← Chapters

အခန်း ၄၀၈

Vol. 30 Ch. 408

အခန်း ၄၀၈

Vol. 30 Ch. 408

အပိုင်း(၄၀၈)

ချက်ချင်းဆိုသလိုပင် နှစ်ဖက် အပြန်အလှန် ထိုးစစ်ဆင်မှုများနှင့်အတူ တိုက်ပွဲသည် စတင်ခဲ့ပြီ ဖြစ်သည်။ စွန်းဝူခုန်းက ကျူးပါကျဲကို တိုက်ခိုက်ခဲ့သည်။ အောက်ဘက်တွင် ထိုင်နေသော ရှားဝူကျင်းသည် သူ၏ ဖဲချပ်များကို ဆွဲယူလိုက်ပြီး ပစ္စည်းကိရိယာ ဖဲချပ် နှစ်ချပ်ကို တပ်ဆင်လိုက်သော်လည်း မည်သည့်ဖဲကိုမျှ မချသေးဘဲ လက်တွင်းဖဲချပ်များကို ဆုပ်ကိုင်ကာ အခြေအနေကို ပါးနပ်စွာ အကဲခတ်နေခဲ့သည်။

ကျူးပါကျဲသည် ဖဲချပ်များကို ဆွဲယူပြီးနောက် အကွာအဝေးအရ သူသည် စွန်းဝူခုန်းအား တိုက်ခိုက်၍မရနိုင်ကြောင်း တွေ့လိုက်ရသဖြင့် ဘေးတွင်ထိုင်နေသော နဂါးမြင်းဖြူ ဘက်သို့ စိတ်မပါလက်မပါဖြင့် လှည့်လာခဲ့ရသည်။

သို့သော် နဂါးမြင်းဖြူ အလှည့်ရောက်လာသောအခါ သူသည် စွန်းဝူခုန်းဆီသို့ တိုက်ရိုက် ဦးတည်တိုက်ခိုက်လိုက်ရာ သူ၏ ယိမ်းယိုင်မှုမရှိသော သန္နိဋ္ဌာန်အရ သူသည် ပုန်ကန်သူ ဇာတ်ကောင်နေရာမှ ကစားနေကြောင်း ထင်ရှားနေပေသည်။

သူတို့သည် ဖဲကစားနေကြခြင်းသာ ဖြစ်သော်လည်း ဆရာတပည့် ငါးယောက်စလုံးတွင် သူတို့၏ ကိုယ်ပိုင် အကြံအစည်များနှင့် တိုက်ခိုက်မှုများ အသီးသီး ရှိနေကြပေသည်။

ခဏအကြာတွင် နဂါးမြင်းဖြူ၏ နောက်ဆုံး သွေးတန်း တစ်မှတ်ကို ကျန်းလျိုက တိုက်ခိုက်ဖြတ်တောက်လိုက်ပြီး သူ၏ ကျန်ရှိနေသော ဖဲချပ်များကိုပါ ကျန်းလျိုက သိမ်းပိုက်လိုက်သည်။

"ဝူခုန်း... မစိုးရိမ်နဲ့... မင်းကို ကူညီဖို့ ငါရှိတယ်..."

နဂါးမြင်းဖြူကို ရှင်းလင်းလိုက်ပြီးနောက် ကျန်းလျိုသည် စွန်းဝူခုန်းအား လှမ်းပြောလိုက်ပြီး ကျူးပါကျဲကို ဆက်လက်တိုက်ခိုက်လိုက်သည်။

"ဟီးဟီးဟီး... ဆရာတော်က သစ္စာခံအမတ် ကိုး..."

ကျန်းလျို၏ စကားကို ကြားလိုက်ရသောအခါ မှန်တစ်ချပ်ကို ကြည့်လိုက်ရသကဲ့သို့ ရှင်းလင်းသွားသဖြင့် စွန်းဝူခုန်းက ခေါင်းကို အားရပါးရ ညိတ်လိုက်သည်။

ထို့နောက် စွန်းဝူခုန်းသည် အလှည့်ယူကာ တိုက်ခိုက်လိုက်ရာ ကျူးပါကျဲကို ရှင်းလင်းလိုက်နိုင်ပြီး သူသည် နောက်ထပ် ပုန်ကန်သူ တစ်ယောက် ဖြစ်နေကြောင်း ပေါ်လွင်သွားခဲ့သည်။

ထိုအချိန်မှစ၍ အခြေအနေသည် ပိုမို ရိုးရှင်းသွားခဲ့ပြီး စွန်းဝူခုန်းနှင့် ကျန်းလျိုတို့သည် ပူးပေါင်းကာ ရှားဝူကျင်းကို ထိုးစစ်ဆင် တိုက်ခိုက်ကြတော့သည်။

တစ်ယောက်တည်းဖြင့် နှစ်ယောက်ကို ရင်ဆိုင်ရရာ ရှားဝူကျင်းသည် လုံးဝ အခွင့်အရေး မရှိခဲ့ဘဲ သူ၏ နောက်ဆုံး သွေးတန်း ကို စွန်းဝူခုန်းက ယူဆောင်သွားခဲ့သည်။ ဇာတ်ကောင်နေရာ ဖဲချပ်ကို လှန်ကြည့်လိုက်သောအခါ... သစ္စာခံအမတ် ဟု ရေးသားထားပေသည်။

"ဟား ဟား ဟား... အမ်..."

ရှားဝူကျင်းကို အနိုင်ယူလိုက်နိုင်သဖြင့် ကစားပွဲ ပြီးဆုံးသွားပြီဟု ထင်မှတ်ကာ စွန်းဝူခုန်းသည် အောင်ပွဲခံရယ်မောလိုက်သော်လည်း သစ္စာခံအမတ် ဟူသော ဇာတ်ကောင်နေရာ ဖဲချပ်ကို မြင်လိုက်ရသောအခါ သူ၏ ရယ်မောသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"မျောက်စုတ်လေး... စိတ်မကောင်းဘူး... ခေါင်းဆောင်အနေနဲ့ သစ္စာခံအမတ် တစ်ယောက်ကို သတ်မိလိုက်တာဆိုတော့ မင်းရဲ့ ဖဲချပ်တွေ အားလုံးကို စွန့်ပစ်ရတော့မယ်..."

ကျန်းလျိုက စွန်းဝူခုန်းအား ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ မည်သည့် ချွင်းချက်မျှ မရှိဘဲ စွန်းဝူခုန်းသည် ကျန်းလျို၏ လက်ချက်ဖြင့် အဆုံးသတ်သွားခဲ့ရသည်။

"ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ... ဆရာတော်... ခင်ဗျားက သစ္စာခံအမတ် မဟုတ်ဘူးလား..."

စွန်းဝူခုန်းသည် သူ၏ကိုယ်ပိုင် 'သေဆုံးမှု' ကို ကြည့်ကာ ကျန်းလျိုအား မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

"ဒါက သူလျှို တစ်ယောက်ရဲ့ အနှစ်သာရပဲ... ခေါင်းဆောင်ကို မင်းက သစ္စာခံအမတ် တစ်ယောက်လို့ ထင်သွားအောင် လုပ်ရမယ်… ပုန်ကန်သူ တွေကိုလည်း မင်းက သူတို့ထဲက တစ်ယောက်လို့ ယုံကြည်သွားအောင် လုပ်ရမယ်... ဒါကမှ သူလျှို တစ်ယောက်ရဲ့ စစ်မှန်တဲ့ အနှစ်သာရပဲ..."

ကျန်းလျိုက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်သည်။ နိုင်ငံသုံးခု ဒဏ္ဍာရီ တွင် အနိုင်ရရန်မှာ ကံကောင်းခြင်း သို့မဟုတ် ဖဲချပ်ကောင်းများ ရရှိခြင်းအပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ဘဲ ကံတရားအပြင် ဗျူဟာကျကျ ကစားတတ်ရန်က ပို၍ပင် အရေးကြီးလှပေသည်။

"ကျုပ် စွန်းဝူခုန်းကတော့ ဒါကို လုံးဝ လက်မခံနိုင်ဘူး... နောက်တစ်ပွဲ ထပ်ကစားကြသေးတာပေါ့..."

စွန်းဝူခုန်းသည် သေချာစွာ မစဉ်းစားတတ်သော်လည်း အလွန် မကျေမနပ်ဖြစ်ကာ အသံကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

ထို့နောက် သူတို့သည် ဒုတိယပွဲကို စတင်လိုက်ကြသည်။ ဤတစ်ကြိမ်တွင်မူ ကျန်းလျိုက ခေါင်းဆောင် ဇာတ်ကောင်နေရာ ဖဲချပ်ကို မဲနှိုက်ရရှိသွားခဲ့သည်။

"ဟီးဟီးဟီး... ဆရာတော်... ကျုပ် စွန်းဝူခုန်းက ကူညီဖို့ ရှိနေတယ်နော်..."

လူတိုင်း လက်တွင်းဖဲချပ်များ ဆွဲယူပြီးသည်နှင့်တစ်ပြိုင်နက် စွန်းဝူခုန်းက ကျန်းလျိုအပေါ် သူ၏ သစ္စာရှိမှုကို ချက်ချင်း ကြေညာလိုက်သည်။

သို့သော်...

"လှည့်စားလုယူခြင်း..."

ပစ်မှတ်မှာ စွန်းဝူခုန်းပင် ဖြစ်သည်။

"အတားအဆီးဖန်တီးခြင်း..."

ပစ်မှတ်မှာ စွန်းဝူခုန်းပင် ဖြစ်နေဆဲဖြစ်သည်။

"ရန်သူကိုအားနည်းစေခြင်း..."

ဤတစ်ကြိမ်တွင်လည်း ပစ်မှတ်မှာ စွန်းဝူခုန်းပင် ဖြစ်နေပြန်သည်။

နောက်ဆုံးတွင် ကျန်းလျိုသည် တိုက်ခိုက်ခြင်း ဖဲချပ်တစ်ချပ်ကို ပစ်ချလိုက်သည်။

"ဆရာတော်... ဘာလုပ်နေတာလဲ..."

စွန်းဝူခုန်းသည် သူခံစားနေရသော ဆက်ဆံရေးကို ကြည့်ကာ ငိုချင်စိတ်ပင် ပေါက်လာခဲ့သည်။ သူ၏ ရပ်တည်ချက်ကို လုံလောက်အောင် ရှင်းပြမထားခဲ့ဘူးလော။

"အင်း... မင်းကို ကြည့်ရတာ လူကောင်းနဲ့ကို မတူဘူး... မင်းက လူဆိုးဖြစ်ဖို့ အခွင့်အရေးက လေးပုံသုံးပုံလောက်တောင် ရှိနေတာဆိုတော့ ငါက မင်းကို အရင်ဆုံး ရှင်းပစ်ရမှာပေါ့..."

ကျန်းလျိုက နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးပြုံးလိုက်ပြီး ပြောလိုက်သည်။ သူသည် စွန်းဝူခုန်းက ကျူးပါကျဲအား ပြောခဲ့သော စကားများကို အတိအကျ ပြန်လည် အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။

"ဟား... ဟား... ဟား... ဆရာတော် ပြောတာ သိပ်မှန်တာပဲ..."

ထိုစကားကို ကြားသောအခါ ကျူးပါကျဲမှာ အားရပါးရ ရယ်မောလိုက်ပြီး ပူပြင်းလှသော နွေရာသီနေ့တစ်နေ့တွင် ရေခဲရေတစ်ခွက်ကို သောက်လိုက်ရသကဲ့သို့ လန်းဆန်းသွားကာ အလွန်တရာ နေလို့ထိုင်လို့ ကောင်းသွားခဲ့သည်။

အမှန်တကယ်ပင် တပည့်သုံးယောက်ထဲတွင် ဆရာတော်သည် ကျုပ် ကျူးပါကျဲကို အချစ်ဆုံးပဲ ဖြစ်မည်။ ယခုပင်လျှင် ဆရာတော်က ဝက်ကြီး သူ့ အတွက် လက်စားချေဖို့တောင် ကူညီပေးနေပြီ မဟုတ်လား။

ပြောရမည်ဆိုလျှင် နိုင်ငံသုံးခု ဒဏ္ဍာရီ သည် မာဂျောင် သို့မဟုတ် မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း ကစားခြင်းထက် အမှန်တကယ်ပင် ပို၍ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

ဇာတ်ကောင်နေရာများ၊ ဇာတ်ကောင်များ၊ ပစ္စည်းကိရိယာများ၊ လက်တွင်းဖဲချပ်များ... မတူညီသော ပေါင်းစပ်မှုများသည် အမြဲတမ်း ပြောင်းလဲနေပြီး အဆုံးအစမရှိ များပြားလှပေသည်။

လူငါးယောက် အတူတကွ ပေါင်းစပ်ကာ မိမိတို့၏ ဇာတ်ကောင်နေရာများကို လျှို့ဝှက်ထားရင်း အခြားသူများ၏ ဇာတ်ကောင်နေရာများကို တွက်ချက်ခန့်မှန်းရသော ဤကစားနည်းမှာ အလွန်တရာ ဖျော်ဖြေမှု ပေးနိုင်စွမ်း ရှိပေသည်။

ခေါင်းဆောင် အတွက်ပင်လျှင် အတူတူပင် ဖြစ်သည်။ ဇာတ်ကောင်နေရာသည် ပွင့်လင်းစွာ ရှိနေသော်လည်း ကျန်ရှိနေသော လေးယောက်ထဲတွင် မည်သူ့ကို သစ္စာခံအမတ် အဖြစ် ယုံကြည်ရမည်နည်း။

ဤအရာကို ဖြစ်သလို လျှောက်လုပ်၍ မရပေ။ သို့မဟုတ်ပါက သစ္စာခံအမတ် တစ်ယောက်သည် သင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လျှင် သင်၏ လက်တွင်းဖဲချပ်များ အားလုံး ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

သူတို့သည် မိုးလင်းကာ ကောင်းကင်ယံတွင် အလင်းရောင်များ ထွက်ပေါ်လာသည်အထိ တစ်ညလုံး ကစားခဲ့ကြသည်။ နန်းတွင်းအစေခံလေး တစ်ဦးက နံနက်စာစားရန် လာရောက်ဖိတ်ခေါ်သောအခါမှသာ သူတို့ အံ့အားသင့်သွားခဲ့ကြသည်။

ဘာတွေဖြစ်ကုန်သနည်း။

ယခုမှ နိုင်ငံသုံးခု ဒဏ္ဍာရီ ရဲ့ စည်းကမ်းချက်များနှင့် ရင်းနှီးရုံလေး ရှိသေးသည်။

သို့သော်... မိုးတောင် လင်းသွားခဲ့ပြီလော။

"ကောင်းပြီ... ဒီနေ့အတွက် ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့... နောက်မှ အတူတူ ဆက်ကစားကြတာပေါ့..."

ကျန်းလျိုသည် အပြင်ဘက်ရှိ လင်းထိန်နေပြီဖြစ်သော ကောင်းကင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ မနေ့ညက သရဲခြောက်ခံရပြီးနောက် အချိန်အတော်ကြာသွားပြီဖြစ်ရာ ဤအချိန်ကျမှသာ သူ၏ စိတ်သည် အမှန်တကယ် တည်ငြိမ်သွားခဲ့ခြင်း ဖြစ်သည်။

"ဆရာတော်... ဒီနိုင်ငံသုံးခု ဒဏ္ဍာရီ ကစားနည်းကို စောစောကတည်းက ထုတ်ပေးသင့်တာဗျ... သိပ်ပျော်စရာကောင်းတာပဲ... ကျုပ် စွန်းဝူခုန်းကတော့တစ်နှစ်… မဟုတ်ဘူး… ဆယ်နှစ် ရှစ်နှစ်လောက် ကစားရင်တောင် ရိုးသွားမှာမဟုတ်ဘူး..."

ရပ်နားရတော့မည်ကို သိနေသော်လည်း မကျေနပ်သေးသည့် စွန်းဝူခုန်းက ကျန်းလျိုအား အနည်းငယ် ညည်းတွားပြောဆိုလိုက်သည်။

"ဆရာတော်... အစ်ကိုကြီး ပြောတာ မှန်တယ်..."

စွန်းဝူခုန်း၏ဘေးတွင် ရပ်နေသော ရှားဝူကျင်းက ဝင်ရောက်ထောက်ခံလိုက်သည်။

မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း နှင့် မာဂျောင် ကစားခြင်းတို့သည် ပျော်စရာကောင်းသော်လည်း နိုင်ငံသုံးခု ဒဏ္ဍာရီနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ကလေးဆန်လွန်းနေသည် မဟုတ်ပါလော…။

"ဒီကစားနည်းက မာဂျောင် ကစားရသလောက် မပျော်ရဘူးလို့ ကျုပ်ကတော့ ထင်တယ်..."

သို့သော် စွန်းဝူခုန်း၊ ရှားဝူကျင်းတို့နှင့် ခြားနားစွာပင် ကျူးပါကျဲကတော့ ခေါင်းယမ်းကာ သူ၏ သဘောမတူညီမှုကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ကျူးပါကျဲသည် မွေးရာပါ ပျင်းရိတတ်သူဖြစ်လေရာ များများစားစား တွေးတောခြင်းများကို မပြုလုပ်လိုသူ ဖြစ်သည်။ သူသည် ဦးနှောက်သိပ်မစားသော မာဂျောင် သို့မဟုတ် မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း ကဲ့သို့သော ကစားနည်းများကို ပို၍နှစ်သက်သဖြင့် နိုင်ငံသုံးခု ဒဏ္ဍာရီ ကဲ့သို့သော ဗျူဟာကျကျ စဉ်းစားရသည့် ကစားနည်းများကို သိပ်သဘောမကျခြင်း ဖြစ်သည်။

"ဝက်ပျင်းကောင်...”

စွန်းဝူခုန်းသည် ကျူးပါကျဲက ဆန့်ကျင်ဘက် ဝင်ပြောနေခြင်းကို သဘောမကျသဖြင့် ဆူပူလိုက်သည်။

"ဟုတ်တယ် အစ်ကိုကြီး... ကျုပ်က ဝက်ပျင်းပဲ... ပျင်းတဲ့ဝက် ဖြစ်တာ ဘာမှားနေလို့လဲ..."

ကျူးပါကျဲသည် စွန်းဝူခုန်း၏ စကားများကို ရှက်ရွံ့ခြင်းမရှိဘဲ ဂုဏ်ယူနေသေးသည်။ နဂါးမြင်းဖြူသည် မြင်းဖြူအသွင်သို့ ပြန်လည်ပြောင်းလဲသွားပြီး မြင်းဇောင်းဆီသို့ ပြန်သွားခဲ့သည်။

ကျန်းလျိုနှင့် အခြားသူများမှာမူ စကားများပြောဆို နောက်ပြောင်ရင်း လမ်းလျှောက်သွားကြရာ အလွန်တက်ကြွလန်းဆန်းနေပုံရသည်။ ဝူကျီတိုင်းပြည် မှ နန်းတွင်းအစေခံလေး တစ်ဦး၏ လမ်းညွှန်မှုဖြင့် သူတို့သည် ထမင်းစားစားပွဲသို့ ရောက်ရှိသွားကြပြီး သူတို့အတွက် ပြင်ဆင်ပေးထားသော နံနက်စာကို စတင် သုံးဆောင်ကြတော့သည်။

***

All Chapters