အခန်း ၄၁၄
Vol. 30 Ch. 414
အပိုင်း(၄၁၄)
ကောင်းကင်ယံထက်တွင်တော့ နဂါးဖြူလေးသည် အရှေ့မြောက်ဘက်သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနေပြီး စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့က ကျန်းလျိုအား ကာကွယ်ပေးရန် ဘေးတစ်ဖက်တစ်ချက်စီမှ လိုက်ပါလာခဲ့ကြသည်။
"ဆရာတော်... ဘာတွေဖြစ်ခဲ့တာလဲ... ညီတော် ရှားဝူကျင်းက ဘာဖြစ်သွားလို့လဲ..."
စွန်းဝူခုန်းက ကျန်းလျိုဘက်သို့ လှည့်ကာ မေးလိုက်သည်။
သူတို့ကို ကြည့်ရင်း စွန်းဝူခုန်းနှင့် ကျူးပါကျဲ နှစ်ယောက်စလုံးသည် သူနှင့် တစ်ကြိတ်တည်း တစ်ဉာဏ်တည်း ဖြစ်ကြောင်းကို ကျန်းလျို သတိပြုမိလိုက်သည်။
နဂါးဖြူလေးသည်လည်း အနာဂတ်တွင် မိမိနှင့် တစ်ဖက်တည်းတွင် ရှိလာမည့် အခွင့်အရေး ရှိနေသည်ဖြစ်ရာ ပြောပြသင့်သော အရာတချို့ကို မျှဝေပေးခြင်းက အမှန်တကယ်ပင် သင့်လျော်ပေသည်။
"ဒီနေ့ ဝူကျင်း က မင်းကို ပြန်လည် ရှင်သန်ထမြောက်ခြင်း ဆေးလုံး တောင်းခိုင်းခဲ့တယ် မဟုတ်လား... ဘာကြောင့်လဲဆိုတာ မင်း သိလား..."
ကျန်းလျိုသည် အလောတကြီး မဖြေဆိုသေးဘဲ စွန်းဝူခုန်းအား ကြည့်ကာ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"ကျုပ် မသိဘူး..."
စွန်းဝူခုန်းက ခေါင်းယမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျူးပါကျဲနှင့် နဂါးဖြူလေး နှစ်ဦးစလုံးသည်လည်း နားစွင့်ကာ နားထောင်နေကြသည်။
ရှားဝူကျင်း ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာချိန်မှစ၍ သူ၏ အပြုအမူများသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူ့တွင် အတိအကျ ဘာတွေဖြစ်ပျက်ခဲ့သနည်း။ မည်သူကမျှ မသိရှိခဲ့ကြဘဲ သူကိုယ်တိုင်ကလည်း ပြောပြလိုခြင်း မရှိသောကြောင့် မည်သူကမျှ အတင်းအကျပ် မမေးမြန်းခဲ့ကြပေ။
"အဲဒါက မိန်းကလေး တစ်ယောက်အတွက်ပဲ..."
ရင်ထဲမှ အရေးတကြီးဖြစ်နေသော စိတ်ကို ဖိနှိပ်ထားရင်း ကျန်းလျိုသည် ညအစောပိုင်းက ရှားဝူကျင်း သူ့အား ဖွင့်ဟပြောဆိုခဲ့သည့် အရာများကို အားလုံးအား စတင်ပြောပြလိုက်သည်။
"ဟီး ဟီး ဟီး... အဲဒီလို ဖြစ်ရတာကိုး..."
ကျန်းလျို၏ ရှင်းပြချက်မှတစ်ဆင့် ဇာတ်လမ်းအစအဆုံးကို နားလည်သွားသောအခါ စွန်းဝူခုန်းသည် ပြုံးဖြဲဖြဲလုပ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ထွက်ပေါ်လာကာ ပြောလိုက်သည်။
"ဒါကြောင့် ကျုပ် ထင်တဲ့အတိုင်းပဲ... မဟာယနဂိုဏ်းက တော်တော်လေးကို ရွံစရာကောင်းတယ်... လူတွေကို ဒီလောက်တောင် ရက်ရက်စက်စက် အကွက်ဆင်ပြီး… ကိုယ့်လူကိုတောင်မှ နှလုံးသားမဲ့ပြီး ကြမ်းကြုတ်ရက်စက်ရဲတာပဲ..."
"အစ်ကိုကြီး..."
စွန်းဝူခုန်း၏ ကြမ်းတမ်းသော စကားများကြောင့် လန့်ဖြတ်သွားပြီး နဂါးဖြူလေး သည် အသက်ရှူမှားသွားခဲ့သည်။
ဘာတွေဖြစ်ကုန်သနည်း… ယခုအချိန်အထိ အစ်ကိုကြီးသည် ဗုဒ္ဓဘာသာဂိုဏ်း ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲ မဟုတ်ပါလော… သူက မည်ကဲ့သို့ သည်လိုစကားမျိုး ပြောထွက်ရတာလဲ… ၎င်းမှာ သိပ်တော့ မဟန်လှပေ…
"ဟမ့်... တကယ်ပဲလား... ကျုပ်လည်း ဒီလိုဖြစ်ခဲ့သလို… ညီဖြစ်သူ ရှားဝူကျင်း လည်း ဒီလိုဖြစ်ခဲ့တာပဲ... ဒါကြောင့်မို့လို့ ကျုပ်က ပြန်သွားဖို့တောင် စိတ်မဝင်စားတော့တာ... နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေဆိုတာ ပိုပြီးတောင် ညစ်ပတ်သေးတယ်..."
စွန်းဝူခုန်း၏ စကားများနောက်တွင် ကျူးပါကျဲသည် သူ၏ ကိုယ်ပိုင် အတွေ့အကြုံများကို ပြန်လည်သတိရလာပုံပေါ်ပြီး… အထူးသဖြင့် သူ၏ရင်သွေးကို လွယ်ထားရသော ကျူးကျူး ကို သတိရလာကာ ရွံရှာမုန်းတီးမှုများ အပြည့်ပါဝင်နေသော ကြောက်မက်ဖွယ် အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"အစ်ကိုကြီး... ဆရာတော်... ဘယ်လိုလုပ် ဒီလိုစကားမျိုးတွေ ပြောထွက်ရတာလဲ... ကျွန်တော်တို့ အားလုံးက မဟာယနဂိုဏ်းရဲ့ တပည့်တွေလေ... ဗောဓိသတ်က အမှားတစ်ခုခု လုပ်ခဲ့တယ်ဆိုရင်တောင် ကျွန်တော်တို့က..."
စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ ဤသို့ ပြောဆိုနေကြသည်ကို ကြားသောအခါ နဂါးဖြူလေးသည် အလွန်အံ့အားသင့်သွားပြီး သူ၏ စိုးရိမ်ပူပန်မှုများကို စတင်ထုတ်ဖော်ပြောဆိုတော့သည်။
"ရှောင်ပိုင်..."
သို့သော် နဂါးဖြူလေး စကားမဆုံးမီမှာပင် ကျန်းလျိုက ကြားဖြတ်ကာ ခေါ်ဆိုလိုက်၏။
"မင်းကို မှော်လက်နက် တစ်ခု လက်ဆောင်ပေးမယ် ရှောင်ပိုင်... ဒီလက်ကောက်က မင်းအတွက်ပဲ..."
ထိုသို့ပြောဆိုရင်း ကျန်းလျိုသည် သူ၏ လက်ကောက်ဝတ်မှ နဂါးဝိညာဉ် လက်ကောက်ကို ချွတ်လိုက်လေသည်။
နဂါးနန်းတော်သည် ကောင်းကင်ဘုံ၏ အင်အားစုတစ်ရပ် ဖြစ်သော်ငြားလည်း ကောင်းကင်ဘုံ၏ အုပ်ချုပ်မှု ယန္တရားတစ်ခုလုံး၌ ဩဇာတိက္ကမ ကြီးမားလှသည်တော့ မဟုတ်ချေ။ ၎င်းတို့ကို သမုဒ္ဒရာလေးရပ်အား စောင့်ရှောက်ရန်နှင့် မိုးလေဝသ ဖန်တီးပေးရသည့် အလုပ်များလုပ်ဆောင်ရန် ကောင်းကင်ဘုံမှ တာဝန်ပေးအပ်ထားခြင်းသာ ဖြစ်ပေသည်။
ခေတ်သစ် အသုံးအနှုန်းများဖြင့် တင်စားရမည်ဆိုလျှင် နဂါးနန်းတော်ဆိုသည်မှာ မြို့တော်နှင့် အလှမ်းဝေးလှသော ခေါင်ဖျားသည့် ဒေသများမှ အရာရှိငယ်လေးများအဆင့်သာ ရှိပေသည်။
သူတို့၏ ကိုယ်ပိုင်နယ်မြေများတွင် ဒေသခံ ဧကရာဇ်များပမာ စံမြန်းနေနိုင်သော်လည်း အာဏာစက်၏ ဗဟိုချက်နှင့် ကွာဝေးလွန်းလှသဖြင့် ထင်သလောက် အရေးပါလှသူများကား မဟုတ်ကြချေ။
"ဝန်ကြီးချုပ် အိမ်ပေါက်ဝက အဆင့်ခုနစ် အရာရှိလေးကတောင် တခြားသူတွေထက် အဆင့်အတန်း မြင့်နေတတ်တယ်" ဆိုသည့် စကားပုံတစ်ခု ရှိသည်မဟုတ်ပါလော။ မြို့တော်မှ အရာရှိတစ်ဦးသည် နယ်မှအရာရှိထက် အဆင့်အတန်း ပို၍မြင့်မားနေတတ်စမြဲပင် ဖြစ်သည်။
အနောက်ပင်လယ် နဂါးမင်းကြီး၏ တတိယမြောက် သားတော်တစ်ပါးအနေဖြင့် အောင်းလီသည် ကောင်းကင်ဘုံ၏ အာဏာခွဲဝေမှုစနစ်ကို ကောင်းစွာ နားလည်သဘောပေါက်ထားသူ ဖြစ်သည်။
ထို့ကြောင့် ဦးရီးတော် မတရားသဖြင့် ကွပ်မျက်ခံရပြီးနောက် သူသည် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့်အဖွဲ့ထဲတွင် ပါဝင်ခွင့်ရရန် အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ခဲ့လေသည်။ ကျမ်းစာပင့်ဆောင်သူ၏ စီးတော်ယာဥ်နဂါးမြင်းဖြူအဖြစ် အမှုထမ်းရမည်ဆိုလျှင်တောင်မှ သူ့အတွက် ရွှေရောင်လွှမ်းသွားမည့် အခွင့်အရေးပင် ဖြစ်သည်။
အနောက်ဘက် နတ်ဝိညာဉ်တောင်တော်၌ နတ်အဆင့်အတန်းတစ်ခု ချီးမြှင့်ခံရသည်နှင့် တစ်ပြိုင်နက် သူ၏ မူလအဆင့်အတန်းနှင့် ဂုဏ်ပုဒ်များမှာလည်း ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုအခါကျလျှင် အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ ဝင်ရောက်ပြောဆိုခွင့် ရလာမည် မဟုတ်ပါလော။
ထို့ကြောင့် သူတို့၏ ရည်မှန်းချက်များ မတူညီကြသော်လည်း အောင်းလီ၏ တွေးခေါ်ပုံသည် ရှားဝူကျင်းနှင့် အတော်လေး ဆင်တူနေပေသည်။ သူတို့နှစ်ဦးစလုံးသည် အနောက်ကောင်းကင်ဘုံသို့ ရောက်ရှိပြီးနောက် နတ်အဆင့်အတန်းများ ရရှိစေရန် ဤခရီးစဉ်တစ်လျှောက် ကြိုးစားဖြတ်သန်းလိုကြခြင်း ဖြစ်သည်။
သို့သော် ယနေ့ လေထဲတွင် ဝဲပျံနေစဉ် သူ၏ဆရာနှင့် နောင်တော်နှစ်ပါးက နတ်မင်းများနှင့် ဗုဒ္ဓများအပေါ် မကျေမနပ်ဖြစ်ကာ အမုန်းတရားများဖြင့် ပြောဆိုနေကြသည်ကို ကြားလိုက်ရသဖြင့် အောင်းလီတစ်ယောက် အလွန်အမင်း တုန်လှုပ်သွားရလေသည်။
ပထမအချက်အနေဖြင့် ယခုအခါ သူတို့အားလုံးသည် မဟာယနဂိုဏ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်ရာ ဤသို့သော စကားမျိုးများ ပြောဆိုခြင်းသည် လုံးဝ မသင့်လျော်ချေ။ အကယ်၍ အခြားသူများ ကြားသွားခဲ့လျှင် တထာဂတက မည်သို့သဘောထားမည်ကို မည်သူသိနိုင်မည်နည်း။
ဒုတိယအချက်အနေဖြင့် အကယ်၍ သူတို့အားလုံး အပြစ်ပေးခံရမည်ဆိုလျှင် အနောက်ကောင်းကင်ဘုံတွင် နတ်အဆင့်အတန်း ချီးမြှင့်ခံရရန် ဆိုသည့် သူ၏ရည်မှန်းချက်သည်လည်း လေပူဖောင်းလေးတစ်ခုလို ပေါက်ကွဲပျက်စီးသွားတော့မည် ဖြစ်သည်။
ထို့ကြောင့် အောင်းလီသည် ကျန်းလျိုနှင့် အခြားသူများကို သတိပေးရန် မပြောဘဲ မနေနိုင်ခဲ့ချေ။
သို့သော်လည်း... သူ၏ဆရာက သူ့ကို ဆူပူကြိမ်းမောင်းခြင်းမပြုဘဲ ချက်ချင်းပင် လက်ကောက်တစ်ကွင်း ပေးလာခဲ့လေသည်။
ပုံမှန်အခြေအနေများတွင် သူ၏ဆရာသည် ထိုလက်ကောက်ကို လက်ကောက်ဝတ်၌ အမြဲဝတ်ဆင်ထားလေ့ရှိသဖြင့် အောင်းလီက ထိုလက်ကောက်ကို ချက်ချင်း မှတ်မိလိုက်သည်။
"ဒီလက်ကောက်က..."
အောင်းလီ၏ မျက်လုံးများထဲတွင် စပ်စုလိုစိတ်နှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်သွားပြီး ကျန်းလျိုထံသို့ လှမ်းကြည့်လိုက်လေသည်။ ကျန်းလျိုက သူ့ကို လက်ကောက်ပေးရခြင်း၏ အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်နေသည်။
သို့သော် အောင်းလီက ဖွင့်ဟမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လက်ကောက်ထဲမှ နဂါးဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ထို့နောက် နတ်နဂါးကြီးတစ်ကောင်၏ ပုံရိပ်ယောင်သည် လက်ကောက်ထဲမှ ခေါင်းပြူထွက်လာပြီး တိုက်ရိုက် ပျံသန်းထွက်ပေါ်လာသည်။ ထိုဝိညာဉ်ပုံရိပ်သည် နဂါးဝိညာဉ်တစ်ခု ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်သည် လက်ကောက်ထဲမှ ပျံထွက်လာပြီး ခဏအကြာတွင် နဂါးခေါင်းနှင့် လူကိုယ်လုံး အသွင်အပြင်ကို ယူကာ အောင်းလီ၏ရှေ့၌ ရပ်တန့်သွားလေသည်။
"ဦးရီးတော်... ဦးရီးတော်လား..."
သူ၏ရှေ့ရှိ လူအသွင်ယူထားသော ဝိညာဉ်ကို စိုက်ကြည့်ရင်း အောင်းလီသည် လေထဲတွင် ရပ်တန့်သွားကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်လေသည်။
သူ၏ ဦးရီးတော်သည် အချိန်အတော်ကြာကတည်းက အသတ်ခံခဲ့ရသည် မဟုတ်ပါလော…။ သူ၏ ဝိညာဉ်ကို မရဏကမ္ဘာ၌ ဖမ်းဆီးထိန်းသိမ်းထားသည် မဟုတ်ပါလော…။ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း…။
သူ၏ဦးရီးတော်သည် ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်ကို ဖီဆန်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှမက သူ့ကို ကွပ်မျက်ရန် အမိန့်ကို ကျောက်စိမ်းဧကရာဇ် ကိုယ်တိုင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပေသည်။
ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်ဖြင့် ကွပ်မျက်ခံရသူများသည် မရဏကမ္ဘာ၌သာ ဆက်လက်နေထိုင်ရမည် ဖြစ်သည်။ မည်သူက သူတို့ကို လွှတ်ပေးဝံ့မည်နည်း။ သို့မဟုတ်ပါက ကျောက်စိမ်းဧကရာဇ်၏ မျက်နှာကို မည်သည့်နေရာတွင် သွားထားရမည်နည်း။
"အောင်းလီ... မတွေ့ရတာ တော်တော်တောင် ကြာသွားခဲ့ပြီပဲ..."
ကျင်းမြစ် နဂါးမင်းကြီးသည် အောင်းလီ၏ရှေ့တွင် ဝဲပျံနေပြီး တူတော်မောင် နဂါးဖြူလေးကို ဝမ်းသာပီတိဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
ကျင်းမြစ် နဂါးမင်းကြီးသည် သူ၏တူတော်မောင်အား အမြဲတစေ မြတ်နိုးယုယခဲ့သူ ဖြစ်သည်။ ထို့ပြင် ကျန်းလျိုနှင့်အတူ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ်တွင် အောင်းလီပါဝင်လာရခြင်း၏ ရည်ရွယ်ချက်မှာ သူ့အတွက် တရားမျှတမှု ရှာဖွေပေးရန်ဖြစ်ကြောင်း နားလည်သွားခဲ့သဖြင့် နဂါးမင်းကြီးမှာ အလွန်အမင်း စိတ်ထိခိုက် ကြည်နူးသွားရလေသည်။
"ဦးရီးတော်... ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ... ဘာတွေဖြစ်ကုန်တာလဲ..."
အောင်းလီက သူ၏ဦးရီးတော်အား အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်လေသည်။
"ဒါတွေအားလုံး ဆရာတော်ကို ကျေးဇူးတင်ရမှာပဲ..."
ကျင်းမြစ် နဂါးမင်းကြီးက စတင်ပြောဆိုလာပြီး သူ့အပေါ် ကျရောက်ခဲ့သမျှ အဖြစ်အပျက်များအားလုံးကို အောင်းလီအား ပြောပြလိုက်လေသည်။ အထူးသဖြင့် ချန်အန်းမြို့တော်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို အသေးစိတ် ရှင်းပြလေတော့သည်။
***