အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း(၁၃၇)
သူ ယနေ့လို နေ့ရက်မျိုးကို အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူ ကုဟွားနှင့်အတူတူ လျှို့ဝှက်စွာ ထွက်ပြေးရန် စီစဉ်ထားခဲ့သည့် နေ့ရက်မတိုင်မီ တစ်ရက်အလိုတွင် ကိုယ်လုပ်တော်ပိုင် စေလွှတ်လိုက်သော လူများ၏ တွန်းချခြင်းကို ခံလိုက်ရသဖြင့် ချောက်ထဲသို့ ကျသွားခဲ့ရခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာ သူ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သော်လည်း သူ့အရိုးအားလုံးနီးပါး ကျိုးကြေသွားခဲ့ရသည်။
သူ လမ်းပြန်လျှောက်နိုင်ရန်အတွက် တစ်နှစ်တိတိ အချိန်ယူကာ ကုသခဲ့ရ၏။
သို့သော် သူ့ခန္ဓာကိုယ်မှာ အားနည်းလှပြီး ဆာလောင်မွတ်သိပ်မှု၊ အအေးဒဏ်တို့နှင့် ပေါင်းစပ်လိုက်ချိန်တွင် အကြိမ်အနည်းငယ်မျှ သေလုနီးပါး ဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင် တောင်ဘက်နယ်စပ်၌ သူ့မွေးစားဖခင်နှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ကလဲ့စားချေရန်အတွက် သူ မွေးစားဖခင်၏ လက်ထဲမှ ထက်ရှသော ဓားတစ်လက် ဖြစ်လာစေရန် ပြတ်သားစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူ မြို့တော်သို့ အလျင်အမြန် ပြန်လာခဲ့ချိန်တွင် ကုဝမ်ရုက မုအန်းနှင့် လက်ထပ်ပြီး ယုံမြို့စားမင်းအိမ်တော်၏ ဂုဏ်သရေရှိ သခင်မလေး ဖြစ်နေခဲ့သည်ကို စုံစမ်းသိရှိခဲ့ရသည်။
တစ်ဖက်တွင် သူ အသက်နှင့်လဲ၍ ကာကွယ်ပေးချင်ခဲ့သော ညီမငယ်လေး ဟွားအာက ကုဝမ်ရုနှင့် ကိုယ်လုပ်တော်ပိုင်တို့၏ အတင်းအဓမ္မ ဖိအားပေးမှုများကြောင့် မြို့စားအိမ်တော်ထဲသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။
သူက ဟွားအာ၏ မျက်ဝန်းများအတွင်း၌ စာပေများကို ကောင်းမွန်စွာ လေ့လာတတ်သည့် ကျောက်စိမ်းကဲ့သို့ နူးညံ့သော ‘အစ်ကိုကြီးကျိ’ မဟုတ်တော့ချေ။
သူက ဓားသွားထက်မှ သွေးကို ရက်ရက်စက်စက် လျက်ကာ အလုပ်လုပ်နေသူ ဖြစ်ပြီး သူ့အသက်ကိုပင် အာမခံချက် မပေးနိုင်သူ ဖြစ်သည်။
သူ သူမကို ယခုအချိန်တွင် အဝေးသို့ ခေါ်ဆောင်သွားရန် သို့မဟုတ် ကာကွယ်ပေးရန် မစွမ်းဆောင်နိုင်သေးချေ။
မကြာမီက မုအန်းသည် သခင်လေးကျန်းနှင့် မကြာခဏ ပျော်ပါးလေ့ရှိပြီး စစ်ရေးအသုံးအဆောင် လုပ်ငန်းများကို လုပ်ကိုင်ချင်နေကြောင်း သူ စုံစမ်းသိရှိခဲ့ရသည်။
သူ လူတစ်ဦးအား သခင်လေးကျန်းထံ သတင်းသွားပေးခိုင်းခဲ့၏။
သူ့တွင် ကုဝမ်ရုနှင့် မုအန်းတို့ ရာထူးများကို တရားမဝင် ရောင်းချနေသည့် သက်သေအထောက်အထားများ ရှိနေကြောင်း၊ ၎င်းကို အသုံးချ၍ သူတို့ထံမှ ငွေကြေးအများအပြား ညှစ်ယူနိုင်ပြီး သခင်လေးကျန်းအနေဖြင့် ပိုင်မိသားစုမှ စစ်ရေးအသုံးအဆောင်အတွက် ပြင်ဆင်ထားသော သိုလှောင်ရုံများ အားလုံးကို သိမ်းပိုက်နိုင်ရန် ကူညီပေးနိုင်ကြောင်း ပြောကြားခိုင်းခဲ့သည်။
သူ့ကို သတ်ဖြတ်လုနီးပါး ပြုလုပ်ခဲ့သော ကုဝမ်ရုကို ရှင်းလင်းပစ်ချင်ရုံသာမက ကုဟွားကို နှိပ်စက်ညှင်းပန်းခဲ့ကြသော ကုမိသားစုနှင့် ပိုင်မိသားစုဝင်များ အားလုံးကိုပါ အမြစ်ပြတ် သုတ်သင်ပစ်ချင်နေ၏။
ထိုအချိန် ရောက်လာခဲ့လျှင် သူ ထိုနေ့က သူမအား ပေးခဲ့ဖူးသော ကတိအတိုင်း သူမကို အဝေးသို့ သေချာပေါက် ခေါ်ဆောင်သွားမည် ဖြစ်သည်။
သူတို့က ငယ်ရွယ်နေသေးသဖြင့် သူ ကတိပျက်ကွက်ခဲ့မှုနှင့် သူမအပေါ် အပြစ်မကင်း ဖြစ်ခဲ့ရမှုများကို ပြန်လည်ပေးဆပ်ရန်အတွက် အချိန်အများကြီး ကျန်ရှိနေသေး၏။
ထိုအချိန်ကျလျှင် သူ ကျိရွှမ်းယွီက သူ ချစ်မြတ်နိုးသော ညီမငယ်လေး ဟွားအာကို လက်ဖဝါးထက်တွင် အလိုလိုက် တန်ဖိုးထားပြီး သူမအား အချိုမြိန်ဆုံးနှင့် အပျော်ရွှင်ဆုံး ဘဝကို ဖြတ်သန်းစေရမည်။
မုအန်း၏ အနားသို့ ပိုမိုတိုးကပ်နိုင်ရန်အတွက် ယီချွန်းပြည့်တန်ဆာအိမ်တွင် အမျိုးသားအလှလေးအဖြစ် သူ့ကိုယ်သူ ပြောင်းလဲရန်နှင့် သခင်လေးကျန်း၏ အချစ်တော် ဖြစ်လာရန်ပင် ဝံ့ရဲခဲ့ခြင်း ဖြစ်သည်။
သူ မျှော်လင့်မထားခဲ့သည်မှာ သခင်လေးကျန်းက ပွဲတော်အပြီးတွင် ကုဝမ်ရုနှင့်အတူ လိုက်ပါလာမည့် အမျိုးသမီးကို ပြန်ပေးဆွဲရန်အတွက် သူ့လူများကို ရုတ်တရက် အကြောင်းကြားလိမ့်မည်ကို ဖြစ်၏။
၎င်းက သူတို့၏ ဖြူစင်မှုကို ဖျက်ဆီးပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ကျိရွှမ်းယွီ ထိုသဘောတူညီချက်ကို လက်ခံခဲ့သော်လည်း ကုဝမ်ရုနှင့်အတူ လိုက်ပါလာမည့် အမျိုးသမီးက ကုဟွား ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိခဲ့ချေ။
ညက ပိုမိုနက်ရှိုင်းလာခဲ့ပြီး လမ်းမထက်တွင် လမ်းသွားလမ်းလာ အလွန်နည်းပါးနေသည်။
ကုဝမ်ရု ကိုယ်ဝန်ပျက်ကျပြီးနောက် ခန္ဓာကိုယ်က ကောင်းမွန်စွာ ပြန်လည်သက်သာခြင်း မရှိသေးဘဲ သွေးသွန်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။
သူမ ရထားလုံးမောင်းသမားကို အတတ်နိုင်ဆုံး ဖြည်းဖြည်းနှင့် တည်ငြိမ်စွာ မောင်းနှင်ရန် အမိန့်ပေးထားခဲ့၏။
အကယ်၍ လမ်းခရီးက အလွန်အမင်း လှုပ်ခါနေခဲ့မည်ဆိုပါက သူမ သွေးဆင်းမှု ပိုမိုပြင်းထန်လာနိုင်ပြီး သူမခန္ဓာကိုယ်ထက်မှ ညှီစော်နံနေသော အနံ့အသက်များကြောင့် သခင်လေးကျန်းနှင့် ထိုဂုဏ်သရေရှိလူကြီးမင်းတို့အား စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်၍ ဖြစ်သည်။
သူမ ကုဟွားကို တစ်ချက် စောင်းငဲ့ကြည့်လိုက်မိသည်။
သူမ မည်သည့်အတွေးများ တွေးတောနေသည်ကို မသိရှိနိုင်ချေ။
ထို့နောက် မျက်လုံးများကို အရှေ့သို့သာ စိုက်ကြည့်နေသော ပီယွီကို တစ်ချက် ကြည့်လိုက်မိပြန်သည်။
သူမ အစပိုင်းတွင် အနည်းငယ် ကြောက်ရွံ့မိသော်လည်း သူမ မျက်စိအောက်မှ ထိုဆူးနှစ်ခုလုံးကို ယနေ့ည၌ အမြစ်ပြတ် ဆွဲထုတ်ပစ်နိုင်တော့မည်ဟု တွေးတောမိချိန်၌ သူမ စိတ်အာရုံမှာ ချက်ချင်းပင် ကြည်လင်ဝမ်းမြောက်သွားခဲ့ရ၏။
ရထားလုံးက လမ်းမထက်တွင် အလွန် နှေးကွေးစွာ ရွေ့လျားနေခဲ့ပြီး တိတ်ဆိတ်နေသော လမ်းကျဉ်းလေးတစ်ခုအတွင်းသို့ အေးအေးလူလူပင် ဝင်ရောက်လာခဲ့သည်။
လူအုပ်ကြီးတစ်ခု ဘယ်နေရာကမှန်းမသိဘဲ ရုတ်တရက် ထွက်လာခဲ့၏။
ခေါင်းဆောင်ဖြစ်သူက သူ့ဓားဖြင့် မြင်းလည်ပင်းကို ချက်ချင်းပင် ပိုင်းဖြတ်လိုက်သည်။
ထိုဓားချက်မှာ ပြတ်သားလွန်းလှသဖြင့် မြင်းကြီးမှာ အော်ဟစ်မြည်တမ်းရန်ပင် အချိန်မရလိုက်ဘဲ သွေးအိုင်ထဲသို့ လဲပြိုကျသွားခဲ့ရ၏။
ရထားလုံးကလည်း မြင်းကြီးနှင့်အတူတူ ပြောင်းပြန်လှန်လျက် လဲပြိုသွားခဲ့ရပြီး ရထားလုံးအတွင်းမှ အမျိုးသမီးများ၏ စူးရှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။
ရထားလုံးအတွင်းရှိ အမျိုးသမီးလေးယောက်လုံး ထောင့်တစ်ထောင့်သို့ လိမ့်ကျသွားခဲ့ကြရ၏။
ကျင်းခွေ့တွင် အားအနည်းငယ် ပိုရှိသည်။
သူမ လက်တစ်ဖက်ဖြင့် ရထားလုံး၏ ဝင်ရိုးကို မြဲမြံစွာ ကိုင်ဆွဲလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ကုဟွားကို လှမ်းဆွဲလိုက်သည်။
ကုဟွား ထိုဆွဲအားကို အသုံးချကာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်နိုင်ခဲ့၏။
တစ်ဖက်တွင် ပီယွီက ကုဝမ်ရု၏ ခန္ဓာကိုယ်အောက်တွင် ပိနေခဲ့ရသည်။
ရထားလုံးမှာ ဘေးဘက်သို့ လုံးဝ တိမ်းစောင်းသွားခဲ့သဖြင့် သူတို့လေးယောက်လုံး ခဏမျှ ပြန်လည်မတ်တတ်မရပ်နိုင် ဖြစ်နေခဲ့ရသည်။
ရထားလုံးမောင်းသမားက အပြင်ဘက်သို့ လွင့်စင်ကျသွားခဲ့သော်လည်း ချက်ချင်း ပြန်ထကာ မြင်းဇာတ်ကြိုးကို ဆွဲကိုင်လျက် အရှေ့သို့ ပြေးဝင်သွားခဲ့၏။
သူ အလွန်အမင်း ထိတ်လန့်လွန်းသဖြင့် လေသံများပင် တုန်ယင်နေခဲ့ရသည်။
“ဘယ်... ဘယ်လိုကောင်တွေမို့လို့ ဒီလောက်တောင် ရိုင်းစိုင်းနေရတာလဲ။ ယုံမြို့စားအိမ်တော်ရဲ့ မြင်းကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်ရဲရတာလဲ”
သို့သော် သူ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သေသေချာချာ ကြည့်လိုက်ချိန်တွင် မျက်နှာဖုံးစွပ်ထားသော သန်မာထွားကျိုင်းသည့် အမျိုးသား လေးငါးယောက်ကို မြင်တွေ့လိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ရ၏။
သူတို့က သာမန်လူရမ်းကားများ မဟုတ်ကြပေ။ ဓားပြများ ဖြစ်ကြသည်။
သူ အော်ဟစ်ရန် ပြင်ဆင်လိုက်စဉ် ခေါင်းဆောင်ဖြစ်သူက သူ့ဓားကို ဝှေ့ယမ်းလိုက်သည်။
သွေးများက ရထားလုံးမောင်းသမား၏ လည်ပင်းမှ ပန်းထွက်လာခဲ့ပြီး သူ အော်ဟစ်သံပင် မပြုနိုင်တော့ဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ရ၏။
ကုဝမ်ရု အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
သူမ လူးလဲထရန် ကြိုးစားနေရင်း သူမလက်သည်းများဖြင့် ပီယွီ၏ မျက်နှာကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်မိ၏။
ထိုနာကျင်မှုကြောင့် ပီယွီကလည်း သူ့ကိုယ်သူ ကာကွယ်သောအားဖြင့် သူမအား ပြန်ရိုက်လိုက်မိသည်။
ကျင်းခွေ့နှင့် ကုဟွားတို့က တစ်ဦးကိုတစ်ဦး တွဲထူပေးပြီး ရထားလုံးတံခါးအပြင်ဘက်သို့ လူးလဲထွက်ရန် ကြိုးစားလိုက်ကြသည်။
သို့သော် ရထားလုံးမောင်းသမား သွေးအိုင်အတွင်း လဲကျသေဆုံးနေသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူတို့နှစ်ဦးလုံး၏ မျက်နှာများ ဖြူဖျော့သွားခဲ့ရ၏။
ထို့နောက် ရက်စက်ကြမ်းကြုတ်သော အမျိုးသားများကို မြင်တွေ့လိုက်ရသဖြင့် သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း ရထားလုံးအတွင်းသို့ ပြန်လည်ဆုတ်ခွာလိုက်မိကြသည်။
ကုဝမ်ရုနှင့် ပီယွီတို့က သူတို့နောက်မှ ကပ်လျက် ထွက်ခွာရန် ကြိုးစားခဲ့သော်လည်း ကုဟွားနှင့် ကျင်းခွေ့တို့၏ ဆုတ်ခွာမှုကြောင့် အတွင်းဘက်သို့ ပြန်လည်လဲကျသွားခဲ့ရပြန်သည်။
ကုဝမ်ရု ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
“နင်တို့ ငါ့ကို ဖိမိနေပြီ။ အပြင်ကို ထွက်ကြစမ်း”
“အပြင်မှာ ဓားပြတွေ ရှိနေတယ်”
ကုဟွား လေသံတိုးတိုးလေးဖြင့် အော်လိုက်၏။
ကုဝမ်ရု ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရသည်။
သူမ ရထားလုံးလိုက်ကာ၏ ထောင့်စွန်းလေးကို မ၍ ကြည့်လိုက်မိရာ မြေပြင်ပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး လည်ပင်းအဖြတ်ခံထားရသော ရထားလုံးမောင်းသမားကို ကံဆိုးစွာ မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ရကာ ရထားလုံးအတွင်းသို့ အမြန်ဆုံး ပြန်လည်ပုန်းအောင်းလိုက်သည်။
သူမ လုံခြုံစေရန်အတွက် လူမသိသူမသိ သွားရန်သာ အာရုံစိုက်ခဲ့မိပြီး အစောင့်အရှောက်များ ခေါ်ဆောင်မလာခဲ့မိသည့်အပေါ် အလွန်အမင်း နောင်တရနေခဲ့မိ၏။
“အထဲက လူတွေ နားထောင်စမ်း”
အပြင်ဘက်မှ အမျိုးသားတစ်ဦးက လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။
ရထားလုံးအတွင်းရှိ အမျိုးသမီးလေးဦးလုံး နားရွက်ကို စွင့်ထားမိလိုက်ကြသည်။
“ငါတို့ လိုချင်တာက ယုံမြို့စားအိမ်တော်ရဲ့ သခင်မလေး ကုဝမ်ရု တစ်ယောက်တည်းပဲ။ သူ့ကို အပြင်ကို တွန်းထုတ်လိုက်။ ဒါဆိုရင် ကျန်တဲ့သူတွေ အသက်ချမ်းသာရာ ရစေရမယ်”
ကုဝမ်ရု၏ မျက်ဝန်းများ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး သေလူတစ်ယောက်အလား ဖြူလျော့သွားခဲ့ရ၏။
ပီယွီနှင့် ကျင်းခွေ့တို့ တစ်ချိန်တည်း၌ ကုဝမ်ရုကို စိုက်ကြည့်လိုက်မိကြသည်။
သူတို့၏ မျက်ဝန်းများအတွင်းရှိ လှောင်ပြောင်သရော်လိုသော အငွေ့အသက်များကို သူမ မြင်တွေ့လိုက်ရသည်။
‘ဒီအပျက်မ ကျင်းခွေ့ကတောင် ငါ့ကို သစ္စာဖောက်ရဲနေပြီလား’
သူတို့သုံးဦးလုံး၏ မျက်နှာထားများကို ကြည့်ရှုခြင်းအားဖြင့် သူတို့အားလုံး သူမကို အပြင်သို့ ထုတ်ပေးကြလိမ့်မည်ကို ကုဝမ်ရုကောင်းစွာ သိရှိလိုက်သည်။
အပြင်ဘက်မှ လူအုပ်ကြီးက လူကောင်းများ မဟုတ်ကြသည်မှာ သိသာလှသည်။
အကယ်၍ သူမသာ သူတို့လက်တွင်းသို့ ကျရောက်သွားခဲ့မည်ဆိုပါက အရာအားလုံး ပျက်စီးသွားရလိမ့်မည်။
သူမ မသေဆုံးလျှင်ပင် သူမ၏ စင်ကြယ်လှသော ဂုဏ်သတင်းမှာ သေချာပေါက် ပျောက်ဆုံးသွားပေလိမ့်မည်။
မြို့စားအိမ်တော်ကပင် သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံခြင်း မရှိသဖြင့် အကယ်၍ သူမသာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရမည်ဆိုပါက ၎င်းက သူမအတွက် သေလမ်းသက်သက်သာ ဖြစ်နေလိမ့်မည်။
သူမတစ်ဘဝလုံးတွင် ယခုမျှအထိ မျှော်လင့်ချက် ကင်းမဲ့မှုကို တစ်ကြိမ်မျှ မခံစားခဲ့ရဖူးချေ။
ကုဟွား အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်မိ၏။