← Chapters

အခန်း ၄၁၆

Vol. 30 Ch. 416

အခန်း ၄၁၆

Vol. 30 Ch. 416

အပိုင်း(၄၁၆)

မိုင်ရာချီဝေးကွာသော ခရီးစဉ်သည် မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်သွားပြီး မကြာမီမှာပင် ကျန်းလျိုနှင့် အဖွဲ့သားများသည် နှစ်ထောင်ပေါင်းများစွာ ရေခဲဖုံးလွှမ်းနေသော မဟာနှင်းတောင်ကြီးဆီသို့ ရောက်ရှိသွားကြလေသည်။

ကျန်းလျို၏ မျက်လုံးထဲတွင်တော့ လူငယ်တစ်ဦးက ရှားဝူကျင်းနှင့် တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူမှာ တမန်တော် မုကျားမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်မည်နည်း။

သို့သော် တိုက်ပွဲ၏ အခြေအနေအရ ကြည့်မည်ဆိုလျှင် အံ့ဩစရာကောင်းလောက်အောင်ပင် မုကျားက အရေးနိမ့်နေသည်ကို တွေ့ရလေသည်။

ရှားဝူကျင်းသည် အမည်းရောင် အငွေ့အသက်များ ရစ်သိုင်းဖုံးလွှမ်းနေပြီး ဒေါသတကြီး ရူးသွပ်နေသော ကျားတစ်ကောင်ပမာ ဖြစ်နေလေသည်။ သူ၏ ပုံမှန် အေးချမ်းသော စရိုက်လက္ခဏာများနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်ကာ တစ်မူထူးခြားနေပေသည်။

ဝုန်း... ဝုန်း... ဝုန်း...

ရှားဝူကျင်း ကိုင်ဆောင်ထားသော မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေးသည် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်လာသည့်အလား မုကျားထံသို့ အကြမ်းပတမ်း ရိုက်ချနေလေသည်။

မုကျားသည်လည်း သူ၏လက်ထဲတွင် ရွှေတောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားသော်လည်း ရှားဝူကျင်း၏ တိုက်ခိုက်မှုများအောက်တွင် ဆက်တိုက်ဆိုသလို နောက်ဆုတ်နေရလေသည်။

ထိုအချိန်တွင် ရှားဝူကျင်းသည် အမှန်တကယ်ပင် ရူးသွပ်နေပုံရလေသည်။ မုကျား၏ တန်ပြန်တိုက်ခိုက်မှုများကို ရှောင်တိမ်းခြင်း အလျဉ်းမရှိဘဲ သူ၏ မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေးကို မုကျားထံသို့သာ အဆက်မပြတ် ရွယ်ထားပြီး လုံးဝ အသက်လုတိုက်ခိုက်နေသည့် ပုံစံပေါက်နေပေသည်။

မုကျားသည် ထိုသို့သော မဆင်မခြင် တိုက်ခိုက်မှုမျိုးကို ထိတ်လန့် နေလေရာ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ချေ။

"ဆရာ... ကျွန်တော် သွားပြီး သူတို့ကို ခွဲလိုက်ရမလား..."

ဤမြင်ကွင်းကို မြင်သောအခါ စွန်းဝူခုန်းက ကျန်းလျိုအား မေးလိုက်လေသည်။ ဤအခြေအနေသည် မကြာမီတွင် ဘေးဒုက္ခတစ်ခု ဖြစ်လာတော့မည့်ပုံ ပေါက်နေပေသည်။

"မလောပါနဲ့ဦး... ငါတို့ စောင့်ကြည့်ကြတာပေါ့..."

ရှားဝူကျင်း၏ အသေခံတိုက်ခိုက်နေသော ခွန်အားများကို ကြည့်ရှုရင်း ကျန်းလျိုသည် အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းမိသွားပြီး စွန်းဝူခုန်းအား ခေါင်းခါပြကာ တားမြစ်လိုက်လေသည်။

သူ ယခင်ဘဝက စကားပုံဟောင်းတစ်ခုကို သတိရသွားသည်။ "ရိုးသားတဲ့သူတစ်ယောက်ကို အစွန်အဖျားရောက်တဲ့အထိ ဘယ်တော့မှ မတွန်းပို့ပါနဲ့" ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရိုးသားသူတစ်ဦးအား အတိုင်းအတာတစ်ခုအထိ စနောက်ရန် လွယ်ကူသော်လည်း ထိုကန့်သတ်ချက်များကို ကျော်လွန်သွားအောင် တွန်းပို့လိုက်မိလျှင် ထိုသူသည် အကြမ်းကြုတ်ဆုံးသော လူဆိုးများထက်ပင် သာလွန်သည့် ရက်စက်မှုမျိုးဖြင့် ပေါက်ကွဲထွက်လာနိုင်သောကြောင့် ဖြစ်သည်။

ကျန်းလျို၏ အမြင်တွင်တော့ ရှားဝူကျင်း၏ လက်ရှိ အခြေအနေသည် မိမိ၏ သည်းခံနိုင်စွမ်း ကန့်သတ်ချက်များကို ချိုးဖောက်ခံလိုက်ရသည့် ရိုးသားသူတစ်ယောက်နှင့် အတိအကျပင် တူညီနေလေသည်။

ဤအချိန်တွင် ရှားဝူကျင်း၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်သည် အလွန်တရာ ပြင်းထန်နေသဖြင့် ကျန်းလျိုသည် အဝေးမှနေ၍ပင် ရှင်းလင်းစွာ ခံစားသိရှိနေရလေသည်။ ယခုအချိန်တွင် ဝင်ရောက် ဖြန်ဖြေရန် ကြိုးစားခြင်းသည် အချည်းနှီးသာ ဖြစ်မည်ဖြစ်ပြီး စွန်းဝူခုန်းနှင့် ရှားဝူကျင်းတို့ကြားတွင် အမြဲတမ်း အက်ကွဲကြောင်းတစ်ခုပင် ဖြစ်ပေါ်သွားစေနိုင်သည်။

ထို့ကြောင့် ကျန်းလျိုတွင် စွန်းဝူခုန်းအား ထိုတိုက်ပွဲအတွင်းသို့ ဝင်ရောက်စွက်ဖက်ရန် ခွင့်မပြုခဲ့ပေ။

ထို့ပြင် ကွမ်ယင်ဗောဓိသတ်တွင် နေ့စဉ်နှင့်အမျှ သူမ၏ကိုယ်ပိုင် အကြံအစည်များ ရှိနေသည်။ ယနေ့ကိစ္စသည် ဤမျှအထိ ကြီးထွားလာခဲ့ပြီ ဖြစ်သော်လည်း ရှားဝူကျင်းက အနိုင်ရနေသရွေ့ ကျန်းလျိုက အဘယ်ကြောင့် ဝင်ရောက် စွက်ဖက်ရမည်နည်း။

ဝင်ရောက်စွက်ဖက်ခြင်းသည် ရှားဝူကျင်းကို ဆန့်ကျင်ပြီး ကွမ်ယင်ကို ကူညီရာရောက်နေမည်မှာ ရှင်းလင်းနေသည် မဟုတ်ပါလော။

"ဇာတ်ကောင် အချက်အလက် မျက်နှာပြင်..."

စွန်းဝူခုန်းအား ဝင်ရောက်စွက်ဖက်ခြင်းမှ တားမြစ်ထားသော်လည်း ရှားဝူကျင်းက မုကျားအပေါ် အပြတ်အသတ် အသာစီးရနေသည်ကို မြင်သောအခါ ကျန်းလျို၏ ရင်ထဲတွင် အံ့အားသင့်သွားရလေသည်။ သူသည် အကြည့်များကို ရှားဝူကျင်းထံသို့ စိုက်ကြည့်ထားရင်း ရှားဝူကျင်း၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို ဖွင့်ရန် တီးတိုးရေရွတ်လိုက်လေသည်။

မကြာမီမှာပင် ကျန်းလျို၏ရှေ့တွင် အလင်းဖောက်ထွင်းမြင်ရသော ဇာတ်ကောင် အချက်အလက် မျက်နှာပြင်တစ်ခု ပေါ်လာလေသည်။

အမည် - ရှားဝူကျင်း (အပြာရောင်)

ကျား/မ - ကျား

အသက်မွေးဝမ်းကျောင်း - မိစ္ဆာ

အဆင့် - ၇၁

လက်နက်ကိရိယာ - မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေး...

ရှားဝူကျင်း၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို ကြည့်ပြီးနောက် ကျန်းလျိုသည် လန့်ဖြတ်သွားရလေသည်။ အသက်မွေးဝမ်းကျောင်း အကွက်အရ ကြည့်မည်ဆိုလျှင် ရှားဝူကျင်းသည် အမှန်တကယ်ပင် မိစ္ဆာပူးကပ်ခံထားရကြောင်း ထင်ရှားနေသည်။ ထို့ပြင် သူ၏ အဆင့်ကို ကြည့်လိုက်လျှင် သူက အဆင့် ၇၁ ကိုတောင် ရောက်နေပြီဖုစ်သည်။

ထိုအရာက အစစ်အမှန် ထိုက်ယီ နတ်မင်း တစ်ပါး၏ လက္ခဏာပင် မဟုတ်ပါလော။

မိစ္ဆာပူးကပ်ခံရပြီးနောက် ရှားဝူကျင်း၏ စွမ်းအားများသည် မျှော်လင့်မထားလောက်အောင် ထိုးတက်သွားခဲ့ပြီး ထိုက်ယီ အစစ်အမှန် နတ်မင်း အဆင့်အတန်းအထိ ရောက်ရှိသွားခဲ့သည်လော။

"ဒါ... ဒါက ဒဏ္ဍာရီတွေထဲကပြောတဲ့ 'အမည်းရောင်ပြောင်းသွားရင် သုံးဆပိုသန်မာလာပြီး… အဖြူရောင်ပြောင်းသွားရင် သုံးဆပိုအားနည်းသွားတယ်' ဆိုတာများလား..."

ရှားဝူကျင်း၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို မြင်ပြီးနောက် ကျန်းလျိုက စိတ်ထဲမှ တွေးတောလိုက်လေသည်။

"ကယ်... ကယ်ကြပါဦး..."

အခြားတစ်ဖက်တွင်မူ တမန်တော် မုကျားသည် ရှားဝူကျင်း၏ တိုက်ခိုက်မှုများအောက်တွင် ရုန်းကန်နေရပြီဖြစ်ပြီး တစ်ကိုယ်လုံး ဒဏ်ရာဗရပွ ဖြစ်နေသည်ဟုပင် ဆိုနိုင်ပေသည်။ အနီးအနားရှိ စွန်းဝူခုန်းနှင့် သူ၏အဖွဲ့သားများကို သတိထားမိသွားသောအခါ သူက အော်ဟစ်ကာ အကူအညီ တောင်းလိုက်ခြင်း ဖြစ်သည်။

"ဆရာ... ကျွန်တော်တို့ တကယ်ပဲ ဝင်မကူတော့ဘူးလား..."

တမန်တော် မုကျား၏ အကူအညီတောင်းသံကို ကြားသောအခါ စွန်းဝူခုန်းမှာ နားရွက်ကိုကုတ် ပါးပြင်ကိုကုတ်ဖြင့် ပြာယာခတ်နေပုံရလေသည်။

သူသည်လည်း ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်းတစ်ခုကြားတွင် ပိတ်မိနေပုံရပြီး အပြေးအလွှား သွားရောက်ကယ်တင်ချင်နေသော်လည်း ကျန်းလျို၏ စကားများကြောင့် ရှေ့မတိုးဝံ့ဘဲ တွေဝေနေခဲ့လေသည်။

"ဝူခုန်း... မင်းက မုကျားနဲ့ အရမ်းရင်းနှီးလို့လား... ဘာလို့..."

စွန်းဝူခုန်း တစ်ယောက် ဂဏာမငြိမ် ဖြစ်နေသည်ကို မြင်သောအခါ ကျန်းလျိုက မျက်ခုံးအနည်းငယ် ပင့်ပြီး မေးလိုက်၏။

စွန်းဝူခုန်း၏ စရိုက်သဘာဝအရဆိုလျှင် ကောင်းကင်ဘုံရှိ နတ်မင်းများနှင့် ဗုဒ္ဓများအားလုံး လေထဲတွင် ပျောက်ကွယ်သွားစေရန် သူ ဆန္ဒရှိသင့်သည် မဟုတ်ပါလော…။ သို့ဆိုလျှင် မုကျား အသတ်ခံရတော့မည်ကို မြင်သောအခါ အဘယ်ကြောင့် ဤမျှလောက် စိတ်ပူနေရသနည်း… လုံးဝ ယုတ္တိမတန်ချေ…။

"တမန်တော် မုကျားက ဘာပဲဖြစ်ဖြစ် နီကျားရဲ့ အစ်ကိုလေ... အကယ်လို့ သူ အသတ်ခံရတာကို ကျွန်တော် လက်ပိုက်ကြည့်နေမယ်ဆိုရင် နောက်ကျရင် နီကျား မျက်နှာကို ဘယ်လိုလုပ် သွားကြည့်ရဲတော့မလဲ..."

စွန်းဝူခုန်းက သူ၏ နားရွက်နှင့် ပါးပြင်ကို ကုတ်ကာ ပြောလိုက်လေသည်။

စွန်းဝူခုန်း၏ ဤစကားများက ကျန်းလျိုအား အနည်းငယ် စိတ်လှုပ်ရှားသွားစေပြီး သူ၏ စိတ်နှလုံးကို အနည်းငယ် ပျော့ပျောင်းသွားစေသည်။

အမှန်ပင် အခြားအရာအားလုံးကို ဖယ်ထားလိုက်လျှင် စွန်းဝူခုန်းနှင့် နီကျားတို့သည် သူငယ်ချင်းများဟု သတ်မှတ်နိုင်ပြီး သူတို့၏ ဆက်ဆံရေးမှာ ကျန်းလျို၏ ယခင်ဘဝက သူငယ်ချင်းများနှင့် ရင်းနှီးသော သံယောဇဉ်မျိုးနှင့် ဆင်တူနေပေသည်။ ထို့ပြင် သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က နီကျားက နတ်စံအိမ်တော်ကို သူ့အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းသည် အမှန်တကယ်ပင် ကျေးဇူးတစ်ခုဟု ဆိုနိုင်ပေသည်။

နီကျားအကြောင်း တွေးမိသောအခါ ကျန်းလျိုလည်း စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး ဝင်ရောက်စွက်ဖက်ရမည်လား မစွက်ဖက်ရဘူးလားဆိုသည့် ဝေခွဲမရမှုကြားတွင် ဗျာများနေလေသည်။

အကယ်၍ သူ ဝင်ရောက်စွက်ဖက်လိုက်လျှင် ရှားဝူကျင်းအပေါ် မတရားသလို ဖြစ်သွားမည်ဖြစ်ပြီး မစွက်ဖက်ဘဲ နေလိုက်လျှင်လည်း နီကျားအပေါ် မတရားသလို ဖြစ်သွားပေမည်။

ကျန်းလျို တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် တွေဝေနေစဉ် စိုးရိမ်တကြီးဖြင့် ကုတ်ဖဲ့နေသော စွန်းဝူခုန်းသည် သူ့ ရွှေတင်းပုတ်ကို ထုတ်ယူကာ ဝင်ရောက်စွက်ဖက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သို့တိုင် သူသည် ကျန်းလျိုကို ကြည့်ကာ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ဘုန်း...

ထိုအချိန်မှာပင် ရှားဝူကျင်း၏ မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေးက ကျဆင်းလာပြီး ၎င်း၏ ထက်မြက်သော အစွန်းက မုကျားထံသို့ တိုက်ရိုက် ထိုးစိုက်ဝင်သွားကာ သွေးများ ပန်းထွက်သွားလေသည်။

မုကျားသည် သေလုမျောပါး တိုက်ခိုက်မှုကို သီသီလေး ရှောင်လွှဲနိုင်ခဲ့သော်လည်း ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုအောက်တွင် တောင်ဝှေး၏ ရိုက်ချက်ကြောင့် သူ၏ ညာဘက်လက်မောင်းမှာ ပခုံးအရင်းမှစ၍ လုံးဝ ပြတ်ထွက်သွားခဲ့လေသည်။

“အား...”

မုကျားသည် အော်ဟစ်ရင်း အလျင်အမြန် နောက်ဆုတ်သွားလေသည်။

သို့သော်လည်း ရှားဝူကျင်း၏ အကြည့်များမှာ အေးစက်နေဆဲဖြစ်ပြီး မုကျားအပေါ် အညှာအတာကင်းမဲ့သော တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။ သူသည် ယခုတစ်ကြိမ်တွင် ခေါင်းကို တိုက်ရိုက် ပစ်မှတ်ထားလိုက်လေတော့သည်။

***

All Chapters