အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း(၁၄၀)
ပီယွီ သူမကို စိုက်ကြည့်လိုက်၏။
“သခင်လေး ကုဟွားကို သဘောကျနေလို့မလား။ အဲဒါကြောင့် နင် သူ့ကို သေစေချင်နေတာ”
ကုဝမ်ရုမျက်နှာမှ အပြုံးက ပြိုပျက်လုနီးပါး ဖြစ်သွားရ၏။
သူမ မချိပြုံး ပြုံးလိုက်ပြီး ပြောလိုက်သည်။
“နင်ရော ကုဟွားကို မမုန်းဘူးလား။ တွေ့သမျှ ယောက်ျားတိုင်းကို မြူဆွယ်တတ်တဲ့ အဲဒီလို မိန်းမမျိုးက အာဏာရလာရင် နင်နဲ့ငါ့ကို သည်းခံနေလိမ့်မယ် ထင်လို့လား”
ပီယွီ၏ အမူအရာက ရှုပ်ထွေးသွားရသည်။
“ကျင်းခွေ့က နင့်ရဲ့ အနီးကပ်အစေခံပဲ။ နင် သူ့ကို သတ်လိုက်ရုံတင်မကဘဲ သုသာန်ဟောင်းမှာပါ ပစ်ထားခိုင်းပြီး အလောင်းကိုတောင် အကောင်းအတိုင်း မချန်ထားပေးခဲ့ဘူး။ ကုဟွားလည်း လူတွေ ဖမ်းခေါ်သွားတာ ခံလိုက်ရပြီဆိုတော့ ဘေးဒုက္ခကနေ လွတ်မြောက်ဖို့ ခက်ခဲသွားမှာပဲ။ သူက နင့်ရဲ့ ညီမအရင်းလေ။ နင် တကယ် တအား ရက်စက်လွန်းတယ်”
ကုဝမ်ရု၏ အပြုံးများ လုံးဝပျောက်ကွယ်သွားရပြီး အေးစက်စွာ ပြောလိုက်သည်။
“လူက စည်းစိမ်ချမ်းသာအတွက် သေပြီး ငှက်က အစာအတွက် သေတာပဲ။ ကျင်းခွေ့က ကုဟွားရဲ့ ငွေကိုယူပြီး သခင်ကို သစ္စာဖောက်ခဲ့တာ။ အခြေအနေက ဒီလိုဖြစ်မှတော့ ကျင်းခွေ့ သေတာ သဘာဝမကျဘူးလား။ ကုဟွားကိုကျတော့ ငါက အိမ်တော်မှာ ကြင်ကြင်နာနာနဲ့ ခေါ်ထားပေးတာလေ။ သူက သခင်လေးကို မြူဆွယ်ရုံတင် မကဘဲ ငါ့ယောက္ခထီးကိုပါ မြူဆွယ်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ ငါ့မျက်နှာလည်း သူ့ကြောင့် လုံးဝ ပျက်ရပြီ။ ဒီလို အရှက်မရှိတဲ့သူမျိုးက ကုမိသားစုနဲ့ မုမိသားစုကို အရှက်မခွဲနိုင်အောင် အပြင်မှာပဲ သေသွားသင့်တာ”
ပီယွီ သူမကို မယုံကြည်နိုင်ခြင်းများနှင့် ကြောက်ရွံ့သည့် အကြည့်များဖြင့် ကြည့်လိုက်မိသည်။
ယီချွန်းပြည့်တန်ဆာအိမ်သို့ ရောက်လုနီးပြီဖြစ်ကြောင်း မြင်လိုက်သောအခါ ကုဝမ်ရု စိတ်ကို တည်ငြိမ်စေလိုက်၏။
“ဒီနေ့ညက သခင်လေးအတွက် အရေးအကြီးဆုံး ဧည့်ခံပွဲပဲ။ သခင်လေးက နင့်ကို ယုံကြည်လို့ ငါ့ကို အထူးမှာကြားပြီး ခေါ်လာခိုင်းတာ။ ဒီနေ့ညရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေက ဖျင်အန်းမင်းသားအိမ်တော်ရဲ့ ဆက်ခံသူသခင်လေးနဲ့ နန်းတော်ထဲက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ပဲ။ ပီယွီ... နင် ငါ့ကို မနှစ်သက်တာ သိပေမဲ့ ငါ အမှားလုပ်ခဲ့တာနဲ့တင် သခင်လေးရဲ့ အရေးကြီးကိစ္စကိုတော့ ဖျက်ဆီးပစ်မှာ မဟုတ်ဘူးမလား”
ပီယွီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
ကုဝမ်ရု အခွင့်အရေးကို အရယူပြီး ဆက်ပြောလိုက်သည်။
“ငါ ခုနက ကတိပေးခဲ့တာ တည်မှာပါ။ ဒီနေ့ည နင်နဲ့ငါ သခင်လေးအတွက် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကို ကောင်းကောင်း ပြုစုရမယ်။ မနက်ဖြန်ကျရင် နင့်ကို ကျွန်အဆင့်ကနေ သာမန်လူအဆင့် ပြောင်းပေးပြီး ကိုယ်လုပ်တော်အဖြစ် မြှင့်တင်ပေးဖို့ အိမ်တော်ထိန်းကျိုးကို ငါပြောပေးမယ်”
ပီယွီ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ နှေးကွေးစွာ ပြောလိုက်သည်။
“နင် ကတိတည်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ သခင်မလေးနေရာမှာ နင် အေးအေးဆေးဆေး ထိုင်နေရမယ် မထင်နဲ့”
“စိတ်ချပါ။ ငါ အမြဲတမ်း ကတိတည်တယ်”
ကုဝမ်ရု၏ စိုးရိမ်နေသော နှလုံးသားက နောက်ဆုံးမှသာ ငြိမ်ကျသွားခဲ့သည်။
‘အပျက်မလေး... နင် ဒီည အိမ်တော်ကို ပြန်နိုင်တော့မှာ မဟုတ်ဘူး’
‘ကိုယ်လုပ်တော် ဟုတ်လား’
‘အိမ်မက်သာ မက်နေလိုက်’
ကုဝမ်ရု ပီယွီကို ခေါ်ဆောင်လျက် ယီချွန်းပြည့်တန်ဆာအိမ်အတွင်းသို့ ဝင်လာပြီး ပိုင်ရှင်အား ငွေနှစ်စ ပေးလိုက်သည်။
သူမက လူများကို သူတို့၏ ဆံပင်နှင့် မိတ်ကပ်များကို ပြန်ပြင်ခိုင်းပြီး ဝတ်စုံအသစ်များ လဲလှယ်ခိုင်းခဲ့၏။
ပီယွီ မျက်မှောင်ကြုတ်လိုက်သည်။
“သခင်မလေး... ဒုတိယမမလေးကို ကယ်ဖို့ လူမလွှတ်တော့ဘူးလား”
“ကင်းလှည့်ရုံးက လူတွေ သွားကယ်နေကြတာပဲ မဟုတ်ဘူးလား။ သခင်လေးက ဒီနေ့ည အရေးကြီးကိစ္စ ရှိတယ်။ ငါ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အချိန်မဆွဲနိုင်ဘူး”
ကုဝမ်ရု သီးသန့်ခန်းဆီသို့ ဦးတည်သွားနေသည်ကို ကြည့်ပြီး ပီယွီ စိတ်ထဲတွင် အနည်းငယ် မချိတင်ကဲ ဖြစ်နေမိသည်။
သူတို့ အခန်းထဲသို့ ဝင်လိုက်သောအခါ မုအန်း၊ သခင်လေးကျန်းနှင့် ပိုးထည်ဝတ် သခင်လေးတို့က ချောမောသော အမျိုးသားတစ်ဦးစီကို ဖက်လျက် သောက်စားနေကြသည်။
သူတို့၏ ပုံစံမှာ ရှုပ်ထွေးနေပြီး ကြည့်ရဆိုးလှ၏။
ကုဝမ်ရုနှင့် ပီယွီတို့ မှင်တက်သွားကြသည်။
သူတို့ မုအန်း ပြင်ပတွင် မည်သို့ ပေါင်းသင်းဆက်ဆံသည်ကို မမြင်ဖူးကြသဖြင့် သူ ယောက်ျားချင်း သဘောကျ နှစ်သက်နေလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။
ကုဝမ်ရု တစ်ကိုယ်လုံး အကောင်းအတိုင်း ရှိနေသည်ကို မြင်သောအခါ သခင်လေးကျန်း အနည်းငယ် ထိတ်လန့်သွားခဲ့သော်လည်း ဘာမျှမဖြစ်သကဲ့သို့ ဆက်လက်သောက်စားနေခဲ့သည်။
သူတို့ ဝင်လာသည်ကို မြင်လိုက်သောအခါ မုအန်း ချောမောသော အမျိုးသားကို အလျင်အမြန် လွှတ်လိုက်ပြီး ပြုံးစိစိဖြင့် လျှောက်လာကာ ကုဝမ်ရုကို ဆွဲလိုက်သည်။
“ဘာလို့ နောက်ကျနေတာလဲ”
ကုဝမ်ရု အတင်းအကျပ် ပြုံးပြလိုက်ရသည်။
“လမ်းမှာ မြင်းလှည်းပျက်သွားလို့ပါ”
“ညီအစ်ကိုမု... ဒီအလှပဂေးလေး နှစ်ယောက်က ဘယ်သူတွေများလဲ”
ပိုးထည်ဝတ် သခင်လေး ပြုံးစိစိဖြင့် လမ်းလျှောက်လာခဲ့သည်။
သူက ကုဝမ်ရုကို ကြည့်ပြီး စိတ်ပျက်သွားဟန် ရှိ၏။
ထို့နောက် သူ့အကြည့်များက ပီယွီထံသို့ ကျရောက်သွားသော်လည်း ထူးခြားသော တုံ့ပြန်မှု မရှိခဲ့ပေ။
သူမက ရုပ်ရည်ကောင်းမွန်ရုံမျှသာ ရှိပြီး အလွန်အမင်း လှပခြင်းမရှိသည့်အပြင် ကိုယ်လုံးကိုယ်ပေါက်လည်း သာမန်မျှသာ ဖြစ်သည်။
သခင်လေးကော မေးလိုက်သည်ကို ကြားသော် မုအန်း ကပ်ဖားနေသော ခွေးတစ်ကောင်ကဲ့သို့ မိတ်ဆက်ပေးလိုက်၏။
“သခင်လေးကော...ဒီအမျိုးသမီးက ကျွန်တော့်ရဲ့ဇနီး ကုဝမ်ရုပါ”
သခင်လေးကျန်း၏ ဖက်ထားခြင်းကို ခံနေရသော ကျိရွှမ်းယွီ သူ့ကို တွန်းဖယ်လိုက်ကာ ရုတ်တရက် ထရပ်လိုက်ပြီး ကုဝမ်ရု၏ ရှေ့သို့ အပြေးအလွှား လာရောက်လျက် စိုက်ကြည့်လိုက်သည်။
ချောမောလှပသော မျက်နှာတစ်ခုနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသဖြင့် ကုဝမ်ရု ထိတ်လန့်သွားရ၏။
၎င်းကိုမြင်သော် မုအန်း မကျေမနပ် ဖြစ်သွားရသည်။
“ကွေ့ချန်... မင်း ဘာလုပ်တာလဲ”
ကွေ့ချန်ဟု နာမည်ဝှက်သုံးထားသော ကျိရွှမ်းယွီ ရုတ်တရက် သတိဝင်လာကာ ပြုံးပြလိုက်သည်။
“ဒီအစေခံက သခင်မလေးမုဆိုတာ မြို့တော်မှာ နာမည်ကျော်တဲ့ မိန်းမလှလေးတစ်ဦးဆိုပြီး အမြဲကြားဖူးနေခဲ့လို့ လေးစားမိပြီး မိတ်ဆွေဖွဲ့ချင်ရုံတင်ပါ”
လူပုံအလယ်တွင် ချီးမွမ်းခြင်း ခံလိုက်ရသဖြင့် အမြဲတမ်း နှိမ့်ချခြင်း ခံခဲ့ရသော ကုဝမ်ရုက စိတ်ထဲတွင် နွေးထွေးသွားကာ ထိုအမျိုးသားကို ကြည့်လိုက်မိ၏။
ကျိရွှမ်းယွီက ဘာမျှထပ်မပြောတော့ဘဲ လှည့်ပြန်ကာ သခင်လေးကျန်း၏ ဘေးသို့ ပြန်သွားလိုက်သည်။
“သခင်လေး... သခင်မလေးမု ရောက်လာပြီဆိုတော့ ဒီအစေခံက အရင်နှုတ်ဆက်ပါရစေ”
“အမ်း”
ယနေ့က မုအန်း သခင်လေးကောနှင့် ကိစ္စရပ်များ ဆွေးနွေးရန်အတွက် စီစဉ်ထားသော ကိစ္စဖြစ်သဖြင့် ကွေ့ချန်ကို ဆက်ထားရန် မသင့်တော်ချေ။
ကျိရွှမ်းယွီ မှုန်မှိုင်းနေသော မျက်နှာထားဖြင့် အောက်ထပ်သို့ ဆင်းကာ အဝတ်အစားလဲလှယ်ပြီး လျှို့ဝှက်လမ်းမှတစ်ဆင့် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
…
တစ်ရက်လျှင် လီရှစ်ရာနှုန်းဖြင့် အပြေးအလွှားရောက်ရှိလာခဲ့သော အရေးပေါ် စစ်ရေးသတင်းတစ်ခု နန်းတော်တွင်းသို့ ရောက်ရှိလာသည်။
တောင်ဘက်နယ်စပ် နိုင်ငံများ၏ မဟာမိတ်တပ်ဖွဲ့များက တောင်ဘက်နယ်စပ် မြို့တစ်မြို့ကို ရုတ်တရက် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
မုကျွင်းယန်လည်း ဧကရာဇ်မင်းမြတ်နှင့် အရေးပေါ် ဆွေးနွေးရန်အတွက် နန်းတော်သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့သည်။
အရေးပေါ် အခြေအနေကြောင့် ဧကရာဇ်မင်းမြတ် မုကျွင်းယန်အား အဆင့်မြင့် ကိုယ်လုပ်တော်ဖြင့် လက်ထပ်ပြီးသည်နှင့် တောင်ဘက်နယ်စပ်သို့ ချက်ချင်းပြန်ရန် အမိန့်ပေးလိုက်သည်။
မုကျွင်းယန် နန်းတော်မှ ထွက်လာသည်နှင့် ချီယွီက ဖြူလျော်နေသော မျက်နှာထားဖြင့် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။
ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ရခြင်း ဖြစ်မည်။
“ဘာဖြစ်လို့လဲ”
ချီယွီ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြောလိုက်သည်။
“မမလေးဟွား ပြန်ပေးဆွဲခံရလိုက်ပါတယ်။ ချီယန်က လူတွေကို ဦးဆောင်ပြီး ယီချွန်းပြည့်တန်ဆာအိမ်မှာ စောင့်ဆိုင်းနေတုန်း အမျိုးသား အချစ်တော်တစ်ယောက်က သခင်လေးကို ပြန်ပေးဆွဲဖို့ လူတွေကို အမိန့်ပေးနေတာ ကြားခဲ့ရတာပါ”