အခန်း ၄၇၀
Vol. 47 Ch. 470
အခန်း (၄၇၀) သနားစရာကောင်းသော ချုံကျန်းဧကရာဇ်
ချန်ချင်းက ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ့ရှေ့မှ ငယ်ရွယ်သော ဧကရာဇ်က သူ၏ ခုခံကာကွယ်မှုများနှင့် ဂုဏ်သိက္ခာများကို လုံးဝချပစ်ကာ သည်းထန်စွာ ငိုကြွေးနေသည်ကို စောင့်ကြည့်နေခဲ့သည်။
သို့သော် သူက ရှေ့တိုးပြီး နှစ်သိမ့်ပေးခြင်း မရှိသလို နှောင့်ယှက်မည့် အသံတစ်ခုမျှလည်း မထွက်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်တွင် ချုံကျန်းဧကရာဇ်သည် မည်သည့်စကားလုံးမှ မလိုအပ်ဘဲ သူ၏ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခုကဲ့သို့ ပိနေသော ခံစားချက်များကို လွတ်လပ်စွာ ဖွင့်ထုတ်ပစ်ရန်သာ လိုအပ်ကြောင်း သူ သိနေသောကြောင့်ပင်။
သူ၏ အကြည့်များက သည်းထန်စွာ ငိုကြွေးနေမှုကြောင့် တုန်ယင်နေသော ချုံကျန်းဧကရာဇ်၏ ပိန်ပါးသေးသွယ်နေဆဲဖြစ်သည့် ပခုံးများပေါ်သို့ ကျရောက်သွားပြီး သူ၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံတို့ ပေါ်ထွက်လာရသည်။
သေချာ စဉ်းစားကြည့်မည်ဆိုလျှင် သူ့ရှေ့မှ ချုံကျန်းဧကရာဇ်မှာ ထီးနန်းတက်ချိန်က အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်သာ ရှိသေးပြီး ယခုအခါ အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးပေသည်။
ထိုအသက်အရွယ်ဖြင့် ခေတ်သစ်တွင်သာ နေထိုင်မည်ဆိုပါက သူသည် တက္ကသိုလ်နယ်မြေထဲမှ ပညာရေး သို့မဟုတ် အချစ်ရေးအတွက် ခေါင်းခဲနေရမည့် လူငယ်လေးတစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။
သို့သော် ကံကြမ္မာက ဤလူငယ်လေး၏ ပခုံးပေါ်သို့ ဤမျှ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို တင်ပေးခဲ့လေသည်။
ပြဿနာပေါင်းစုံဖြင့် ပြည့်နှက်နေပြီး ပြုပြင်၍မရနိုင်တော့သည့် အရှုပ်အထွေးကြီးကို ဆက်ခံရင်း အရေးပေါ်ကာလတွင် သူက တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
သဘာဝဘေးအန္တရာယ်များ၊ လူတို့ဖန်တီးသော ဘေးဒုက္ခများ၊ အုပ်စုကွဲ ပြိုင်ဆိုင်မှုများနှင့် နယ်စပ်ပြဿနာများ... ၎င်းတို့အားလုံးက ရေတွက်မရနိုင်သော အဆိပ်ပြင်းမြွေများကဲ့သို့ ဤဧရာမ အင်ပါယာကြီးကို ရစ်ပတ်ထားကြသည်။
ပို၍ ရက်စက်သည်မှာ သူသည် မိမိနှင့် မိမိ၏ တိုင်းပြည်အတွက် ရှောင်လွှဲ၍မရနိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းသည့် အနာဂတ်ကို ကြိုတင်သိရှိနေပြီး တက်ကြွစွာ ရုန်းကန်နေရသည့် သမိုင်းတစ်လျှောက် တစ်ပါးတည်းသော ဧကရာဇ် ဖြစ်နေခြင်းပင်။
ဤအခိုက်အတန့်တွင် သူချမှတ်လိုက်သော ဆုံးဖြတ်ချက်တိုင်း၊ သူ ရင်ဆိုင်နေရသော ရုန်းကန်မှုတိုင်းက မင်မင်းဆက်၏ သက်တမ်းကို ဆွဲဆန့်ရန်သာမကဘဲ နာကျင်ဖွယ်ကောင်းသော ထိုကြိုတင်သတ်မှတ်ထားသည့် သမိုင်းကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရန်နှင့် ဤနိုင်ငံ၏ အနာဂတ်အတွက် ဖြစ်နိုင်ခြေရှိသော အလှည့်အပြောင်းတစ်ခုကို ရယူရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်၏။
ပြင်ပလူများအနေဖြင့် သူ၏ ဖိအားများ၊ အခက်အခဲများ၊ အထီးကျန်မှုများနှင့် ရင်ကွဲနာကျမှုများ၏ အစိတ်အပိုင်းလေး တစ်ခုကိုပင် မည်သို့ နားလည်နိုင်မည်နည်း။
မလှမ်းမကမ်းရှိ ခေါင်မိုးစွန်းအရိပ်အောက်တွင် ရပ်နေသော နန်းတွင်းရေးရာ ကြီးကြပ်ရေးမှူး မိန်းမစိုး ဝမ်ချန်အန်းမှာလည်း မျက်ရည်များ ကျဆင်းနေပြီဖြစ်ပြီး ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များကို သူ၏ အင်္ကျီလက်ဖြင့် သုတ်နေခဲ့သည်။
သူသည် ဧကရာဇ်မင်းမြတ်ကို နေ့ရောညပါ ခစားနေရသူဖြစ်ရာ လွန်ခဲ့သော နှစ်နှစ်တာကာလကို အရှင်မင်းကြီး မည်သို့ ဖြတ်သန်းခဲ့ရကြောင်းကို သူ အသိဆုံးပင်။
ရေတွက်မရနိုင်သော ညပေါင်းများစွာတွင် နန်းတွင်း စာကြည့်ဆောင်မှ မီးရောင်က မိုးလင်းသည်အထိ လင်းထိန်နေခဲ့သည်။ အရှင်မင်းကြီးက အစီရင်ခံစာများအပေါ်တွင် သက်ပြင်းချကာ ညည်းတွားရင်း မျက်ရည်များကို ခိုးသုတ်နေခဲ့သည်ကို သူ အကြိမ်ကြိမ် မြင်တွေ့ခဲ့ရသည်။ အရှင်မင်းကြီး၏ တဖြည်းဖြည်း ပိန်ချုံးလာသော ခန္ဓာကိုယ်နှင့် မျက်ခုံးများကြားမှ ပျောက်ကွယ်မသွားသော ဝမ်းနည်းမှုများကို ကြည့်ရင်း သူ လွန်စွာ ရင်နာရသည်။
ရွှံ့ သို့မဟုတ် သစ်သားပန်းပုရုပ်များကဲ့သို့ ဓားလက်ကိုင်ကို ကိုင်ကာ ခန့်ညားစွာ ရပ်နေကြသော သက်တော်စောင့်များနှင့် ဖြတ်လျှောက်သွားသော ကင်းလှည့်တပ်ဖွဲ့ဝင်များပင်လျှင် ဤထိန်းချုပ်၍မရနိုင်သော ငိုကြွေးသံကို ကြားနေကြရသည်။
တာဝန်ကျ သက်တော်စောင့်များက သူတို့၏ စစ်ရေးဟန်ပန်ကို ထိန်းသိမ်းထားသော်လည်း သူတို့၏ ခေါင်းများက အသံထွက်ပေါ်လာရာ အရပ်ဆီသို့ အနည်းငယ် ယိမ်းယိုင်နေကြ၏။ ထိုအချိန်၌ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသော သူတို့၏ လက်ဆစ်များမှာ ဖြူရော်နေပြီး သူတို့၏ နှလုံးသားများမှာလည်း တင်းကျပ်ကာ နာကျင်နေကြရသည်။
ကင်းလှည့်တပ်ဖွဲ့ဝင်များကလည်း တစ်ပြိုင်နက် ရပ်တန့်သွားကြပြီး အေးစက်သော လရောင်အောက်တွင် အထူးသဖြင့် ပိန်ပါးကာ အကူအညီမဲ့နေပုံရသော လှေကားထစ်ပေါ်မှ ခွေခွေလေး ထိုင်နေသည့် ပုံရိပ်ကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့ကြလေသည်။
သူသည် မြင့်မြတ်လှသော ဧကရာဇ်တစ်ပါးနှင့် မတူတော့ဘဲ လေးလံလှသော ဝန်ထုပ်ဝန်ပိုးများအောက်တွင် ကြိတ်ချေခံနေရသည့် အထီးကျန် လူငယ်လေး တစ်ယောက်နှင့် ပိုတူနေချေသည်။
ဖိနှိပ်ထားသော ရှိုက်ငိုသံများကို နားထောင်ရင်း အဆုံးအစမရှိသော အကူအညီမဲ့မှု၊ ရင်ကွဲနာကျမှု၊ ဖော်ပြ၍မရနိုင်သော နာကြည်းမှု၊ မသိနိုင်သော ကံကြမ္မာအပေါ် အကြောက်တရားနှင့် ကာလရှည် ဖိနှိပ်ထားခဲ့ရသော ခံစားချက်များ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာမှုတို့ကို ခံစားမိသောအခါ... အကြမ်းတမ်းဆုံး ယောက်ျားရင့်မာကြီးများပင် သူတို့၏ မျက်ဝန်းများ နီရဲလာခြင်းကို မတားဆီးနိုင်တော့ဘဲ တိတ်ဆိတ်စွာ ခေါင်းငုံ့သွားကြတော့သည်။
ဤအခိုက်အတန့်တွင် တားမြစ်နန်းတော်ပေါ်သို့ ကျရောက်နေသော လရောင်ကပင် လေးလံသော ဝမ်းနည်းမှု အငွေ့အသက်ကို သယ်ဆောင်ထားသကဲ့သို့ပင်။
ကျန်းယဲ့တို့ဘက်သို့ ပြန်သွားကြပါစို့.....
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျန်းယဲ့သည် C-နယ်မြေတွင် ခရီးသွား သုံးဆယ်နှင့်အတူ အလွန် ပျော်ရွှင်စွာ အချိန်ဖြုန်းနေခဲ့သည်။
သူတို့က ချော်ရည် လမ်းမကြီးတွင် ရှားပါးဆန်းပြားသော အစားအသောက်မျိုးစုံကို မြည်းစမ်းခဲ့ကြပြီး ကြယ်ရောင်မြစ်ကမ်းဘေးတွင်လည်း သားရဲလူသားများ၏ ထူးခြားသော ဘားယဉ်ကျေးမှုကို ခံစားခဲ့ကြသည်။ သို့သော် သူတို့ အစွဲလမ်းဆုံးနေရာမှာ ဗဟိုနယ်မြေအနီးရှိ ဟိန်းဟောက်မှု အားကစားရုံပင်။
ထိုနေရာတွင် နေ့စဉ်ကျင်းပသော သားရဲလူသားများ၏ တိုက်ခိုက်ရေးပွဲများ၊ ခွန်အားနှင့် ကျွမ်းကျင်မှုတို့၏ အားပြိုင်မှု၊ ရှေးဦး ရိုင်းစိုင်းမှုနှင့် ခေတ်သစ်နည်းပညာတို့၏ ပေါင်းစပ်မှုတို့က ကမ္ဘာမြေ၏ ငြိမ်းချမ်းသော ပတ်ဝန်းကျင်မှ လာသည့် ခရီးသွားအဖွဲ့ကို လွန်စွာ စိတ်လှုပ်ရှားစေလေသည်။ သူတို့က ထိုနေရာတွင် သုံးရက်တိုင်တိုင် အချိန်ဖြုန်းခဲ့ကြပြီး ထိုမြင်ကွင်းများတွင် လုံးဝ နစ်မြုပ်နေအိကြသည်။
သေချာတာပေါ့... ဤလေထုထဲတွင် သူတို့လည်း အလောင်းအစား အနည်းငယ် မလုပ်ဘဲ မနေနိုင်ခဲ့ကြချေ။
ကံကောင်းခြင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ကံကြမ္မာကြောင့်ပဲ ဖြစ်ဖြစ်... လူတိုင်းက သားရဲဒင်္ဂါးပြား အနည်းနှင့်အများ အသီးသီး နိုင်ခဲ့ကြသည်။
ခေါင်းဆောင်ဖြစ်သူ ကျန်းယဲ့ပင်လျှင် ပေါ့ပေါ့ပါးပါး ပွဲအနည်းငယ် ကစားခဲ့ရာ သားရဲဒင်္ဂါးပြား သိန်းနှင့်ချီ၍ အလွယ်တကူ အနိုင်ရခဲ့ပြီး အမြတ်အစွန်းလေးတစ်ခု ရရှိခဲ့သည်ဟု ဆိုနိုင်၏။
ထိုညနေခင်းတွင် ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ စိတ်လှုပ်ရှားမှုများ မပြေသေးဘဲ ဆူညံနေသော အားကစားရုံ၏ တံခါးပေါက်မှ ထွက်လာလိုက်ကြသည်။
သို့သော် သူတို့ မသိခဲ့သည်မှာ အရိပ်များထဲတွင် ပုန်းကွယ်နေသော မျက်လုံးအချို့က လွန်ခဲ့သော သုံးရက်လုံးလုံး သူတို့ကို အရိုးကပ်နေသည့် လောက်ကောင်များကဲ့သို့ တိတ်ဆိတ်စွာ နောက်ယောင်ခံ လိုက်နေခဲ့ခြင်းပင်။
သတိမထားမိနိုင်သော ထောင့်တစ်နေရာတွင် သွက်လက်သော လှုပ်ရှားမှုနှင့် ချွန်မြနေသော နှာခေါင်းရှိသည့် မျောက်သားရဲလူသား တစ်ဦးက မျက်နှာတွင် ဧရာမအမာရွတ်ကြီးတစ်ခုရှိသည့် တောင့်တင်းခိုင်မာသော ကျားသစ်သားရဲလူသား တစ်ဦးထံ တိုးညှင်းစွာ အစီရင်ခံနေလေသည်။
"ဘော့စ် ... ကျွန်တော် သူတို့ကို သုံးရက်တိတိ စောင့်ကြည့်နေခဲ့တာ... လုံးဝ မမှားဘူး... ဒီသိုးဆူကြီးတွေက ကံအရမ်းကောင်းတာပဲ... သူတို့ အားကစားရုံထဲမှာ ပိုက်ဆံတွေ အများကြီး နိုင်ခဲ့ကြတယ်... အထူးသဖြင့် အဲဒီခေါင်းဆောင်ဆိုတဲ့ကောင်ပဲ... သူက တိတ်တိတ်ဆိတ်ဆိတ် နေတတ်ပေမယ့် သူ့ရဲ့ လှုပ်ရှားမှုတွေက တိကျတယ်... သူက ဒင်္ဂါးပြား သိန်းနဲ့ချီပြီး နိုင်ထားတာ"
တောင့်တင်းသော ကျားသစ်လူသားက စူးရှသော အကြည့်ဖြင့် သတိထားကာ အတည်ပြုလိုက်၏။ "မင်း သေချာလို့လား... ငါတို့ကို ပျားအုံ သွားမဆွမိစေနဲ့နော်..."
မျောက်သားရဲလူသားက သူ့ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။ "လုံးဝ သေချာပါတယ်... အားကစားရုံက ဝန်ထမ်းတွေ ရေချိုးခန်းထဲမှာ ပြောနေကြတာကို ကျွန်တော် ကြားခဲ့တာ။ သူတို့က ဘာကိုပဲ လောင်းလောင်း အမြဲတမ်းနိုင်နေတဲ့ ထူးဆန်းတဲ့ စွမ်းရည်ရှိတယ်တဲ့..."
သူက ခေတ္တရပ်လိုက်ပြီးနောက် အမှတ်ယူချင်သည့်ဟန်ဖြင့် ဆက်ပြောလိုက်သည်။ "ဘော့စ်... စိတ်မပူပါနဲ့။ သူတို့က အလွယ်တကူ အနိုင်ကျင့်လို့ရမယ့် သားကောင်တွေမှန်း သိသိချင်းပဲ သူတို့အကြောင်းကို ကျွန်တော် ချက်ချင်း စုံစမ်းလိုက်တယ်... သူတို့က အမှောင်လမင်းဟိုတယ်မှာ တည်းနေကြတာဖြစ်ပြီး C-နယ်မြေကိုလာတာ ဒါပထမဆုံးအကြိမ်ပဲတဲ့။ ဟိုတယ် ဝန်ထမ်းဆီကနေ သူတို့ရဲ့ အချက်အလက်တွေကို ရဖို့တောင် ပိုက်ဆံနည်းနည်း သုံးခဲ့ရသေးတယ်..."
သူက အသံကို နှိမ့်လိုက်ပြီး လေသံတွင် အထင်သေးမှုများ ပါဝင်လာလေသည်။ "သူတို့ရဲ့ အဆင့်တွေက B+ တွေချည်းပဲ... ဒါပေမဲ့... ဟီးဟီး... သူတို့အားလုံးက F-နယ်မြေက လာတာတဲ့။ ကြည့်ရတာ တိုက်ခိုက်ရေးစွမ်းရည် သိပ်မရှိတဲ့ အထောက်အကူပြု သားရဲလူသားတစ်သိုက်ပဲ ဖြစ်ရမယ်"
B+ဟု ကြားလိုက်ရသောအခါ ကျားသစ်လူသား၏ သူငယ်အိမ်များက အနည်းငယ် ကျုံ့ဝင်သွားပြီး စိုးရိမ်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
သို့သော် အထောက်အကူပြု သားရဲလူသား နှင့် F-နယ်မြေဟူသော အဓိက စကားလုံးများက သူ၏ တင်းမာနေသော အာရုံကြောများကို ချက်ချင်း ပြေလျော့သွားစေခဲ့ပြီး ရက်စက်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းများပေါ်တွင် ပေါ်လာချေသည်။
သူက အဆင့် B+ တိုက်ခိုက်ရေး အမျိုးအစား သားရဲလူသားတစ်ဦးကို ရန်စရန် သေချာပေါက် မဝံ့ရဲသော်လည်း အထောက်အကူပြု အမျိုးအစား ဆိုလျှင်ကော။
ဟမ့်... အဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေ သူ့မျက်လုံးထဲတွင်တော့ သားသတ်ရုံသို့ ပို့ခံရမည့် သိုးပေါက်လေးများသာ ဖြစ်၏။ အဆင့်သာရှိပြီး လိုက်ဖက်သော တိုက်ခိုက်ရေးစွမ်းအား မရှိခြင်းက အလကားသာ ဖြစ်လေသည်။
"ကောင်းတယ်...." ကျားသစ်သားရဲလူသားက မျောက်သားရဲလူသား၏ ပခုံးကို ပုတ်ကာ အသိအမှတ်ပြုလိုက်၏။
မျောက်သားရဲလူသားမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားရသည်။
သို့သော် လျှို့ဝှက်ထားသည်ဟု ထင်ရသော သူတို့၏ နောက်ယောင်ခံစောင့်ကြည့်မှုနှင့် အကြံအစည်များကို ကျန်းယဲ့နှင့် သူ၏အဖွဲ့က သိရှိနေပြီးဖြစ်လေသည်။
အဖွဲ့ထဲရှိ အယ်လန်က မျိုးဗီဇလက်ကောက်၏ သီးသန့်လိုင်းမှတစ်ဆင့် တီးတိုးညည်းတွားလိုက်၏။ "ချီးပဲ... ဒီကောင်တွေ တကယ်ကော လှုပ်ရှားမှာ ဟုတ်ရဲ့လား... အရမ်းကို နှေးကွေးလွန်းတယ်"
တကယ်တော့ မျောက်သားရဲလူသား၏ ပေါ့ပျက်ပျက် နောက်ယောင်ခံလိုက်မှုကို ပထမဆုံးရက်မှာကတည်းက ကျန်းယဲ့ သတိထားမိခဲ့ခြင်း ဖြစ်၏။
ထို့နောက် သူက အမှောင်လမင်းဟိုတယ်သို့ ပြန်ကာ ထိုကိစ္စကို စုံစမ်းခဲ့သည်။ ကျန်းယဲ့က ရက်ရောသော ဘောက်ဆူးဖြင့် ဆက်ဆံရေးကောင်းတည်ဆောက်ထားသည့် စားပွဲထိုးက မျောက်သားရဲလူသား မေးမြန်းခဲ့သည်များကို ကျန်းယဲ့ထံသို့ အကုန်အစင် ပြန်လည် အစီရင်ခံခဲ့လေသည်။
ထို့ကြောင့် ကျန်းယဲ့က ဇာတ်တိုက်ကစားရန် ဆုံးဖြတ်လိုက်ပြီး ဤအခြေအနေကို ဖြေရှင်းရန် F-နယ်မြေမှ အဆင့် B+ အထောက်အကူပြု သားရဲလူသားများဟူသော အကြောင်းပြချက်ကို အသုံးပြုရန် စားပွဲထိုးကို သင်ပေးလိာက်သည်။
တစ်ဖက်လူက မနေနိုင်တော့ဘဲ နောက်နေ့တွင် ချက်ချင်း လှုပ်ရှားလာလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း သုံးရက်တိုင်တိုင် စောင့်ခဲ့ရပြီး ထိုကောင်များက အမှောင်ထဲမှနေ၍ စောင့်ကြည့်နေတာကနေ တက်မလာချေ။
အခန်း ၄၇၀ပြီး၏။