အခန်း ၄၆၁
Vol. 47 Ch. 461
အခန်း (၄၆၁) ပုပ်သိုးသိုက် ဝါးမျိုကောင်
သူတို့ စကားပြောနေစဥ်မှာပဲ ရှေ့နားက F-နယ်မြေဘက်ဆီမှ နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ မြင့်မားလှသော မီးတောက်ကြီးများက ကောင်းကင်တစ်ခြမ်းကို လင်းထိန်သွားစေပြီး အဝေးရှိ မီးခိုးငွေ့များနှင့် ဖုန်မှုန့်များကြားတွင် အဆောက်အဦ အပိုင်းအစများ ပြန့်ကျဲကာ ပြိုကျသွားသည်ကို မြင်လိုက်ကြရသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က ထိုနေရာသို့ မချဉ်းကပ်ရဲဘဲ အတော်လေး ဘေးကင်းလုံခြုံသော နေရာတစ်ခုတွင် ရပ်ကာ အဝေးမှ မီးရောင်များ၊ ပေါက်ကွဲမှုများနှင့် သားရဲမိစ္ဆာများ၏ ခပ်သဲ့သဲ့ ဟိန်းဟောက်သံများ၊ အော်ဟစ်သံများမှတစ်ဆင့် တိုက်ပွဲအခြေအနေကို လေ့လာစောင့်ကြည့်နေရန် ရွေးချယ်လိုက်ကြ၏။
ထိုအချိန်မှာပင် အလွန်မြင့်မားသော မိုးမျှော်တိုက်ကြီးတစ်ခု၏ ဘေးဘက်မှ ကြီးမားလှသည့် ပုံပျက်ပန်းပျက်ပုံရိပ်ကြီးတစ်ခုက ရုတ်တရက် တွယ်တက်လာခဲ့သည်။
၎င်းသည် စကားနှင့် ဖော်ပြ၍မရနိုင်လောက်အောင် အရုပ်ဆိုးလှသည့် မိစ္ဆာကောင်ကြီးပင်။ ၎င်း၏ ပင်မခန္ဓာကိုယ်မှာ ပုံပျက်နေသည့် ရေဘဝဲတစ်ကောင်ကို အဆပေါင်းများစွာ ကြီးထွားလာအောင် ချဲ့ထားသကဲ့သို့ ရှိနေပြီး ညစ်ပတ်နေသော မီးခိုးစိမ်းရောင် အရေခွံရှိသည်။
ထို့အပြင် ၎င်း၏ကိုယ်လုံးတစ်ခုလုံးတွင် အဆက်မပြတ် လှုပ်ရှားရုန်းကန်နေပြီး အစွယ်များပါရှိသည့် ဖြူဖျော့ဖျော့ ရေဘဝဲလက်တံများဖြင့် ဖုံးလွှမ်းနေချေသည်။
တစ်ခုတည်းသော ရေဘဝဲများနှင့် မတူညီသည်မှာ ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် ခေါင်းနှစ်လုံး ပါရှိနေခြင်းပင်။ တစ်လုံးမှာ ပုပ်သိုးနေသော ခွေးတစ်ကောင်၏ ခေါင်းနှင့်တူပြီး အပြင်သို့ ပြူးထွက်နေသည့် အစွယ်များနှင့်အတူ စေးကပ်နေသည့် အက်ဆစ်ရည်များ ယိုစီးကျနေ၏။
အခြားခေါင်းတစ်ခုမှာမူ ပြားကပ်နေအောင် အဖိခံထားရသည့် အင်းဆက်တစ်ကောင်၏ ခေါင်းနှင့်တူကာ ၎င်း၏ မျက်လုံးများက သွေးနီရောင်ကဲ့သို့ တောက်ပနေခြင်းပင်။
ထို့အပြင် ဧရာမခန္ဓာကိုယ်ကြီးက အဆောက်အဦး၏ ထက်ဝက်နီးပါးခန့်ကို ဖုံးလွှမ်းထားပြီး ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ မှန်နံရံများက ကွဲကြေသွားကာ သတ္တုကိုယ်ထည်များဆီမှလည်း နားကွဲမတတ် ပွတ်တိုက်သံများ ထွက်ပေါ်လာခဲ့သည်။
"သောက်ကျိုးနည်းပဲ..." ကျိုးယွီမော့က သူ၏ အံ့ဩမှင်သက်မှုကို မထိန်းချုပ်နိုင်တော့ဘဲ အာမေဍိတ်သံ ထွက်သွားမိသည်။ "ဒီမိစ္ဆာကောင်ကြီးက... ကြီးမားရုံတင်မကဘူး ရွံစရာကောင်းလိုက်တာ..."
ဤစကားက ထိုနေရာတွင်ရှိနေသော ခရီးသွားအားလုံး၏ ခံစားချက်ကို ကွက်တိဖော်ပြလိုက်ခြင်းပင်။
ဆိုဖီယာဆိုလျှင် အလွန်ကြောက်လန့်သွားသဖြင့် သူမ၏ ပါးစပ်ကို အုပ်ထားကာ "အိုး... ဘုရားရေ..." ဟု တဆက်တည်း ရေရွတ်နေမိသည်။
ဤသို့ အံ့ဩမှုဖြင့် ကြည့်ရှုနေကြသည့် ခရီးသွားနှင့် မတူဘဲ လမ်းမပေါ်တွင် ကျန်ရစ်နေခဲ့သော သားရဲလူသားများနှင့် ဒေသခံများ၏ တုံ့ပြန်မှုကမူ လုံးဝကို ကွဲပြားနေချေသည်။
ရှည်လျားသည့် ယုန်နားရွက်များရှိပြီး ဖြူရော်နေသည့် မျက်နှာနှင့် သားရဲလူသားကောင်မလေးတစ်ယောက်က ရုတ်တရက် မျက်နှာပျက်သွားကာ သူမ၏ အသံတွင် ထိတ်လန့်မှုများ အပြည့်ဖြင့် "အဲ့...အဲ့ဒါ အဆင့် ၅ ပုပ်သိုးသိုက် ဝါးမျိုကောင်ကြီးပဲ... ဒီလိုအကောင်မျိုးက ဘယ်လိုလုပ်ပြီး F-နယ်မြေရဲ့ ပင်မမြို့တော်ထဲကို ရောက်လာရတာလဲ..." ဟု အော်ဟစ်လိုက်၏။
သူမ၏ စကားက ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် ပို၍ကြီးမားသော အထိတ်တလန့်ဖြစ်မှုများကို လှုံ့ဆော်ပေးလိုက်သည်။
"ဘာ... အဆင့် ၅ ပုပ်သိုးသိုက် ဝါးမျိုကောင် ဟုတ်လား..."
"နောက်နေတာလား... အကာအကွယ်တံတိုင်းကြီး ကျိုးပေါက်သွားတာလား... ဒီလိုအဆင့်ရှိတဲ့ ညစ်ညမ်းကိုယ်ထည်တွေက ဘယ်လိုလုပ် ဝင်လာနိုင်မှာလဲ..."
"ပြီးပြီပဲ... အကယ်လို့ သူသာ ဒီမှာ ဥလာချသွားမယ်ဆိုရင်... ဒါမှမဟုတ် သူ့လိုမျိုး နောက်ထပ်အကောင်တွေကို ထပ်ခေါ်လာမယ်ဆိုရင် F-နယ်မြေ တစ်ခုလုံးတော့ ပျက်စီးရတော့မှာပဲ..."
အတွေ့အကြုံရင့်ကျက်ပုံပေါ်သည့် မျက်နှာတွင် အမာရွတ်များရှိသော သားရဲလူသားအဘိုးကြီးတစ်ဦးက လက်သီးကို တင်းတင်းဆုပ်ကာ အလွန်စိုးရိမ်နေသည့်ပုံဖြင့် "ဒါကတော့ ပြဿနာပဲ... ဒီလိုအဆင့်ရှိတဲ့ မိစ္ဆာကောင်က လူနေထူထပ်တဲ့ နေရာမှာ ပေါ်လာတာဆိုတော့ အကယ်လို့ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် သူဖြန့်ကြက်မယ့် ညစ်ညမ်းမှုတွေနဲ့ ပျက်စီးမှုတွေက F-နယ်မြေတစ်ခုလုံးရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို လုံးဝ ပြိုလဲရပ်တန့်သွားစေလိမ့်မယ်..."
အနီးနားရှိ လူတစ်ယောက်က အခြေအနေကို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားသော်လည်း သူ၏ အသံမှာ တုန်ယင်နေခဲ့သည်။ "ဖြစ်...ဖြစ်နိုင်တာက အဲ့ဒီအကောင်တစ်ကောင်တည်းများ အကာအကွယ် အက်ကြောင်းတွေကြားကနေ လွတ်လာတာများလား... ကင်းလှည့်တပ်ဖွဲ့က အဲ့ဒါကို ဖြေရှင်းနိုင်မှာပါနော်... ဟုတ်တယ်မလား..."
"ပြောရခက်တယ်... ပုပ်သိုးသိုက် ဝါးမျိုကောင်တွေရဲ့ ဒုက္ခပေးဆုံးအချက်က သူတို့ရဲ့ ပြန်လည်ကုစားနိုင်စွမ်းနဲ့ အဆင့်နိမ့် ညစ်ညမ်းကိုယ်ထည်တွေကို ဆင့်ခေါ်နိုင်တဲ့ စွမ်းရည်ပဲ... သူနဲ့သာ ထိပ်တိုက်ရင်ဆိုင်မိပြီး ရုန်းမထွက်နိုင်တော့ဘူးဆိုရင်တော့..."
လမ်းမပေါ်တွင် စိုးရိမ်ပူပန်မှုများ၊ အကြောက်တရားများနှင့် တင်းမာနေသည့် ဆွေးနွေးပြောဆိုသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေချေသည်။
ယခင်က စည်းကမ်းတကျရှိနေခဲ့သော ပတ်ဝန်းကျင် အခြေအနေက ဤအဆင့် ၅ ညစ်ညမ်းကိုယ်ထည် ပေါ်လာမှုကြောင့် ချက်ချင်းပင် ထူထပ်သည့် အမှောင်ထုကြီး ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားရသည်။
ခရီးသွားများ၏ ရိုးရှင်းသော အံ့ဩမှင်သက်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ဒေသခံများ၏ မျက်နှာများတွင် မသိနိုင်သော အန္တရာယ်များအပေါ် အကြောက်တရားများနှင့် သူတို့၏ အိမ်ရာများ ပျက်စီးသွားနိုင်ခြေအတွက် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေကြသည်။
ထိုအချိန်၌ အထိတ်တလန့်ဖြစ်မှုများ ပျံ့နှံ့နေချိန်မှာပင် စူးရှသည့် လေခွင်းသံတစ်ခုက တင်းမာနေသည့် လေထုကို ဖြတ်တောက်သွားလေသည်။
အမဲလိုက်သိမ်းငှက်များကဲ့သို့ ပေါ့ပါးသွက်လက်သော တိုက်ခိုက်ရေးယာဉ်ပျံများစွာက မတူညီသည့် အရပ်မျက်နှာ အသီးသီးမှ ထိုးဆင်းလာကြ၏။
ဤယာဉ်ပျံများတွင် ချောမွေ့သည့် ပုံပန်းသဏ္ဍာန်ရှိပြီး တောက်ပမှုမရှိသော သံချပ်ကာများဖြင့် ဖုံးအုပ်ထားသည်။ တောင်ပံနှစ်ဖက်အောက်တွင် တစ္ဆေဆန်ဆန် အပြာရောင်စွမ်းအင်များ တလက်လက် တောက်ပနေသည့် အမြောက်များကို တပ်ဆင်ထားပြီး အမြီးပိုင်းရှိ တွန်းကန်အားစက်များမှ ပူပြင်းသည့် အဖြူရောင် အိုင်းယွန်းတန်းများကို မှုတ်ထုတ်ကာ လေထဲတွင် အားကောင်းသည့် မျဉ်းကြောင်းများကို ဆွဲသားထားချေသည်။
သူတို့၏ ပစ်မှတ်က ရှင်းလင်းလှသည်။ မိုးမျှော်တိုက်ပေါ်ရှိ ပုပ်သိုးသိုက် ဝါးမျိုကောင်ပင်။
"ရွှီး... ရွှီး..."
စွမ်းအင်မြင့် လေဆာတန်းများစွာက အရင်ဆုံး ပစ်ခတ်ထွက်ပေါ်လာပြီး မိစ္ဆာကောင်၏ ဝှေ့ယမ်းနေသော လက်တံများအား တိကျစွာ ထိမှန်သွားခဲ့သည်။
ပုပ်သိုးသိုက် ဝါးမျိုကောင်က ၎င်း၏ ခေါင်းနှစ်လုံးစလုံး၏ ဝိသေသလက္ခဏာများ ပေါင်းစပ်ထားသည့် ရွံရှာဖွယ်ကောင်းသော အသံဖြင့် အော်ဟစ်လိုက်၏။ ထို့နောက် အစွယ်များ ဖုံးလွှမ်းနေသည့် တုတ်ခိုင်သော လက်တံများစွာက ရူးသွပ်စွာ ကခုန်နေသည့် စပါးကြီးမြွေများကဲ့သို့ လေထဲရှိ ယာဉ်ပျံများဆီသို့ လေခွင်းသံများနှင့်အတူ ရိုက်ချလိုက်လေသည်။
ရှေ့ဆုံးမှ ယာဉ်ပျံက အန္တရာယ်များသည့် ဘေးတိုက်လှိမ့်ရှောင်မှုတစ်ခုကို ပြုလုပ်လိုက်ရာ ပုပ်ဟောင်နေသော အနံ့ဆိုးများကို သယ်ဆောင်လာသည့် လက်တံများက ယာဉ်၏ သံချပ်ကာကို ပွတ်တိုက်သွားပြီးနောက် အနီးရှိ အဆောက်အဦး၏ မျက်နှာစာသို့ အရှိန်ပြင်းစွာ ရိုက်ခတ်သွားခဲ့သည်။ ထိုအခါ ချက်ချင်းပင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခုနှင့် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများကို ချန်ရစ်ထားခဲ့သည်။
အခြား ယာဉ်ပျံတစ်စီးက ချက်ချင်းပင် အစွမ်းကုန် အင်ဂျင်ဖွင့်ကာ ဒေါင်လိုက်နီးပါး ထိုးတက်သွားသဖြင့် ယာဉ်ကို ဖြတ်တိုက်လာသည့် အခြားလက်တံတစ်ခုကို သီသီလေး ရှောင်လွှဲနိုင်ခဲ့သည်။ သို့သော် လက်တံပေါ်ရှိ အစွယ်များက ယာဉ်ပျံ၏ အနောက်ဘက်ရှိ သံချပ်ကာ အပိုင်းအစငယ်လေး တစ်ခုကိုပင် ခြစ်ထုတ်သွားခဲ့သေးသည်။
"အခုပဲ... သူ့ရဲ့ ဘယ်ဘက်အရှေ့လက်တံ အရင်းကို စုပြုံပစ်ခတ်ကြ..." ယာဉ်ပျံတပ်ဖွဲ့၏ ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် တည်ငြိမ်သည့် အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယာဉ်ပျံသုံးစီးက တြိဂံပုံစံ ဖြန့်ခွဲလိုက်ကြပြီး သူတို့၏ ဝမ်းဗိုက်အောက်ရှိ လေဆာအမြောက်များက မျက်စိကျိန်းမတတ် အလင်းရောင်များဖြင့် နောက်တစ်ကြိမ် လင်းလက်လာခဲ့သည်။
"ဂျစ်... ဘုန်း..."
ခွဲစိတ်ဓားများကဲ့သို့ စူးရှသည့် လေဆာတန်းများစွာက ထိုလက်တံ၏ တူညီသော နေရာတစ်ခုတည်းကိုသာ စုပြုံကာ တိတိကျကျ ပစ်ခတ်လိုက်ကြသည်။
မာကျောသည့် မီးခိုးစိမ်းရောင်အရေခွံက မြင့်မားသည့် အပူချိန်အောက်တွင် လျင်မြန်စွာ မည်းနက်ကျွမ်းလောင်သွားပြီး မခံမရပ်နိုင်စရာ ကောင်းလှသည့် အနံ့ဆိုးများ ထွက်ပေါ်လာ၏။
ပုပ်သိုးသိုက် ဝါးမျိုကောင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ဒဏ်ရာရသွားသည့် လက်တံကို ပြန်ရုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ဘေးဘက်တွင် ပျံဝဲနေခဲ့ပြီး ပိုမို ပေါ့ပါးသွယ်လျသည့် ငွေရောင်ယာဉ်ပျံတစ်စီးက ဤတစ်ခဏတာ အခွင့်အရေးကို ဆုပ်ကိုင်လိုက်လေသည်။
၎င်း၏ ခေါင်းပိုင်းအောက်မှ အလွန်သေးငယ်ကာ မမြင်ရလုနီးပါးဖြစ်နေသည့် ရွှေရောင်အလင်းတန်းတစ်ခု ပစ်ခတ်ထွက်ပေါ်လာသည်။ ၎င်းမှာ ကြိမ်နှုန်းမြင့် ဖြတ်တောက်ရေး ရောင်ခြည်တန်းပင်။
ပါးလျသည့် ရွှေရောင်မျဉ်းက ဟင်းလင်းပြင်ကို တိတ်ဆိတ်စွာ ဖြတ်သန်းသွားပြီး လေဆာဖြင့် အပစ်ခံထားရသည့် လက်တံ၏ အားအနည်းဆုံး အရင်းပိုင်းကို တိကျစွာ ထိမှန်သွားခဲ့သည်။
"ဖွပ်..."
ကမ္ဘာမြေကို တုန်လှုပ်စေသည့် ပေါက်ကွဲသံကြီးမျိုး မရှိဘဲ ပူနေသည့် ဓားဖြင့် ထောပတ်ကို လှီးဖြတ်လိုက်သကဲ့သို့ တိုးညှင်းသည့် အသံတစ်ခုသာ ထွက်ပေါ်လာချေသည်။
နောကိခဏ၌ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်၏ ခါးထက်ပင် တုတ်ခိုင်နေသည့် လက်တံကြီးက ချက်ချင်းဆိုသလို ပြတ်တောက်သွားသည်။
ပြတ်သွားသည့် နေရာက မှန်တစ်ချပ်လို ချောမွေ့နေပြီး စေးပျစ်နေသည့် အစိမ်းပုပ်ရောင် သွေးများက ရေတံခွန်ကဲ့သို့ ပန်းထွက်လာခဲ့သည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ပြတ်ထွက်သွားသည့် လက်တံက သီးခြားသက်ရှိတစ်ခုလို ဖြစ်နေခြင်းပင်။ ၎င်းက ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် ပိုးကောင်ကြီးတစ်ကောင်ကဲ့သို့ ရုတ်တရက် ခုန်ထလာပြီး ပင်မစစ်မြေပြင်နှင့် ဆန့်ကျင်ဘက် အရပ်ဆီသို့ အံ့မခန်း အမြန်နှုန်းဖြင့် ထွက်ပြေးလေတော့သည်။
"ပြေးချင်တာလား... ရပ်လိုက်စမ်း..." လေထဲမှ စူးရှသည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
မြေပြင်ပေါ်တွင် စောင့်ဆိုင်းနေခဲ့သည့် သားရဲလူသားတစ်ဦးက ဟိန်းဟောက်လိုက်၏။ သူ၏ သားရဲအသွင်မှာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပူပြင်းသည့် မီးတောက်များ ရစ်ပတ်နေသော ဧရာမမီးကျားကြီးတစ်ကောင် ဖြစ်သည်။
သူ၏ ခြေလက်များမှ ရုတ်တရက် အင်အားများ ပေါက်ကွဲထွက်လာရာ မြေပြင်က အက်ကွဲသွားခဲ့ပြီး ကြီးမားသည့် ခန္ဓာကိုယ်ကြီးက မလိုက်ဖက်လှသည့် ပေါ့ပါးဖျတ်လတ်မှုကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက နီရဲနေသည့် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ခုန်ပျံသွားပြီး ထွက်ပြေးနေသည့် လက်တံကို အခိုက်အတန့်အတွင်းမှာပင် ဖြတ်တားလိုက်၏။
"ဝုန်း..."
ကျားသားရဲလူသားက သူ၏ ဧရာမ ပါးစပ်ကြီးကို ဟလိုက်ပြီး သာမန်ဟိန်းဟောက်သံမျိုး မဟုတ်ဘဲ ချော်ရည်များကဲ့သို့ ပူပြင်းသည့် စုစည်းထားသော မီးတောက်များကို မှုတ်ထုတ်လိုက်သည်။
မီးတောက်များက ထွက်ပြေးရန် ကြိုးစားနေသည့် လက်တံကို ချက်ချင်းပင် ဝါးမျိုသွားလေသည်။
"ဂျစ်... ဂျွတ်..."
မြင့်မားသည့် အပူချိန်အောက်တွင် လက်တံက ပြင်းထန်စွာ ရုန်းကန်လိမ်ကောက်သွားပြီး ကြက်သီးထဖွယ် လောင်ကျွမ်းသံများနှင့်အတူ အဆီများ ကြော်နေသကဲ့သို့ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာလေတော့သည်။
အခန်း ၄၆၁ပြီး၏။