အခန်း ၄၀၇
Vol. 30 Ch. 407
အပိုင်း(၄၀၇)
"ကောင်းပြီလေ ဆရာတော်... စောစောလေး အနားယူလိုက်ပါ... ကျွန်တော်တို့ သွားတော့မယ်... ကျူးပါကျဲ... ဝူကျင်း... လာ... ငါတို့ မြေပိုင်ရှင် တိုက်ခိုက်ခြင်း ဖဲဆက်ရိုက်ကြမယ်..."
စွန်းဝူခုန်းမှာ ကျန်းလျိုနှင့် ဆက်ပြောရန် စိတ်မပါတော့သဖြင့် ကျူးပါကျဲနှင့် ရှားဝူကျင်းတို့ကို ခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။
"နေဦး... နေကြပါဦး..."
အကယ်၍ သူတို့ထွက်သွားပါက အခန်းထဲတွင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့မည့် အဖြစ်ကို တွေးကာ ကျန်းလျိုမှာ အနည်းငယ် နေရခက်စွာဖြင့် အော်ခေါ်လိုက်သည်။ ထို့နောက် သူလည်း မတ်တပ်ထရပ်လိုက်ရင်း...
"ငါလည်း စိတ်ပါနေလို့ပါ... ဒီည အတူတူ ကစားကြမလား..."
"လေးယောက်ဆိုတော့ မာဂျောင် ဆော့ကြမှာလား...”
ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲက မေးလိုက်သည်။
"မဟုတ်ဘူး... မာဂျောင် မဟုတ်တော့ဘူး... နေ့တိုင်း မာဂျောင် နဲ့ မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်းပဲ ကစားနေရတာ နည်းနည်း ရိုးလာပြီလေ... ရှောင်ပိုင် ကိုပါ သွားခေါ်လိုက်... ဒီည လူငါးယောက် ကစားလို့ရတဲ့ ဖဲကစားနည်း အသစ်တစ်ခုကို မင်းတို့ကို သင်ပေးမယ်..."
အစပိုင်းတွင် ကျန်းလျိုသည် နှစ်သစ်ကူးအကြိုည၌ အားလပ်နေပြီး သူ၏ အတိတ်ဘဝက အမှတ်တရများကို ပြန်လည်အသက်သွင်းလိုသောကြောင့် မာဂျောင် ကို ထုတ်ယူကာ ကစားခဲ့ခြင်း ဖြစ်သည်။ သူသည် ကြမ်းတမ်းသော မာဂျောင် အတုံးလေးများကို ဖန်တီးခဲ့ပြီး အချိန်ဖြုန်းရန်အတွက် သူ၏ တပည့်များနှင့်အတူ တစ်ညလုံး ကစားခဲ့သည်။
ထို့နောက် သူသည် အရသာပြောင်းလဲသွားစေရန် ဖဲထုပ်ကို ဖန်တီး၍ မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း ကစားနည်းကို မိတ်ဆက်ပေးခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ရခြင်းသည် သူ ကျင့်ကြံအားထုတ်နေချိန်တွင် မာဂျောင် ကစားရန်အတွက် သူတို့ လာရောက်ပူဆာနေခြင်းမှ ကာကွယ်ရန်လည်း ပါဝင်ပေသည်။
ကျန်းလျိုအတွက်မူ မာဂျောင်ရော ဖဲကစားခြင်းပါ အာရုံလွှဲစရာများသာ ဖြစ်သည်။ သူ၏ အနောက်သို့ခရီးသွားခြင်း လုပ်ငန်းစဉ်ကြီးမှာ ဘဝနှင့် ရင်းကာ အပြေးပြိုင်နေရသကဲ့သို့ ဖြစ်ရာ အချိန်များကို မည်သို့လုပ် အလဟဿ ဖြုန်းတီးနိုင်မည်နည်း။
အချိန်အများစုတွင် သူ၏ တပည့်များသာ အချင်းချင်း ကစားလေ့ရှိကြပြီး ကျန်းလျိုသည် အချိန်တိုင်း ကျင့်ကြံအားထုတ်နေခဲ့သည်။ သို့သော် ယနေ့ညတွင် ဝူကျီတိုင်းပြည် ဘုရင်၏ ဝိညာဉ်ထံမှ အနှောင့်အယှက်ကို ခံလိုက်ရပြီးနောက် ကျန်းလျိုသည် အခန်းထဲတွင် တစ်ယောက်တည်း နေရမည်ကို အတော်လေး နေရခက်ကာ ကြောက်ရွံ့နေခဲ့သည်။
ထို့ကြောင့် သူသည် မိမိကိုယ်ကို အလိုလိုက်ကာ စွန်းဝူခုန်းနှင့် အခြားသူများနှင့်အတူ ပူးပေါင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
မာဂျောင် နှင့် ဖဲကစားခြင်းကို ကစားလာခဲ့သည်မှာ နှစ်ဝက်ခန့်ပင် ရှိနေပြီဖြစ်ရာ အမှန်တကယ်ပင် ရိုးအီစပြုလာပြီ ဖြစ်သည်။ ကျန်းလျိုက သူ၏ တပည့်များသည်လည်း ထိုနည်းတူ ခံစားနေရမည်ဟု ယုံကြည်ထားသောကြောင့် အသစ်အဆန်းတစ်ခုကို မိတ်ဆက်ပေးရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။
"ဖဲရိုက်နည်း အသစ်တဲ့လား... အဲဒါက ဘာများလဲ..."
ကျန်းလျို၏ စကားများကို ကြားသောအခါ စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည် မျှော်လင့်တကြီးနှင့် ကျန်းလျိုအား မေးလိုက်ကြသည်။
ကျန်းလျို မိတ်ဆက်ပေးခဲ့သော မာဂျောင် နှင့် ဖဲကစားခြင်း နှစ်မျိုးစလုံးသည် အလွန်တရာ ဖျော်ဖြေမှုပေးနိုင်ပြီး ပျော်စရာကောင်းလှသည်။ ယခုအခါ ကစားစရာ အသစ်အဆန်းများ ထပ်ရှိနေသေးသည်လော။ ၎င်းတို့က ဘာများဖြစ်နိုင်မည်နည်း။
"ခဏစောင့်ကြဦး... ငါ ဖဲထုပ်တစ်ထုပ် အရင် ဖန်တီးလိုက်ဦးမယ်..."
ကျန်းလျိုက အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။ စကားပြောနေစဉ်မှာပင် သူ၏ စိတ်အာရုံက လှုပ်ရှားသွားပြီး အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု ဖြင့် ဤဖဲချပ်များကို ဖန်တီးနိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်သည်။
ဖဲချပ်များအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းမှာ မာကျောသော ကတ်ထူပြားများဖြစ်ပြီး စက္ကူမှာမူ သစ်သားနှင့် ရေ အစရှိသော ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
၎င်းတို့ကို ပြုလုပ်မည့် လုပ်ငန်းစဉ်နှင့် နည်းလမ်းများကို စဉ်းစားချင့်ချိန်ပြီးနောက် ကျန်းလျိုသည် သူ၏ တပည့်များအား လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စုဆောင်းခိုင်းလိုက်သည်။
ထို့နောက် သူသည် သူ၏ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ပစ္စည်းများအားလုံးကို ထည့်သွင်းလိုက်သည်။ ပုံဆွဲရန်အတွက် လိုအပ်သော ဆေးရောင်များကိုပင် ထည့်သွင်းလိုက်ပြီးနောက် ခလုတ်တစ်ချက် နှိပ်လိုက်သည်။
စူးရှတောက်ပသော အလင်းရောင်သည် ထွက်ပေါ်လာခဲ့ပြီး နှစ်မိနစ်တိတိ ကြာရှည်စွာ လင်းလက်နေခဲ့သည်။ ဖဲထုပ်တစ်ထုပ် ဖန်တီးရသည်မှာ အဆင့် ၂၀ နှင့်အထက်ရှိသော ပစ္စည်းကိရိယာတစ်ခုကို ဖန်တီးရသည်ထက် ပို၍အားထုတ်ရပုံပေါ်နေသည်။
နှစ်မိနစ်ကြာပြီးနောက် တောက်ပသော အလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး လှပစွာ ရေးဆွဲထားသော ပုံများပါရှိသည့် ဖဲထုပ်အသစ်စက်စက် တစ်ထုပ်သည် ကျန်းလျို၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
"ဟီးဟီးဟီး... တကယ် အလုပ်ဖြစ်သွားတာပဲ..."
သူ၏လက်ထဲရှိ ဖဲထုပ်အသစ်စက်စက်ကို ကြည့်ကာ ကျန်းလျိုသည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ဟာ... ဆရာတော်... ဒီဖဲချပ်တွေက မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း မှာ သုံးတဲ့ ဖဲချပ်တွေနဲ့ လုံးဝကို ကွဲပြားနေပါလား..."
အနီးတွင်ရှိနေသော စွန်းဝူခုန်းသည် ကျန်းလျို၏လက်ထဲရှိ ဖဲချပ်သစ်များကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့ပြီး အချို့ကို ယူကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်။
"သိုးကိုဆွဲထုတ်ခြင်း တဲ့လား... ဒါက သိုးတစ်ကောင်ကို ဆွဲထုတ်နေတဲ့ လက်တစ်ဖက်ရဲ့ ပုံကြီးပဲ... ဒါက ဘာအဓိပ္ပါယ်လဲ..."
"ဒါကရော ဘာလဲ... သူလျှို တဲ့လား... အဲဒါက ဘာအဓိပ္ပါယ်လဲ..."
"တိုက်ခိုက်ခြင်း တဲ့လား... ဒီဖဲချပ်ပေါ်က 'တိုက်ခိုက်ခြင်း' ဆိုတာကကော ဘာကို ဆိုလိုတာလဲ..."
"လာကြ... တပည့်တို့... မင်းတို့ကို ငါ ရှင်းပြမယ်... ဒီဖဲကစားနည်းကို 'နိုင်ငံသုံးခု ဒဏ္ဍာရီ' လို့ ခေါ်တယ်... ကစားတဲ့သူ ငါးယောက်ကို ခေါင်းဆောင်၊ သစ္စာခံအမတ်များ၊ သူလျှို နဲ့ ပုန်ကန်သူ နှစ်ယောက်ဆိုပြီး ကျပန်း သတ်မှတ်ပေးမှာ..."
ဖဲချပ်များအားလုံးကို စုဆောင်းသိမ်းဆည်းလိုက်ပြီးနောက် ကျန်းလျိုသည် နိုင်ငံသုံးခု ဒဏ္ဍာရီ ကစားနည်း၏ စည်းကမ်းချက်များကို စွန်းဝူခုန်းနှင့် သူ၏တပည့်များအား သေချာစွာ ရှင်းပြရန် စတင်လိုက်သည်။
စည်းကမ်းချက်များကို ထည့်သွင်းစဉ်းစားရမည်ဆိုလျှင် နိုင်ငံသုံးခု ဒဏ္ဍာရီ ကစားနည်းသည် မာဂျောင် သို့မဟုတ် မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း ကစားနည်းတို့ထက် ပို၍ စိတ်ဝင်စားဖွယ် ကောင်းနေပေသည်။ ၎င်းသည် ပိုမို ရှုပ်ထွေးနက်နဲပြီး ပို၍လည်း ကျယ်ပြန့်ပေသည်။
ဥပမာအားဖြင့် ဇာတ်ကောင်နေရာများမှာ ကျပန်းရွေးချယ်ရမည့် ကွဲပြားခြားနားသော အခန်းကဏ္ဍ လေးမျိုး ရှိနေသည်။ ထို့အပြင်... မိမိတို့၏ ကိုယ်ပိုင် ထူးခြားသောအာနိသင်များ ပါရှိသည့် အမျိုးမျိုးအဖုံဖုံသော ဆန်းကြယ်သည့် ပစ္စည်းကိရိယာများ ရှိနေပေသည်။ လက်တွင်းဖဲချပ်များ၊ တိုက်ခိုက်ခြင်း၊ ရှောင်တိမ်းခြင်း များလည်း ပါဝင်ပြီး၊ အတားအဆီးများဖန်တီးခြင်း နှင့် သိုးကိုဆွဲထုတ်ခြင်း ကဲ့သို့သော အသုံးဝင်သည့် ဖဲချပ်များအကြောင်းကိုလည်း ထည့်ပြောစရာပင် မလိုတော့ပေ။
အရေးအကြီးဆုံးအချက်မှာ မိမိ၏ ဇာတ်ကောင်နေရာပင် ဖြစ်သည်။ ကျူးကော့လျန်၊ ချောင်းချောင်း၊ ဟွာတို စသည့် ဇာတ်ကောင်များအားလုံးတွင် လုံးဝ ထူးခြားသော ကိုယ်ပိုင် ဝိသေသလက္ခဏာများ ရှိနေကြပေသည်။ တိုက်ခိုက်ရေးအကွာအဝေးကို သတ်မှတ်ပေးသော စီးတော်ယာဥ်များနှင့် လက်နက်များ အစရှိသည်တို့လည်း အတူတကွ ပါဝင်နေသေးသည်။
ဇာတ်ကောင်နေရာ ဖဲချပ်များ၊ ဇာတ်ကောင် ဖဲချပ်များ၊ ပစ္စည်းကိရိယာ ဖဲချပ်များ နှင့်အတူ အခြားသော လက်တွင်းဖဲချပ်များ ပေါင်းစပ်လိုက်သောအခါ အဆုံးမဲ့ ပြောင်းလဲနိုင်သော ပေါင်းစပ်မှုများကို ဖြစ်ပေါ်စေပြီး စိတ်ဝင်စားမှုကို အကြီးအကျယ် မြင့်တက်သွားစေခဲ့သည်။
ထို့အပြင် ခေါင်းဆောင် မှလွဲ၍ အခြားသူအားလုံး၏ ဇာတ်ကောင်နေရာများသည် လျှို့ဝှက်ချက်ဖြစ်ပြီး မိမိကိုယ်တိုင်သာ သိရှိရမည်ဖြစ်ရာ ၎င်းသည် ဉာဏ်ပညာနှင့် သတ္တိကို အသုံးပြု၍ ယှဉ်ပြိုင်ရသော တိုက်ပွဲတစ်ခုပင် ဖြစ်ပေသည်။
ကျန်းလျိုက ဤစည်းကမ်းချက်များကို ရှင်းပြနေသည်ကို နားထောင်ရင်း စွန်းဝူခုန်းနှင့် အခြားသူများမှာ အလွန်အမင်း အံ့သြမှင်သက်နေကြပြီ ဖြစ်သည်။
"ကဲ... အားလုံး နားလည်ကြပြီလား..."
ရှည်လျားလှသော စည်းကမ်းချက်များကို ရှင်းပြပြီးနောက် ကျန်းလျိုကိုယ်တိုင်ပင် အာခေါင်များ ခြောက်သွေ့သွားသကဲ့သို့ ခံစားလိုက်ရပြီး စွန်းဝူခုန်းနှင့် အခြားသူများကို မေးလိုက်သည်။
"နားလည်ပါပြီ... နားလည်ပါပြီ... ဆရာတော်... အစမ်းသဘောအနေနဲ့ ပွဲနည်းနည်းလောက် ကစားကြည့်ကြမလား..."
အမြဲတမ်း စိတ်မရှည်တတ်သော စွန်းဝူခုန်းက ကျန်းလျိုအား အမြန်ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆို အခု ငါတို့ရဲ့ ဇာတ်ကောင်နေရာ ဖဲချပ်တွေကို မဲနှိုက်ကြမယ်... ခေါင်းဆောင် ကလွဲလို့ ကျန်တဲ့သူတွေက ကိုယ့်ရဲ့ ဇာတ်ကောင်နေရာကို ဖွင့်မပြကြနဲ့ဦး..."
ခေါင်းညိတ်လျက် ကျန်းလျိုက ပြောလိုက်သည်။
စားပွဲပေါ်တွင် ဇာတ်ကောင်နေရာ ဖဲချပ် ငါးချပ်ကို ဖြန့်ချထားပြီးနောက် တစ်ယောက်တစ်ချပ်စီ ယူလိုက်ကြသည်။
ကျန်းလျိုသည် မိမိ၏ ဖဲချပ်ကို ကြည့်လိုက်ရာ ၎င်း၏အပေါ်တွင် "သူလျှို" ဟူသော စာသား ရေးသားထားသည်ကို တွေ့လိုက်ရသည်။
"ဟီးဟီးဟီး... ကျုပ် စွန်းဝူခုန်းက ခေါင်းဆောင်ပဲ… မင်းတို့ထဲက ဘယ်သူက သစ္စာခံအမတ်လဲ..."
စွန်းဝူခုန်းသည် ပြုံးဖြဲဖြဲဖြင့် သူ၏ ဇာတ်ကောင်နေရာ ဖဲချပ်ကို ဖွင့်ပြကာ မေးလိုက်သည်။ သေချာသည်မှာ မည်သူကမျှ ထိုမေးခွန်းကို ဖြေဆိုမည်မဟုတ်ပေ။ အကြောင်းမှာ ခေါင်းဆောင်၏ ဇာတ်ကောင်နေရာမှလွဲ၍ ကျန်သူများအားလုံးသည် မိမိတို့၏ ဇာတ်ကောင်နေရာကို လျှို့ဝှက်ထားရမည်ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသောကြောင့် ဖြစ်သည်။
"ကောင်းပြီ... အခု ဇာတ်ကောင် ဖဲချပ်တွေကို မဲနှိုက်ကြမယ်... ဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် အထူးစွမ်းရည်တွေကို ရှင်းပြထားတဲ့ ကတ်ပြားတွေ ပေးထားတယ်ဆိုတော့… နားမလည်တာရှိရင် ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်ကြ..."
ကျန်းလျိုက ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။ ဇာတ်ကောင်နေရာ ဖဲချပ်များနှင့် ဇာတ်ကောင် ဖဲချပ်များကို မဲနှိုက်ရွေးချယ်ပြီးနောက် မိမိတို့နှင့် သက်ဆိုင်သော သွေးအမှတ် ဖဲချပ်များကိုပါ သတ်မှတ်ယူလိုက်ကြပြီး ကစားပွဲကို စတင်လိုက်ကြသည်။ ကျန်းလျိုသည် စွန်းဝူခုန်း၏ အထက်ဘက်အလှည့်တွင် ထိုင်နေခဲ့သည်။
"ကျုပ် စွန်းဝူခုန်းက ခေါင်းဆောင်ပဲလေ... ဟုတ်တယ်မလား..."
စွန်းဝူခုန်းသည် လက်တွင်းဖဲချပ်များကို ဆုပ်ကိုင်ထားလျက် တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်းလျိုနှင့် အခြားသူများကို အကဲခတ်ကြည့်ရှုလိုက်သည်။ ထို့နောက်... သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျူးပါကျဲဆီသို့ တိုက်ခိုက်ခြင်း ဖဲချပ်တစ်ချပ်ကို ရုတ်တရက် ပစ်ချလိုက်သည်။ ထို့နောက် သူက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
"တိုက်ခိုက်မယ်ဟေ့..."
"သောက်ပ... ကပ်ဆိုက်နေတဲ့ မျောက်စုတ်... မင်းက ဘာလို့ ငါ့ကို လာတိုက်ခိုက်နေရတာလဲ..."
ကျူးပါကျဲသည် အလန့်တကြား ခုန်ပေါက်သွားပြီး သူ၏ဖဲချပ်များကို စစ်ဆေးကြည့်လိုက်ရာ ကံမကောင်းစွာဖြင့်ပင် ရှောင်တိမ်းခြင်း ဖဲချပ် မပါလာခဲ့သဖြင့် သူ၏ သွေးတန်း တစ်မှတ် လျော့သွားခဲ့ရသည်။
"ဟီးဟီးဟီး... မင်းရဲ့ ဝက်ရုပ်ကြီးနဲ့ ကြည့်ရတာ လူကောင်းနဲ့ကို မတူဘူး... မင်းက လူဆိုးဖြစ်ဖို့ အခွင့်အရေးက လေးပုံသုံးပုံလောက်တောင် ရှိနေတာဆိုတော့ ငါက မင်းကို အရင်ဆုံး ရှင်းပစ်ရမှာပေါ့..."
ကျူးပါကျဲ၏ စကားကို ကြားသောအခါ စွန်းဝူခုန်းက ကောက်ကျစ်သော အပြုံးဖြင့် ပြန်ပြောလိုက်လေသည်။
***