← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း(၁၃၉)

သူ့နောက်မှ သန်မာထွားကျိုင်းသော အမျိုးသား အလျင်အမြန် ဆွဲလှည့်လိုက်သည်။

“ဟွမ်းလောင်အာ... ကိစ္စတွေ အကြီးအကျယ် မဖြစ်စေဖို့ ကုဝမ်ရုကိုပဲ ဖမ်းလာပြီး တခြားသူတွေကို မထိခိုက်စေနဲ့လို့ သခင်လေးက အမိန့်ပေးထားတယ်လေ”

ခေါင်းဆောင်ဖြစ်သူ လက်ကိုခါထုတ်ကာ လှောင်ပြုံးပြုံးလိုက်သည်။

“လုလောင်စန်း... သခင်လေးက မိန်းမလိုမိန်းမရနဲ့ ပျော့ညံ့တဲ့စိတ်မျိုး ရှိနေတာ။ ငါတို့တွေ အကြီးအကဲနောက် လိုက်ခဲ့တုန်းက ဘယ်တုန်းကများ သနားညှာတာခဲ့ဖူးလို့လဲ။ ပြီးတော့ ဆက်ခံသူ သခင်လေးကျန်းရဲ့ အမိန့်အရဆိုရင် ညီအစ်မနှစ်ယောက်လုံးကို ဖမ်းရမှာ။ အထဲမှာ ပုန်းနေတဲ့တစ်ယောက်က ညီမဖြစ်မယ် ထင်တယ်”

ဟွမ်းလောင်အာ သခင်လေးကျန်းအကြောင်း ပြောသောအခါ အသံကို နှိမ့်ချလိုက်သည်။

လုလောင်စန်း မျက်မှောင်ကြုတ်လိုက်၏။

“သူက သခင်လေးကို ဒီကိစ္စ ပြောပြထားတာလေ။ မင်းကိုကျ ဘာလို့ တခြားစီ ပြောရမှာလဲ”

ဟွမ်းလောင်အာ နှာခေါင်းရှုံ့လိုက်သည်။

“သခင်လေးက သူ့ရဲ့ ယောက်ျားလေး အချစ်တော်ဖြစ်...”

“စကားတွေကို သတိထားစမ်း...”

လုလောင်စန်း၏ ထူထဲသော မျက်ခုံးများ ပင့်တက်သွားခဲ့၏။

သခင်လေးက ယောက်ျားလေး အချစ်တော်အဖြစ် ဟန်ဆောင်နေရသည်ကို ပြင်ပလူများ လုံးဝသိရှိသွား၍ မဖြစ်ပေ။

သူတို့နှစ်ဦးလုံး ကြောက်လန့်တုန်ယင်နေသော အမျိုးသမီးနှစ်ဦးကို ပြိုင်တူကြည့်လိုက်မိသည်။

ဟွမ်းလောင်အာ လုလောင်ဆန်းကို ဘေးသို့ ဆွဲခေါ်သွား၏။

“ဆက်ခံသူ သခင်လေးကျန်းက အမျိုးသမီးနှစ်ယောက်လုံးကို လိုချင်နေတာ။ ငါတို့ အမိန့်မနာခံရင် သူ သခင်လေးကို လွှတ်ပေးမယ် ထင်လို့လား”

လုလောင်စန်းက ခေါင်းမာစွာ ပြန်ပြောလိုက်သည်။

“မင်း တခြားတစ်ယောက်ကို ထိရဲရင် သခင်လေးက မင်းကို သေချင်စိတ်ပေါက်အောင် လုပ်ပစ်လိမ့်မယ်။ သခင်လေးရဲ့ ရက်စက်မှုကို မင်းမသိတာလည်း မဟုတ်ဘူး။ မင်း ဘယ်လိုမျိုး လောင်အာ (ဒုတိယခေါင်းဆောင်) ရာထူး ရလာလဲဆိုတာ မေ့သွားပြီလား။ အရင်လူက သခင်လေးရဲ့ အမိန့်ကို မနာခံလို့ သခင်လေးကိုယ်တိုင် သူ့ရဲ့ ခြေလက်တွေကိုဖြတ်၊ မျက်လုံးတွေကို ဖောက်ထုတ် နောက်ဆုံး အရေခွံခွာပြီး အရိုးတွေကို ခြစ်ထုတ်ခဲ့တာ မဟုတ်ဘူးလား”

ဟွမ်းလောင်အာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။

သခင်လေးက အရူးတစ်ယောက်မျှသာ ဖြစ်သည်။

သူတို့က လူသတ်ခြင်းကို အမှုမထားဘဲ ရက်စက်တတ်ကြသော်လည်း ရူးသွပ်နေသူ၏ ရက်စက်မှုက ပိုကြောက်စရာကောင်း၏။

သူက ကိုယ့်မိသားစုဝင်ကိုပင် အသိအမှတ်မပြုသည့်အပြင် လူကို ညှဉ်းပန်းနှိပ်စက်ရသည်ကို အထူးနှစ်သက်ပြီး လူသတ်ခြင်းကို ဟင်းချက်သကဲ့သို့ သဘောထားဟန် ရှိသည်။

အထူးသဖြင့် သူ့တွင် နူးညံ့သိမ်မွေ့သော ကျောက်စိမ်းကဲ့သို့ ပညာရှိရုပ်ရည်မျိုး ရှိနေခြင်း ဖြစ်၏။

အရေခွံခွာ၊ အရိုးခြစ်နေစဉ် ပြုံးယောင်သန်းလျက် စကားပြော ရယ်မောတတ်သော ပုံစံမှာ အလွန်ပင် ခြောက်ခြားဖွယ်ကောင်းလှသည်။

ထိုမြင်ကွင်းကို ပြန်လည်တွေးတောမိပြီး ဟွမ်းလောင်အာ ကျောရိုးထဲသို့ အေးစက်သော မြွေဆိုးတစ်ကောင် တွားတက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့အဖွဲ့ အစပိုင်းတွင် သခင်လေးကို နုနယ်သော ပညာရှိ သခင်လေးကဲ့သို့ မှတ်ထင်ကာ အထင်သေးခဲ့ကြသော်လည်း ထိုအချိန်မှစ၍ လူတိုင်း သူ့ကို ခေါင်းငုံ့ရိုကျိုးခဲ့ကြရ၏။

အမှန်ပင်။ အကယ်၍ သခင်လေးက အမိန့်မနာခံသော ထိုလောင်အာကို မသတ်ခဲ့ပါက ယခု သူ လောင်အာရာထူးတွင် ရှိနေမည် မဟုတ်ချေ။

လုလောင်စန်း သူ့ကို ပုတ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် သခင်လေးက ငါတို့ရဲ့ သခင်ပဲ။ ဆက်ခံသူ သခင်လေးကျန်းဘက်ကို သခင်လေးဘာသာ ဖြေရှင်းလိမ့်မယ်။ ငါတို့တွေ ကိစ္စကို ရှုပ်ထွေးအောင် မလုပ်ကြစို့”

ဟွမ်းလောင်အာက မျက်မှောင်ကြုတ်လျက် မြင်းလှည်းဆီသို့ ပြန်ကြည့်လိုက်မိ၏။

လုလောင်စန်းက ပြောလိုက်သည်။

“မြန်မြန်သွားကြစို့။ ဒီနေရာက ယီချွန်းပြည့်တန်ဆာအိမ်နဲ့ သိပ်မဝေးဘူး။ ယီချွန်းပြည့်တန်ဆာအိမ်မှာ တစ်ယောက်ယောက်က ချောင်းမြောင်း တိုက်ခိုက်ဖို့ စောင့်နေတယ်လို့ သခင်လေး ပြောတယ်မလား။ ငါတို့တွေ အမိခံလိုက်ရရင် အရှုံးက ပိုကြီးသွားလိမ့်မယ်”

ဟွမ်းလောင်အာ ခေါင်းညိတ်လိုက်သည်။

“သွားကြစို့...”

ထိုလူအနည်းငယ်က ကုဟွားကို ဖမ်းဆီးကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။

ကုဝမ်ရု မြင်းလှည်းလိုက်ကာကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားပြီး မလှုပ်ရဲဘဲ ရှိနေခဲ့၏။

ပြင်ပမှ လူများ အငြင်းပွားနေကြသကဲ့သို့ တစ်ခါတစ်ရံ အသံကျယ်ကျယ်၊ တစ်ခါတစ်ရံ အသံတိုးတိုးဖြင့် စကားပြောနေကြသံများကို သူမ ကြားခဲ့ရသည်။

ထို့နောက် ရုတ်တရက် အသံများ တိတ်ဆိတ်သွားခဲ့၏။

သူမ တိတ်တဆိတ် ချောင်းကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။

‘သူတို့က ငါ့ကို တကယ်ပဲ လွှတ်ပေးလိုက်ကြတာလား’

ရုတ်တရက် အဝေးတစ်နေရာမှ ခြေသံများ နီးကပ်လာသည်ကို သူမ ကြားလိုက်ရသည်။

သူမ ကြောက်လန့်တုန်ယင်နေလျက် အလျင်အမြန် နောက်သို့ဆုတ်ကာ ကယ်တင်ပေးပါရန် ကောင်းကင်ဘုံသို့ တိုးတိုးတိတ်တိတ် ဆုတောင်းနေမိသည်။

“မြင်းလှည်းထဲမှာ လူရှိတယ်...”

ပြင်ပမှ တစ်ယောက်ယောက်က အော်ဟစ်လိုက်ပြီး ရုတ်တရက် မြင်းလှည်းလိုက်ကာကို ပင့်တင်လိုက်သည်။

ထိုအခါမှသာ ကုဝမ်ရု ညကင်းလှည့်နေသော ကင်းလှည့်ရုံးမှ လူများဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

သူမ မြင်းလှည်းပေါ်မှ အလျင်အမြန် ခုန်ဆင်းကာ ငိုယိုလိုက်သည်။

“ကျွန်မက ယုံမြို့စားအိမ်တော်ရဲ့ သခင်မလေးပါ။ ကျွန်မတို့ ဓားပြတွေနဲ့ တိုးလို့ သူတို့က မြင်းလှည်းမောင်းသမားနဲ့ ကျွန်မရဲ့ အစေခံကို သတ်သွားကြပြီး ကျွန်မညီမလေးကို ဖမ်းခေါ်သွားကြတယ်”

ယုံမြို့စားအိမ်တော်မှ သခင်မလေး ဒုက္ခရောက်နေသည်ကို ကြားရသောအခါ ကင်းလှည့်အရာရှိခေါင်းဆောင်က ထိတ်လန့်သွားပြီး အလျင်အမြန် မေးမြန်းလိုက်သည်။

“ဓားပြတွေ ဘယ်ဘက်ကို ပြေးသွားကြတာလဲ။ ဘယ်လောက်ကြာသွားပြီလဲ”

ကုဝမ်ရုလက်က ထိုလူများ ပျောက်ကွယ်သွားသော လမ်းကြောင်းသို့ ညွှန်ပြလုနီးပါး ဖြစ်သွားခဲ့သော်လည်း ရုတ်တရက် လမ်းကြောင်းပြောင်းကာ အခြားလမ်းကြားတစ်ခုသို့ ညွှန်ပြလိုက်၏။

“သူတို့ အဲဒီဘက်ကို ပြေးသွားကြတာ။ သိပ်မဝေးသေးဘူး။ အမှီလိုက်ရင် သေချာပေါက် မိနိုင်ပါသေးတယ်”

ကင်းလှည့်ရုံးမှ လူများ လူအချို့ကို သူမညွှန်ပြသော လမ်းကြားသို့ အလျင်အမြန် လိုက်လံဖမ်းဆီးစေသည်။

လူအနည်းငယ်ကိုမူ ကုဝမ်ရုအား ပြန်လည်ပို့ဆောင်ပေးရန် ချန်ထားခဲ့၏။

“သခင်မလေးမု... မြင်းလှည်းထဲက အစေခံမရဲ့ အလောင်းကိုလည်း အိမ်တော်ကိုပဲ ပြန်ပို့ရမလား”

ကုဝမ်ရုက သခင်ကို သစ္စာဖောက်ခဲ့သော ကျင်းခွေ့ကို နောက်ထပ် လုံးဝ မမြင်တွေ့ချင်တော့သဖြင့် အလျင်အမြန် ခေါင်းခါပြလိုက်သည်။

“သူက သခင်ကို သစ္စာဖောက်တဲ့အပြင် ခုနက ကျွန်မကိုပါ သေအောင်လုပ်ဖို့ ကြံစည်ခဲ့တာ။ လူကြီးမင်းတို့... သူ့အလောင်းကို သုသာန်ဟောင်းမှာပဲ စွန့်ပစ်လိုက်ပါ။ ဒုက္ခတွေ ရှာမနေပါနဲ့တော့”

“ကောင်းပါပြီ”

ပီယွီ သူမကို မျက်စိပျက် မျက်နှာပျက်ဖြင့် ကြည့်လိုက်မိသည်။

….

အခြားတစ်ဖက်တွင် ဟွမ်းလောင်အာနှင့် အခြားသူများ ကုဟွားကို လမ်းထောင့်တွင် ရပ်ထားသော မြင်းလှည်းပေါ်သို့ အလျင်အမြန် ပစ်တင်လိုက်ကာ သူတို့ပါ လိုက်ပါစီးနင်းလိုက်ကြသည်။

ဟွမ်းလောင်အာက ရုတ်တရက် သံသယဝင်လာမိ၏။

“ငါတို့ လူမှားဖမ်းလာမိတာတော့ မဟုတ်လောက်ဘူးမလား”

လုလောင်စန်း မှင်တက်သွား၏။

“ထပ်ကြည့်လိုက်ဦး”

ဟွမ်းလောင်အာက အိတ်ထဲသို့ ထည့်ထားသော မိန်းကလေးကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။

အလင်းရောင် အားနည်းသဖြင့် မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း ကိုယ်လုံးကိုယ်ပေါက်ကို ခွဲခြားနိုင်၏။

ထိုအမျိုးသမီး၌ ကောက်ကြောင်းအလှများဖြင့် ပြည့်စုံသော ကိုယ်လုံးလှလှလေး ရှိသည်။

“ကြည့်ရတာတော့ အိမ်ထောင်သည် အမျိုးသမီးပဲ ဖြစ်ရမယ်။ အပျိုစင်ဆိုရင် ဒီလောက် ပြည့်ပြည့်ဖြိုးဖြိုး ရှိမှာ မဟုတ်ဘူး”

သူတို့နှစ်ဦးသည် နောက်ထပ် မတွန့်ဆုတ်တော့ဘဲ အခြားသူများနှင့်အတူ စည်ကားသော လမ်းဆုံဆီသို့ အလျင်အမြန် ဦးတည်လိုက်ကြသည်။

ကင်းလှည့်ရုံးမှ စီစဉ်ပေးသော မြင်းလှည်းပေါ်တွင် ထိုင်နေပြီး ကုဝမ်ရုသည် စိတ်မအေးနိုင် ဖြစ်နေခဲ့၏။

သူမအား စိုက်ကြည့်နေသော ပီယွီကို ရုတ်တရက် ကြည့်လိုက်မိသည်။

သူမ အကြည့်များက ရှုပ်ထွေးနေပြီး သတိကြီးကြီး ထားနေ၏။

ကုဝမ်ရု နှလုံးသားက ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

ဤအမျိုးသမီးက ခင်ပွန်းဖြစ်သူကို ငယ်စဉ်တည်းက လုပ်ကျွေးပြုစုခဲ့သည်ကို အမှီပြု၍ တစ်ချိန်လုံး မောက်မာရိုင်းစိုင်းနေခဲ့သည်။

နိမ့်ကျသော အစေခံမတစ်ယောက်က မြင့်မြတ်သော သခင်မလေးဖြစ်သည့် သူမကိုပင် လျစ်လျူရှုရဲခဲ့၏။

သူမက ခင်ပွန်းဖြစ်သူကို နန်းတော်မှ မြင့်မြတ်သောပုဂ္ဂိုလ်ထံ ဤမိန်းမအား ဆက်သရန် ခွင့်ပြုချက်ရအောင် ဖျောင်းဖျနိုင်ခဲ့ပြီး ဤအခွင့်အရေးကို သုံး၍ ရှင်းလင်းရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။

ယနေ့ညတွင် ပီယွီက ကျင်းခွေ့ကို သူမ သတ်လိုက်သည်ကို မြင်တွေ့ခဲ့၏။

အကယ်၍ သူမကို အိမ်တော်သို့ ဤအတိုင်း ပြန်ခွင့်ပြုလိုက်ပါက သူမဘေးတွင် ပေါက်ကွဲစေတတ်သော အရာတစ်ခုကို မြှုပ်နှံထားလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။

ကုဝမ်ရု အံကြိတ်ကာ မြင်းလှည်းလိုက်ကာကို ပင့်တင်လျက် တိုးတိုးလေး ပြောလိုက်၏။

“လူကြီးမင်းတို့... ကျွန်မက ဒီည ခင်ပွန်းနဲ့အတူတူ သခင်လေးကျန်းရဲ့ ဧည့်ခံပွဲကို တက်ရောက်ဖို့ ရှိနေတာပါ။ အချိန်မဆွဲပါရစေနဲ့။ ကျွန်မတို့ကို ယီချွန်းပြည့်တန်ဆာအိမ်ဆီ လိုက်ပို့ပေးလို့ ရမလား”

လူတိုင်း ဆက်ခံသူ သခင်လေးကျန်းကို သိကြသည်။

ထို့ပြင် တာ့လျန်တိုင်းပြည်က လွတ်လပ်ပွင့်လင်းသဖြင့် အရာရှိမိသားစုမှ အမျိုးသမီးများက တရားဝင် ပြည်တန်ဆာမများ၏ ဖျော်ဖြေမှုကို ကြည့်ရှုရန် ဂီတနှင့် ကချေသည် အိမ်များဆီသို့ သွားရောက်နိုင်ကြ၏။

ယီချွန်းပြည့်တန်ဆာအိမ်တွင် အမျိုးသမီးများနှင့် အမျိုးသား အချစ်တော်များ အပါအဝင် သီးခြားဖျော်ဖြေသူများလည်း ရှိကြသည်။

အရာရှိမိသားစုမှ အမျိုးသမီးများက ပျော်ရွှင်မှုအတွက် ထိုနေရာသို့ တစ်ခါတစ်ရံ တိတ်တဆိတ် သွားရောက်တတ်ကြသည်မှာ မကြားဖူးသည် မဟုတ်ချေ။

အထူးသဖြင့် သူမခင်ပွန်းဖြစ်သူနှင့်အတူတူ သွားခြင်းဖြစ်သဖြင့် အရာရှိများက သဘာဝကျစွာပင် များစွာ တွေးတော့မနေတော့ဘဲ သူတို့အား ထိုနေရာသို့ တိုက်ရိုက် ခေါ်ဆောင်သွားကြသည်။

ကုဝမ်ရု စိတ်ကို ငြိမ်အောင် ကြိုးစားလျက် ပီယွီကို ကြင်နာစွာ ပြောလိုက်၏။

“ပီယွီ... နင်က သခင်လေးကို ငယ်ငယ်တည်းက ပြုစုလာခဲ့တာဆိုတော့ သခင်လေးနဲ့ ငါ အယုံကြည်ဆုံးနဲ့ အလေးထားရဆုံးလူပဲ။ ဒီနေ့ည ဖြစ်ပျက်ခဲ့တာတွေက ရှောင်လွှဲလို့မရဘူး။ ကျင်းခွေ့က သခင်ကို သစ္စာဖောက်လို့ သေထိုက်တာ။ နင် ငါ့ကို နားလည်တယ်မလား”

All Chapters