲ့ရခြင်း ဖြစ်သည်။

သူမကို ပဏာမ ဇနီးသည်အဖြစ် လက်ထပ်ရန် မဖြစ်နိုင်သော်လည်း သူမ ရသင့်ရထိုက်သည့် ဂုဏ်သိက္ခာကို အကောင်းဆုံး ပေးအပ်နိုင်ရန် သူ ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ချီးမြှင့်ပေးထားသည့် အဆင့်မြင့်ကိုယ်လုပ်တော်တစ်ဦး၏ အဆင့်အတန်းသည် သာမန်ဇနီးသည်များထက်ပင် အဆင့်အတန်း ပိုမိုမြင့်မားပြီး သာမန်လူများအနေဖြင့် သူမကို ထိပါးရန် ဝံ့ရဲကြမည် မဟုတ်ချေ။

ကွာရှင်းစာချုပ်ကမူ အကယ်၍ တစ်နေ့တွင် သူ စစ်မြေပြင်၌ သေဆုံးသွားခဲ့မည်ဆိုပါက ထိုစာချုပ်က သူမအတွက် လွတ်လပ်ခွင့်ကို ပြန်လည်ပေးအပ်နိုင်ရန် ဖြစ်သည်။

ကုဟွား ရင်ထဲ၌ အလွန်အမင်း စိတ်ရှုပ်ထွေးနေခဲ့ရသည်။

‘ကျန်းရော့ရှီးက သူ့ရဲ့ တရားဝင် ဇနီးသည် ဖြစ်လာတော့မှာကို သူက ငါ့ကို အဆင့်မြင့်ကိုယ်လုပ်တော်အဖြစ် ထပ်ပြီးတော့ သိမ်းပိုက်ချင်နေတာလား’

‘သူက ဇနီးသည်ရော ကိုယ်လုပ်တော်ပါ စုံစုံလင်လင်နဲ့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်နေတာလား’

‘ဒါက ငါသိထားတဲ့ မုကျွင်းယန် မဟုတ်သလိုပဲ’

ကုဟွား၏ နှလုံးသားလေးမှာ အေးစက်သွားခဲ့ရ၏။

အစပိုင်းတွင် သူမက သူသည် ဖြူစင်ရိုးသားပြီး ဖြောင့်မတ်သော ယောက်ျားကောင်းတစ်ဦးဟု ထင်မှတ်ခဲ့သည်။

သို့သော် သူသည်လည်း အာဏာနှင့် လုပ်ပိုင်ခွင့်များကို ကြောက်ရွံ့တတ်သူ ဖြစ်နေသည်။

သူ မနှစ်သက်ခဲ့လျှင်ပင် စီစဉ်ပေးထားသည့် အိမ်ထောင်ရေးကို ငြင်းပယ်ရန် မဝံ့ရဲခဲ့ချေ။

ကုဟွား သူမ၏ စိတ်ကူးယဉ်မှုလေးများကို ပြန်လည်တွေးတောရင်း ရယ်မောလိုက်မိ၏။

သူ မသေဆုံးမီတွင် သူမကို ကူညီခဲ့သည့် ကျေးဇူးတရားများအား တုံ့ပြန်ရန်အတွက် သူ့အပေါ် အကောင်းဆုံး ပြုစုစောင့်ရှောက်ပေးမည်ဟူသော စိတ်ကူးများမှာ အဓိပ္ပာယ်မရှိလှချေ။

သူမ ဦးခေါင်းကို ငုံ့လိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်၏။

“သခင်ကြီးက ဒီကိုယ်လုပ်တော်ကို တန်ဖိုးထားပေးတာက... ဒီကိုယ်လုပ်တော်အတွက် ကံကောင်းခြင်းပါပဲ။ ဒီကိုယ်လုပ်တော်က သေချာပေါက် သဘောတူတာပေါ့”

ယခုအချိန်တွင် သူမက သူ့အာဏာကို အသုံးချရန် လိုအပ်နေသေးသည်။

မှောင်မိုက်လှသော ညဉ့်နက်အတွင်း မုကျွင်းယန်က သူမမျက်နှာအမူအရာကို သေသေချာချာ မမြင်တွေ့နိုင်သော်လည်း သူမစိတ်ခံစားချက် ပြောင်းလဲသွားသည်ကို အသေအချာ ခံစားမိလိုက်သည်။

၎င်းက ယခင်ကကဲ့သို့ နူးညံ့ချိုသာခြင်း မရှိတော့ဘဲ အနည်းငယ် စိမ်းကားလှသော အကွာအဝေးတစ်ခု ခြားနားသွားခဲ့ပြီ ဖြစ်သည်။

မုကျွင်းယန် မတ်တတ်ထရပ်လိုက်၏။

“မင်းရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ။ ဒီကိစ္စကို နောက်မှ ထပ်ပြီးတော့ ဆွေးနွေးကြတာပေါ့”

တောင့်တင်းနေသော ကျောပြင်ကြီး အခန်းတံခါးအပြင်ဘက်သို့ လှမ်းထွက်သွားသည်ကို ငေးကြည့်ပြီး ကုဟွား ရင်ထဲ၌ အဓိပ္ပာယ်မရှိလှသော ဟာတာတာ ဖြစ်မှုကို ခံစားလိုက်ရ၏။

နောက်တစ်နေ့တွင်...

တုန့်ချင်းနှင့် တုန့်ဟွားတို့ သူမဆံပင်များကို ဖြီးသင်ပေးနေပြီး စကားဆိုရန်အတွက် အနည်းငယ် တွန့်ဆုတ်နေခဲ့ကြသည်။

ကုဟွား သမ်းဝေပြီး မေးမြန်းလိုက်၏။

“ဘာဖြစ်လို့လဲ”

“မမလေး မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးလားဟင်။ မျက်ကွင်းတွေ ညိုနေပြီ”

“အာ...”

ကုဟွား ကြေးမုံမှန်အနားသို့ တိုးကပ်၍ ကြည့်လိုက်မိ၏။

အတိအကျပင် သူမမျက်လုံးများမှာ ပန်ဒါဝက်ဝံကြီး၏ မျက်လုံးများနှင့် တစ်ထပ်တည်း တူညီနေခဲ့သည်။

ထိုအချိန်တွင် အစေခံမလေးတစ်ဦးက လိုက်ကာကို ပင့်မြှောက်လိုက်ပြီး ကုဟွားကို အရိုအသေပေးလိုက်၏။

“မမလေး... ချီယန်က တွေ့ခွင့်တောင်းနေပါတယ်”

ကုဟွား ဝမ်းသာအားရ ဖြစ်သွားခဲ့ရသည်။

“မြန်မြန် အထဲကို ခေါ်လိုက်...ပြီးရင် သူ့ကို အနောက်ဘက် အဆောင်ငယ်လေးမှာ စောင့်ခိုင်းထားလိုက်”

ချီယန်ကို မြင်တွေ့လိုက်ရချိန်တွင် ကုဟွား အလျင်အမြန်ပင် ပြေးဝင်သွားခဲ့မိ၏။

“ဘယ်လိုလဲ”

ချီယန်က စာလုံးများစွာ ရေးသားထားသော စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

၎င်း၏ အောက်ခြေတွင် ယန်ကျစ်၏ လက်မှတ်နှင့် လက်ဗွေရာပါ ရှိနေခဲ့သည်။

All Chapters