← Chapters

အခန်း ၄၆၅

Vol. 47 Ch. 465

အခန်း ၄၆၅

Vol. 47 Ch. 465

အခန်း (၄၆၅) အမှောင်လက်သည်း

​သူတို့က အာမေဍိတ်သံများ မထွက်သွားစေရန် ပါးစပ်ကို တင်းတင်းအုပ်ထားကြသော်လည်း ပြူးကျယ်နေသော မျက်လုံးများက ကားပြတင်းပေါက်တွင် ကပ်နေကာ အသေးစိတ်အချက်အလက်လေး တစ်ခုမျှ လွတ်သွားမည်ကို စိုးရိမ်သည့်အလား ယခင်က တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းတိုင်းကို လောဘတကြီး မှတ်တမ်းတင်နေခဲ့ကြသည်။

​အနာဂတ်မြို့တော်တစ်ခု၏ ဤကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ နစ်မြုပ်နေရသော အတွေ့အကြုံက မည်သည့် ပုံရိပ်ယောင်ဂိမ်းထက်မဆို များစွာ ပို၍လက်တွေ့ဆန်ပြီး အသက်ရှူမှားလောက်အောင် ကောင်းမွန်နေချေသည်။

​ကျန်းယဲ့၏ အကြည့်က ဘူတာရုံအမည်များနှင့် နယ်မြေအချက်အလက်များကို မှတ်သားပြသထားပြီး အဆက်မပြတ် ရွေ့လျားနေသော ရထားတွဲနံရံ အပေါ်ပိုင်းရှိ အီလက်ထရောနစ် လမ်းကြောင်းမြေပုံပေါ်သို့ ဝေ့ကြည့်လိုက်၏။

​လက်သည်းရာ တိုတမ်ပုံစံဖြင့် ရေးသားထားသော ထိုကွေ့ကောက်နေသည့် စာလုံးများကို သူ တစ်ခါမှ မသင်ဖူးခဲ့သော်လည်း စနစ်၏ အချိန်နှင့်တစ်ပြေးညီ ဘာသာပြန်ပေးသည့် လုပ်ဆောင်ချက်ကြောင့် ၎င်းတို့၏ အဓိပ္ပာယ်ကို အခက်အခဲမရှိ နားလည်နိုင်ခဲ့သည်။ နောက်ဆုံးမှတ်တိုင် : E-နယ်မြေ - သံမဏိလက်သည်း ရင်ပြင်။

​သူ၏ မျက်ခုံးများက မသိမသာ တွန့်ချိုးသွားရသည်။

​စနစ်မှ ပေးထားသော မြို့ပြ နောက်ခံအချက်အလက်များအရ မြင့်မြတ်လက်သည်းမြို့တော်ဟုခေါ်သော ဤမဟာမြို့တော်ကြီးကို ဗဟိုအာဏာပိုင်နယ်မြေအဖြစ် အလယ်ဗဟိုတွင်ထားရှိကာ A မှ F အထိ အဓိက လူနေရပ်ကွက် ခြောက်ခုဖြင့် ခွဲခြားထား၏။

​သူတို့ အခုလေးတင် ထွက်ပြေးလွတ်မြောက်လာခဲ့သည့် F-နယ်မြေက မြို့၏ အစွန်ဆုံးအပိုင်းဖြစ်ပြီး အတော်လေး စည်းကမ်းမဲ့ကာ ကာကွယ်ရေးစနစ် အားနည်းသော နေရာတစ်ခုပင်။

​E-နယ်မြေက F-နယ်မြေထက် ပိုကောင်းသော်လည်း ၎င်းမှာ အထောက်အကူပြု သားရဲလူသားများနှင့် သာမန်အရပ်သားများ အဓိကနေထိုင်ရာ နေရာတစ်ခုသာ ဖြစ်နေသေးပြီး ၎င်း၏ လုံခြုံရေးနှင့် အလုံးစုံ ပတ်ဝန်းကျင် အခြေအနေမှာ ​အရမ်းကောင်းမွန်ခြင်း မရှိသေးချေ။

​ကျန်းယဲ့က သူ၏ စိတ်ထဲတွင် ရွေးချယ်စရာများကို အလျင်အမြန် ချိန်ဆလိုက်၏။

​ဗဟိုနယ်မြေက အင်အားကြီးသူများနှင့် သူဌေးများ စုဝေးရာနေရာဖြစ်ပြီး လုံခြုံရေး အလွန်တင်းကျပ်မည်မှာ သေချာလှသည်။ ထို့ကြောင့် သာမန်သားရဲလူသားများနှင့် အရပ်သားများမှာ ဝင်ရောက်ခွင့်ပင် မရှိကြချေ။ မည်သူမည်ဝါမှန်း မသိရသော ဤပြင်ပလူများ ထိုနေရာသို့ ရမ်းတမ်းသွားရောက်ခြင်းက ပြဿနာရှာခြင်းနှင့် အတူတူပင်။

​A-နယ်မြေက B-နယ်မြေနှင့် ဆင်တူပြီး ချမ်းသာကြွယ်ဝသူများနှင့် အဆင့်မြင့် အရာရှိများ၏ နယ်မြေဖြစ်ရာ သူတို့၏ အလည်အပတ် ခရီးစဉ်အတွက်လည်း မသင့်တော်ချေ။

​"C-နယ်မြေ..." ကျန်းယဲ့က တီးတိုးရေရွတ်လိုက်၏။

​အချက်အလက်များအရ C-နယ်မြေက ဤမြို့တော်ရှိ တိုက်ခိုက်ရေး အမျိုးအစား သို့မဟုတ် နည်းပညာ အမျိုးအစား သားရဲလူသားများ အဓိက နေထိုင် လှုပ်ရှားရာနေရာဖြစ်ပြီး သူတို့၏ ကိုယ်ပိုင်စွမ်းအားနှင့် အရည်အချင်းများမှတစ်ဆင့် လူမှုရေး အဆင့်အတန်း တစ်ခုကို ရရှိထားကြသူများ ဖြစ်ကြသည်။

​ထိုနယ်မြေက အတော်လေး စည်းကမ်းတကျရှိပြီး အခြေခံအဆောက်အအုံများ ပြည့်စုံသော်လည်း ဗဟိုနယ်မြေလောက်တော့ လုံခြုံရေး တင်းကျပ်မနေချေ။ ထို့ပြင် လူကောင်းလူဆိုး ရောနှောနေမှု အတိုင်းအတာကလည်း E နှင့် F နယ်မြေများထက် များစွာ လျော့နည်းလေသည်။

​ဤစိမ်းသက်သော အငွေ့အသက်များကို ခံစားရန်အတွက် အတော်လေး လုံခြုံသော ပတ်ဝန်းကျင်တစ်ခု လိုအပ်နေသည့် ခရီးသွားများအတွက် C-နယ်မြေသည် ကုန်ကျစရိတ် အသက်သာဆုံးနှင့် အလုံခြုံဆုံး ရွေးချယ်မှုဖြစ်ကြောင်း သေချာလှသည်။

​ခုနစ်ရက်ဆိုသည့် အချိန်က C-နယ်မြေကို သေချာ စူးစမ်းလေ့လာရန်နှင့် ဤသားရဲကမ္ဘာ၏ အထက်တန်းစား ဘဝကို ခံစားကြည့်ရန် လုံလောက်သော အချိန်ဖြစ်၏။

​"C-နယ်မြေကို သွားကြမယ်" ကျန်းယဲ့က အလျင်အမြန် ဆုံးဖြတ်လိုက်သည်။

​သူက ပြဿနာတွေ ထပ်မရှာချင်တော့ချေ။ F-နယ်မြေမှ အတွေ့အကြုံက ဤကမ္ဘာတွင် လုံခြုံရေးသည် နံပါတ်တစ် ဦးစားပေးဖြစ်ကြောင်း သူ့ကို သတိပေးရန် လုံလောက်နေပြီ ဖြစ်သည်။

​သူက သီးသန့် အသံလိုင်းမှတစ်ဆင့် ခရီးသွားအားလုံးကို နောက်ထပ် သွားမည့် ခရီးစဉ်အကြောင်း မသိမသာ အသိပေးလိုက်၏။

​ခရီးစဉ်ကို သတ်မှတ်ပြီးနောက် ကျန်းယဲ့က ဤလူသစ်အဖွဲ့ကို ဦးဆောင်ကာ မြင့်မြတ်လက်သည်း မြို့တော်၏ ရှုပ်ထွေးလှသော သယ်ယူပို့ဆောင်ရေး ကွန်ရက်မှတစ်ဆင့် ခရီးဆက်ခဲ့သည်။

​သူတို့က လေဟာပြင်ရထားလမ်းကြောင်းများ၏ မတူညီသော လိုင်းများကို ပြောင်းစီးခဲ့ကြပြီး တစ်ခါတစ်ရံတွင် ကြီးမားလှသော အထပ်ပေါင်းများစွာရှိသည့် သယ်ယူပို့ဆောင်ရေး အချက်အချာနေရာများကို ဖြတ်လျှောက်ခဲ့ကြရာ ဤသားရဲမြို့တော်၏ အံ့မခန်း ကျယ်ပြန့်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ အငွေ့အသက်ကို ခံစားခဲ့ကြရသည်။

​အကြိမ်ကြိမ် ကားပြောင်းစီးပြီးနောက် နောက်ဆုံးတွင် သူတို့ဟာ C-နယ်မြေသို့ သွားမည့် နောက်ဆုံးရထားပေါ်သို့ တက်ရောက်နိုင်ခဲ့ကြသည်။

​ရထားက C-နယ်မြေ၏ ဝင်ပေါက်ဖြစ်သော နောက်ဆုံးဘူတာရုံသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသောအခါ သူတို့ရှေ့ရှိ မြင်ကွင်းက ယခင် ဖြတ်သန်းခဲ့သော နယ်မြေများနှင့် လုံးဝ ကွဲပြားခြားနားနေချေသည်။

​ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် မြင်လိုက်ရသည်မှာ စည်ကားနေသော လမ်းမများဆီသို့ တိုက်ရိုက်သွားနိုင်သည့် လမ်းတစ်ခု မဟုတ်ဘဲ ကျယ်ဝန်းသော်လည်း လုံခြုံရေး အလွန်တင်းကျပ်သော စစ်ဆေးရေး ခန်းမကြီးတစ်ခု ဖြစ်နေခဲ့သည်။

​အပြာရင့်ရောင် အလင်းများ တောက်ပနေသည့် စွမ်းအင်ဂိတ်ပေါက်များစွာကို တစ်တန်းတည်း စီထား၏။ ဝံပုလွေခေါင်း သို့မဟုတ် လင်းယုန်တံဆိပ် ပခုံးပတ်များ တပ်ဆင်ထားပြီး တူညီသော သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသည့် သားရဲလူသား အစောင့်များက ဂိတ်ပေါက်များ၏ တစ်ဖက်တစ်ချက်စီတွင် ခံ့ညားစွာ ရပ်နေကြပြီး သူတို့၏ စူးရှသော မျက်ဝန်းများက ဖြတ်သန်းသွားသူတိုင်းကို အကဲခတ်နေကြသည်။

​အဆင့်မြင့် စကင်ဖတ်စစ်ဆေးရေး ကိရိယာများက C-နယ်မြေသို့ ဝင်ရောက်လာသူ အားလုံးနှင့် သူတို့၏ ပစ္စည်းများကို စစ်ဆေးနေစဉ် အသံတိုးတိုးလေးများ ရံဖန်ရံခါ ထွက်ပေါ်လာခဲ့သည်။

​သူတို့နှင့်အတူ ကားပေါ်မှ ဆင်းလာကြသော သားရဲလူသားများမှာ ဤလုပ်ငန်းစဉ်နှင့် ရင်းနှီးနေပုံရပြီး စည်းကမ်းတကျ တန်းစီလိုက်ကြ၏။

​ကျန်းယဲ့ကလည်း တည်ငြိမ်စွာပင် ခရီးသွားများကို လိုက်လာရန် လက်ဟန်ပြလိုက်ပြီး သူကိုယ်တိုင်လည်း သားရဲလူသားများ၏ တန်းစီနေမှုထဲသို့ ဝင်ရောက်သွားလိုက်သည်။

​ခရီးသွားများမှာ အနည်းငယ် စိုးရိမ်နေကြသော်လည်း ကျန်းယဲ့၏ တည်ငြိမ်သော ဟန်ပန်ကို မြင်သောအခါ သူတို့က တည်ငြိမ်မှုကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားကြပြီး ပတ်ဝန်းကျင်ရှိ သားရဲလူသားများကဲ့သို့ပင် တိတ်ဆိတ်စွာ တန်းစီလိုက်ကြသည်။

​တန်းစီနေစဉ် သားရဲလူသားများ၏ တီးတိုးပြောဆိုသံများက လွှဲဖယ်၍မရနိုင်အောင် သူတို့၏ နားထဲသို့ ရောက်ရှိလာလေသည်။

​"မင်းတို့ ကြားပြီးပြီလား... ဒီတစ်ခါ F-နယ်မြေမှာ ပြဿနာအကြီးကြီး တက်သွားတယ်... ကြည့်ရတာ အဆင့်မြင့် ညစ်ညမ်းကိုယ်ထည် အကောင်ရေ တော်တော်များများ ဝင်သွားပြီး ကာကွယ်စောင့်ရှောက်သူ အတော်များများလည်း သေသွားတယ်တဲ့..."

​"ခိုးဝင်သွားရုံတင် မကဘူးဟေ့... အမှောင်လက်သည်းက အရူးတွေက အဲဒီအကောင်တွေကို တမင်တကာ သွင်းလာခဲ့တာဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ အတွင်းသတင်းတစ်ခုကို အခုလေးတင် ငါရထားတယ်"

​"ဘာ... အမှောင်လက်သည်းဟုတ်လား... သူတို့ ရူးသွားကြပြီလား... ညစ်ညမ်းကိုယ်ထည်တွေကို လူနေရပ်ကွက်တွေထဲ သွင်းလာတယ်ပေါ့"

​"ဟမ့်... သန့်စင်တဲ့ဆင့်ကဲပြောင်းလဲခြင်းကို ယုံကြည်တဲ့ အဲဒီသစ္စာဖောက်တွေရဲ့ ဦးနှောက်တွေကို ညစ်ညမ်းကိုယ်ထည်တွေက စားသုံးသွားတာ ကြာလှပြီ... ကမ္ဘာကြီး ဖရိုဖရဲဖြစ်သွားမှာကို သူတို့က သဘောကျနေမှာပေါ့"

​"ဒါကြောင့်မလို့ C-နယ်မြေ ဝင်ပေါက်မှာ စစ်ဆေးရေးဂိတ်တွေ ရုတ်တရက်ချပြီး ဒီလောက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြတာကိုး... ကြည့်ရတာ ရေမြောင်းထဲက ကြွက်တွေ ခိုးဝင်ပြီး ပြဿနာရှာမှာကို တားဆီးနေတာပဲ"

​"စိတ်မပူပါနဲ့... C-နယ်မြေက F-နယ်မြေလို မဟုတ်ဘူး... ဒီက ငါတို့ရဲ့ ကာကွယ်စောင့်ရှောက်သူတွေက သွားစလို့ရတဲ့ သူတွေ မဟုတ်ဘူး... အမှောင်လက်သည်းက ကောင်တွေ မျက်နှာပြရဲရင် အသက်ရှင်လျက် ပြန်ထွက်သွားရမှာ မဟုတ်ဘူး"

​"ဟုတ်တယ်.... C-နယ်မြေရဲ့ ကာကွယ်ရေးစနစ်နဲ့ အင်အားကြီးသူအရေအတွက်က အမှောင်ထဲကနေ ကျောချမ်းအောင် လုပ်တတ်တဲ့ အဲဒီသစ္စာဖောက်တွေ လှုပ်ခတ်နိုင်တဲ့အရာ မဟုတ်ဘူး..."

​ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ တန်းစီသည့် နေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး သူတို့၏ အဖွဲ့မှ သာမန်အဖွဲ့ဝင်များကဲ့သို့ပင် အလွန်အမင်း စူးစမ်းလိုစိတ် သို့မဟုတ် စိုးရိမ်ထိတ်လန့်မှုများကို မပြသကြချေ။

​သို့သော်လည်း လူတိုင်းက အရပ်မျက်နှာ အားလုံးမှ ထွက်ပေါ်လာသော ဆွေးနွေးပြောဆိုသံများကို နားစွင့်နေကြပြီး အသုံးဝင်သော အချက်အလက်များကို ဆွဲထုတ်နေခဲ့ကြသည်။

​၎င်းက သူတို့ကို လက်ရှိ အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖျင်း သဘောပေါက်သွားစေ၏။

​F-နယ်မြေရှိ ကပ်ဘေးမှာ အမှောင်လက်သည်းဟုခေါ်သော သစ္စာဖောက်အဖွဲ့အစည်းတစ်ခုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး C-နယ်မြေရှိ လက်ရှိ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကျပ်မှုမှာလည်း အမှောင်လက်သည်း အဖွဲ့ဝင်များကို ဖမ်းဆီးရန် ဖြစ်သည်။

​ခေတ်ကာလ မည်သို့ပင်ရှိစေကာမူ သူရဲကောင်းများ အမြဲတမ်း ရှိနေတတ်သည်။

​ထို့အတူ လူ့အဖွဲ့အစည်းကို မကျေနပ်သော သစ္စာဖောက်များဆိုသည်မှာလည်း ဘယ်တော့မှ ရှားပါးသွားမည် မဟုတ်ချေ။

​ကျန်းယဲ့ အစစ်ဆေးခံရမည့် အလှည့်သို့ ရောက်သောအခါ ကျန်းယဲ့က သူ့ရှေ့ရှိ သားရဲလူသားများကို အတုခိုးကာ စစ်ဆေးရေးဂိတ်ဘေးရှိ တိုင်ပုံစံ စကင်ဖတ်စက်ဆီသို့ သူ၏ လက်ကောက်ဝတ်ကို တည်ငြိမ်စွာ ဆန့်ထုတ်လိုက်ပြီး သူ၏ မျိုးဗီဇလက်ကောက်ကို စက်ပေါ်ရှိ အာရုံခံဧရိယာနှင့် ချိတ်ဆက်ခွင့် ပြုလိုက်၏။

​"တီ" ဟူသော အသံတိုးတိုးလေးတစ်ခုနှင့်အတူ သူ၏ ကိုယ်ရေးအချက်အလက်ကို စက်အထက်ရှိ ဟိုလိုဂရမ် မျက်နှာပြင်ပေါ်သို့ ချက်ချင်း ထုတ်လွှင့်ပြသလိုက်သည်။

​【အမည်】 - ကျန်းယဲ့

【အဆင့်】 - A+

【သားရဲအသွင်】 - သိုး

【အသက်】 - ၂၄ နှစ်

【အရပ်】 - ၁၈၅ စင်တီမီတာ

【ကိုယ်အလေးချိန်】 - ၇၀ ကီလိုဂရမ်

​ကျန်းယဲ့ : "..."

​သူ၏ အကြည့်များက သားရဲအသွင် : သိုးဟူသော စကားလုံးများပေါ်တွင် ရပ်တန့်သွားပြီး သူ၏ နှုတ်ခမ်းများက မသိမသာ တွန့်ကွေးသွားရသည်။

​စနစ်က ဘာကို ဆိုလိုချင်တာလဲဟ....

​ရုပ်ဖျက်ချင်တယ် ဆိုရင်တောင်မှ အနည်းဆုံးတော့ ငါ့ကို ပိုပြီး ခန့်ညားပြီး ကြီးစိုးနိုင်တဲ့ ရွေးချယ်မှုတစ်ခု ပေးလို့မရဘူးလား။

​နဂါး၊ ကျား၊ ခြင်္သေ့၊ ကျားသစ်... ဝက်ဝံဖြစ်ဖြစ်ပေါ့။

​ခုက ဘာကို သိုးလဲ....

​ခေါင်းဆောင်လို့ ဆိုလိုချင်တာလား... ငါက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လို့ ဆိုလိုချင်တာလား။ အဲဒီလို သဘောမျိုးလား။

​ကျန်းယဲ့က ကွေးညွတ်နေသော သိုးထီးချိုတစ်စုံဖြင့် အော်မြည်နေသော သူ၏ပုံစံကို ချက်ချင်း မြင်ယောင်သွားပြီး ကျောချမ်းသွားသည်ဟု ခံစားလိုက်ရ၏။

​သူ ပိုတွေးလေလေ စနစ်က တမင်သက်သက် လုပ်နေခြင်းဖြစ်ကြောင်း ပို၍ သေချာလာလေလေပင်။

အခန်း ၄၆၅ပြီး၏။

All Chapters