အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း(၁၃၈)
ဤဖြစ်ရပ်သည် အတိတ်ဘဝက ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိချေ။
အဘယ်ကြောင့် တစ်စုံတစ်ဦးက ကုဝမ်ရုကို ပြန်ပေးဆွဲချင်နေရသည်ကို သူမ စဉ်းစား၍ မရနိုင် ဖြစ်နေခဲ့ရသည်။
ကုဝမ်ရုကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းက သူမအား ဖျက်ဆီးပစ်နိုင်သည်မှာ မှန်သော်လည်း သူမကို ကိုယ်လုပ်တော်ပိုင်နှင့် မုအန်တို့ကို သုတ်သင်ရန်အတွက် ငါးစာအဖြစ် အသုံးမပြုနိုင်တော့ချေ။
ချီယန်နှင့် အခြားသူများ ယီချွန်းပြည့်တန်ဆာအိမ်တွင် ပုန်းကွယ်လျက် စောင့်ဆိုင်းနေကြပြီး ထိုနေရာနှင့် လမ်းနှစ်လမ်းမျှသာ ကွာဝေးသည်။
သူမ အပြင်ဘက်မှ လူများကို လှည့်စားလျက် ထွက်ခွာသွားအောင် ပြုလုပ်နိုင်သရွေ့ သူမ ထိုမှောင်မိုက်သော လမ်းကြားအတွင်းမှ ပြေးထွက်ကာ အကူအညီ တောင်းခံနိုင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့ ဖမ်းဆီးချင်နေသည်က ကုဝမ်ရု ဖြစ်၏။
သူမအနေဖြင့် ရထားလုံးပေါ်မှ ဆင်းကာ လိမ္မာယဉ်ကျေးစွာ ဘေးဖယ်ပေးလိုက်ပြီးနောက် သတင်းပေးပို့ရန်အတွက် အခွင့်အရေး ရှာဖွေရုံမျှသာ ဖြစ်သည်။
ပြန်ပေးဆွဲခံရသော ကုဝမ်ရုကို ကယ်တင်ပြီးနောက်တွင် သူမအနေဖြင့် အတိတ်မှ ရန်ငြိုးများကို စိတ်ထဲမထားရှိကြောင်း ကုဝမ်ရုအား အခွင့်ကောင်းယူ၍ ယုံကြည်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။
သေသေချာချာ စဉ်းစားတွေးတောရန် အချိန်မရှိတော့သဖြင့် ကုဟွား ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး ရထားလုံးအပြင်ဘက်သို့ လူးလဲထွက်ခွာရန် ပြင်ဆင်လိုက်၏။
ကုဝမ်ရုက မသိစိတ်အရ ကုဟွားကို လှမ်းဆွဲလိုက်မိသည်။
“နင် သွားလို့မရဘူး”
သူမအကြည့်များက ကုဟွား၏ မျက်နှာထက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။
ထိုမျက်နှာလေးက သူမမျက်နှာနှင့် အနည်းငယ် ဆင်တူလှသည်။
မကြာသေးမီကမှ ဂရုတစိုက် ပြုပြင်ထိန်းသိမ်းထားခဲ့သဖြင့် ထိုလှပလွန်းသော မျက်နှာလေးက ကိုယ်ဝန်ပျက်ကျပြီးနောက် ပူပန်မှုများပြားလွန်းသဖြင့် ညှိုးငယ်နေသော သူမ မျက်နှာထက်ပင် ပိုမို၍ မြင့်မြတ်ကာ ချမ်းသာကြွယ်ဝသော ပုံစံမျိုး ပေါက်နေခဲ့သည်။
အတွေးတစ်ခု သူမစိတ်ထဲသို့ ရုတ်တရက် လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွားခဲ့ရ၏။
မည်သို့ပင်ဖြစ်စေ အပြင်ဘက်တွင် မှောင်လွန်းသဖြင့် အပြင်လူများအနေဖြင့် ကွဲပြားမှုကို သိရှိနိုင်ရန် အလွန်ခက်ခဲလှသည်။
ကုဝမ်ရု အံတင်းတင်းကြိတ်လိုက်မိ၏။
“ဒါက နင့်ရဲ့ ကံကြမ္မာပဲ”
ထိုသို့ပြောဆိုပြီးနောက် သူမ ကုဟွားကို အပြင်ဘက်သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။
“သူက... သခင်မလေး ကုဝမ်ရုပါ”
ထူးဆန်းသည်က သူမ ယနေ့ ပြင်ဆင်လာခဲ့သည်မှာ ကုဟွားနှင့် ပီယွီတို့အတွက်သာ ဖြစ်သဖြင့် သူမက အလွန်အမင်း ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ကျင်းခွေ့ အာမေဍိတ်သံတစ်ချက် ပြုလုပ်လိုက်မိပြီး ကုဟွားကို လှမ်းဆွဲရန် ပြင်လိုက်သော်လည်း ကုဝမ်ရုက သူမလည်ပင်းကို လက်တစ်ဖက်ဖြင့် လှမ်းကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမဆံပင်ထဲမှ ရွှေဆံထိုးကို ဆွဲထုတ်ကာ ကျင်းခွေ့၏ လည်ပင်းသို့ ထောက်ထားလိုက်သည်။
သူမ လေသံကို လျှော့ချလိုက်ပြီး ရက်စက်စွာ ခြိမ်းခြောက်လိုက်၏။
“နင် စကားတစ်လုံး ထပ်ပြောရဲရင် ငါ နင့်ကို သတ်ပစ်မယ်”
ပီယွီ မျက်မှောင်ကြုတ်လိုက်မိ၏။
ကုဝမ်ရု သူမကို အလျင်အမြန်ပင် ပြောလိုက်၏။
“ပီယွီ... ငါတို့ အိမ်တော်ကို ပြန်ရောက်တဲ့အခါကျရင် ငါ နင့်ကို အဆင့်မြင့်ကိုယ်လုပ်တော်အဖြစ် မြှင့်တင်ပေးမယ်။ ပြီးတော့ ကောင်းမွန်တဲ့ နိုင်ငံသားအဆင့်အတန်းကိုပါ ပေးမယ်”
ပီယွီ မှင်တက်သွားခဲ့ရသည်။
၎င်းက သူမ တစ်ဘဝလုံး အိပ်မက်မက်ခဲ့ရသောအရာ ဖြစ်သဖြင့် သူမ ရင်ထဲ၌ မရေမရာ ခံစားချက်များဖြင့် တုန်လှုပ်သွားခဲ့ရ၏။
ကျင်းခွေ့ ရင်ထဲ၌ ပူပန်လွန်းလှသဖြင့် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
“သခင်မလေးက ရထားလုံးထဲမှာ ရှိနေတာပါ... အား...”
ကုဝမ်ရု ရွှေဆံထိုးကို ကိုင်ထားလျက် အရူးတစ်ယောက်အလား ကျင်းခွေ့၏ လည်ပင်းသို့ အကြိမ်အနည်းငယ်မျှ ရက်ရက်စက်စက် ထိုးစိုက်ပစ်လိုက်၏။
ကျင်းခွေ့ သူမလည်ပင်းကို လက်ဖြင့် အုပ်ထားခဲ့သော်လည်း သွေးများက ရွှန်းရွှန်းဝေအောင် စီးကျလာခဲ့ရသည်။
သူမ၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရပြီး နှုတ်ခမ်းကို ဟထားခဲ့သော်လည်း မည်သည့်အသံမျှ ထပ်မံ၍ မပြုလုပ်နိုင်တော့ချေ။
ပီယွီ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် မျက်နှာတစ်ခုလုံး သွေးဆုတ်သွားခဲ့ရ၏။
သူမ ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ကျုံ့ထားလိုက်ပြီး ရထားလုံးထောင့်စွန်းလေးအတွင်းသို့ တိုးဝင်သွားခဲ့မိသည်။
ကုဟွား ရထားလုံးအပြင်ဘက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရသည်။
သူမ မြေပြင်ပေါ်သို့ လိမ့်ကျသွားခဲ့ရပြီး ကံဆိုးစွာပင် ရထားလုံးမောင်းသမား၏ အလောင်းဘေးတွင် ရပ်တန့်သွားခဲ့ရကာ သူမဂါဝန်စတွင်လည်း သွေးများ စွန်းထင်းသွားခဲ့ရ၏။
သူမ အလျင်အမြန်ပင် ထရပ်ရန် ကြိုးစားလိုက်သော်လည်း အမျိုးသားတစ်ဦး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး သူမအနောက်မှ အမျိုးသားနှစ်ဦးထံသို့ ပစ်ချခြင်း ခံလိုက်ရသည်။
“ကျွန်မက ကုဝမ်ရု မဟုတ်ပါဘူး... အု...”
မျက်စိတစ်မှိတ်အတွင်း၌ သူမနှုတ်ခမ်းကို အဝတ်စဖြင့် ပိတ်ဆို့လိုက်ကြပြီး ခန္ဓာကိုယ်ကိုလည်း မြဲမြံစွာ ကြိုးတုတ်လိုက်ကြသည်။
ကုဟွား၏ မျက်ဝန်းများ နီမြန်းလာခဲ့ရ၏။
သူမ ကုဝမ်ရုကို ဒေါသတကြီး စိုက်ကြည့်လိုက်မိပြီး အပြင်းအထန် ရုန်းကန်လျက် တိုးညှင်းသော အသံလေးများကိုသာ ပြုလုပ်နိုင်တော့သည်။
သူမ ကုဝမ်ရု ရက်စက်တတ်ကြောင်း သိရှိထားသော်လည်း လူအများရှေ့တွင် ဤမျှအထိ ရက်စက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ရထားလုံးအတွင်းမှ အော်ဟစ်သံနှင့် ယခုလေးတင် ကြိုးတုတ်ခံလိုက်ရသော အမျိုးသမီး၏ စကားများကို ကြားလိုက်ရသဖြင့် အမျိုးသားအချို့ တွန့်ဆုတ်သွားခဲ့ကြရသည်။
ခေါင်းဆောင်ဖြစ်သူက အရှေ့သို့ လှမ်းလိုက်ပြီး လိုက်ကာကို ပင့်မြှောက်လိုက်၏။
သူ မြင်တွေ့လိုက်ရသည်မှာ သွေးအိုင်ထဲတွင် လဲလျောင်းနေသော အမျိုးသမီးတစ်ဦး သွေးစွန်းနေသော ရွှေဆံထိုးကို ကိုင်ဆောင်ထားသည့် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးနှင့် ထောင့်စွန်းလေးတွင် ကြောက်ရွံ့တုန်လှုပ်နေသော အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
ကျင်းခွေ့ သွေးအိုင်ထဲ၌ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရချိန်တွင် ကုဟွား၏ မျက်ဝန်းများအတွင်းမှ မျက်ရည်များ စီးကျလာခဲ့ရ၏။
‘သူ ငါ့ကို ကာကွယ်ဖို့အတွက် သေသွားခဲ့ရတာပဲ’
ခေါင်းဆောင်ဖြစ်သူ၏ မှောင်မိုက်လှသော အကြည့်များက ကုဟွားနှင့် ကုဝမ်ရုတို့၏ မျက်နှာထက်တွင် ကူးလူးလှုပ်ရှားနေခဲ့သည်။
ကုဝမ်ရုက ကုဟွားကို ကြည့်ပြီး ရူးသွပ်စွာ အော်ဟစ်လိုက်၏။
“သခင်မလေး... ကျင်းခွေ့က သခင်မလေးကို တကယ်ကြီး အပြင်ကို တွန်းထုတ်ရဲခဲ့တာပဲ။ သူ သေဆုံးခဲ့ရတာ တကယ်ကို ထိုက်တန်ပါတယ်။ ဒီအစေခံက သခင်မလေးအတွက် ကလဲ့စားချေပေးလိုက်ပါပြီ”
ကုဟွား ရုန်းကန်ရန် ကြိုးစားသော်လည်း ဖိနှိပ်ခံထားရသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
သူမ “အု... အု...” ကဲ့သို့ အသံလေးများကိုသာ ပြုလုပ်နိုင်တော့သည်။
ခေါင်းဆောင်ဖြစ်သူ မျက်မှောင်ကြုတ်လိုက်၏။
သူ ကုဟွားဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သူ့လူများအား ကုဟွား ပါးစပ်ထဲမှ အဝတ်စကို ဖယ်ရှားပေးရန် မျက်ရိပ်ပြလိုက်သည်။
“ကျွန်မက ကုဝမ်ရု မဟုတ်ပါဘူး... သူကမှ ကုဝမ်ရု အစစ်ပါ”
ကုဟွား အလျင်အမြန်ပင် ပြောလိုက်သည်။
သန်မာထွားကျိုင်းသော အမျိုးသားက သူတို့၏ အဝတ်အစားများနှင့် လက်ဝတ်ရတနာများကို စိုက်ကြည့်လိုက်၏။
ရထားလုံးအတွင်း၌ လူသတ်မှု ကျူးလွန်ခဲ့သော အမျိုးသမီးက ရွှံ့ညိုရောင်ဂါဝန်ကို ဝတ်ဆင်ထားခဲ့သည်။
သူမဆံပင်ထက်တွင် အလှဆင်ပစ္စည်း အများအပြား မရှိချေ။
သူမလက်ထဲတွင် ရွှေဆံထိုးတစ်ချောင်းသာ ရှိနေခဲ့သည်။
ထိုမျက်နှာက နာကျင်ပူဆွေးမှုများနှင့် ပြည့်နှက်နေပြီး သူမအရေပြားမှာလည်း ကြမ်းတမ်းလှကာ မျက်နှာထက်တွင် အဖုအပိန့်အချို့ပင် ရှိနေခဲ့သည်။
ဤရုပ်ရည်သွင်ပြင်က ထောင့်စွန်းလေးတွင် ကြောက်ရွံ့နေသော အစေခံမလေးထက်ပင် မသာလွန်ချေ။
တစ်ဖက်တွင် အပြင်ဘက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရသော အမျိုးသမီးလေး၏ အသားအရည်မှာ နူးညံ့ချောမွေ့လွန်းလှသည်။
သူမက ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ပိတ်စမှာ အလွန်အမင်း တန်ဖိုးရှိလှသည်။
သူမဦးခေါင်းထက်မှ ကျောက်စိမ်းဆံထိုးတစ်ခုတည်းကပင် အလွန် တန်ဖိုးရှိလှသည်။
သန်မာသော အမျိုးသားက ကုဟွား၏ မေးစေ့ကို ပြင်းထန်စွာ ညှစ်လိုက်မိ၏။
“မင်း ငါ့ကို လိမ်ရဲတာပဲ...မင်းရဲ့ မျက်နှာက ရေညှစ်ထုတ်လို့ရလောက်အောင်ကို နူးညံ့နေတာ ရထားလုံးထဲက မိန်းမကတော့ သစ်ခေါက်အိုကြီးလိုမျိုး ကြမ်းတမ်းလွန်းတယ်”
ကုဝမ်ရု ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ခံစားလိုက်ရ၏။
သို့သော် ယခုအချိန်တွင် သူမ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားရမည် ဖြစ်သည်။
“သခင်ကြီး... သခင်ကြီးက အမြင်စူးရှလွန်းလှပါတယ်။ ကျွန်မက ခန်းဝင်ပစ္စည်းတွေနဲ့ အတူတူ ပါလာခဲ့တဲ့ အမျိုးသမီး အိမ်တော်ထိန်း တစ်ယောက်သာသာပါပဲ။ သူကမှ ယုံမြို့စားအိမ်တော်ရဲ့ သခင်မလေးအစစ်ပါ”
ကုဟွား ရင်ထဲ၌ ပူပန်သွားခဲ့ရသည်။
သူမ နှုတ်ခမ်းကို အတင်းအကျပ် ဟလိုက်ပြီး ပြောလိုက်၏။
“ကျွန်မက သူရဲ့ညီမ ကုဟွားပါ။ ကျွန်မရဲ့ ဆံပင်ပုံစံကို ကြည့်လိုက်ပါဦး။ ဒါက လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတွေရဲ့ ဆံပင်ပုံစံမျိုးပါ”
ထိုအမျိုးသား သံသယဖြစ်သွားခဲ့ရသည်။
သူ့လူများဘက်သို့ လှည့်၍ မေးမြန်းလိုက်၏။
“ဒါက လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတွေရဲ့ ဆံပင်ပုံစံ ဟုတ်လား”
ထိုရုပ်ဆိုးလှသော အမျိုးသားများက သူတို့၏ ညှီစော်နံနေသော မျက်နှာကြီးများကို အနားသို့ တိုးကပ်လိုက်ကြ၏။
“မတူပါဘူး ခေါင်းဆောင်ရဲ့...သူ့ကျောက်စိမ်းဆံထိုးကို ကြည့်ပါဦး။ ဒါက ပုံမှန်အားဖြင့် အိမ်ထောင်သည် အမျိုးသမီးတွေပဲ ဆင်မြန်းလေ့ရှိတဲ့ အရာမျိုးပါ”
အမျိုးသားတစ်ဦးက သူမ ဦးခေါင်းထက်မှ ထပ်တရာပန်းကျောက်စိမ်းဆံထိုးလေးကို ဆွဲယူလိုက်ပြီး ခေါင်းဆောင်ဖြစ်သူထံသို့ လက်နှစ်ဖက်ဖြင့် ပြသလိုက်၏။
“ခေါင်းဆောင်”
ခေါင်းဆောင်ဖြစ်သူက ကျောက်စိမ်းဆံထိုးကို ယူဆောင်ကာ ပွတ်သပ်ကြည့်လိုက်မိ၏။
“ဒါက ငါတို့ အနောက်ဘက် နယ်စပ်ဒေသမှာပဲ ရနိုင်တဲ့ အဖိုးတန် ကျောက်စိမ်းနွေးပဲ။ တကယ်ကို တန်ဖိုးဖြတ်မရတဲ့ ပစ္စည်းကောင်းပဲ”
ကျောက်စိမ်းဆံထိုးကို သူ့အင်္ကျီထဲသို့ ထည့်သွင်းလိုက်သည်ကို မြင်တွေ့လိုက်ရချိန်၌ ကုဟွား ပူပန်သွားခဲ့ရ၏။
“ရှင် ယူလို့မရ... အု...”
သူမ နှုတ်ခမ်းကို အဝတ်စဖြင့် ထပ်မံ၍ ပိတ်ဆို့လိုက်ကြပြန်သည်။
ကုဝမ်ရု ရုတ်တရက် ပြောလိုက်ပြန်၏။
“သခင်ကြီး... ဒီနေ့ သူက သူ့အချစ်တော်လေးနဲ့ သွားရောက်တွေ့ဆုံမှာမို့လို့ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေး တစ်ဦးရဲ့ ဆံပင်ပုံစံမျိုးကို တမင်တကာ ပြင်ဆင်ထားခဲ့တာပါ။ တကယ်လို့ သခင်ကြီး မယုံဘူးဆိုရင် သူ့လက်မောင်းပေါ်မှာ အပျိုစင်အမှတ်အသား ရှိမရှိဆိုတာကို ကြည့်ရှုနိုင်ပါတယ်”
၎င်းကို ကြားလိုက်ရချိန်၌ ကုဟွား ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားခဲ့ရ၏။
ခေါင်းဆောင်ဖြစ်သူ အမျိုးသား၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားခဲ့ရသည်။
“အကြံကောင်းပဲ”
ထိုသို့ပြောဆိုပြီးနောက် သူကိုယ်တိုင်ပင် ကုဟွား၏ အင်္ကျီလက်ကို ဆွဲတင်လိုက်ရာ ကျောက်စိမ်းအလား ဖြူစင်ဝင်းပလှသော လက်မောင်လေးများ ထွက်ပေါ်လာခဲ့ရ၏။
“ဝိုး... အပျိုစင်အမှတ်အသား မရှိဘူးပဲ”
ဘေးဘက်ရှိ အမျိုးသားများက ကုဟွား၏ ဖြူစင်နူးညံ့လှသော လက်မောင်းလေးကို စိုက်ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများအတွင်း၌ လောဘရမ္မက်များ ပြည့်နှက်လာခဲ့ရ၏။
တစ်စုံတစ်ဦးက လက်လှမ်း၍ ထိတွေ့ရန်ပင် ပြင်လိုက်သည်။
ကုဟွား ငိုကြွေးလိုက်မိပြီး ခေါင်းဆောင်ဖြစ်သူ အမျိုးသား၏ ညှစ်ထားခြင်းကို ခံနေရသော သူမလက်မောင်လေးကို အပြင်းအထန် ပြန်လည်ဆွဲယူရန် ရုန်းကန်လိုက်မိ၏။
သူမ၏ ပြင်းထန်သော ရုန်းကန်မှုကြောင့် အရေပြားထက်တွင် နီမြန်းသော အမှတ်အသားများ ထင်ကျန်ရစ်ခဲ့ရသည်။
“ကျစ်...ကျစ်...ကျစ်...တကယ် နူးညံ့တာပဲ။ ခဏလေး ရှိသေးတာကို အမှတ်အသားတွေတောင် ထင်သွားပြီ”
ခေါင်းဆောင်ဖြစ်သူ အမျိုးသား စိုက်ကြည့်နေခဲ့မိသည်။
အကယ်၍ သူတို့ အန္တရာယ်ရှိသော အခြေအနေတစ်ခုအတွင်းသို့ ရောက်ရှိမနေခဲ့ပါက သူ သူမကို နေရာ၌ပင် သေချာပေါက် သိမ်းပိုက်လိုက်မိလိမ့်မည်။
ထို့နောက် သူ၏ ကောက်ကျစ်လှသော မျက်ဝန်းများက ထောင့်စွန်းလေးတွင် ကြောက်ရွံ့နေသော အမျိုးသမီးထံသို့ ရောက်ရှိသွားခဲ့ပြန်သည်။
ပီယွီ သူမအား သစ္စာဖောက်မည်ကို စိုးရိမ်သဖြင့် ကုဝမ်ရုက အလျင်အမြန်ပင် ပြောလိုက်၏။
“သခင်ကြီး... သူ့နာမည်က ပီယွီပါ။ ကျွန်မတို့ သခင်လေးရဲ့ အိပ်ရာဝင်အစေခံ ဖြစ်ပါတယ်”
“အိုး...”
ထိုအမျိုးသားက သူမစကားကို ယုံကြည်သွားခဲ့ရ၏။
သူက သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ကုဟွားလည်ပင်းနောက်သို့ ပြင်းထန်စွာ ရိုက်ချပစ်လိုက်သည်။
“သူ့ကို ခေါ်သွားကြမယ်”
၎င်းကို ကြားလိုက်ရချိန်မှသာ ကုဝမ်ရု၏ စိုးရိမ်ပူပန်နေခဲ့ရသော နှလုံးသားကြီးမှာ တည်ငြိမ်သွားခဲ့ရ၏။
သို့သော် မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
ခေါင်းဆောင်ဖြစ်သူ အမျိုးသားက သူတို့ကို ရက်စက်သော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီနှစ်ယောက်လုံးကို... အသက်ရှင်ခွင့် မပေးနဲ့”
ကုဝမ်ရု အလွန်အမင်း ထိတ်လန့်သွားခဲ့ရသဖြင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားခဲ့ရ၏။
သို့သော် ယခုအချိန်တွင် သူမ ကုဝမ်ရုဖြစ်ကြောင်း ဝန်ခံရန်အတွက် အလွန်အမင်း နောက်ကျသွားခဲ့ရပြီ ဖြစ်သည်။