အခန်း ၄၆၆
Vol. 47 Ch. 466
အခန်း (၄၆၆) ခေါင်းဆောင်
ကျန်းယဲ့၏အနောက်တွင် ရပ်နေသော လီကျန့်လင်းက လည်ပင်းကိုဆန့်ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို မြင်သွားလေသည်။ ထိုအရာကြောင့် သူက ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ရုတ်တရက် အသံထွက်ရယ်မိသွားပြီးနောက် သူ၏ပါးစပ်ကို အလျင်အမြန် ပြန်အုပ်လိုက်သော်လည်း သူ၏ပခုံးများက တသိမ့်သိမ့် တုန်ခါနေဆဲပင်။
စကင်ဖတ်စက်က ကျန်းယဲ့၏ ကိုယ်ရေးအချက်အလက်မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ပြီး အပေါ်ရှိ သတိပေးမီးရောင်က အစိမ်းရောင်သို့ ပြောင်းသွားကာ ဖြတ်သန်းခွင့်ပြုကြောင်း အချက်ပြလိုက်၏။
ကျန်းယဲ့က အမူအရာကင်းမဲ့စွာဖြင့် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ဖြတ်သန်းခွင့်ပြုသော နေရာသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်ကာ စိတ်မချရသော စနစ်ကို စိတ်ထဲမှနေ၍ အသုံးမကျကြောင်း မှတ်ချက်ချလိုက်သည်။
ထို့နောက် ချက်ချင်းပင် လီကျန့်လင်းက ရှေ့သို့ထွက်လာပြီး ကျန်းယဲ့ကို အတုခိုးကာ သူ၏ မျိုးဗီဇလက်ကောက်ကို အာရုံခံဧရိယာနှင့် ချိတ်ဆက်လိုက်၏။
နောက်ခဏ၌ သူ၏ အချက်အလက်များကလည်း ထွက်ပေါ်လာခဲ့သည်။
【အမည်】 - လီကျန့်လင်း
【အဆင့်】 - A+
【သားရဲအသွင်】 - ဝံပုလွေ
【အသက်】 - ၃၅ နှစ်
【အရပ်】 - ၁၇၉ စင်တီမီတာ
【ကိုယ်အလေးချိန်】 - ၇၅ ကီလိုဂရမ်
ကျန်းယဲ့က အနောက်သို့ လှမ်းကြည့်လိုက်ရာ လီကျန့်လင်း၏ တောက်ပနေသော သားရဲအသွင် : ဝံပုလွေဟူသည့် စာသားကို မြင်လိုက်ရသောအခါ သူ၏ သိုးဟူသော ဇာတ်ကောင်သတ်မှတ်ချက်ကို တွေးမိပြီး ပို၍ပင် ခံပြင်းသွားရသည်။
ဒီစနစ်က လုံးဝကို လိမ်လည်လှည့်ဖြားနေတာပဲကွ....
အဖွဲ့ဝင်တွေကိုကျတော့ ဝံပုလွေဖြစ်ခွင့်ပေးပြီး ခေါင်းဆောင်ကျတော့မှ သိုးတဲ့လား။
သူက သိုးတွေကို မကြိုက်တာတော့ မဟုတ်ပါဘူး (ကောင်းပြီလေ... တကယ်တော့ သူ နည်းနည်း မကြိုက်တာပါ)။ ဒါပေမဲ့ ဘယ်ယောကျ်ားလေးကများ ကိုယ့်ရဲ့ သားရဲအသွင်ကို ပိုပြီး ခန့်ညားကြီးစိုးချင်တဲ့ ပုံစံမျိုး မဖြစ်ချင်ဘဲ နေမည်နည်း။
ကျားတွေ၊ ဧရာမ နဂါးကြီးတွေ၊ ထောင်ထျဲ (ဒဏ္ဍာရီလာသားရဲ)တွေ... ကြံ့တောင် ဖြစ်နိုင်သေးတယ်။ စနစ်... မင်းက လုံးဝကို ရူးကြောင်ကြောင် ဟာသလုပ်နေတာပဲဟ....
အဖွဲ့ဝင်အားလုံး စစ်ဆေးရေးဂိတ်ကို ဘေးကင်းစွာ ဖြတ်သန်းပြီးသွားသောအခါ ကျန်းယဲ့က လူအုပ်ကြီးကို ဦးဆောင်ကာ C-နယ်မြေ အတွင်းရှိ ထင်ရှားစွာ အမှတ်အသားပြထားသော လေဟာပြင် ဘတ်စ်ကားမှတ်တိုင်တစ်ခုဆီသို့ ခေါ်ဆောင်သွားလိုက်သည်။
ဒီကိုလာရာလမ်းတွင် ကျန်းယဲ့သည် မျိုးဗီဇလက်ကောက်ထဲတွင် ထည့်သွင်းထားသော ကွန်ရက်ကို အသုံးပြု၍ C-နယ်မြေရှိ ဟိုတယ်အချက်အလက်များကို အလျင်အမြန် ရှာဖွေစစ်ထုတ်ပြီးဖြစ်လေသည်။
ထိုအထဲမှ အမှောင်လမင်းဟိုတယ်ဟုခေါ်သော ဟိုတယ်တစ်ခုက ဒေသတွင်း သုံးသပ်ချက် ပလက်ဖောင်းများစွာတွင် ချီးကျူးမှုများစွာ ရရှိထား၏။ ၎င်း၏ အလွန်ကောင်းမွန်သော ဝန်ဆောင်မှု၊ လုံခြုံရေးကောင်းမွန်မှုနှင့် အလယ်အလတ်မှ အမြင့်ပိုင်းအထိရှိသော ဈေးနှုန်းများကြောင့် သားရဲလူသား ခရီးသွားများနှင့် စီးပွားရေးသမား အများအပြား၏ နှစ်သက်သဘောကျမှုကို ရရှိထားချေသည်။
ကျန်းယဲ့က သူ၏ လက်ကောက်ဝတ်မှတစ်ဆင့် ကြိုတင်ဘွတ်ကင်လုပ်ခြင်းကို လျင်မြန်စွာ အပြီးသတ်လိုက်ပြီး အခန်းတစ်ဆယ့်ခြောက်ခန်းကို တိုက်ရိုက် ကြိုတင်မှာယူလိုက်သည်။ အဖွဲ့ဝင်နှစ်ယောက်ကို တစ်ခန်းနှုန်းဖြင့် နေရာချပေးကာ သူကိုယ်တိုင်ကတော့ တစ်ယောက်အိပ်ခန်းကို ယူလိုက်၏။
သူက ကုန်ကျစရိတ်များကို ကြိုတင်ရှင်းပေးထားမည်ဖြစ်ပြီး နောက်မှ အဖွဲ့ဝင်များထံမှ ကုန်ကျစရိတ်ကို အညီအမျှ ပြန်လည်ကောက်ခံမည် ဖြစ်သည်။
ဤကဲ့သို့သော အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် သူက အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။
သူတို့အဖွဲ့ သတ်မှတ်ထားသော ဘတ်စ်ကားမှတ်တိုင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့က အမှောင်လမင်း ဟိုတယ်၏ သပ်ရပ်လှပသော လခြမ်းပုံ လိုဂိုတပ်ဆင်ထားသည့် ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိသော ယာဉ်ပျံတစ်စီး သူတို့ဘေးတွင် ရပ်နားထားသည်ကို ချက်ချင်း မြင်လိုက်ရ၏။
ကျားသစ်နားရွက်တစ်စုံရှိပြီး သေသပ်စွာ ဝတ်စားဆင်ယင်ထားသည့် သားရဲလူသား ယာဉ်မောင်းတစ်ဦးက ကားဘေးတွင်ရပ်ကာ သူတို့ကို ပြုံးပြနေလေသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျားသစ်နားရွက်နှင့် သားရဲလူသားက ချက်ချင်း ရှေ့သို့ထွက်လာပြီး အနည်းငယ် ဦးညွှတ်ကာ ရိုသေလေးစားစွာဖြင့် "လေးစားအပ်ပါသော ဧည့်သည်တော်များ... ခင်ဗျားက မစ္စတာကျန်းများလား ခင်ဗျာ" ဟု မေးမြန်းလိုက်သည်။
"ကျွန်တော်ပါ" ကျန်းယဲ့က ခေါင်းညိတ်လိုက်၏။
ကျားသစ်နားရွက်နှင့် သားရဲလူသားက ဘွတ်ကင်အချက်အလက်များကို အတည်ပြုရန် သူ၏ လက်ကောက်ကို ကျန်းယဲ့၏ လက်ကောက်နှင့် ချက်ချင်း ခပ်ဖွဖွ ထိလိုက်သည်။
အရာအားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူ၏ အပြုံးက ပိုမို နွေးထွေးကာ ရိုးသားလာခဲ့သည်။ "အမှောင်လမင်းဟိုတယ်ကနေ ကြိုဆိုပါတယ် ဂုဏ်သရေရှိ ဧည့်သည်တော်တို့... ကားအဆင်သင့်ဖြစ်ပါပြီ... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျာ"
သူက ကားတံခါးကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ခရီးသွားများ စည်းကမ်းတကျ ကားပေါ်တက်နိုင်ရန် တံခါးအထက်တွင် သူ၏လက်ကို ဂရုတစိုက် ကမ်းပေးထားခဲ့သည်။
သူ၏ ဝန်ဆောင်မှုက ပရော်ဖက်ရှင်နယ်ဆန်ပြီး ဂရုတစိုက်ရှိလှရာ လူတိုင်းကို နွေဦးလေညင်းလေးနှင့် ရေချိုးလိုက်ရသကဲ့သို့ စိတ်အေးချမ်းသွားစေသည်။
ယာဉ်ပျံက ချောမွေ့စွာ စတင်ထွက်ခွာသွားပြီး C-နယ်မြေ အထက်ရှိ စဉ်ဆက်မပြတ် သွားလာနေသော ယာဉ်ပျံများ၏ ရေစီးကြောင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ယာဉ်မောင်းဖြစ်သူ ကျားသစ်နားရွက်နှင့် သားရဲလူသားမှာ စကားပြောကောင်းပြီး အကဲခတ်ကောင်းသူ တစ်ဦးဖြစ်၏။ သူက နောက်ကြည့်မှန်မှတစ်ဆင့် ထူးခြားသော ရုပ်ရည်ရှိသည့် ဤဧည့်သည်အဖွဲ့ကို ကြည့်ကာ စကားစမြည် စတင်လိုက်သည်။ "လူကြီးမင်းတို့ရဲ့ အသွင်အပြင်ကို ကြည့်ရတာ ကျွန်တော်တို့ရဲ့ C-နယ်မြေကို ပထမဆုံးအကြိမ် လာလည်တာများလား ခင်ဗျာ"
"ဟုတ်ပါတယ်" ကျန်းယဲ့က ပြန်ဖြေလိုက်သည်။ "ကျွန်တော်က ဒီကို အသစ်ရောက်လာတာဆိုတော့ ဒီနယ်မြေနဲ့ သိပ်မရင်းနှီးသေးဘူး... သွားသင့်တဲ့ နေရာလေးတွေများ အကြံပြုပေးစရာ ရှိလား"
"အများကြီးရှိတာပေါ့ဗျာ...." ကျားသစ်နားရွက်နှင့် ယာဉ်မောင်းမှာ ချက်ချင်း တက်ကြွလာပြီး ရတနာသိုက်ကြီးတစ်ခုကို တွေ့လိုက်ရသည့်အလား အစားအသောက်များအကြောင်း စတင် မိတ်ဆက်ပေးတော့၏။ "အစားအသောက်နဲ့ ပတ်သက်လာရင်တော့ ချော်ရည် လမ်းမကြီးကို လုံးဝ လက်လွတ်ခံလို့ မရဘူးဗျ။ အဲဒီလမ်းတစ်လျှောက်လုံးက မီးလျှံဆင်ပြောင်အသားကင်ကနေ ရေခဲပြင်ငွေရောင်ငါး ဆာရှိမိအထိ ဒေသအသီးသီးက အရသာတွေကို စုစည်းပေးထားတာ... ခင်ဗျားတို့ရဲ့ ခံတွင်းကို သေချာပေါက် ကျေနပ်သွားစေရမယ်..."
"အကယ်လို့ ညဘက် လည်ပတ်စရာကို ခံစားချင်တယ်ဆိုရင်တော့ ကြယ်ရောင်မြစ်ကမ်းဘေးကို သွားလို့ရတယ်... အဲဒါက အငွေ့အသက်ကောင်းတဲ့ ဘား တွေ အပြည့်ရှိတဲ့ လမ်းပဲ။ စတိုင်လ်မျိုးစုံရှိတဲ့ ဘားတွေရှိတယ်... ပြီးတော့ ခင်ဗျားတို့အနေနဲ့ အံ့သြစရာကောင်းတဲ့... အမ်း... တွေ့ဆုံမှုမျိုးတွေတောင် ကြုံရနိုင်တယ်" သူက မျက်စိတစ်ဖက်မှိတ်ပြကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
"အကယ်လို့များ ခင်ဗျားတို့က စိတ်လှုပ်ရှားစရာ ကောင်းတာတစ်ခုခုကို နှစ်သက်တယ်ဆိုရင်တော့..." သူက လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်လေးတစ်ခု ထည့်သွင်းကာ အသံကို နှိမ့်လိုက်လေသည်။ "ဗဟိုနယ်မြေမှာရှိတဲ့ ဟိန်းဟောက်မှု အားကစားရုံက သေချာပေါက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပဲ။ နေ့တိုင်းလိုလို ထိပ်တန်း သားရဲစစ်သည်တွေကြားက ရင်ခုန်စရာကောင်းတဲ့ အားပြိုင်ပွဲတွေ ရှိတယ်... တင်းမာပြီး စိတ်လှုပ်ရှားဖို့ကောင်းသလို သွေးဆူစေမယ့် ပွဲတွေပေါ့"
"ခင်ဗျားတို့ အလောင်းအစားလုပ်ပြီး ပျော်ပျော်ပါးပါး ကစားလို့ရတယ်... ကံကောင်းရင် ညတွင်းချင်း သူဌေးဖြစ်သွားနိုင်တယ်ဗျ။ သေချာတာပေါ့..." သူက စကားလမ်းကြောင်းပြောင်းလိုက်ပြီး သတိပေးသည့်လေသံဖြင့် "အန္တရာယ်တွေကလည်း မြင့်မားတယ်လေ။ လူအများစုကတော့ စိတ်လှုပ်ရှားမှုကို ခံစားဖို့လောက်ပဲ သွားကြတာပါ... အဲဒီတော့ အဲဒီထဲမှာ အရမ်းကြီး နစ်မွန်းမသွားပါနဲ့"
ဘတ်စ်ကားပေါ်ရှိ ခရီးသွားအားလုံးမှာ နားစွင့်ထားကြပြီး ကြီးမားသော စိတ်ဝင်စားမှုဖြင့် နားထောင်နေကြ၏။
ကျားသစ်နားရွက်နှင့် ယာဉ်မောင်း ဖော်ပြသွားသော နေရာတိုင်းက သူတို့၏ စိတ်ဝင်စားမှုနှင့် စူးစမ်းလိုစိတ်ကို နှိုးဆွပေးနေချေသည်။
ကြည့်ရတာ ဒီ C-နယ်မြေသို့ လာရောက်ရတဲ့ ခုနစ်ရက်တာ ခရီးစဉ်က ပျင်းစရာကောင်းမှာ မဟုတ်တာ သေချာသွားပြီပဲ....
နောက်ခဏ၌ ယာဉ်ပျံက ကြော့ရှင်းသော ဒီဇိုင်းနှင့် လင်းထိန်နေသော ဟိုတယ်တစ်ခုရှေ့တွင် ချောမွေ့စွာ ရပ်တန့်သွားသည်။ ၎င်း၏ ချောမွေ့သော အပြင်ပိုင်းတွင် အမှောင်လမင်း ဟိုတယ်ဟူသော နီယွန်ဆိုင်းဘုတ်က လင်းလက်တောက်ပနေ၏။
ကားရပ်သွားသည်နှင့် တစ်ပြိုင်နက် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းသော ဟန်ပန်ရှိသည့် မြေခွေးမျိုးနွယ်စု သားရဲလူသားတစ်ဦးက ရှေ့သို့ ထွက်လာကာ ဧည့်သည်များအတွက် ပြုံး၍ ကားတံခါးကို ဖွင့်ပေးလိုက်လေသည်။
"အမှောင်လမင်းဟိုတယ်ကနေ ကြိုဆိုပါတယ်"
ကျယ်ဝန်းပြီး လင်းထိန်နေသော ဧည့်ခန်းမကြီးထဲသို့ ဝင်ရောက်လိုက်သည်နှင့် စားပွဲထိုးတစ်ဦးက ချက်ချင်း လာရောက် နှုတ်ဆက်ပြန်သည်။
ကျန်းယဲ့က သူ၏ လက်ကောက်ဝတ်ကို မြှောက်လိုက်ရာ စားပွဲထိုး၏ ကိရိယာက မျိုးဗီဇလက်ကောက်ကို ခပ်ဖွဖွ ဖြတ်သန်းသွားသည်။
"တီ... အတည်ပြုခြင်း အောင်မြင်ပါသည်။ မစ္စတာကျန်း... လူကြီးမင်းရဲ့ အခန်းဆယ့်ခြောက်ခန်း အဆင်သင့်ဖြစ်ပါပြီ။ ဒါက အခန်းသော့တွေပါ"
စားပွဲထိုးက လှပသေသပ်သော သတ္တုအခန်းသော့ တစ်ထပ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
ကျန်းယဲ့က ၎င်းကို ယူလိုက်ပြီးနောက် လှည့်ကာ သူ၏အနောက်ရှိ အဖွဲ့ဝင်များထံသို့ သေသပ်စွာ ဝေငှပေးလိုက်သည်။
"တစ်ခန်းကို နှစ်ယောက်... ခင်ဗျားတို့ဘာသာ စီစဉ်ကြပါ။ ညနေ ၆ နာရီကျရင် ဧည့်ခန်းမမှာ ပြန်ဆုံမယ်" သူက တိုတိုတုတ်တုတ် ရှင်းပြလိုက်၏။ "ကျွန်တော်တို့ ချော်ရည် လမ်းမကြီးမှာ ညစာစားကြမယ်"
"သိပ်ကောင်းတာပေါ့..."
"ငါတော့ ဗိုက်အရမ်းဆာနေပြီ..."
"အဲဒီက မီးလျှံဆင်ပြောင် အသားကင်က တကယ်ကို မိုက်တယ်လို့ ငါကြားဖူးတယ်ဟ"
အစားအသောက်လမ်းသို့ သွားရမည်ကို ကြားသောအခါ အဖွဲ့ဝင်များမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြရသည်။ သူတို့က အခန်းသော့များကို ယူကာ အခန်းဖော်ကိစ္စများကို စိတ်အားထက်သန်စွာ တိုင်ပင်ဆွေးနွေးကြရင်း ဓာတ်လှေကားဆီသို့ တိုးဝှေ့သွားလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ဘလူးစတားရှိ အနောက်မြောက် တရုတ်ပြည်တွင် အထူး ဧည့်ခံရေးနေရာတစ်ခုကို စီစဉ်ထားခဲ့သည်။
ဝင်သွားသော နေဝန်း၏ နောက်ဆုံးရောင်ခြည်တန်းများက မိုးကုတ်စက်ဝိုင်းအောက်သို့ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မျက်စိကျိန်းမတတ် မီးရောင်များက မြို့တစ်ခုလုံးကို ချက်ချင်း လင်းထိန်သွားစေခဲ့သည်။
ဖန်ဖန်က အထူးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ကျယ်ဝန်းသော မြင်ကွင်းရှိသည့် ရှုခင်းကြည့် ပလက်ဖောင်းတစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ပေါ်လာသည်။
ထန်မင်းဆက် သံချပ်ကာများကို ဝတ်ဆင်ထားသော ဤ ခရီးသွားသုံးဆယ်မှာ ခရီးပန်းနေကြပြီး သူတို့၏ မျက်နှာများတွင် အချိန်ကာလနှင့် အခက်အခဲ ဆင်းရဲဒုက္ခများ၏ အမှတ်အသားများကို ရေးထွင်းထားချေသည်။
သူတို့က အနောက်ဘက်ဒေသများကို ဆယ်စုနှစ်များစွာကြာအောင် ကာကွယ်စောင့်ရှောက်ခဲ့ကြပြီး တစ်မြို့လုံးရှိသူများ ဆံပင်များဖြူသွားသည်အထိ၊ သေသည့်တိုင်အောင် သူတို့၏ ဓားကို ဘယ်သောအခါမှ လက်လွှတ်မည်မဟုတ်သည့် အန်းရှီး သံမဏိတပ်မတော်ပင်။
မိုးမျှော်တိုက်ကြီးများ၊ တလက်လက် တောက်ပနေသော နီယွန်မီးရောင်များနှင့် စည်ကားနေသော ယာဉ်အသွားအလာများရှိသည့် ခေတ်သစ်မြို့ပြမြင်ကွင်းကြီးက သူတို့၏ မျက်ဝန်းထဲသို့ အတားအဆီးမရှိ ဝင်ရောက်လာသောအခါ အချိန်ကာလက ထိုအခိုက်အတန့်တွင် အေးခဲသွားသကဲ့သို့ ဖြစ်သွားရသည်။
မည်သည့် အာမေဍိတ်သံမျှ မရှိခဲ့သလို ရုတ်ရုတ်သဲသဲ ဖြစ်မှုမျိုးလည်း မရှိခဲ့ချေ။
စစ်မြေပြင်တွင် သောင်းချီသော တပ်ဖွဲ့များနှင့် ရင်ဆိုင်ရချိန်၌ပင် တစ်ချက်ကလေးမျှ နောက်မဆုတ်ခဲ့ဖူးသော ဤသံမဏိယောက်ျားမာကြီးများမှာ ယခုအခါ ဂါထာမန္တန်တစ်ခုဖြင့် တိုက်ခိုက်ခံလိုက်ရသည့်အလား နေရာတွင် အေးခဲနေကြချေပြီ။
အချိန်ကာလ၏ ဒဏ်ကို ခံခဲ့ရသော မျက်လုံးအစုံများက မယုံနိုင်စွာ ပြူးကျယ်နေကြပြီး သူတို့ အိပ်မက်ထဲတွင်ပင် တစ်ခါမှ မမက်ဖူးခဲ့သော မျက်စိကျိန်းမတတ် တောက်ပနေသည့် နဂါးငွေ့တန်းသဖွယ် ရှေ့မှမြင်ကွင်းကြီးကို ရောင်ပြန်ဟပ်နေခဲ့သည်။
တဖြည်းဖြည်းနှင့် မှုန်ဝါးနေသော သူတို့၏ မျက်ဝန်းများတွင် မျက်ရည်များ စတင်စုဝေးလာကာ တောက်ပလာပြီး နောက်ဆုံးတွင် ပူလောင်သော မျက်ရည်ပူများအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့၏ အရေးအကြောင်းများ ပြည့်နှက်နေသော ကြမ်းတမ်းသည့် မျက်နှာများပေါ်မှ တိတ်ဆိတ်စွာ စီးကျလာလေတော့သည်။
အခန်း ၄၆၆ပြီး၏။