အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း(၁၃၅)
ကုဟွား စိတ်လှုပ်ရှားစွာ ၎င်းကို ယူကာ သေသေချာချာ ဖတ်ရှုလိုက်မိ၏။
သူမ ဖတ်ရှုလေလေ ရင်ထဲ၌ ဒေါသများ ပိုမိုထွက်ပေါ်လာခဲ့လေလေ ဖြစ်ပြီး လက်နှစ်ဖက်လုံး တုန်ယင်လာခဲ့ရကာ မျက်ဝန်းများအတွင်း၌လည်း မျက်ရည်များ ပြည့်နှက်လာခဲ့ရသည်။
ယန်ကျစ်ကကိုယ်လုပ်တော်ပိုင် ပြုလုပ်ခဲ့သမျှ ညစ်ပတ်ကောက်ကျစ်လှသည့် ကိစ္စရပ်များ အားလုံးကို ဖွင့်ဟဝန်ခံထားခဲ့ခြင်း ဖြစ်သည်။
“မမလေး ဘယ်လိုဆက်လုပ်ဖို့ စီစဉ်ထားလဲ”
ကုဟွား ခံဝန်စာကို သိမ်းဆည်းလိုက်ပြီး ပြောလိုက်၏။
“ဒီနေ့ပဲ အိမ်တော်ကို ပြန်မယ်”
ချီယန်က လက်သီးဆုပ်လျက် အလေးပြုလိုက်၏။
“ကျွန်တော်မျိုးအနေနဲ့ ဒီကိစ္စကို သခင်ကြီးဆီ အရင်ဆုံး အစီရင်ခံရပါမယ်”
ကုဟွား သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်မိသည်။
သူက မုကျွင်းယန်၏ လူယုံတစ်ဦး ဖြစ်သဖြင့် အရာရာကို အစီရင်ခံရမည်က ပုံမှန်ပင် ဖြစ်သည်။
“ကောင်းပြီလေ... ကျွန်မ ဒီနေ့ မွန်းလွဲပိုင်း အိမ်တော်ကို ပြန်မယ်”
“ဟုတ်ကဲ့ပါ”
“သက်တော်စောင့် ချီယန်...”
ကျင်းခွေ့၏ စကားများကို သတိရသွားခဲ့သဖြင့် ကုဟွား သူမဂါဝန်စကို ပင့်မြှောက်လျက် သူ့နောက်သို့ အပြေးလိုက်သွားခဲ့မိ၏။
ချီယန် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မေးမြန်းလိုက်၏။
“မမလေးမှာ ဘာများ အမိန့်ပေးစရာ ရှိသေးလို့ပါလဲ”
“ကျွန်မ... ကျွန်မ ဒီည ကိစ္စတချို့ ဖြေရှင်းဖို့အတွက် လူနည်းနည်းလောက် လိုအပ်နေလို့ပါ။ ရှင် ကူညီပြီးတော့ စီစဉ်ပေးနိုင်မလားဟင်”
“ကောင်းပါပြီ။ ကျွန်တော်မျိုး သေချာပေါက် စီစဉ်ပေးပါ့မယ်”
ကုဟွားအနေဖြင့် ၎င်းအတွက် မုကျွင်းယန်၏ ခွင့်ပြုချက် လိုအပ်မည်လားဟု မေးမြန်းရန် ပြင်ဆင်လိုက်သော်လည်း သူက မည်သည့်စကားမျှ ထပ်မပြောသဖြင့် စကားလုံးများကို ပြန်မျိုချလိုက်မိ၏။
အကယ်၍ သူမအနေဖြင့် သူ့ကို ဒုက္ခမပေးမိပါက အကောင်းဆုံး ဖြစ်သည်။
သူမ၏ ပြဿနာများကို ကိုယ်တိုင် ဖြေရှင်းတတ်ရန်လည်း သင်ယူထားရမည် ဖြစ်၏။
ကုဟွား စိုးရိမ်တုန်လှုပ်စွာ မွန်းတည့်ချိန်အထိ စောင့်ဆိုင်းနေခဲ့မိသည်။
သူမ နေ့လယ်စာကို ကောင်းကောင်းမစားနိုင်ခင်၌ပင် ချီယန်က ထပ်မံ၍ ရောက်ရှိလာခဲ့၏။
“မမလေး... သခင်ကြီးက မမလေးအနေနဲ့ နောက်ထပ် သုံးရက်အတွင်းမှာ အိမ်တော်ကနေ အပြင်မထွက်ရဘူးလို့ အမိန့်ပေးလိုက်ပါတယ်”
“ဘာလို့လဲ”
ကုဟွား ချက်ချင်းပင် ပူပန်သွားခဲ့ရ၏။
သူမ ကိုယ်လုပ်တော်ပိုင်၏ အရုပ်ဆိုးလှသော မျက်နှာဖုံးကို ချက်ချင်းပင် ခွာချပစ်ချင်နေပြီး မိခင်အရင်းနှင့်လည်း တစ်ရက်ဖြစ်ဖြစ် စောစောစီးစီး ပြန်လည်ဆုံတွေ့ချင်နေခဲ့မိပြီ ဖြစ်သည်။
သူမ တရားဝင်သမီးကြီး ဆိုသည့် အဆင့်အတန်းကို ဂရုမစိုက်ချေ။
လူတစ်ဦး၏ တန်ဖိုးသည် အဆင့်အတန်းပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ ကိုယ်တိုင်ပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။
အကယ်၍ သူမ တရားဝင်သမီးကြီး အဆင့်အတန်းကို ပြန်လည်ရရှိခဲ့လျှင်ပင် သူမ၏ ဖြူစင်မှုကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည့်အပြင် အခြားသူတစ်ဦး၏ ကိုယ်လုပ်တော် ဖြစ်လာရန် အလွန် အလားအလာ များပြားနေသည်။
အဆင့်မြင့်ကိုယ်လုပ်တော် ဟုတ်လား...
ကုဟွား မှင်တက်သွားခဲ့ရ၏။
အကယ်၍ မိခင်ဖြစ်သူသာ သူမသမီးအရင်းက အဆင့်မြင့်ကိုယ်လုပ်တော် ဖြစ်လာခဲ့ရပြီး ကိုယ်လုပ်တော်ပိုင်၏ သမီးက ယုံမြို့စားမင်းအိမ်တော်၏ ဂုဏ်သရေရှိ သခင်မလေး ဖြစ်နေခဲ့သည်ကို သိရှိသွားခဲ့မည်ဆိုပါက မိခင်ဖြစ်သူ ရင်ထဲ၌ အရှက်ရစရာ ဖြစ်သွားနိုင်သည်။
သူမ ရုတ်တရက်ပင် ယုံကြည်မှုများ ပျောက်ဆုံးသွားပြီး မိခင်ဖြစ်သူ အမှန်တရားကို သိရှိသွားချိန်၌ သူမမျှော်လင့်ထားသကဲ့သို့ ပျော်ရွှင်နိုင်မည်လားဆိုသည်ကို သူမ ကြောက်ရွံ့လာခဲ့ရ၏။
ချီယန် မျက်ဝန်းများကို အနည်းငယ် ပင့်လိုက်ပြီး သူမကို တစ်ချက် ကြည့်လိုက်မိ၏။
မိန်းမပျိုလေး၏ မျက်ဝန်းများမှာ နီမြန်းနေခဲ့ပြီး ဝမ်းနည်းပူဆွေးနေသည့် ပုံစံမျိုး ဖြစ်နေခဲ့သဖြင့် လူကို စိတ်မကောင်း ဖြစ်စေခဲ့သည်။
ပုံမှန်အားဖြင့် စကားကို ပြတ်သားစွာ ပြောဆိုတတ်သော ချီယန်က ယခုအချိန်တွင် မည်သို့ပြုမူရမည်ကို မသိနိုင် ဖြစ်နေခဲ့ရပြီး လေသံကို အတတ်နိုင်ဆုံး လျှော့ချလိုက်၏။
“သခင်ကြီးက... မမလေးရဲ့ ကောင်းကျိုးအတွက် လုပ်ပေးတာပါ”
“အမ်း”
ကုဟွား စိတ်အာရုံများကို ပြန်လည်စုစည်းလိုက်ပြီး ညှိုးငယ်နေသော မျက်နှာလေးဖြင့် တိုးညှင်းစွာ ဆိုလိုက်မိသည်။
“ကျွန်မ အမိန့်ကို နာခံမှာပါ”
“ကျွန်တော် ဒီည မမလေးအတွက် သိုင်းပညာ ကျွမ်းကျင်တဲ့ လူ(၄)ယောက်ကို စီစဉ်ပေးပါ့မယ်။ အဆင်ပြေရဲ့လား မသိဘူး”
ကုဟွား စိတ်သက်သာရာ ရသွားခဲ့၏။
“အမ်း... လုံလောက်တာပေါ့။ ကျွန်မ သူတို့ကို ကိစ္စတချို့ ရှင်းပြပေးဖို့ လိုသေးတယ်”
“မမလေး ကျွန်တော့်ကိုပဲ တိုက်ရိုက် အမိန့်ပေးလိုက်ပါ။ ကျွန်တော် သွားပြီးတော့ ဆောင်ရွက်ပေးပါ့မယ်”
ကုဟွား အသေအချာ စဉ်းစားကြည့်လိုက်ရာ ၎င်းကလည်း အကြံကောင်းတစ်ခု ဖြစ်သည်။
အကယ်၍ သူမကိုယ်တိုင် သွားရောက်ပြီး ကိစ္စရပ်များကို ပျက်စီးစေခဲ့မည်ဆိုပါက ရန်သူကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
…
ဖျင်အန်းမင်းသားအိမ်တော်...
ကျန်းမိသားစုတစ်ခုလုံး လွန်ခဲ့သော နှစ်ရက်အတွင်း၌ မှောင်မိုက်သော ပူဆွေးမှုများဖြင့် ဖုံးလွှမ်းနေခဲ့ရသည်။
ကျန်းရော့ရှီး တစ်နေ့နှင့် တစ်ညလုံး ငိုကြွေးနေခဲ့၏။
သူမ ရင်ထဲ၌ အလွန်အမင်း ခံစားနေခဲ့ရသည်။
မုကျွင်းယန်က မယ်တော်ကြီး၏ စေ့စပ်ကြောင်းလမ်းမှုကို ငြင်းပယ်ရဲခဲ့ရုံမျှမက ဧကရာဇ်မင်းမြတ်ထံမှ မင်္ဂလာပွဲအတွက် တော်ဝင်အမိန့်တော်ကိုပါ သွားရောက်တောင်းခံခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် မယ်တော်ကြီးကိုယ်တိုင်ပင် မုကျွင်းယန်ကို အဓမ္မ ဖိအားပေးရန် မဖြစ်နိုင်တော့ချေ။
သို့မဟုတ်ပါက သူမ ဧကရာဇ်မင်းမြတ်ကို ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။
အိမ်ထောင်ရေးကို ငြင်းပယ်ခြင်း ခံလိုက်ရသဖြင့် ကျန်းရော့ရှီး အရှက်ရမိသလို ဒေါသလည်း အလွန်ထွက်နေခဲ့ရသည်။
သို့သော် သူမ ဖခင် ဖျင်အန်းမင်းသားကြီးက ထိုအိမ်ထောင်ရေးကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ရမည်ဟု ပြောခဲ့သည်။
မည်သို့ပင်ဖြစ်စေ မုကျွင်းယန်ကို ဖမ်းဆုပ်နိုင်ခြင်းက ဧကရာဇ်မင်းမြတ်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် အဖိုးတန်သော အကွက်တစ်ခု ရရှိလိုက်ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက ကျန်းမျိုးနွယ်စုတစ်ခုလုံး ဖိနှပ်ခံရလိမ့်မည်။
“ငိုနေတာက ဘာမှ အသုံးမဝင်ဘူး”
ဖျင်အန်းမင်းသားကြီး၏ မျက်နှာထားမှာ မှောင်မိုက်နေခဲ့သည်။
ဘေးဘက်တွင် ထိုင်နေသော မင်းသားကြီး၏ ဆက်ဆံသူ သားကြီးက ဖျောင်းဖျလိုက်၏။
“ညီမလေး... မင်းအနေနဲ့ ရင်ဆိုင်တတ်ဖို့ သင်ယူရမယ်။ အဖေနဲ့ အစ်ကိုက မင်းကို တစ်ဘဝလုံး မကာကွယ်ပေးနိုင်ဘူး”
၎င်းကို ကြားလိုက်ရသောအခါ ကျန်းရော့ရှီး မျက်ရည်များကို သုတ်လိုက်ပြီး အသေအချာ စဉ်းစားကြည့်လိုက်မိ၏။
မုကျွင်းယန်က သူမအစ်မအရင်းအပေါ် အလွန်အမင်း စိတ်အားထက်သန်မှု မရှိခဲ့သော်လည်း သူမအစ်မ မြို့စားအိမ်တော်ထဲသို့ လက်ထပ်ဝင်ရောက်သွားပြီးနောက်တွင် သူမက သူ့လေးစားမှုကို အပြည့်အဝ ရရှိခဲ့သည်။
မြို့တော်ရှိ လူတိုင်းက သူတို့ဇနီးမောင်နှံသည် အလွန်အမင်း ချစ်ခင်ကြင်နာကြကြောင်း သိရှိထားကြသည်။
သူမက အစ်မဖြစ်သူထက်ပင် ပိုမိုလှပကာ အတတ်ပညာလေးရပ် (ဗျပ်စောင်း၊ စစ်တုရင်၊ စာပေနှင့် ပန်းချီ) တွင်လည်း ကျွမ်းကျင်လှသူ ဖြစ်ပြီး အစ်မထက် မည်သည့် နေရာတွင်မျှ လျော့နည်းနေခြင်း မရှိချေ။
‘မုကျွင်းယန်က ငါ့ရဲ့ ရောဂါသည် အစ်မကိုတောင် လက်ခံနိုင်ခဲ့မှတော့ ငါ့ကို ဘာလို့ လက်မခံနိုင်ရမှာလဲ’
ပြဿနာက ထိုမြေခွေးမ ကုဟွားကြောင့်သာ ဖြစ်ရမည်။
‘တကယ်လို့... ကုဟွား မရှိတော့ဘူးဆိုရင်ရော’
ကျန်းရော့ရှီး ငယ်စဉ်တည်းက မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အစ်မဖြစ်သူကလည်း စောစီးစွာ ကွယ်လွန်သွားခဲ့သည်။
သူမ၌ အစ်ကိုဖြစ်သူသာ ရှိခဲ့ပြီး ဖခင်ဖြစ်သူ မင်းသားကြီးကလည်း သူမကို ထိန်းကျောင်းရန် အချိန်မရှိခဲ့သဖြင့် မင်းသားအိမ်တော်တစ်ခုလုံးတွင် သူမကို ဆုံးမရဲသူ မည်သူမျှ မရှိခဲ့ချေ။
ထို့ပြင် မယ်တော်ကြီးကိုယ်တိုင် သူမကို နှစ်နှစ်တိုင်တိုင် ပညာသင်ကြားပေးခဲ့သဖြင့် သူမ၏ အဆင့်အတန်းမှာ ပိုမိုမြင့်မားလာခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲကာ ဗိုလ်ကျစိုးမိုးတတ်သည်။ အရာရာတိုင်းက သူမကိုသာ ဗဟိုပြုလည်ပတ်နေသည်ဟု ထင်နေသော စိတ်များပင် ဖြစ်ပေါ်လာသည်။
‘ငါ လိုချင်တဲ့ အရာမှန်သမျှကိုသေချာပေါက် ရကိုရစေမယ်’
ထိုအတွေး ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းပင် ချလိုက်မိ၏။
ကုဟွားက ဆုတ်ယုတ်ပျက်စီးနေသော မှူးမတ်အိမ်တော်မှ ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်မျှသာ ဖြစ်သည်။
သူမကို ထိပါးချင်လျှင် ထိပါးလိုက်ရုံမျှသာ ဖြစ်၏။
ထိုကိစ္စ ဖြစ်ပျက်ပြီးနောက်တွင် မုကျွင်းယန်အနေဖြင့် သူမကို တစ်စုံတစ်ရာ ပြုလုပ်ရဲလိမ့်မည်ဟု သူမ မယုံကြည်ချေ။
‘ကုဟွားဆိုတဲ့ အဟန့်အတားသာ မရှိတော့ရင် မုကျွင်းယန် ဘယ်ဆင်ခြေကို သုံးပြီး တော်ဝင်အမိန့်ကို ဆန့်ကျင်နိုင်ဦးမှာလဲ’
ကျန်းရော့ရှီး မျက်ရည်များကို သုတ်လိုက်ပြီး ပြောလိုက်၏။
“အဖေ... သမီးမှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်”
ဖျင်အန်းမင်းသားကြီး သူမကို တစ်ချက် ကြည့်လိုက်၏။
“ကောင်းတယ်... ဒါမှ ငါ့သမီးပဲ။ ကိစ္စကို သန့်သန့်ရှင်းရှင်းသာ အဆုံးသတ်လိုက်။ မင်းရဲ့ အဘွားတော် (မယ်တော်ကြီး) ကို သွားပြီးတော့ မပတ်သက်စေနဲ့”
“သမီး နားလည်ပါတယ်”
ကျန်းရော့ရှီးက အစ်ကိုဖြစ်သူကို ပြောလိုက်၏။
“မုအန်းက အစ်ကို့ကို ဒီည ယီချွန်းပြည့်တန်ဆာအိမ်မှာ တည်ခင်းမဲ့စားသောက်ပွဲကို ဖိတ်ကြားထားတယ်မလား။ သူ့ကို ပြောလိုက်ပါ။ ကုဟွားကို သေချာပေါက် ခေါ်လာနိုင်မဲ့နည်းလမ်း ကုဝမ်ရုကို ရှာခိုင်းလိုက်။ မဟုတ်ရင်တော့ သူ နန်းတွင်းမိန်းမစိုးဌာန မိန်းမစိုးချုပ်ကြီးရဲ့ မွေးစားသားကို တွေ့ခွင့်ရဖို့ လုံးဝ စိတ်မကူးနဲ့လို့”
ဖျင်အန်းမင်းသားငယ် မျက်ခုံးပင့်လိုက်မိ၏။
“မင်းက အစ်ကို့ကို မုကျွင်းယန်ရဲ့ ကိုယ်လုပ်တော်ကို ဖမ်းဆီးဖို့အတွက် ကူညီခိုင်းနေတာလား”
“အဲဒီလို မိန်းမပျက်အတွက် ဘယ်လိုလုပ် အစ်ကို့ကို ညစ်ပတ်ခံခိုင်းရမှာလဲ”
ကျန်းရော့ရှီးက လှောင်ပြောင်လိုက်၏။
“မိန်းမပျက်ကတော့ သဘာဝအတိုင်း မျိုးမစစ်တွေနဲ့ပဲ ထိုက်တန်တာပေါ့”
ဖျင်အန်းမင်းသားငယ်က အကျယ်ကြီး ရယ်မောလိုက်မိသည်။
“ကောင်းပြီ။ အဲဒီငတုံးကောင် မုအန်း အစ်ကို့ကိုပဲ အားကိုးနေရတာ။ မဟုတ်ရင် သူ အဲဒီမိန်းမစိုးချုပ်ကြီးရဲ့ မွေးစားသားနဲ့ ဘယ်လိုလုပ် တွေ့ဆုံနိုင်ပါ့မလဲ”
ထိုအခါမှသာ ကျန်းရော့ရှီး စိတ်သက်သာရာ ရသွားခဲ့၏။
သူမ မျက်ဝန်းများအတွင်း၌ ရက်စက်သော အကြည့်များ ဖြစ်ပေါ်လာသည်။
“အစ်ကို... အဲဒီလူက ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကုဝမ်ရုရဲ့ အားနည်းချက်ကို ဖမ်းဆုပ်ထားတယ်လို့ ပြောခဲ့တယ်မလား။ သူတို့ကနေတစ်ဆင့် ပိုင်မိသားစုရဲ့ ဆောင်းရာသီ စစ်ဝတ်စုံ သိုလှောင်ရုံတွေကို လက်ဝယ်ရရှိအောင် အဓမ္မ ဖိအားပေးလို့ ရမလား။ ဒီည ကုဝမ်ရုရော ကုဟွားပါ အတူတူ ရှိနေမှာဆိုတော့ အရမ်းကောင်းတဲ့ အခွင့်အရေးပဲမလား။ အစ်ကို သူ့ကို လှုပ်ရှားခိုင်းလိုက်။ သူတို့ရဲ့ အသက်ကို ရန်ရှာဖို့ မလိုဘူး။ သူတို့ကို နှစ်ရက် သုံးရက်လောက် ဖမ်းထားလိုက်ပြီး ကုအိမ်တော်ရဲ့ သမီးနှစ်ယောက်လုံး ပြန်ပေးဆွဲခံထားရတယ်ဆိုတဲ့ သတင်းကို မြို့တော်တစ်ခုလုံး သိအောင် ဖြန့်လိုက်။ ပြီးရင် လူတွေ အများကြီး ရှိနေမဲ့ အချိန်ကို ရွေးပြီး သူ့ရဲ့ အဝတ်အစားတွေကို လူပုံအလယ်မှာ ဆွဲချွတ်ပြီး လမ်းမပေါ်ကို ပစ်ချလိုက်။ ကုဝမ်ရုရဲ့ ပြစ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကိုလည်း ရေးသားပြီးတော့ အတူတူ ပစ်ချလိုက်။ ဒီလိုမျိုးဆိုရင် ဒီကိစ္စက ညီမတို့ မင်းသားအိမ်တော်နဲ့ ဘာမှမသက်ဆိုင်တော့ဘဲ သန့်ရှင်းသွားလိမ့်မယ်”
၎င်းက ကုဝမ်ရုနှင့် ကုဟွား ညီအစ်မနှစ်ဦးလုံး၏ ဂုဏ်သရေကို လုံးဝ ဖျက်ဆီးပစ်ရန် ကြံစည်ခြင်း ဖြစ်သည်။
ဖျင်အန်းမင်းသားငယ် မျက်ခုံးပင့်လိုက်မိ၏။
“ငါ့ညီမလေးက ဒီလိုမျိုး ရက်စက်တတ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ကျန်းရော့ရှီးက အေးစက်စွာ ဆိုလိုက်၏။
“သူက နှလုံးသားမရှိမှတော့ ကျွန်မကလည်း မတရားမှုတွေ လုပ်ရတော့မှာပဲ။ တကယ်လို့ နောက်ဆုံးမှာ ညီမ မုကျွင်းယန်နဲ့ လက်မထပ်ရရင်တောင်မှ တခြားဘယ်သူကမှလည်း သူ့ကို မရစေရဘူး”
“ကုဝမ်ရုကိုပါ ပြန်ပေးဆွဲဖို့ လိုလို့လား။ ဘာပဲဖြစ်ဖြစ် မုအန်းက အသုံးဝင်တဲ့ ရုပ်သေးရုပ်တစ်ခုပဲလေ။ သူသာ မရှိတော့ရင် မုကျွင်းယန်ရဲ့ သတင်းအချက်အလက်တွေက အစ်ကိုတို့ဆီ ဒီလိုမျိုး အလွယ်တကူ ဘယ်လိုလုပ် ရောက်လာနိုင်ပါတော့မလဲ။ ဒီဆောင်းရာသီ စစ်ရေးအသုံးအဆောင် အမိန့်ကလည်း မုကျွင်းယန်ရဲ့ ခွင့်ပြုချက် လိုအပ်တာပဲလေ”
ကျန်းရော့ရှီးက သူ့ကို မျက်စောင်းထိုးလိုက်၏။
“အစ်ကို... ဒါက မိန်းမတွေရဲ့ သနားကြင်နာစိတ်မျိုးပဲ။ ညီအစ်မနှစ်ယောက်လုံးကို ပြန်ပေးဆွဲမှ ညီမတို့ မင်းသားအိမ်တော်က ကိုယ့်ကိုယ်ကိုယ် လုံးဝ သန့်ရှင်းအောင် လုပ်နိုင်မှာ။ သူတို့အပေါ် ရန်ငြိုးရှိနေတဲ့သူက ညီမ မဟုတ်ဘဲ အဲဒီလူပဲ။ ပြီးတော့ မုအန်းက မုကျွင်းယန်ရဲ့ မွေးစားသား သာသာပဲ။ နောင်အနာဂတ်မှာ ညီမက သူ့ကို မြို့စားအိမ်တော်ကနေ သေချာပေါက် မောင်းထုတ်ပစ်ဦးမှာ။ ညီမ သူ့လိုမျိုး ထုံအညံ့ဖျင်းတဲ့ သားကြီးကို မလိုချင်ဘူး”
သူမ၏ အစ်ကိုဖြစ်သူက သူမအား လက်မထောင်ပြသည်ကို မြင်တွေ့လိုက်ရချိန်မှသာ ကျန်းရော့ရှီး လွန်ခဲ့သော နှစ်ရက်အတွင်းက ခံစားခဲ့ရသည့် စိတ်ပျက်မှုများ အနည်းငယ် ပြေလျော့သွားခဲ့ရ၏။
အမှန်စင်စစ်တွင် မုကျွင်းယန်က အိမ်ထောင်ရေးကို ငြင်းပယ်ပြီး ဧကရာဇ်မင်းမြတ်ထံမှ မင်္ဂလာပွဲအတွက် တော်ဝင်အမိန့်ကို သွားရောက်တောင်းခံခဲ့သည်ကို သိရှိရတည်းက သူမ လှုပ်ရှားချင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမအနေဖြင့် ကုဟွား မြို့စားအိမ်တော်မှ ထွက်ခွာသည်ကို မမြင်တွေ့ခဲ့ရပေ။
သူမကိုယ်တိုင်လည်း တိုက်ရိုက် စွန့်စားခြင်းမျိုး မပြုလုပ်လိုချေ။
အကြောင်းမှာ မုကျွင်းယန်က အလွယ်တကူ သွားရှုပ်၍ရမည့်သူ မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်၏။