အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း(၁၃၆)
“အစ်မ... ဘာလို့ ဒီကို ရောက်လာရတာလဲ”
ကုဟွား အံ့ဩသွား၏။
သူမနေထိုင်ရာ ယာယွင်ဆောင်သို့ ကုဝမ်ရု ရုတ်တရက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ကုဝမ်ရု သူမလက်ကို တရင်းတနှီး လှမ်းကိုင်လိုက်၏။
“ညီမလေး တစ်နေ့လုံး အိမ်တော်ထဲမှာပဲ ပိတ်မိနေတော့ ပျင်းနေမှာစိုးလို့လေ... ဒီည အစ်မ အပြင်မှာ ပွဲတက်စရာ ရှိလို့ ညီမလေးကို လောကကြီးအကြောင်း မြင်ဖူးအောင် အထူးတလည် လာခေါ်တာ”
ကုဟွား တည်ငြိမ်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။
“ဒီည အစ်မက ဘယ်သူ့ရဲ့ ပွဲကို တက်ရောက်မှာလဲဟင်”
ကုဝမ်ရုအနေဖြင့် ဖျင်အန်းမင်းသားအိမ်တော်မှ ဆက်ခံသူနှင့် မုအန်းတို့ ရှိနေလိမ့်မည်ဟု လုံးဝ မပြောရဲချေ။
သို့မဟုတ်ပါက ကုဟွား သေချာပေါက် လိုက်လာလိမ့်မည် မဟုတ်ပေ။
“ကိုယ်လုပ်တော်ပိုင်ရဲ့ တူမအကြီးဆုံးပဲ။ နင်တို့က ဆွေမျိုးတွေ ဖြစ်ကြပေမဲ့ တစ်ခါမှ မတွေ့ဖူးကြသေးဘူးမလား။ အဲဒါကြောင့် နင်တို့နှစ်ယောက် ရင်းနှီးသွားအောင်လို့လေ”
ကုဟွား ခပ်တိုးတိုးသာ တုံ့ပြန်လိုက်မိ၏။
“အိုး”
‘ချမ်ဖေးချင်ကို ဆင်ခြေအဖြစ် အသုံးချနေတာလား’
ယနေ့ည ကျင်းပမည့် ထိုညစ်ပတ်လှသော ပွဲတော်သို့ မည်သူများ တက်ရောက်ကြမည်ကို သူမ ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။
မုအန်းနှင့် သူ့ဇနီးအပြင် ဖျင်အန်းမင်းသားအိမ်တော်မှ ဆက်ခံသူလည်း ရှိနေလိမ့်မည် ဖြစ်သည်။
‘အိုး... ဟုတ်သားပဲ’
မုအန်း ၊ သခင်လေးကျန်းနှင့် ထိုသားရဲကောင် သုံးယောက်လုံး အမျိုးသားချင်း စိတ်ဝင်စားသူများ ဖြစ်ကြပြီး မျှဝေသုံးစွဲနေကြသည်။
သူတို့ မကြာသေးမီကမှ ယီချွန်းပြည့်တန်ဆာအိမ်သို့ အသစ်ရောက်ရှိလာသော အမျိုးသားပြည့်တန်ဆာ အလှလေးတစ်ဦးအပေါ် အတူတူ ရူးသွပ်နေကြသည်။
သူတို့သုံးဦး ညလုံးပေါက် အိမ်မပြန်ဘဲ အတူတူ ပျော်ပါးလေ့ရှိကြသည်။
အတိတ်ဘဝ သူမ ထိုနေရာသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရစဉ် မြို့တော်ရှိ ချမ်းသာသော မိသားစုများကို အံ့ဩမှင်တက်စေခဲ့သည့် ထိုအမျိုးသားအလှလေးကို မြင်တွေ့ခွင့် မရရှိခဲ့ချေ။
“တုန့်ဟွား... အဝတ်အစားတွေ ပြင်ဆင်လိုက်ဦး။ ငါ့နောက်လိုက်ခဲ့...”
ကုဝမ်ရု အလျင်အမြန်ပင် တားဆီးလိုက်၏။
“လူတွေ အများကြီး ခေါ်သွားဖို့ မလိုပါဘူး။ ငါ ကျင်းခွေ့နဲ့ ပီယွီကို ခေါ်လာခဲ့ပြီးပြီ။ လူတွေ အများကြီး ဆိုရင် ရထားလုံးထဲ ဆန့်မှာ မဟုတ်ဘူး”
ကုဝမ်ရု သူမနှင့် ပီယွီနှစ်ဦးလုံးကို ထိုစိတ်မမှန်သော သားရဲကောင်ထံသို့ ပေးအပ်ရန်အထိ တုံးအလိမ့်မည် မဟုတ်ချေ။
‘သူ့ကို မုကျွင်းယန် စာရင်းလာရှင်းမှာ မကြောက်ဘူးလား’
“ကောင်းပါပြီ”
ကုဟွား လိမ်လိမ်မာမာဖြင့် သဘောတူလိုက်၏။
သူမ မကြောက်ရွံ့ချေ။ ချီယန်က ယီချွန်းပြည့်တန်ဆာအိမ်တွင် လူများကို တိတ်တဆိတ် ပုန်းခိုခိုင်းထားပြီး ပီယွီကို ကယ်တင်ရန်အတွက် အခွင့်အရေးကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
သူမအနေဖြင့် ကုဝမ်ရု မည်သည့်ကိစ္စများ ဆက်လက် ကြံစည်နေသည်ကို သိရှိချင်နေမိခြင်း ဖြစ်သည်။
“မမလေး... ဒီအစေခံ သေချာပေါက် လိုက်ခဲ့မှရပါမယ်”
တုန့်ဟွား စိုးရိမ်တကြီးဖြင့် သူမကို ဆွဲထားမိ၏။
“အဆင်ပြေပါတယ်... အစ်မနဲ့ အတူတူ သွားတာပဲဟာ ဘာဖြစ်နိုင်မှာမို့လို့လဲ။ စိုးရိမ်မနေပါနဲ့”
ကုဟွား သူမလက်ကိုပုတ်ကာ ဖျောင်းဖျလိုက်၏။
“ကဲပါ... မြန်မြန်သွားကြရအောင်။ သူများကို အကြာကြီး မစောင့်ခိုင်းသင့်ဘူး”
ကုဝမ်ရု ကုဟွားလက်ကိုဆွဲလျက် ထွက်ခွာသွားသည်။
ကုဝမ်ရု မြို့စားအိမ်တော်၏ ရထားလုံးကို မသုံးရဲသဖြင့် သူမ ကိုယ်ပိုင်ရထားလုံးနှင့် ကုအိမ်တော်မှ ပါလာခဲ့သော ရထားလုံးမောင်းသမားကိုသာ အသုံးပြုခဲ့သည်။
သူတို့လေးဦး ရထားလုံးအတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် ကုဝမ်ရု နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားနေမိ၏။
သခင်လေးကျန်း အဘယ်ကြောင့် ကုဟွားအား သေချာပေါက် ခေါ်လာခဲ့ရန် လူလွှတ်ပြီး အမိန့်ပေးခဲ့ရသည်ကို သူမ လုံးဝမသိရှိချေ။
သူမ၏ ခင်ပွန်းဖြစ်သူက ၎င်းမှာ ကုဟွား ကျန်းရော့ရှီး၏ လမ်းကို ပိတ်ဆို့ထားခဲ့သဖြင့် သခင်လေးကျန်းက သူမကို ရှင်းလင်းပစ်ချင်နေ၍ ဖြစ်ရမည်ဟု ပြောခဲ့သည်။
ထိုဇနီးမောင်နှံနှစ်ဦးက သူတို့ဖခင်ဖြစ်သူ မြို့စားကြီးက ကိုယ်လုပ်တော်တစ်ယောက်အတွက်နှင့် သခင်လေးကျန်းကို အခက်တွေ့အောင် ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း တွက်ချက်ထားခဲ့ကြသည်။
သူတို့အတွက် မိန်းမစိုးချုပ်ကြီး၏ မွေးစားသားနှင့် တွေ့ဆုံရန်က ပိုအရေးကြီးလှသဖြင့် မုကျွင်းယန် ဒေါသထွက်လာမည့်အရေးကို ဂရုမစိုက်နိုင်တော့ချေ။
ယီချွန်းပြည့်တန်ဆာအိမ်၏ ဒုတိယထပ် သီးသန့်အခန်းတစ်ခန်းအတွင်း...
မုအန်း၊ သခင်လေးကျန်းနှင့် ပိုးထည်များ ဝတ်ဆင်ထားသော သခင်လေးတစ်ဦးတို့က ခေါင်းအုံးကြီးများကို မှီလျက် ထိုင်နေကြသည်။
သူတို့ ရင်ခွင်ထဲ၌ အလှလေးတစ်ဦးစီကို ပွေ့ဖက်ထားကြပြီး ဝိုင်သောက်သုံးလျက် ပျော်ရွှင်စွာ စကားဆိုနေကြ၏။
သူတို့၏ ဆန့်ကျင်ဘက်တွင် အလွန်အမင်း လှပသော အမျိုးသားငယ်တစ်ဦး ခေါင်းငုံ့လျက် ကုချင်း တီးခတ်နေခဲ့သည်။
ထိုအမျိုးသားငယ်က အသက်(၁၈)နှစ် သို့မဟုတ်(၁၉)နှစ်ခန့် ရှိပြီဖြစ်ပြီး စင်ကြယ်လှသော မျက်ခုံးများနှင့် အလွန်အမင်း ကြည့်ကောင်းလှသော ရုပ်ရည်ရှိသူ ဖြစ်သည်။
သူက ဆီးနှင်းပွင့်အလား ဖြူစင်နေသော ဝတ်ရုံပွကြီးကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ပုံစံကို ပေါ့ပေါ့ပါးပါးပင် ဖော်ပြနေခဲ့သည်။
သူ့ လက်ဆယ်ချောင်းမှာ လိပ်ပြာလေးများ ပျံသန်းနေသကဲ့သို့ လှုပ်ရှားနေခဲ့ပြီး ကုချင်းသံမှာလည်း လေထုထဲ၌ သာယာစွာ ပျံ့လွင့်နေခဲ့သည်။
သူ့မျက်နှာက ဖျားနာနေသည့်အလား ဖြူဖျော့ပြီး မှောင်မိုက်နေသော ပုံစံမျိုး ရှိနေခဲ့သော်လည်း ၎င်းကပင် သူ့ကို ထူးခြားသော ဆွဲဆောင်မှုတစ်မျိုး ဖြစ်ပေါ်နေစေခဲ့သည်။
“ဒီည... မင်းကို အလှလေးတစ်ယောက် ထပ်ပေးမယ်။ မင်းရဲ့ ရင်ခွင်ထဲမှာ အလှလေးနှစ်ယောက် ဖြစ်သွားစေရမယ်”
ပိုးထည်အဝတ်အစားများနှင့် သခင်လေးက သူ့ရင်ခွင်ထဲမှ အလှလေး၏ ပေါင်ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ပြီး ဆိုလိုက်၏။
“သခင်လေးကျန်းကိုယ်တိုင်က အခုလိုမျိုး ဂရုတစိုက်နဲ့ ငါ့ဆီကို ပေးအပ်မဲ့ အလှလေးက ဘယ်သူများလဲ”
သခင်လေးကျန်းက မုအန်းကို တစ်ချက် ကြည့်လိုက်၏။
“မုအန်းက သူ အမြတ်တနိုး သိမ်းဆည်းထားတဲ့အရာကို လွှဲပြောင်းပေးတာလေ။ သူက လက်မထပ်ရသေးတဲ့ သူ့ရဲ့ ခယ်မလေးကို မင်းဆီ တိုက်ရိုက် ပေးအပ်မှာ။ သူက မုအန်းရဲ့ဇနီးနဲ့ အတူတူ မကြာခင် ရောက်လာတော့မှာ။ မုအန်းရဲ့ ခယ်မလေးက တအားဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းရှိတယ်။ ဒီယီချွန်းပြည့်တန်ဆာအိမ်မှာရှိတဲ့ ဘယ်အမျိုးသမီးကမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ပိုးထည်အဝတ်အစားများနှင့် သခင်လေး ရယ်မောလိုက်၏။
“မုအန်း... မင်းကတော့ တကယ့်ကို တော်တော်လေး ရက်ရောတတ်တာပဲ”
ဖျတ်...
ကုချင်းကြိုးတစ်ချောင်း ချက်ချင်း ပြတ်တောက်သွားခဲ့သည်။
သူတို့သုံးဦးလုံး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်မိကြ၏။
ကုချင်းတီးခတ်နေသော အမျိုးသားအလှလေးက မတ်တတ်ရပ်လိုက်ပြီး နူးညံ့သော လေသံဖြင့် ဆိုလိုက်၏။
“သခင်လေးတို့ သုံးယောက်.. ဒီအစေခံက ကုချင်းသွားလဲလိုက်ပါဦးမယ်”
“မလိုပါဘူး... ငါ မင်း ကပြတာကိုပဲ ကြည့်ချင်တာ”
ပိုးထည်အဝတ်အစားများနှင့် သခင်လေးက ရမ္မက်ပြင်းလှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။
အမျိုးသားအလှလေးက ချိုသာစွာ ပြုံးလိုက်သည်။
“ဒါဆိုရင်တော့... ဒီအစေခံက ကပြဖို့အတွက် အဝတ်အစား သွားလဲလိုက်ပါဦးမယ်”
“မလိုပါဘူး... အဝတ်မဝတ်ဘဲ ကပြတာက ပိုပြီးတော့ ဆွဲဆောင်မှုရှိတာပေါ့”
သူတို့သုံးယောက် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ကြပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။
အမျိုးသားအလှလေးက ဒေါသထွက်ခြင်း မရှိချေ။
သူက ဆွဲဆောင်မှုအပြည့်ဖြင့် နှုတ်ခမ်းများကို လက်ဖြင့် အုပ်လျက် ခပ်တိုးတိုး ရယ်မောလိုက်၏။
“ဒီအစေခံက ရွှယ်ဖူပိုးထည်နဲ့ လုပ်ထားတဲ့ အကဝတ်ရုံပွကြီးကို အခုလေးတင်ပဲ ချုပ်ထားတာပါ။ ဝေဝေဝါးဝါး မြင်တွေ့ရတဲ့ အလှတရားက ပိုပြီးတော့ စိတ်ဝင်စားဖို့ မကောင်းဘူးလား”
ပိုးထည်အဝတ်အစားများနှင့် သခင်လေးက သူ့ရမ္မက်ဆန်ဆန် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး ဆိုလိုက်၏။
“အာ... ကောင်းတယ်...အရမ်းကောင်းတယ်။ မြန်မြန်သွားလဲလိုက်တော့”
အမျိုးသားအလှလေး ကျော့ရှင်းစွာ လှည့်ပတ်ထွက်ခွာသွားခဲ့၏။
အခန်းတံခါးအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာထားမှာ ချက်ချင်းပင် အေးစက်သွားခဲ့ရသည်။
လှေကားထစ်များအတိုင်း သူ အလျင်အမြန် ဆင်းသွားခဲ့ပြီး သူ့ဝတ်ရုံဖြူကြီးကို စုစည်းကာ လှေကားအောက်ရှိ မှောင်မိုက်သော လမ်းကြားလေးထဲသို့ တိုးဝင်သွားခဲ့၏။
လမ်းကြားအတွင်း အကြိမ်အနည်းငယ် ကွေ့ပတ်ပြီးနောက် လျှို့ဝှက်တံခါးတစ်ခုကို တွန်းဖွင့်လိုက်သည်။
သန်မာထွားကျိုင်းသော အမျိုးသားအချို့ ထိုနေရာတွင် ထိုင်နေကြသည်။
သူ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် ထိုအမျိုးသားများက ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ကြပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
“သခင်လေး”
ထိုအမျိုးသားက အေးစက်လှသော မျက်နှာထားဖြင့် ဆိုလိုက်၏။
“အစီအစဉ် ပြောင်းသွားပြီ။ သူတို့ ကိစ္စရပ်တွေ ဆွေးနွေးပြီးတဲ့အထိ စောင့်ဆိုင်းပြီးမှ ဖမ်းဆီးဖို့ မလိုတော့ဘူး။ မင်းတို့ အခုချက်ချင်း ထွက်ခွာပြီး ဒီကို လာမဲ့လမ်းခုလတ်မှာတင် သူတို့ကို ပြန်ပေးဆွဲလိုက်ကြ။
မှတ်ထားနော်... ကုအိမ်တော်ရဲ့ သမီးကြီး ကုဝမ်ရုတစ်ယောက်တည်းကိုပဲ ပြန်ပေးဆွဲရမယ်။ သူက ယုံမြို့စားမင်းအိမ်တော်ရဲ့ သခင်မလေးပဲ။ တခြားသူတွေကိုတော့... တခြားအမျိုးသမီးတွေကို လုံးဝ မထိပါးမိစေနဲ့။ သူတို့ကို ကြိုးတုတ်ပြီး ဘေးဘက်မှာပဲ ပစ်ထားလိုက်။ ဒါမှ ပစ်မှတ်က သိပ်ပြီးတော့ မကြီးမားမှာ”
“အခုချက်ချင်း သွားရမှာလား။ အချိန်က အရမ်းကပ်နေပြီ။ တကယ်လို့ အချိန်မမီတော့ရင် ဘယ်လိုလုပ်မလဲ။ ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားရင် နောက်ပိုင်းမှာ သူ့ကို ဖမ်းဆီးဖို့ ခက်ခဲသွားလိမ့်မယ်”
ခေါင်းဆောင်ဖြစ်သူ မျက်မှောင်ကြုတ်လိုက်မိ၏။
ထိုအမျိုးသား၏ မျက်နှာထားမှာ မှောင်မိုက်သွားသည်။
“မင်းတို့ သေချာပေါက် ပြန်ပေးဆွဲရမယ်။ မဟုတ်ရင်တော့... မင်းတို့ထဲက ဘယ်သူမှ ပြန်လာဖို့ မစဉ်းစားကြနဲ့”
“ဟုတ်ကဲ့ပါ... ကျွန်တော်တို့ အခုချက်ချင်း သွားလိုက်ပါ့မယ်”
သူတို့ ထွက်ခွာသွားသည်ကို ငေးကြည့်ပြီး ထိုအမျိုးသားက သက်ပြင်းတစ်ချက် အသာချလိုက်မိ၏။
သူ တစ်ယောက်တည်း ထိုနေရာတွင် အချိန်အတော်ကြာအောင် ငေးမောစွာ မတ်တတ်ရပ်နေခဲ့မိသည်။