← Chapters

အခန်း ၄၁၅

Vol. 30 Ch. 415

အခန်း ၄၁၅

Vol. 30 Ch. 415

အပိုင်း(၄၁၅)

"ဒီကိစ္စမှာ လှည့်ကွက်တစ်ခုခု ရှိနေတာ သေချာတယ်..."

ချန်အန်းမြို့တော်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကြားပြီးနောက် အောင်းလီသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသွားပြီး ထိုသို့ ပြောလိုက်လေသည်။

ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော် မထွက်သေးခင်မှာပင် တစ်စုံတစ်ယောက်က ကြိုတင်သိရှိနေပြီး မိုးရွာမည့်အချိန်နှင့် ပမာဏကို အတိအကျ တွက်ချက်ပြောဆိုနိုင်ခြင်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ သာမန် ဗေဒင်ဆရာတစ်ယောက် မည်သို့မျှ မစွမ်းဆောင်နိုင်သော ကိစ္စရပ်တစ်ခု မဟုတ်ပါလော။

"ဟူး... ငါ့ကိုယ်ငါပဲ အပြစ်တင်ရမှာပေါ့... ငါ့ဆီကို ဘေးဒုက္ခကြီး ဆိုက်ရောက်လာချိန်မှာ ငါ့ရဲ့ ဝိညာဉ်ပလ္လင်က တိမ်ဖုံးသွားခဲ့တယ်... ဆရာတော်က ငါ့ကို သွယ်ဝိုက်ပြီး သတိပေးခဲ့ပေမဲ့… ငါက ဒေါသထွက်ပြီး သူ့စကားကို နားမထောင်ဘဲ ကျောက်စိမ်းဧကရာဇ်ရဲ့ အမိန့်တော်ကို ဖီဆန်မိခဲ့တယ်..."

ကျင်းမြစ် နဂါးမင်းကြီးသည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ရင်း နောင်တတရားများ ပြည့်နှက်နေသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

နတ်ဘုရားများနှင့် ဗုဒ္ဓများပင် ကြောက်ရွံ့ကြရသည့် ဘေးဒုက္ခများဆိုသည်မှာ ၎င်းတို့ကိုယ်တိုင်က ကြောက်မက်ဖွယ်ကောင်းနေခြင်းကြောင့် သက်သက်မဟုတ်ဘဲ လူတို့၏ စိတ်အာရုံ ကြည်လင်မှုကို ဖုံးလွှမ်းသွားစေတတ်သောကြောင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် အကြောင်းအကျိုး မခိုင်လုံသော ဆုံးဖြတ်ချက်များကို ချမှတ်မိစေပြီး မိမိကိုယ်တိုင်၏ ဘေးဒုက္ခကိုပင် ဖိတ်ခေါ်မိသကဲ့သို့ ဖြစ်စေတတ်သည်။

နောက်ကြောင်းပြန်တွေးကြည့်သောအခါ ကျင်းမြစ် နဂါးမင်းကြီးသည် ထိုအချိန်က သူ့အပေါ်၌လည်း ထိုအတိုင်း အတိအကျ ဖြစ်ပွားခဲ့ကြောင်း သဘောပေါက်သွားလေသည်။

"ဒီလောကကြီးမှာ ပြိုင်ဘက်ကင်း ကြိုတင်ဟောကိန်းထုတ်နိုင်တဲ့ အဲ့ဒီလိုမျိုး အစွမ်းထက်တဲ့သူ တကယ်ရှိနေတာလား... သူက ဖူရှီ ဝင်စားတဲ့သူ မဟုတ်ရင်တော့ ကျုပ် မယုံနိုင်ဘူး... ကျုပ် အချိန်ရရင် ချန်အန်းမြို့တော်ကိုသွားပြီး အဲ့ဒီ ယွမ်ရှိုးချန်ဆိုတဲ့သူကို သေချာစုံစမ်းရမယ်..."

အောင်းလီသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျင်းမြစ် နဂါးမင်းကြီးအား ပြောလိုက်လေသည်။

"တကယ်တော့... အဲ့ဒီတုန်းက ကိစ္စကို ငါ နည်းနည်းပါးပါး သိခဲ့တယ်..."

အောင်းလီ၏ ကျောပေါ်တွင် ထိုင်ကာ အောင်းလီနှင့် ကျင်းမြစ် နဂါးမင်းကြီးတို့၏ စကားဝိုင်းကို နားထောင်နေသော ကျန်းလျိုက ရုတ်တရက် ဝင်ပြောလိုက်လေသည်။

"ဆရာ... ဆရာက ဘာတွေများ သိထားသေးလို့လဲ..."

ကျန်းလျို၏ စကားကို ကြားသောအခါ အောင်းလီက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

အမှန်တကယ်ပင် ဦးရီးတော်၏ စကားများအရ သူတို့ ချန်အန်းမြို့တော်တွင် ရှိနေစဉ်က ဆရာဖြစ်သူမှာ တစ်စုံတစ်ခုကို သိထားပုံရပြီး ဦးရီးတော်အား အရိပ်အမြွက် ပြောခဲ့သေးသည် မဟုတ်ပါလော…။ သို့ဖြစ်ရာ သူ တစ်စုံတစ်ခုကို သိထားခြင်းမှာ လုံးဝ ယုတ္တိတန်နေသည် မဟုတ်ပါလော…။

"ယွမ်ရှိုးချန်ဆိုတဲ့သူ အကြောင်းကို ငါ နည်းနည်းသိတယ်... သူက ချန်အန်းမြို့တော်က တာအိုဘုန်းကြီး ယွမ်ထျန်းကန်းရဲ့ ဦးလေးပဲ..."

ကျန်းလျိုက သူသိထားသည်များကို ဆက်လက် မျှဝေလိုက်လေသည်။

"ငါ ယွမ်ထျန်းကန်းနဲ့ ဆုံဖူးတယ်... တစ်ခါတုန်းက သူ့ဦးလေးအကြောင်း အလွတ်သဘော ပြောဖူးခဲ့တယ် ဆိုပါတော့လေ... ယွမ်ထျန်းကန်းပြောတာက သူ့ဦးလေးက ချန်အန်းမြို့တော်မှာ နေ့တိုင်း ဈေးဆိုင်ခင်းပြီး သူ့ရဲ့ နာမည်ကိုသုံးပြီး လူတွေကို လိမ်လည်လှည့်ဖြားနေတယ်တဲ့..."

ကျန်းလျို၏ စကားများက အောင်းလီ၏ သံသယကို ပိုမို ခိုင်မာသွားစေသည်။

"လိမ်လည်တဲ့သူ သက်သက်ပဲလား... ဒါပေမဲ့ သူက ကျောက်စိမ်းဧကရာဇ်ရဲ့ အမိန့်တော်ကိုတောင် ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့တယ်မလား... ပြီးတော့ တခြားသူတွေကို ကျင်းမြစ်ထဲက ရေနေမျိုးနွယ်တွေကို ဖမ်းဖို့တောင် လမ်းညွှန်ပေးခဲ့သေးတယ်လေ..."

ဤကိစ္စသည် မယုံနိုင်လောက်အောင် ရှုပ်ထွေးလွန်းလှပြီး ထိုသို့ စွမ်းဆောင်နိုင်သူမှာ ပြင်ပလူ လုံးဝ မဖြစ်နိုင်ချေ။ ၎င်းသည် နတ်မင်းများနှင့် ဗုဒ္ဓများထဲမှ တစ်ပါးပါးဖြစ်ရမည်ဖြစ်ပြီး ကြီးမားလှသော ဩဇာအာဏာလည်း ရှိရမည်မှာ သေချာလှပေသည်။

အောင်းလီ၏ မျက်နှာအမူအရာကို ကြည့်ပြီးနောက် ကျန်းလျိုသည် သူ မည်သို့ တွေးတောနေမည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သော်လည်း သူ့ဘက်မှ စတင်၍ တစ်စုံတစ်ရာ ပြောပြခြင်း မရှိခဲ့ချေ။

နဂါးဖြူလေးမှာ အမှန်တရားကို စုံစမ်းချင်နေလေရာ သူကိုယ်တိုင် စုံစမ်းပါစေတော့… မိမိကိုယ်တိုင် စုံစမ်းဖော်ထုတ်တွေ့ရှိလာမည့် အမှန်တရားက ကျန်းလျိုကိုယ်တိုင် ပြောပြမည့် အကြောင်းအရာများထက် အမြဲတမ်း ပို၍ ယုံကြည်လက်ခံနိုင်ဖွယ် ရှိလိမ့်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အနောက်ပင်လယ် နဂါးမင်းကြီး၏ တတိယမြောက် သားတော်ဖြစ်သော အောင်းလီသည် နတ်မင်းများနှင့် ဗုဒ္ဓများ၏ စနစ်ထဲတွင် အစကတည်းက ပါဝင်ပြီးသားဖြစ်ရာ မည်သို့လုပ်ဆောင်ရမည်၊ မည်သို့ဖြေရှင်းရမည်ဆိုသည့် ကိုယ်ပိုင်အတွေးအခေါ်များ ရှိနှင့်ပြီးဖြစ်သဖြင့် ကျန်းလျိုဘက်မှ ပူပန်နေရန် မလိုအပ်တော့ချေ။

အမှန်တကယ်တော့ ကျူးပါကျဲ ရှားဝူကျင်းနှင့် အောင်းလီတို့အားလုံးသည် ကောင်းကင်ဘုံ၏ စနစ်အတွင်း၌ပင် ကြီးပြင်းလာခဲ့ကြသူများဖြစ်ရာ သူတို့၏ ကိုယ်ပိုင် အမြင်နှင့် ရှုထောင့်များ ရှိကြပေသည်။

စွန်းဝူခုန်း တစ်ယောက်တည်းသာ ကျောက်စိမ်းဧကရာဇ်နှင့် အဆင်မပြေမဖြစ်ခင် ကောင်းကင်ဘုံ၌ အချိန်အနည်းငယ်သာ နေထိုင်ခဲ့ဖူးပြီး သူ၏ မဆင်မခြင် ပြုမူတတ်သော အကျင့်စရိုက်များ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လေထဲတွင် ပျံသန်းနေစဉ်အတွင်း အောင်းလီနှင့် ဦးရီးတော်တို့ကြားရှိ သံယောဇဉ်မှာ အလွန်နက်ရှိုင်းကြောင်း သိသာထင်ရှားလှသည်။ သူတို့နှစ်ဦးသည် ပျံသန်းရင်း စကားတွေ ဖောင်ဖွဲ့နေကြလေသည်။

တစ်ခါတစ်ရံတွင် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောဆိုကြသလို အောင်းလီ၏ ကလေးဘဝ အမှတ်တရများကိုလည်း ပြန်လည်ပြောဆိုကြသည်။ ထို့အပြင် ကျင်းမြစ် နဂါးမင်းကြီး သေဆုံးရခြင်း၏ နောက်ကွယ်မှ အမှန်တရားကို ဆွေးနွေးကြပြီး အကြောင်းအရာပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းပြောဆိုခဲ့ကြလေသည်။

ကျန်းလျိုနှင့် စွန်းဝူခုန်းတို့က ဝင်ရောက်နှောင့်ယှက်ခြင်း မပြုခဲ့ကြပေ။ ထို့နောက် သူတို့အဖွဲ့သည် ရှေးဟောင်း ရေခဲဂူရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ဆက်လက်ပျံသန်းသွားကြလေသည်။

ရှေးဟောင်းရေခဲဂူသည် မည်သည့်နေရာတွင်ရှိသည်ကို ကျန်းလျိုနှင့် အခြားသူများ တစ်ယောက်မှ မသိပေ။

သို့သော် ရှားဝူကျင်းက သူသည် ရတနာဆင် တိုင်းပြည်မှ ထွက်ခွာလာပြီးနောက် မြောက်ဘက်သို့ မိုင်ထောင်ချီ ခရီးနှင်ခဲ့ကြောင်း ပြောပြဖူးသဖြင့် ကျန်းလျိုသည် ထိုဒေသ၏ တည်နေရာကို အကြမ်းဖျင်းတော့ သိထားလေသည်။

လေထဲတွင် ပျံသန်းနေစဉ် စွန်းဝူခုန်းက ရုတ်တရက် ကျန်းလျိုအနားသို့ တိုးကပ်လာပြီး ပြောလိုက်လေသည်။

"ဆရာ... ဆရာက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ..."

ကျန်းလျိုက အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်၏။

"ထူးဆန်းတယ်... ဘယ်နေရာက ထူးဆန်းနေလို့လဲ..."

စွန်းဝူခုန်းက ကျန်းလျိုအား ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

"ဆရာက သရဲတစ္ဆေတွေ… မကျွတ်မလွတ်တဲ့ ဝိညာဉ်တွေကို အရမ်းကြောက်တာ မဟုတ်ဘူးလား... အခု ဒီနဂါးကိုကျတော့ ဘာလို့ မကြောက်တာလဲ... သူ့ကိုတောင် ဆရာ့အနားမှာ ဒီလောက်ကြာကြာ ခေါ်ထားသေးတယ်လေ..."

ကျန်းလျိုက စွန်းဝူခုန်း၏ အမေးကို စဉ်းစားတွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"အင်း... သူက လူမဟုတ်ဘဲ နဂါးဖြစ်နေလို့များလား... ဒါကြောင့် ငါမကြောက်တာ နေမှာပေါ့..."

သူ၏ ယခင်ဘဝက ပြည်တွင်းဖြစ် သရဲကားများတွင် တစ္ဆေများနှင့် ဝိညာဉ်ဆိုးများဆိုသည်မှာ လူပုံစံများသာဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းအောင် မိတ်ကပ်များ ထူးထူးဆန်းဆန်း လိမ်းခြယ်ထားတတ်ကြသည်။ သို့သော် နဂါးသရဲဆိုသည်မှာတော့ တစ်ခါမှ မရှိခဲ့ဖူးပေ…။

ထို့ကြောင့် ကျင်းမြစ် နဂါးမင်းကြီးသည်လည်း မကျွတ်မလွတ်သော ဝိညာဉ်တစ်ခုဖြစ်မှန်း သိထားသော်ငြားလည်း ကျန်းလျိုမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။

စွန်းဝူခုန်းက လက်နှစ်ဖက်ကို ဖြန့်ကာ ဘာတတ်နိုင်မည်နည်းဆိုသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဟုတ်ပါပြီ... ဆရာကတော့ တော်တော် ထူးဆန်းတဲ့သူပဲ... နှစ်ခုလုံးက မကျွတ်မလွတ်တဲ့ ဝိညာဉ်တွေချည်းပဲကို… နဂါးသရဲကျတော့ မကြောက်ဘဲ လူသရဲကိုမှ ကြောက်နေရတယ်လို့..."

သူ ဘယ်လိုပဲ တွေးတွေး သရဲကြောက်တတ်သော ဆရာဖြစ်သူ၏ အကြောင်းကိုတော့ စွန်းဝူခုန်း တစ်ယောက် ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရလေသည်။

ဤကိစ္စကို ဆက်လက်၍ မဆွေးနွေးချင်တော့သဖြင့် ကျန်းလျိုက မျက်နှာကို တည်လိုက်၏။

"ကဲပါ... ငါတို့ သွားမယ့်နေရာကို ရောက်ခါနီးပြီ ထင်တယ်... ဝူခုန်း... မင်းရဲ့ ညီတော်ရှား အရိပ်အယောင်လေးများ တွေ့မလားဆိုတာ သေချာ ကြည့်စမ်းပါဦး..."

"စိတ်ချလိုက်..."

စွန်းဝူခုန်းက ခေါင်းညိတ်လိုက်၏။ ထို့နောက်... သူ၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ လင်းလက်သွားကာ အဝေးဆီသို့ လှမ်းကြည့်လိုက်လေတော့သည်။

ခဏမျှ ကြာပြီး‌နောက် စွန်းဝူခုန်းသည် သူ၏ နတ်စွမ်းရည်များကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်သည့် အမူအရာများ အပြည့်ဖြစ်နေပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်လေသည်။

"ဆရာ... ညီတော် ရှားက တကယ်ပဲ ဒုက္ခရောက်နေပြီ... သူ... သူ မိစ္ဆာပူးကပ်ခံထားရတယ်..."

"မိစ္ဆာပူးကပ်ခံရတယ်..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျို၏ ရင်ထဲတွင်လည်း တင်းကျပ်သွားလေသည်။

မိစ္ဆာပူးကပ်ခြင်းဟူသော အခြေအနေက ကျန်းလျိုအား ယခင်က ကွမ်ယင် ဇင်ကျောင်းတော်မှ ကျင်းချီဆရာတော်ကို ပြန်လည်သတိရသွားစေသည်။

ယခင်က ကျင်းချီဆရာတော် မိစ္ဆာပူးကပ်ခံခဲ့ရသည့် အဖြစ်အပျက်ကို ကျန်းလျိုက ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ ယခုအခါ ရှားဝူကျင်းလည်း မိစ္ဆာပူးကပ်ခံရလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။

"မြန်မြန်... ငါတို့ သွားကြည့်ကြရအောင်..."

မည်သည့်အရာများ အတိအကျ ဖြစ်ပျက်နေသည်ကို စွန်းဝူခုန်းအား မေးမြန်းမနေတော့ဘဲ ကျန်းလျိုက အလျင်စလို တိုက်တွန်းလိုက်လေသည်။

ရှားဝူကျင်း မိစ္ဆာပူးကပ်ခံရသည်ဆိုသဖြင့် အခြေအနေ၏ ကြီးလေးမှုကို ခံစားမိသော စွန်းဝူခုန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှားဝူကျင်းရှိရာ အရပ်ဆီသို့ လျှပ်စီးလက်သကဲ့သို့ အလျင်အမြန် ပျံသန်းသွားလေတော့သည်။

အောင်းလီသည်လည်း စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး စွန်းဝူခုန်း၏ နောက်မှ လိုက်ပါသွားလေသည်။

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့်အဖွဲ့ဝင်များထဲတွင် အောင်းလီနှင့် ရှားဝူကျင်းတို့၏ ဆက်ဆံရေးမှာ အကောင်းဆုံး ဖြစ်သည်။ ယခု သူ၏ နောင်တော် ရှား မိစ္ဆာပူးကပ်ခံရသည်ဟု ကြားလိုက်ရလေရာ အောင်းလီ တစ်ယောက် မည်ကဲ့သို့ စိတ်မပူပဲ နေနိုင်ပါမည်နည်း။

ကျင်းမြစ် နဂါးမင်းကြီး၏ ဝိညာဉ်မှာမူ နဂါးဝိညာဉ် လက်ကောက်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ အောင်းလီသည် ထိုနဂါးဝိညာဉ် လက်ကောက်ကို လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားလိုက်လေသည်။

***

All Chapters