← Chapters

အခန်း ၄၄၈

Vol. 45 Ch. 448

အခန်း ၄၄၈

Vol. 45 Ch. 448

အခန်း (၄၄၈) လက်စားချေခြင်း

"ရဲဘော် ကျူးဟောက်က အကောင်းကြီး ရှိသေးတာကို... ငါတို့ဆေးရုံရောက်မှ မင်းတို့က ဒီလိုဆက်ဆံရသလား..."

"ငါတို့ဆေးရုံရဲ့ ဘယ်စည်းမျဉ်းက လူနာကို ကုတင်ပေါ်မှာ ကြိုးတိုးချည်ထားခွင့် ပြုထားလို့လဲ..."

"သူ့မျက်နှာကိုလည်း ကြည့်ကြပါဦး..."

"မင်းတို့က ရဲဘော်ကျူးဟောက်ကိုတောင် ရိုက်ရဲတယ်ပေါ့လေ..."

ခရိုင်ဆေးရုံအုပ်ကြီးသည် ဖူးရောင်နေသော ကျူးဟောက်၏ မျက်နှာကို လက်ညှိုးထိုးပြကာ သူနာပြုများကို စူးရဲစွာ စိုက်ကြည့်၍ အော်ဟစ်လိုက်သည်။

"ငါတို့ဆေးရုံမှာ လူနာကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုတဲ့ထုံးစံ တစ်ခါမှ မရှိခဲ့ဖူးဘူး..."

"သူနာပြုခေါင်းဆောင် မင်းက တော်တော် သတ္တိကောင်းနေတာပဲ..."

"စက်ရုံမှူးကျူးရဲ့ မျက်စိအောက်မှာတင် ခုလိုကိစ္စမျိုး လုပ်ရဲတယ်ပေါ့..."

"မင်းတို့အားလုံး တရားစွဲခံရဖို့သာ ပြင်ထားကြတော့..."

ခရိုင်ဆေးရုံမှ တာဝန်ရှိသူများသည် စကားပြောပြီးသည်နှင့် ရဲစခန်းသို့ လူလွှတ်ကာ ထိုကိစ္စကို ရဲစခန်းမှ တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းစေရန် ပြင်ဆင်လိုက်ကြသည်။

ဆေးရုံအုပ်ကြီး၏ စကားကို ကြားလိုက်ရသောအခါ သူနာပြုများမှာ ချက်ချင်းပင် ကြောက်လန့်တကြား ငိုယိုကုန်ကြတော့သည်။

"ဆေးရုံအုပ်ကြီး... စက်ရုံမှူးကျူး..."

"ကျွန်မတို့ လုပ်တာ မဟုတ်ရပါဘူး..."

သူနာပြုခေါင်းဆောင်မှာ ငိုလုမတတ် ဖြစ်နေလေပြီ။

သူမသည် စကားပြောရန် ကြိုးစားရင်း အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေ၏။

သို့ရာတွင် အလွန်အမင်း ကြောက်ရွံ့နေမှုကြောင့် သူမ၏ စကားများမှာ ပီပီသသ မထွက်နိုင်တော့ချေ။

သူနာပြုခေါင်းဆောင် စကားပြောနေစဉ် အခြားသူနာပြုများမှာလည်း ကြောက်လန့်တကြား ပူးကပ်၍ ငိုယိုနေကြသည်။

မကြာမီမှာပင် လူနာကုတင်ခန်းအတွင်း၌ သူနာပြုများ၏ ငိုသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

ခရိုင်ဆေးရုံမှ တာဝန်ရှိသူများက ရဲစခန်းသို့ တိုင်ကြားရန် လူလွှတ်လိုက်ချိန်တွင်မူ ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ကျူးတာ့ကျွင်းက နောက်ဆုံးတွင် စကားစပြောလာလေသည်။

"ရဲခေါ်ဖို့ မလိုပါဘူး..."

သူသည် ဘေးတွင် ရပ်နေသော ခရိုင်ဆေးရုံအုပ်ကြီးဘက်သို့ လှည့်ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

"ကျူးဟောက်ရဲ့ ဒဏ်ရာတွေက ဆေးရုံက သူနာပြုတွေနဲ့ သက်ဆိုင်ပုံ မရပါဘူး..."

"ဆေးရုံအုပ်ကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်..."

ကျူးတာ့ကျွင်း စကားပြောလာသည်ကို မြင်လိုက်ရမှသာ ကျူးတာ့ကျွင်းနှင့်အတူ လိုက်ပါလာသော ခရိုင်ဆေးရုံမှ တာဝန်ရှိသူများမှာ စိတ်သက်သာရာ ရသွားကြတော့သည်။

ဘာပြဿနာမှ မရှိသည်ကပင် ကောင်းလှပေပြီ။

ဘာယီသံမဏိစက်ရုံ၏ ဒုတိယစက်ရုံမှူးဖြစ်သူ ကျူးတာ့ကျွင်းသည် အလွန်အမင်း မာနကြီးပြီး အငြိုးအတေး ကြီးတတ်သူဖြစ်သည်။

သူတို့သည် ကျူးတာ့ကျွင်းကို မစော်ကားရဲကြပေ။

ထို့အပြင် ရာထူးကြီးကြီးကို အချိန်ကြာမြင့်စွာ ရယူထားသူဖြစ်ရာ သူ၏ အမူအရာတွင် ဒေါသထွက်ပြစရာမလိုဘဲ အလိုလို လေးစားကြောက်ရွံ့လာစေမည့် အာဏာစက် အငွေ့အသက်များ ပါဝင်နေသည်။

ခရိုင်ဆေးရုံမှ တာဝန်ရှိသူများ၏ ရာထူးအဆင့်မှာ သူ့ကို ယှဉ်ရန် အလှမ်းဝေးလွန်းလှသည်။

ထို့ကြောင့် ခရိုင်ဆေးရုံ တာဝန်ရှိသူများမှာ သူ့ကို အနည်းငယ်မျှပင် မစော်ကားရဲကြခြင်းဖြစ်၏။

ထို့အပြင် ယခုတစ်ကြိမ်တွင် ကျူးဟောက်မှာ ပြင်းထန်စွာ အရိုက်ခံထားရသဖြင့် သူတို့မှာ အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိကြချေ။

ကျူးတာ့ကျွင်းက ရဲခေါ်ရန်မလိုဟု ပြောလိုက်သောအခါ ခရိုင်ဆေးရုံမှ တာဝန်ရှိသူများမှာ တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်နိုင်ကြတော့သည်။

"ခရိုင်ဆေးရုံက တာဝန်ရှိသူတွေရဲ့ ဂရုစိုက်ပေးမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်..."

ကျူးတာ့ကျွင်းသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်၍ သူနာပြုများအပေါ်သို့ အကြည့်ရောက်သွားပြီးနောက် ဆက်ပြောလိုက်သည်။

"နောင်များမှာ အကူအညီလိုတာရှိရင် ကျွန်တော့်ဆီ တိုက်ရိုက်လာခဲ့လို့ရပါတယ်..."

အခြားသူများ စကားမပြောနိုင်ခင်မှာပင် ကျူးတာ့ကျွင်းက ဆက်ပြောလိုက်၏။

"ခင်ဗျားတို့ အားလုံး ထွက်သွားလို့ ရပါပြီ... ကျွန်တော့်သားနဲ့ သီးသန့်နေပါရစေဦး..."

"ကျွန်တော့်သားနဲ့ စကားနည်းနည်းလောက် ပြောချင်လို့ပါ..."

ကျူးတာ့ကျွင်း ပြောသည်ကို ကြားလိုက်ရသောအခါ ခရိုင်ဆေးရုံ တာဝန်ရှိသူများမှာ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ထို့နောက် သူတို့အားလုံး တစ်ပြိုင်နက်တည်း မတ်တတ်ရပ်ကာ လူနာခန်းထဲမှ ထွက်ခွာသွားကြတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လူနာခန်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသည်။

လူနာခန်းတံခါးဝ၏ မီတာနှစ်ဆယ် ပတ်လည်တွင်ပင် လူတစ်ယောက်မျှ မရှိတော့ချေ။

လူတိုင်း ထွက်သွားပြီးနောက် ကျူးတာ့ကျွင်းက လူနာခန်းအတွင်းသို့ ဝင်သွားလိုက်သည်။

သူသည် ကျူးဟောက်ဆီသို့ တိုက်ရိုက်မသွားဘဲ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ လိုက်ကာများကို ဆွဲဖွင့်လိုက်၏။

မကြာမီမှာပင် ပြတင်းပေါက်အပြင်ဘက်မှ စူးရှသော နေရောင်ခြည်သည် လူနာခန်း၏ နေရာလွတ်များကို ဖြတ်သန်းဝင်ရောက်လာကာ ကြမ်းပြင်ပေါ်တွင် မှိုင်းပျပျ အရိပ်တစ်ခုကို ကျန်ရစ်စေခဲ့သည်။

ကျူးတာ့ကျွင်းသည် ပြတင်းပေါက်ကို မှီရပ်နေရင်း နေရောင်ခြည်က သူ၏မျက်နှာပေါ်သို့ ကျရောက်နေကာ သူ၏နောက်ကျောဘက်တွင်မူ ကြီးမားသော အရိပ်ကြီးတစ်ခု ကျနေလေသည်။

"ပြောစမ်းပါဦး... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ..."

ကျူးတာ့ကျွင်းက မေးလိုက်သည်။

သူ၏ အသံမှာ အလွန်တည်ငြိမ်နေပြီး မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ဘဲ သူနှင့် မသက်ဆိုင်သည့် အရေးမပါသော ကိစ္စတစ်ခုကို ပြောနေသည့်အလား ပုံပေါက်နေသည်။

ကျူးတာ့ကျွင်း၏ မျက်နှာအမူအရာမှာ သက်သောင့်သက်သာ ရှိနေ၏။

သို့ရာတွင် သူ့ကို သိကျွမ်းသူများသာလျှင် ဤတည်ငြိမ်နေသော အသွင်အပြင်၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ပြင်းထန်သော ဒေါသကို နားလည်နိုင်မည်ဖြစ်သည်။

ကျူးတာ့ကျွင်း၏ စကားကို ကြားလိုက်ရသော်လည်း လူနာကုတင်ပေါ်တွင် လှဲလျောင်းနေသော ကျူးဟောက်မှာမူ စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ချေ။

သူနာပြုများ ထွက်မသွားခင်လေးတွင် သူတို့သည် ကျူးဟောက်အပေါ် ချည်နှောင်ထားမှု အားလုံးကို ဖယ်ရှားပေးခဲ့ကြသည်။

သူ့ကို ချည်နှောင်ထားသော ကြိုးများကို ဖြေပေးခဲ့ပြီး ပါးစပ်ထဲမှ အဖြူရောင် ပိတ်စကိုလည်း ဖယ်ရှားပေးခဲ့၏။

ယခုအချိန်တွင်မူ သူသည် သေသပ်စွာ ထုပ်ပိုးထားသော မံမီရုပ်အလောင်းတစ်ခုကဲ့သို့ အသက်လိပ်ပြာ ကင်းမဲ့နေကာ သေသူတစ်ယောက်အလား လူနာကုတင်ပေါ်တွင် မှီနေရသည်။

ကျူးဟောက်သည် သူ၏အဖေ ကျူးတာ့ကျွင်း၏ မေးခွန်းကို မဖြေချင်ခဲ့ပေ။

သူ၏ စိတ်မှာ လုံးဝ သေဆုံးနေပြီ ဖြစ်သည်။

သူသည် ယခုအခါတွင် ကျူးမိသားစုအတွက် မျိုးဆက်ပြန့်ပွားစေနိုင်စွမ်း မရှိတော့ချေ။

ဤအရာကို တွေးမိလိုက်တိုင်း ကျူးဟောက်၏ မျက်လုံးများတွင် ပူနွေးသော မျက်ရည်များ ရစ်ဝဲလာပြီး ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။ သူ တကယ့်ကို နောင်တရနေမိ၏။

ထိုအချိန်ကသာ ထိုမိန်းမ၏ လှည့်ကွက်ထဲသို့ မကျဆင်းခဲ့လျှင် ကောင်းမည်ဖြစ်သည်။

သူ၏ခေါင်းကြီးကို ခေါင်းလေးက ထိန်းချုပ်ခွင့် မပေးခဲ့သင့်ပေ။

သူ၏ ကာမရာဂစိတ်သာ မရှိခဲ့လျှင် အလှပဂေးဖြင့် ထောင်ချောက်ဆင်ခြင်းကို မည်သို့လျှင် ခံရနိုင်မည်နည်း။

သားဖြစ်သူ ကျူးဟောက် စကားမပြောလိုသည်ကို မြင်လိုက်ရသောအခါ ကျူးတာ့ကျွင်း၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားလေသည်။

"အဲဒီအချိန်က ဘာဖြစ်ခဲ့တယ်ဆိုတာ ရဲစခန်းက ငါ့ကို ပြောပြပြီးပြီ... အခု သူတို့ရဲ့ စုံစမ်းစစ်ဆေးချက်ကို မင်းကို ငါပြောပြမယ်..."

"ငါပြောမယ့် အချက်တိုင်းမှာ တကယ်ဖြစ်ခဲ့တာနဲ့ တူတယ်ဆိုရင် မင်း ခေါင်းညိတ်ပြ..."

"မတူဘူးဆိုရင်တော့ ခေါင်းခါပြ..."

ကျူးတာ့ကျွင်း စကားပြောပြီးသည်နှင့် ရဲစခန်း၏ စုံစမ်းစစ်ဆေးချက်များကို စတင် ပြောပြလေတော့သည်။

သူ၏ စကားများမှာ လီလန်၏ ထွက်ဆိုချက်နှင့် အများစု ကိုက်ညီနေ၏။

ကျူးတာ့ကျွင်း စကားပြောနေစဉ်အတွင်း ကျူးဟောက်မှာ တိတ်ဆိတ်နေပြီး မသိမသာ ခေါင်းညိတ်ပြရုံသာ ပြုလုပ်နေသည်။

မိနစ်ဆယ်ခန့်အကြာတွင် ကျူးတာ့ကျွင်းသည် အသေးစိတ် အချက်အလက်အားလုံးကို ပြောပြပြီးစီးသွားရာ ထိုလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ကျူးဟောက်က ခေါင်းညိတ်ပြခဲ့သည်။

ရှင်းလင်းစွာပင် လီလန်ပြောခဲ့သည့် အရာအားလုံး မှန်ကန်သည်ဟု ကျူးဟောက်က ခံစားနေရခြင်း ဖြစ်သည်။

"တကယ်ပဲ ဝံပုလွေရိုင်းဂိုဏ်း ဖြစ်နေတာကိုး..."

ကျူးတာ့ကျွင်းက အေးစက်စွာ ပြောလိုက်သည်။

ဝံပုလွေရိုင်းဂိုဏ်းမှာ နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။

သူတို့သည် လူဆိုးစစ်စစ်များ ဖြစ်ကြပြီး လူသတ်ခြင်း၊ လုယက်ခြင်းနှင့် မီးရှို့ခြင်းတို့မှာ သူတို့၏ ကျွမ်းကျင်မှုများပင်ဖြစ်၏။

ဤလူများသည် ဒေသခံများကို ဒုက္ခပေးနေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။

သူ ကျူးတာ့ကျွင်း၏ တစ်ဦးတည်းသောသားကို ဤလူများက ယနေ့တွင် ဒုက္ခပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ဤရန်ငြိုးကို ပြန်လည်မချေပနိုင်ပါက သူသည် ယောက်ျားကောင်း တစ်ယောက် မဟုတ်တော့ပေ။

ဤအရာကို တွေးမိလိုက်သည်နှင့် ကျူးတာ့ကျွင်း၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖြတ်ပြေးသွားလေသည်။

ဝံပုလွေရိုင်းဂိုဏ်းမှာ အစအဆုံး အမည်းရောင် သက်သက်သာဖြစ်သည်။

ထိုအချိန်တွင် သူ ကျူးတာ့ကျွင်းကမူ အဖြူရောင်ဖြစ်၏။

ဝံပုလွေရိုင်းဂိုဏ်းက 'အဖြူက အမည်းကို နိုင်သည်' ဆိုသည့် သဘောတရားကို နားမလည်ခဲ့သရွေ့။

သူ ကျူးတာ့ကျွင်းအနေဖြင့် သွေးကြွေးကို သွေးဖြင့်ဆပ်ရန်၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပြန်ယူရန် တောင်းဆိုရတော့မည် ဖြစ်သည်။

ဝံပုလွေရိုင်းဂိုဏ်းသည် ကျေးလက်ဒေသများတွင် နှစ်ပေါင်းများစွာ သောင်းကျန်းနေခဲ့သော်လည်း သူတို့ကိုယ်သူတို့ မနိုင်နိုင်ဘူးဟု တကယ်ပဲ ယုံကြည်နေကြသလား။

ကျူးတာ့ကျွင်းက အံကြိတ်လိုက်သည်။ သူသည် ရဲစခန်းမှ ရာထူးကြီး အရာရှိအချို့ကို သိကျွမ်းထားသည့်အပြင် စက်ရုံ၏ လုံခြုံရေးဌာနမှ လူ ဒါဇင်ပေါင်းများစွာလည်း ရှိနေသေးသည်။

သူသည် ဝံပုလွေရိုင်းဂိုဏ်းကို အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ချေ။

ကျူးတာ့ကျွင်း၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်နေပြီး သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ရှိနေသည်မှာ ထင်ရှားလှသည်။

လူနာကုတင်ပေါ်တွင် လှဲလျောင်းနေသော ကျူးဟောက်ကလည်း သူ၏အဖေ ကျူးတာ့ကျွင်း တကယ့်ကို ဒေါသထွက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

မကြာသေးမီကမှ တည်ငြိမ်သွားသော သူ၏ စိတ်အခြေအနေမှာ ထပ်မံ၍ လှုပ်ရှားလာပြီး နှုတ်ခမ်းများ တုန်ယင်လာကာ ဒေါသအပြည့်ရှိသော မျက်နှာဖြင့် ပြောလိုက်သည်။

"အဖေ... ဝံပုလွေရိုင်းဂိုဏ်းကို လုံးဝ အလွတ်မပေးလိုက်ပါနဲ့နော်..."

"သူတို့... သူတို့က... သားကို တကယ်ကြီး ဒုက္ခရောက်အောင် လုပ်ခဲ့ကြတာ..."

သူ စကားပြောနေစဉ်မှာပင် သူ၏ဆန္ဒနှင့် ဆန့်ကျင်စွာ မျက်ရည်များက ပါးပြင်ပေါ်သို့ ထပ်မံ စီးကျလာတော့သည်။

ကျူးဟောက်သည် ဝံပုလွေရိုင်းဂိုဏ်းမှ လူများကို အရိုးထဲစွဲသည်အထိ တကယ့်ကို မုန်းတီးနေမိသည်။

သူရှိသမျှ ပိုက်ဆံအားလုံးကို သူတို့ကို ပေးခဲ့ပြီး ဖြစ်သည်။

သို့ရာတွင် သူတို့က သူ့ကို အညှာအတာမဲ့စွာ အနိုင်ကျင့်ခဲ့ကြသေးသည်။

သူတို့က သူ၏ ဝှေးစေ့များကို ချေမွခဲ့ပြီး လက်နှင့် ခြေထောက် အရွတ်များကို ဖြတ်တောက်ကာ သူ့ကို လုံးဝ ဒုက္ခိတတစ်ယောက် ဖြစ်သွားစေခဲ့သည်။

အရင်တုန်းက ကျူးဟောက်တစ်ယောက် ဘယ်လို ဘဝမျိုးနဲ့ နေထိုင်ခဲ့ရလဲဆိုတာ သိဖို့တော့ လိုလိမ့်မည်။

ဘာယီသံမဏိစက်ရုံမှာ အကျော်ကြားဆုံး ယောက်ျားတစ်ယောက်ပင် ဖြစ်၏။

သူ့အဖေ ကျူးတာ့ကျွင်း၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဘာယီသံမဏိစက်ရုံသာမက ဖူဆုန့်ခရိုင် တစ်ခုလုံးကပင် သူ၏ ကစားကွင်းဖြစ်ခဲ့သည်။

သို့သော် အခုတော့ ဤအရာက ဘာဖြစ်သွားရတာလဲ။

အလားအလာရှိသော လူငယ်တစ်ယောက်၊ ဒုတိယမျိုးဆက် အမွေဆက်ခံသူ တစ်ယောက်ဘဝမှ လုံးဝ မိန်းမလျှာ တစ်ယောက်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့လေပြီ။

ဤကြီးမားလှသော ကွာဟချက်ကြီးက ကျူးဟောက်ကို တစ်ခဏတာမျှ လက်မခံနိုင်အောင် ဖြစ်စေခဲ့သည်။

မကြုံစဖူးသော ဒေါသတစ်ခုသည် ကျူးဟောက်၏ ရင်ဘတ်ထဲတွင် ဆက်လက်ဖြစ်တည်နေပြီး ပေါက်ကွဲလုနီးပါး ဖြစ်နေသော မီးတောင်တစ်ခုအလား နိမ့်ချည်မြင့်ချည် ဖြစ်နေတော့သည်။

လူနာခန်းအတွင်း၌ ကျူးဟောက်၏ အနည်းငယ် စူးရှသော အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

သူသည် ကုတင်ဘေးတွင် ရပ်နေသော ကျူးတာ့ကျွင်း၏ လက်ချောင်းကို ခက်ခက်ခဲခဲ ဆုပ်ကိုင်ကာ တောင်းပန်လိုက်သည်။

"အဖေ... သားအတွက် လက်စားချေပေးရမယ်နော်..."

ယခုမှစ၍ သူ၏ အဖိုးတန်အရာလေး လုံးဝ အသုံးမဝင်တော့မည်ကို တွေးမိကာ ကျူးဟောက်မှာ သေချင်စိတ် ပေါက်သွားတော့သည်။

သူသည် မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် သူ၏အဖေ ကျူးတာ့ကျွင်းကို ကြည့်ကာ ကျူးတာ့ကျွင်း၏ ပါးစပ်မှ ကျေနပ်လောက်သော အဖြေတစ်ခု ရရှိရန် မျှော်လင့်နေမိသည်။

သို့ရာတွင် ကျူးဟောက်၏ မျှော်လင့်တကြီး အကြည့်များအောက်၌ ဝံပုလွေရိုင်းဂိုဏ်းနှင့် မည်သို့မျှ မသက်ဆိုင်သော မေးခွန်းတစ်ခုကို ကျူးတာ့ကျွင်းက ရုတ်တရက် မေးလိုက်လေသည်။

"အဲဒီနေရာမှာ လီလန်ကို မင်း တွေ့ခဲ့သေးလား..."

လီလန်။

ဤနာမည်ကို ကြားလိုက်ရသောအခါ ကျူးဟောက်မှာ ဆွံ့အသွားတော့သည်။

သူ့ကို ဒုက္ခပေးသူများမှာ ဝံပုလွေရိုင်းဂိုဏ်းမှဖြစ်ပါလျက် သူ၏အဖေက လီလန်ဆိုသည့် နာမည်ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုရသနည်းဆိုတာကို သူ နားမလည်နိုင်ဖြစ်နေ၏။

"သား တွေ့ခဲ့တယ်..."

"ဒါဆို မင်းကို ဒုက္ခပေးတာက လီလန်ပေါ့..."

လီလန်ကို တွေ့ခဲ့သည်ဟူသော ကျူးဟောက်၏ စကားကို ကြားလိုက်ရသောအခါ ကျူးတာ့ကျွင်း၏ ရင်ဘတ်မှာ ရုတ်တရက် ပြင်းထန်စွာ ခုန်ပေါက်လာတော့သည်။

သေချာပေါက် လီလန်ပဲ ဖြစ်ရမည်။

သူ၏သားကို ဒုက္ခပေးခဲ့သူမှာ လီလန်သာ ဖြစ်သည်။

သူ၏ ကြိုတင်ခံစားသိမြင်မှုက မမှားယွင်းခဲ့ပေ။

ကျူးဟောက် အခုလိုအခြေအနေမျိုး ရောက်သွားရခြင်းမှာ လီလန်က အဓိက အခန်းကဏ္ဍမှ ပါဝင်နေမည်မှာ သေချာလှသည်။

ထို့ကြောင့် ယခု အရေးအကြီးဆုံး လုပ်ဆောင်ရမည့် ကိစ္စမှာ ရဲများကို အမြန်ခေါ်၍ လီလန်ကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းရန်ပင်ဖြစ်သည်။

သို့မဟုတ် လုံခြုံရေးဌာနမှ လူများကို ခေါ်၍ လီလန်ကို ချက်ချင်း ဖမ်းဆီးခိုင်းရမည်။

ရုတ်တရက် သဘောပေါက်သွားသော ကျူးတာ့ကျွင်း၏ အမူအရာကို မြင်လိုက်ရသောအခါ ကျူးဟောက်မှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားလေသည်။

သူက ဝံပုလွေရိုင်းဂိုဏ်း၏ ဒုက္ခပေးခြင်းကို ခံခဲ့ရတာလေ။ ဤကိစ္စက လီလန်နှင့် ဘာများ သက်ဆိုင်နေလို့နည်း။

ထို့အပြင် ကျူးတာ့ကျွင်း၏ မျက်နှာအမူအရာအရ သူက လီလန်ကို ဖမ်းဆီးရန် လူရှာချင်နေပုံ ပေါက်နေသည် မဟုတ်ပါလား။

"သား... မင်း ဒီမှာပဲ စောင့်နေ..."

"အဖေ အခုချက်ချင်း လူသွားရှာလိုက်ဦးမယ်... လီလန်ကို အဖေ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး..."

"သူ မင်းကို ဒုက္ခပေးပြီး ခုလိုဖြစ်အောင် လုပ်ခဲ့တာ... အဖေက သူ့ကို သေချာပေါက် အလွတ်မပေးဘူး..."

စကားပြောနေစဉ်မှာပင် ကျူးတာ့ကျွင်းမှာ လှည့်၍ လူနာခန်းတံခါးဆီသို့ လျှောက်သွားနေပြီ ဖြစ်ကာ လီလန်အား ကိုင်တွယ်ဖြေရှင်းရန် လူတစ်ယောက်ကို အခုချက်ချင်း သွားရှာတော့မည် ဖြစ်သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း..."

ကျူးတာ့ကျွင်း လူနာခန်းထဲမှ ခြေတစ်လှမ်း အပြင်သို့ လှမ်းလိုက်သည်နှင့် လူနာခန်းအတွင်းမှ လေးလံသော ထုနှက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ကျူးတာ့ကျွင်း လှည့်ကြည့်လိုက်သောအခါ ကျူးဟောက်က သူ၏ခေါင်းကို နံရံနှင့် ဆောင့်နေသည်ကို တွေ့လိုက်ရ၏။

ကျူးတာ့ကျွင်း၏ ရန်စမှုကြောင့် ကျူးဟောက်မှာ အရူးတစ်ယောက်လို ဖြစ်သွားကာ သူ၏ခေါင်းကို နံရံနှင့် အသည်းအသန် ဆောင့်နေတော့သည်။

"ဒုန်း... ဒုန်း... ဒုန်း..."

သူက ထပ်ခါတလဲလဲ ဆောင့်နေလေသည်။

သူ၏ ခေါင်းကို ကွဲအက်သွားစေပြီး ဒဏ်ရာမှ သွေးများ ဖြည်းညင်းစွာ စီးကျလာစေသည်။

"အဖေ..."

"သားကို ဒုက္ခပေးတဲ့ လူတွေက ဝံပုလွေရိုင်းဂိုဏ်းကလေ... အဖေက ဘာလို့ လီလန်ဆီမှာ ပြဿနာ သွားရှာနေရတာလဲ..."

ကျူးဟောက်သည် ရူးသွပ်နေသည့်အလား နံရံကို အသည်းအသန် ဆောင့်နေ၏။

"အဲဒီကျိန်စာသင့်နေတဲ့ လမ်းပိတ်မှာ လဲကျနေတဲ့ သားကိုသာ လီလန်က မတွေ့ခဲ့ရင် သားက အဲဒီမှာတင် သေနေလောက်ပြီ..."

ကျူးဟောက်၏ အသံမှာ မျက်ရည်များ ရောစွက်နေပြီး သူသည် လက်ချောင်းကို ခက်ခက်ခဲခဲ မြှောက်ကာ ကျူးတာ့ကျွင်းကို တုန်ယင်စွာ လက်ညှိုးထိုးရင်း ရှိုက်သံအပြည့်ဖြင့် ပြောလိုက်သည်။

"ပြီးတော့ လီလန်က ကျန်းဝေရဲ့ ဝမ်းကွဲမောင်လေ... သားသာ ကျန်းဝေနဲ့ လက်ထပ်လိုက်ရင် သားတို့က ဆွေမျိုးတွေ ဖြစ်သွားမှာပေါ့..."

"လီလန်က သားကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးနိုင်မှာလဲ..."

"သူက သားကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးနိုင်မှာလဲလို့..."

"ဒိုင်း... ဒိုင်း... ဒိုင်း..."

နံရံနှင့် ခေါင်းဆောင့်နေသည့် ကျူးဟောက်၏ အသံမှာ ရပ်တန့်မသွားခဲ့ပေ။

သူသည် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ကျူးတာ့ကျွင်းကို စူးရဲစွာ စိုက်ကြည့်ကာ ရုတ်တရက် အသည်းကွဲဖွယ် ရယ်မောသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"သား နားလည်ပါပြီ..."

"သား သဘောပေါက်ပါပြီ..."

"ကျူးတာ့ကျွင်း..."

"ခင်ဗျားရဲ့ သားက ဒုက္ခိတ ဖြစ်နေတာကိုမြင်တော့ ခင်ဗျားက သားကို နည်းနည်းလေးတောင် ဂရုမစိုက်တော့တာ မဟုတ်လား..."

"ခင်ဗျားက ခင်ဗျားရဲ့သားကို အထင်သေးပြီး ဝံပုလွေရိုင်းဂိုဏ်းကိုလည်း မတိုက်ခိုက်ရဲဘူးလေ..."

"အဲဒါကြောင့် သားရဲ့ ချစ်သူရဲ့ ဝမ်းကွဲမောင်ကို ဖမ်းပြီး သားကို ချွေးသိပ်ဖို့ လုပ်နေတာပေါ့..."

ကျူးဟောက်၏ မျက်နှာပေါ်တွင် သွေးမျက်ရည်များ ဖုံးလွှမ်းနေပြီး သူ၏အသံမှာ အက်ကွဲလာတော့သည်။

"ကျူးတာ့ကျွင်း... ခင်ဗျားသာ သားအတွက် လက်စားမချေပေးဘူးဆိုရင် သားဆီကို နောက်ထပ် လာမတွေ့ပါနဲ့တော့..."

"ခင်ဗျားမှာ သားလို သားမျိုး မရှိသလို သားမှာလည်း ခင်ဗျားလို အဖေမျိုး မရှိဘူး..."

ကျူးဟောက်၏ အသံက လူနာခန်းအတွင်းမှ ပဲ့တင်ထပ်ကာ ဆေးရုံ၏ ရှည်လျားသော စင်္ကြံလမ်းတစ်လျှောက်သို့ ပျံ့လွင့်သွားလေသည်။

သူ၏ အသံတွင် အဆုံးအစမဲ့သော နာကြည်းချက်များ ပြည့်နှက်နေပြီး ယခုအချိန်မှာပင် ဝံပုလွေရိုင်းဂိုဏ်းမှ လူတိုင်းကို သတ်ပစ်ချင်နေမိသည်။

ကျူးတာ့ကျွင်းမှာလည်း ကျူးဟောက် ဤမျှ အရူးအမူး နံရံကို ဆောင့်နေသည်ကို မြင်လိုက်ရသောအခါ တစ်ခဏတာမျှ တုန်လှုပ်သွားတော့သည်။

သတိပြန်လည်လာပြီးနောက် သူက အမြန်လှည့်ကာ လူနာခန်းအတွင်းသို့ ပြေးဝင်သွားလိုက်သည်။

"လူတွေ လာကြပါဦး..."

ကျူးတာ့ကျွင်း ပြောပြီးနောက် မကြာမီမှာပင် ဆရာဝန်များနှင့် သူနာပြု ဆယ်ယောက်ခန့်သည် စင်္ကြံလမ်း၏ ထောင့်ပေါင်းစုံမှ ပြေးထွက်လာကြကာ ကျူးဟောက်၏ လူနာခန်းအတွင်းသို့ ပြုံတိုးဝင်လာကြသည်။

လူနာခန်းအတွင်းတွင် ဆရာဝန်များနှင့် သူနာပြုများသည် အုပ်စုနှစ်စု ကွဲသွားကြ၏။

အုပ်စုတစ်စုက ကျူးဟောက်အား ထိန်းချုပ်ရန် တာဝန်ယူရသည်။

အခြားအုပ်စုတစ်စုက ကျူးဟောက်၏ နဖူးပေါ်ရှိ ဒဏ်ရာကို ကုသရန် တာဝန်ယူရလေသည်။

ဤလုပ်ငန်းစဉ်အတွင်း ကျူးဟောက်သည် ဆက်လက် ရုန်းကန်ခြင်း မရှိတော့ချေ။

ယင်းအစား သူသည် သူ၏အဖေ ကျူးတာ့ကျွင်းကို မုန်းတီးနေသော မျက်လုံးများဖြင့်သာ ကြည့်နေတော့သည်။

"အဖေက သားအတွက် လက်စားမချေပေးဘူးဆိုရင် သားမှာ အဖေဆိုတာ မရှိတော့ဘူး..."

ကျူးဟောက် ဤသို့ပြောသည်ကို ကြားလိုက်ရသောအခါ ကျူးတာ့ကျွင်း၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားလေသည်။

သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ပေ။

သူ၏သား ကျူးဟောက်က ဝံပုလွေရိုင်းဂိုဏ်းမှ လူများက သူ့ကို ဒုက္ခပေးသည်ဟု ထပ်ခါတလဲလဲ အခိုင်အမာ ပြောဆိုနေပြီး လီလန်၏ ဖြောင့်ချက်နှင့် အခြားသော မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကပါ ဝံပုလွေရိုင်းဂိုဏ်းကို ဦးတည်နေသော်လည်း။

သို့ရာတွင် အကြောင်းတစ်ခုခုကြောင့် ကျူးတာ့ကျွင်းက လီလန် ပါဝင်ပတ်သက်နေမည်ဟု အမြဲ ခံစားနေရသည်။

လီလန်သည် သူ့အပေါ်တွင် အလွန်နက်ရှိုင်းသော အထင်အမြင်တစ်ခုကို ချန်ရစ်ထားခဲ့သည်။

ကျေးလက် မုဆိုးတစ်ယောက်အနေဖြင့် ဘာယီသံမဏိစက်ရုံ၏ ဒုတိယစက်ရုံမှူးဖြစ်သူ သူ့ကို မြင်တွေ့ရချိန်တွင် အနည်းငယ်မျှပင် တုန်လှုပ်ချောက်ချားမှု မရှိခဲ့ချေ။

လီလန်၏ အဆင့်အတန်းနှင့် သူ၏ အပြုအမူများမှာ ပြင်းထန်စွာ ကွဲလွဲနေခဲ့သည်။

ဥပမာအားဖြင့် ယခုလေးတင် သူ ကျူးဟောက်၏ လူနာခန်းထဲသို့ ဝင်လာချိန်တွင် ခရိုင်ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများပင်လျှင် ကြောက်ရွံ့တုန်လှုပ်ကာ တိတ်ဆိတ်သွားခဲ့ရသည်။

ထိုလူငယ်သူနာပြုမလေးများဆိုလျှင် စကားပြောရန်ပင် ပို၍ ကြောက်ရွံ့နေကြသေးသည်။

ကျူးတာ့ကျွင်းကဲ့သို့ ကြီးမားသော ဩဇာအာဏာရှိသူ တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သာမန်လူတစ်ယောက်၏ တုံ့ပြန်မှုမှာ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုသာ ဖြစ်သင့်သည်။

သို့ရာတွင် လီလန်ကမူ အလွန်သဘာဝကျစွာ ပြုမူနေခဲ့၏။

တစ်ခုခုတော့ မှားယွင်းနေသည်။

လီလန်က အလွန်သံသယဖြစ်ဖွယ် ကောင်းလှသည်။

ကျူးတာ့ကျွင်းက လီလန်အား ဆက်လက် စုံစမ်းစစ်ဆေးရန် ရည်ရွယ်ထားသော်လည်း ကျူးဟောက်က အသည်းအသန် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်နေလေပြီ။

သူသည် သားဖြစ်သူ ကျူးဟောက်၏ ဆန္ဒကို မဖြည့်ဆည်းပေးဘဲနေ၍ မဖြစ်နိုင်ပေ။

အထူးသဖြင့် ကျူးဟောက်က ယခုအချိန်တွင် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်နေသောကြောင့်ပင်။

အကယ်၍ သူက ကျူးဟောက်၏ လက်စားချေလိုသော ပြင်းပြသည့် ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပါက ကျူးဟောက်က သူ၏မျက်စိရှေ့တွင် သေချာပေါက် သတ်သေသွားလိမ့်မည် ဖြစ်သည်။

ဝှေးစေ့ နှစ်ဖက်စလုံး ဆုံးရှုံးသွားခြင်းသည် ကျူးဟောက်အနေဖြင့် မျိုးဆက်ပြန့်ပွားစေမည့် တန်ဖိုးကို ဆုံးရှုံးသွားကြောင်း သင်္ကေတပြနေခြင်းပင်ဖြစ်၏။

ထို့အပြင် လက်နှင့် ခြေထောက် အရွတ်များ ဖြတ်တောက်ခံရခြင်းသည် ကျူးဟောက်အနေဖြင့် ယောက်ျားတစ်ယောက်၏ အင်အားကို ဆုံးရှုံးသွားခြင်းဟု အဓိပ္ပာယ်ရလေသည်။

ဤအချက်နှစ်ချက် ပေါင်းစပ်သွားသောအခါ သံမဏိလို ခိုင်မာသော စိတ်ဆန္ဒရှိသူပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ဤအရာကို သဘောပေါက်သွားပြီးနောက် ကျူးတာ့ကျွင်းက စိတ်ထဲမှနေ၍ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။

ကျူးဟောက်၏ အမှုတွင် လီလန်က အကျည်းတန်သော အခန်းကဏ္ဍမှ သေချာပေါက် ပါဝင်နေမည်ဟု သူ၏ အလိုအလျောက် သိစိတ်က ပြောနေသော်လည်း။

ယခုအခါတွင်မူ သူ့၌ လီလန်ကို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်နည်းလမ်းမျှ မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူ၏သား ကျူးဟောက်သည် အမုန်းတရားများ၏ နှိပ်စက်မှုကြောင့် စိတ်လွတ်သွားသည့် အခြေအနေအထိ ရောက်ရှိနေသောကြောင့်ပင်ဖြစ်သည်။

သူသည် သူ၏ အာရုံစူးစိုက်မှုအားလုံးကို ဝံပုလွေရိုင်းဂိုဏ်းအား ကိုင်တွယ်ဖြေရှင်းရန်အတွက်သာ အသုံးချရတော့မည် ဖြစ်သည်။

သို့မဟုတ်ပါက သူသည် ကျူးဟောက်နှင့်အတူ ဤအခက်အခဲကြီးကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

All Chapters