အခန်း ၄၁၀
Vol. 30 Ch. 410
အပိုင်း(၄၁၀)
"ထပါ အိမ်ရှေ့မင်းသား... စိတ်ချပါ… ဒီကိစ္စကို ကိုယ်တော့်ကိုသာ လွှဲထားလိုက်..."
အတွေ့အကြုံမှတ် ၈၅၀,၀၀၀ ဆုကြေးရရှိမည့် ဤကိစ္စမှာ အနည်းငယ် အားစိုက်ထုတ်ရုံမျှသာ ဖြစ်သောကြောင့် ကျန်းလျိုသည် တာဝန်ကို ချက်ချင်းပင် လက်ခံလိုက်လေသည်။
"ဆရာတော်... သေသွားတဲ့သူကို တကယ်ပဲ အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်လို့လား..."
ကျန်းလျို ချက်ချင်း လက်ခံလိုက်သည်ကို ကြားသောအခါ ရှားဝူကျင်းသည် အံ့သြတကြီး မျက်လုံးပြူးသွားကာ မေးလိုက်သည်။
"ဝူခုန်းကို ထိုက်ရှန်းလောင်ကျွင်း ဆီကနေ ရှင်သန်ထမြောက်ခြင်း ဆေးလုံး သွားတောင်းခိုင်းမလို့ စဉ်းစားထားတယ်..."
ကျန်းလျိုက ရှားဝူကျင်း၏ ပြင်းထန်သော တုံ့ပြန်မှုကို နားမလည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်သည်။
"အစ်ကိုကြီး... ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး တောင်းတဲ့အခါကျရင် နောက်ထပ် တစ်လုံးလောက် ပိုတောင်းပေးလို့ ရမလား..."
ရှားဝူကျင်းက နောက်သို့လှည့်ကာ စွန်းဝူခုန်းအား အလွန်တရာ တောင်းဆိုလိုသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းလား... မင်းက ရှင်သန်ထမြောက်ခြင်း ဆေးလုံး ကို ဘာလုပ်ဖို့ လိုချင်ရတာလဲ..."
ရှားဝူကျင်း၏ စကားကို ကြားသောအခါ စွန်းဝူခုန်းသည် သူ့အား အနည်းငယ် အံ့အားသင့်စွာ ကြည့်လျက် မေးလိုက်သည်။
ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး ဆိုသည်မှာ သေဆုံးသွားသူများကို အသက်ပြန်ရှင်လာစေရန် အသုံးပြုခြင်းဖြစ်သည်။ သို့ဆိုလျှင် သူက ၎င်းကို ဘာလုပ်ရန် လိုအပ်နေသနည်း။
ထို့အပြင် ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး ဖြင့် တစ်စုံတစ်ယောက်ကို အသက်ပြန်ရှင်လာစေရန်အတွက် လိုအပ်သော အခြေခံအချက်မှာ ထိုသူ၏ ခန္ဓာကိုယ်သည် အပြည့်အဝ ပျက်စီးမှုမရှိဘဲ ရှိနေရမည် ဖြစ်သည်။
"..."
ရှားဝူကျင်းသည် ရှင်းပြလိုသည့် ရည်ရွယ်ချက် လုံးဝမရှိဘဲ စွန်းဝူခုန်းအား စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှုများနှင့် တောင်းပန်မှုများ အပြည့်ပါဝင်နေခဲ့သည်။
"ကောင်းပြီလေ ညီလေးရှား... ငါ မင်းအတွက် သွားပြီး ကြိုးစားကြည့်ပေးပါ့မယ်..."
ရှားဝူကျင်း၏ မျက်လုံးများထဲရှိ ထိုအကြည့်ကို မြင်သောအခါ စွန်းဝူခုန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
စကားအဆုံးတွင် သူသည် အပေါ်သို့ ခုန်တက်လိုက်ပြီး တိမ်တိုက် ကို စီးနင်းကာ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် တောက်ရွှိုင်နန်းတော်သို့ ပျံသန်း သွားခဲ့လေတော့သည်။
ဝူကျီတိုင်းပြည် ၏ နန်းတော်အတွင်း၌ ကျန်းလျိုသည် ရှားဝူကျင်းကို လှမ်းကြည့်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ရှားဝူကျင်း ဘာကြောင့် ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး ကို လိုချင်နေသနည်းဆိုသည်ကို စွန်းဝူခုန်း မသိသော်လည်း ကျန်းလျိုကမူ သူ၏ "အားမေ" ဆိုသူအတွက် ဖြစ်နိုင်ကြောင်း ရိပ်မိနေခဲ့သည်။
ထိုအားမေဆိုသည်မှာ မည်သူနည်းဆိုသည်ကို ကျန်းလျို သေချာမသိသလို ဆက်လက်၍လည်း မမေးမြန်းခဲ့ပေ။ ရှားဝူကျင်းသည်လည်း ထိုအကြောင်းကို ကိုယ်တိုင် ဘယ်သောအခါမှ မပြောပြခဲ့ဖူးသော်လည်း တစ်ခါတုန်းက ရှားဝူကျင်း အိပ်မက်ယောင်ပြီး စကားပြောနေသည်ကို ကြားခဲ့ရဖူးသောကြောင့် ထိုနာမည်နှင့် မိန်းကလေး တစ်ယောက် ရှိနေကြောင်းကို ကျန်းလျို သိရှိထားခဲ့ခြင်း ဖြစ်သည်။
စွန်းဝူခုန်းသည် တောက်ရွှိုင်နန်းတော်သို့ လျှင်မြန်စွာပင် ရောက်ရှိသွားခဲ့ပြီး နန်းတော်တံခါးကို ခေါက်လိုက်သည်။
"မင်းပါလား မျောက်လေး... ဒီကို ဘာလာလုပ်ပြန်တာလဲ..."
တံခါးကို ဖွင့်ပေးလိုက်သူမှာ ထိုက်ရှန်းလောင်ကျွင်း၏ နန်းတွင်းအစေခံ ကလေးငယ်တစ်ဦးဖြစ်သည်။
"ဟီးဟီးဟီး... ငါ ဒီနေ့ ထိုက်ရှန်းလောင်ကျွင်း ဆီကနေ နတ်ဆေးလုံး တချို့ တောင်းမလို့ လာခဲ့တာ..."
စွန်းဝူခုန်းသည် ရယ်မောလျက် ပွင့်လင်းစွာ ပြောလိုက်သည်။
"သူ မရှိဘူး... ငါ့ဆရာ ဒီမှာမရှိဘူး..."
စွန်းဝူခုန်း၏ စကားကို ကြားသောအခါ နန်းတွင်းအစေခံ ကလေးငယ်သည် သူ့အား ရိုင်းပျစွာ ပြန်ပြောလိုက်သည်။
စကားပြောနေစဉ်မှာပင် သူသည် ထွက်သွားရန် အမိန့်ပေးလိုက်ပြီး တစ်ပြိုင်နက်တည်း တံခါးကို ပိတ်ရန် စတင်လိုက်သည်။
သို့သော် စွန်းဝူခုန်းက ထိုမျှလွယ်လွယ်နှင့် လက်လျှော့မည့်သူမျိုး မဟုတ်ပါပေ။
နန်းတွင်းအစေခံ ကလေးငယ်က တံခါးကို ပိတ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ စွန်းဝူခုန်းသည် တံခါးကို လက်ဖြင့် ဆွဲကိုင်ထားလိုက်သည်။
"ထိုက်ရှန်းလောင်ကျွင်း မရှိဘူးဆိုရင်လည်း… မင်းဘိုးဘိုး စွန်းဝူခုန်း က ဒီ တောက်ရွှိုင်နန်းတော် ထဲမှာပဲ သူ့ကို စောင့်နေလိုက်မယ်... ဟီးဟီးဟီး..."
"မျောက်စုတ်... ထွက်သွားစမ်း... အခု ထွက်သွား..."
ကလေးငယ်သည် တံခါးကို ပိတ်နိုင်ရန် အစွမ်းကုန် ကြိုးစားသော်လည်း သူ၏ ခွန်အားက စွန်းဝူခုန်းကို မည်သို့ ယှဉ်နိုင်မည်နည်း။ ခေတ္တမျှ အားပြိုင်ပြီးနောက် တံခါးကြီးသည် အပြင်ဘက်မှ စွန်းဝူခုန်း၏ တွန်းဖွင့်ခြင်းကို ခံလိုက်ရပြီး သူသည် အထဲသို့ ဝင်ရောက်သွားခဲ့သည်။
"ကလေး... ဘယ်သူရောက်လာတာလဲ..."
စွန်းဝူခုန်း တောက်ရွှိုင်နန်းတော် အတွင်းသို့ ဝင်ရောက်သွားချိန်တွင် ထိုက်ရှန်းလောင်ကျွင်း ၏ အသံ ထွက်ပေါ်လာပြီး မကြာမီမှာပင် သူ ထွက်လာသည်ကို မြင်လိုက်ရသည်။
"ဒီမျောက်ကြီးပါ... သူက ကျွန်တော်တို့ဆီက အံ့ဖွယ်ဆေးလုံးတွေ ထပ်လာတောင်းနေပြန်ပြီ..."
ထိုက်ရှန်းလောင်ကျွင်း ထွက်လာသည်ကို မြင်သောအခါ နန်းတွင်းအစေခံ ကလေးငယ်သည် စိတ်အနှောင့်အယှက်ဖြစ်နေသော မျက်နှာဖြင့် စွန်းဝူခုန်းကို လက်ညိုးထိုးကာ ပြောလိုက်သည်။
"ဟီးဟီးဟီး... မင်းလို ကလေးပေါက်စက တော်တော်လေး ဆိုးသွမ်းတာပဲ... အရင်က ဖျင်တင့်တောင်မှာ မင်းက ငါတို့ ဆရာတပည့်တွေကို ဒုက္ခပေးခဲ့တာလေ... အဲဒီကိစ္စအတွက် ငါ စွန်းဝူခုန်း က မင်းနဲ့ စာရင်းမရှင်းရသေးဘူးနော်..."
စွန်းဝူခုန်းသည် ကလေးငယ်ကို နောက်ပြောင်ကာ သူ၏ မျောက်လက်ဝါးဖြင့် နန်းတွင်းအစေခံ ကလေးငယ်၏ နှာခေါင်းထိပ်ကို ပွတ်ဆွဲလိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
စွန်းဝူခုန်း၏ စကားများကြောင့် နန်းတွင်းအစေခံ ကလေးငယ်၏ မျက်နှာအမူအရာသည် ပို၍ပင် ဆိုးရွားသွားခဲ့သည်။
ဖျင်တင့်တောင်တွင် သူက ဆရာတပည့်တစ်စုကို ဒုက္ခပေးခဲ့သည် ဟုတ်သလော… တကယ်တော့ ရွှမ်ကျန်း ကသာ ဒုက္ခပေးခဲ့ခြင်း မဟုတ်ပါလော… ထိုအချိန်က မိစ္ဆာဂူ ထဲတွင် သူကိုယ်တိုင်ပင် ရွှမ်ကျန်း ကြောင့် ငိုလုမတတ် ဖြစ်ခဲ့ရသည် မဟုတ်ပါလော…။
"ဟွန့်... မျောက်စုတ်... မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ရပ်လိုက်စမ်း... ငါက မင်းထက် အသက်ပိုကြီးတယ်... မင်းက ဘာအခွင့်အရေးနဲ့ ငါ့ကို ကလေး ကလေးနဲ့ ခေါ်ရတာလဲ..."
နန်းတွင်းအစေခံ ကလေးငယ်၏ မျက်နှာသည် မည်းမှောင်သွားပြီး စွန်းဝူခုန်း၏ မျောက်လက်ဝါးကို ရိုက်ဖယ်လိုက်ကာ ပြောလိုက်သည်။
"မင်း..."
နန်းတွင်းအစေခံ ကလေးငယ်၏ စကားများကြောင့် စွန်းဝူခုန်းသည် ကောက်ကျစ်စွာ ပြုံးလိုက်သော်လည်း ဝူကျွမ်ကျောင်းတော်တွင် သူ တွေ့ဆုံခဲ့ဖူးသော ချင်းဖုန်း နှင့် မင်ယွဲ့ ဆိုသည့် တာအိုကလေးငယ် နှစ်ဦးကို ပြန်လည်သတိရသွားခဲ့သည်။ သူတို့သည် နုနယ်သော ကလေးငယ်များနှင့် တူသော်လည်း တကယ်တမ်းတွင် သူတို့သည် သူ့ထက် အသက်ပိုကြီးကြသည် မဟုတ်ပါလော။
"ကဲပါ... မျောက်ဆိုးလေး... ငါ့ရဲ့ တောက်ရွှိုင်နန်းတော် ကို နောက်တစ်ခေါက် ထပ်ရောက်လာပြန်ပြီဆိုတော့… ဒီတစ်ခါရော ဘာဆေးလုံးကို တောင်းချင်လို့လဲ..."
ထိုက်ရှန်းလောင်ကျွင်း သည် စွန်းဝူခုန်းနှင့် သူ၏ အစေခံတို့ကို ဆက်လက် အချင်းမများစေရန် စွန်းဝူခုန်းအား ကြားဖြတ်မေးလိုက်သည်။
"တာအို ဘိုးဘိုးကြီး... ကျုပ် ဒီကိုလာတာက ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး တစ်ရာ့ရှစ်ဆယ်လောက် တောင်းမလို့ဗျ..."
စွန်းဝူခုန်းက ထိုက်ရှန်းလောင်ကျွင်းဘက်သို့ လှည့်ကာ လိုရင်ကို တိုက်ရိုက် ပြောလိုက်လေသည်။ မည်သို့ပင် ဆိုစေ... သူ ဤတောက်ရွှိုင်နန်းတော်သို့ လာရောက်ရခြင်းသည် ဤနန်းတွင်းအစေခံ ကလေးငယ်နှင့် အချင်းများရန် မဟုတ်ပါချေ။
"အဟွတ်..."
စွန်းဝူခုန်း ဤစကားများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ထိုက်ရှန်းလောင်ကျွင်း သည် ယခင်က ကျန်းလျို ကိုးကြိမ် သန့်စင် ရွှေဆေးလုံး တစ်ရာ့ရှစ်ဆယ် တောင်းဆိုခဲ့သည်ကို ပြန်လည်သတိရသွားပြီး သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။
သူ၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွား၏။ ထို့နောက် သူက ယင်ကောင်မောင်းသည့် မြင်းမြီးယပ်ကို စိတ်မရှည်စွာဖြင့် ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
"မရှိဘူး... မင်း သွားတော့... ကလေး... ဧည့်သည်ကို အပြင်လိုက်ပို့ပေးလိုက်စမ်း..."
"အမ်..."
ထိုက်ရှန်းလောင်ကျွင်း ၏ တုံ့ပြန်မှုကြောင့် စွန်းဝူခုန်းသည် မှင်သက်သွား၏။ ထိုတုံ့ပြန်မှုမှာ လုံးဝ အကြောင်းပြချက် မခိုင်လုံဟု သူ ခံစားလိုက်ရသည်။
ယခင်က ဆရာတော် ညှိနှိုင်းဆွေးနွေးစဉ်ကလည်း ဤကဲ့သို့သော တောင်းဆိုမှုမျိုးဖြင့်ပင် စတင်ခဲ့သည် မဟုတ်ပါလော။ သူ၏အလှည့် ရောက်လာသောအခါ ဘာကြောင့်များ ဤအဘိုးကြီးက လုံးဝ ကွဲပြားခြားနားစွာ တုံ့ပြန်နေရသနည်း။
"ဟွန့်... မျောက်စုတ်... အခု မြန်မြန် မထွက်သွားသေးဘူးလား..."
ယခင်ကတည်းက စွန်းဝူခုန်းအား နှင်ထုတ်လိုနေပြီဖြစ်ရာ ယခု ထိုက်ရှန်းလောင်ကျွင်း ကပါ အမိန့်ပေးလိုက်ပြီဖြစ်သောကြောင့် နန်းတွင်းအစေခံ ကလေးငယ်သည် စွန်းဝူခုန်းအား ချက်ချင်းပင် မောင်းထုတ်တော့သည်။
"ကောင်းပါပြီဗျာ... အများကြီး မပေးချင်ရင်လည်း ဆယ်လုံး ရှစ်လုံးလောက်ဆိုရင်တော့ လုံလောက်ပါတယ်..."
စွန်းဝူခုန်းက လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ထိုက်ရှန်းလောင်ကျွင်း အား တောင်းဆိုလိုက်သည်။
"မျောက်လေး... မင်းက ဘုံသုံးပါးကို ကျော်လွန်သွားခဲ့ပြီးပြီ… ဓာတ်ကြီးငါးပါး ရဲ့ ကန့်သတ်ချုပ်ချယ်မှုအောက်မှာလည်း မရှိတော့ဘူး... မင်းက ဒီ ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး တွေကို ဘာလုပ်ဖို့ လိုအပ်နေရတာလဲ..."
ထိုက်ရှန်းလောင်ကျွင်းက စွန်းဝူခုန်းကို မေးလိုက်သည်။
"ကျုပ် စွန်းဝူခုန်းက မလိုပါဘူး... တခြားသူတွေက လိုအပ်နေလို့ပါ..."
စွန်းဝူခုန်းက ဝူကျီတိုင်းပြည် တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ထိုက်ရှန်းလောင်ကျွင်း အား ပြန်လည်ပြောပြလိုက်သည်။
"ဒါဆို အဲဒီဘုရင်ကို အသက်ပြန်ရှင်လာအောင် လုပ်ဖို့အတွက်ပေါ့... ကောင်းပြီလေ... မင်းကို တစ်လုံး ပေးလိုက်မယ်..."
စွန်းဝူခုန်းထံမှ အကြောင်းရင်းများကို ကြားပြီးနောက် ထိုက်ရှန်းလောင်ကျွင်း သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"တစ်လုံးတည်းလား... မလုံလောက်သေးပါဘူး... ထိုက်ရှန်းလောင်ကျွင်း… ခင်ဗျားကလည်း အရမ်းကပ်စေးနှဲလွန်းမနေဘူးလား..."
စွန်းဝူခုန်းက ခေါင်းယမ်းလိုက်ပြီး ငြင်းဆန်လိုက်သည်။ ရှားဝူကျင်းကလည်း သူ့အတွက် တစ်လုံး တောင်းပေးဖို့ ပြောထားလေရာ တစ်လုံးတည်းနဲ့ ဘယ်လိုလုပ် လုံလောက်မည်နည်း။
"အရင်က မင်းနဲ့ မင်းဆရာတော် ငါ့ရဲ့ တောက်ရွှိုင်နန်းတော် မှာ အရက်သောက်နေတုန်း မင်းဆရာတော်က ငါ့ရဲ့ ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး တွေကို အတော်လေး စားသွားခဲ့တာ... ဒါက နောက်ဆုံးကျန်တဲ့ တစ်လုံးပဲ… ယူချင်ယူ မယူရင်နေ…"
ထိုက်ရှန်းလောင်ကျွင်းက စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်ပြီး ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး တစ်လုံးကို ထုတ်ယူကာ စွန်းဝူခုန်းလက်ထဲသို့ ထည့်ပေးလိုက်သည်။
စွန်းဝူခုန်းက ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး ကို ဆုပ်ကိုင်လိုက်သည်။ သို့သော် ညီလေးရှား အတွက် ဆေးလုံးကို တွေးမိသောအခါ စွန်းဝူခုန်းသည် အလွယ်တကူ ထွက်သွားရန် ငြင်းဆန်လိုက်သည်။
"ခင်ဗျား... ထိုက်ရှန်းလောင်ကျွင်း... ခင်ဗျား ကျုပ်ကို လိမ်နေတာပဲ... ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး တစ်လုံးပဲ ကျန်တော့တယ်ဆိုတာ ကျုပ် မယုံဘူး... ကျုပ် စွန်းဝူခုန်း အတွက် နောက်ထပ် တစ်လုံးပေးရမယ်… မပေးရင် ကျုပ် မထွက်သွားဘူး…"
စွန်းဝူခုန်းသည် သူ၏ မူလသဘာဝအတိုင်း ပုံစံဖမ်းကာ မြေကြီးပေါ်တွင် လှဲအိပ်လိုက်ပြီး ညီဖြစ်သူ ရှားဝူကျင်း၏ တောင်းဆိုချက်အတွက် သူ၏ 'ကောင်းကင်ဘုံနှင့် တန်းတူ မဟာပညာရှိကြီး' ဂုဏ်သိက္ခာကိုပင် စွန့်လွှတ်ကာ တောင်းဆိုလိုက်သည်။
"မင်းလို မျောက်စုတ်ကောင်... ဒီမှာပဲ နေချင်ရင် နေခဲ့... ဒါပေမဲ့ ငါပြောထားမယ်… ကောင်းကင်ဘုံရဲ့ တစ်ရက်ဟာ လူ့ပြည်ရဲ့ တစ်နှစ်နဲ့ ညီမျှတယ်... မင်း နောက်ကျပြီး ပြန်သွားလို့ ဝူကျီတိုင်းပြည် ဘုရင်ရဲ့ ခန္ဓာကိုယ် ပုပ်သိုးသွားရင်တော့ ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး နဲ့တောင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး…"
စွန်းဝူခုန်း၏ ကလေးဆန်သော လုပ်ရပ်ကို ကြည့်ပြီး ထိုက်ရှန်းလောင်ကျွင်းသည် လုံးဝ လျော့မပေးသည့်အပြင် အင်္ကျီလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ ထို့နောက် သူသည် သူ၏ အစေခံကလေးငယ်နှင့်အတူ လှည့်ထွက်သွားခဲ့သည်။
"အခု ဘယ်လိုလုပ်ရမလဲ... ထိုက်ရှန်းလောင်ကျွင်းဆီမှာ နောက်ဆုံးတစ်လုံးပဲ ကျန်တော့တာ တကယ်ပဲလား..."
ထိုက်ရှန်းလောင်ကျွင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း စွန်းဝူခုန်းသည် သူ၏ စကားများကို ပြန်တွေးကြည့်လိုက်ရာ အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။ ထို့ကြောင့် သူသည် အားမလိုအားမရနှင့် ထလိုက်ပြီး တောက်ရွှိုင်နန်းတော် မှ ထွက်ခွာခဲ့တော့သည်။
***