အခန်း ၄၁၈
Vol. 30 Ch. 418
အပိုင်း(၄၁၈)
"ဝူကျင်း... နေပါဦး... ဆရာပြောတာကို နားထောင်ပါဦး... ဆရာ မင်းအတွက် အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်... မသွားပါနဲ့..."
ရှားဝူကျင်း လှည့်ထွက်သွားသည်ကို မြင်သောအခါ ကျန်းလျိုက လှမ်း၍ ဖြောင်းဖြရန် ကြိုးစားလိုက်သည်။ သို့သော် ရှားဝူကျင်းကမူ နောက်ကိုပင် လှည့်မကြည့်ခဲ့ပါချေ။
စိတ်အနည်းငယ် ငြိမ်သက်သွားပြီးနောက် ရှားဝူကျင်းသည် အနောက်ကောင်းကင်ဘုံမှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များမှာ ဤနေရာကို စောင့်ကြည့်နေကြောင်း ရိပ်မိသွားခဲ့ပြီ ဖြစ်လေရာ မုကျားကို သတ်ဖြတ်ရန်မှာလည်း မဖြစ်နိုင်တော့ကြောင်း နားလည်ထားလေသည်။
သူသည် တစ်ယောက်တည်း အဝေးဆီသို့ ဖြည်းညှင်းစွာ ခြေလှမ်းရွှေ့ကာ ထွက်ခွာသွားလေသည်။
"အောမိတော်ဖော..."
ခရမ်းရောင် ဝါးတောအုပ်အတွင်း၌ ကွမ်ယင်ဗောဓိသတ်၏ မျက်နှာထားမှာ အလွန်တရာ တင်းမာနေပြီး ဗုဒ္ဓဂါထာကို တီးတိုးရွတ်ဆိုလိုက်လေသည်။
ဤမြင်ကွင်းသည် ကွမ်ယင်၏ မျှော်လင့်ထားမှုများကို လုံးဝ ကျော်လွန်နေခဲ့ပြီး ပုံမှန်အားဖြင့် အလွန်ရိုးသားသော ရှားဝူကျင်းထံမှ ဤမျှ ပြင်းထန်သော တုံ့ပြန်မှုမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူမ ကြိုတင် မမျှော်မှန်းထားခဲ့ချေ။
ယခုအခါ အခြေအနေမှာ ထိန်းချုပ်၍မရနိုင်အောင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
"ကွမ်ယင်ဗောဓိသတ်... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး..."
မဟာမိုးကြိုး ကျောင်းတော်ဆီမှ ရူလိုင်၏ အသံတော်သည် အချိန်နှင့် နေရာ အတားအဆီးများကို ဖြတ်ကျော်လာသည့်အလား ထွက်ပေါ်လာလေသည်။
"အမှားတစ်ခုကို ပြင်ဆင်နိုင်တယ်ဆိုရင် အဲဒါက လုံလောက်နေပါပြီ..."
"ပြင်ဆင်ရမယ်..."
ရူလိုင်ဘုရား၏ စကားများကို ကြားသောအခါ ကွမ်ယင်ဗောဓိသတ်၏ ခေါင်းထဲတွင် အတွေးတစ်ခု လင်းလက်သွားပြီး ဗုဒ္ဓ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားလေသည်။
ရှားဝူကျင်းသည် ကောင်းကင်ဘုံမှ စေလွှတ်ထားသူဖြစ်ပြီး အစားထိုး၍မရသော ကျမ်းစာပင့်ဆောင်သူများထဲမှ တစ်ဦးဖြစ်သည်။ သူ့ကို ယခုအချိန်တွင် ထွက်သွားခွင့် ပြု၍မရနိုင်ချေ။ လုံးဝခွင့် ပြု၍မရပေ။
ယခုလောလောဆယ်အတွက် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ သူ့ကို ဤနေရာတွင် ဆက်လက်ရှိနေစေရန် အင်အားသုံး၍ တားဆီးထားပြီးမှ ရေရှည်အစီအစဉ်အတွက် နောက်မှ စဉ်းစားရန်သာ ဖြစ်ပေသည်။
အကယ်၍ သူ့ကို ယခုအချိန်တွင် ထွက်သွားခွင့် ပြုလိုက်မည်ဆိုလျှင် နောင်တစ်ချိန်တွင် သူ့ကို ပြန်လည်ရှာဖွေရန်မှာ အလွန်တရာ ခက်ခဲသွားပေလိမ့်မည်။
ကွမ်ယင်ဗောဓိသတ်သည် စိတ်ကူးတစ်ခုကို တွေးတောလိုက်ပြီး သူမ၏လက်ကို ရမ်းလိုက်ရာ ချက်ချင်းပင် ကြိုးတစ်ချောင်းက လွင့်စင်ထွက်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားလေသည်။
မဟာနှင်းတောင်ကြီးတွင်တော့ ရှားဝူကျင်းသည် တစ်စုံတစ်ခုကို ခံစားမိသွားပြီး ထွက်ခွာရန် ပြင်ဆင်နေစဉ် ခေါင်းမော့ကြည့်လိုက်ရာ ရွှေရောင်ကြိုးတစ်ချောင်း ပေါ်လာပြီး သူ၏ဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရလေသည်။
သူက လန့်ဖျပ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူ၏ အဆင့်အတန်းက ကွမ်ယင်၏ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
ရွှေရောင်ရောင်ကြိုးက ရှားဝူကျင်းအား အပြည့်အဝ ချည်နှောင်မိတော့မည့်ဆဲဆဲတွင် ရုတ်တရက် လေဟာနယ်ထဲမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
ဓား၏ ပြင်းထန်လှသော အအေးဓာတ်အောက်တွင် ရွှေရောင်ကြိုးသည် မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်းအစစ ပြတ်တောက်သွားလေသည်။
"သွေးအသွင်ပြောင်း နတ်ဓားလား..."
ထိုဓားအလင်းတန်းကို ကြည့်ရင်း ကွမ်ယင်ဗောဓိသတ်၏ မျက်နှာမှာ အလိုအလျောက် ပျက်ယွင်းသွားပြီး ထိတ်လန့်တကြား ရေရွတ်လိုက်လေသည်။
‘သွေးအသွင်ပြောင်း နတ်ဓား... ဆိုတော့ ဒါက နတ်ဘုရားများခန့်အပ်ခြင်း ဇာတ်လမ်းထဲက နီကျားနဲ့ လေးကျန်းရှီကို ဒဏ်ရာရစေခဲ့တဲ့ ယွီဟွာများလား... သူ့ရဲ့ဓားက သူတော်စင်တစ်ပိုင်းအဆင့်အောက်မှာဆိုရင် ပြိုင်ဘက်ကင်းတယ်လို့ ကောလာဟလ ထွက်ထားတာလေ...’
လေဟာနယ်ထဲမှ ထိတ်လန့်နေသော အသံကို ကြားလိုက်ရသောအခါ ကျန်းလျို၏ စိတ်ထဲတွင် လှုပ်ရှားသွားလေသည်။
သူ စိတ်လှုပ်ရှားစွာဖြင့် ဆက်လက် စောင့်ကြည့်နေစဉ်မှာပင် လေဟာနယ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာပြီး ကြမ်းတမ်းစွာ အော်ဟစ်လိုက်လေသည်။
"ဒါဆို ရှားဝူကျင်း မိစ္ဆာပူးကပ်ခံရတာက မင်းတို့ မိစ္ဆာနယ်မြေက သွေးထိုးလှုံ့ဆော်လိုက်တာပေါ့... မိစ္ဆာနယ်မြေက မဟာယနဂိုဏ်းရဲ့ ကိစ္စတွေကို ဘယ်လိုများ ဝင်စွက်ဖက်ရဲရတာလဲ..."
"ဟီးဟီးဟီး... ငါတို့ မိစ္ဆာနယ်မြေရဲ့ သွေးထိုးလှုံ့ဆော်မှုလို့ မင်းက ခေါ်တာလား... ငါတို့က ရေစုန်မျောလိုက်ရုံပါပဲ... အဓိက အကြောင်းရင်းက မင်းတို့ဆီမှာပဲ ရှိတာလေ..."
လေထဲတွင် ဝဲပျံနေသော အမည်းရောင် မိစ္ဆာဓားကြီးက ထက်ရှစွာဖြင့် လှောင်ပြောင်တုံ့ပြန်လိုက်လေသည်။
"အောမိတော်ဖော... မိစ္ဆာနယ်မြေကလူတွေ ဘုံသုံးပါးရဲ့ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုရဘူးဆိုတဲ့ ဘုံသုံးပါးကြားက အမိန့်တော်တစ်ခု ရှိတယ်လေ... မင်းတို့က နယ်ကျွံလာပြီပဲ..."
ပိုမို၍ ထူထဲလာသည့် ဗုဒ္ဓအလင်းတန်းများကြားမှ်အခြားအသံတစ်သံ ထွက်ပေါ်လာလေသည်။
"ဟီး ဟီး ဟီး... ရှားဝူကျင်းက မိစ္ဆာပူးကပ်ခံရပြီးတဲ့နောက် ငါတို့ မိစ္ဆာနယ်မြေက လူဖြစ်သွားပြီလေ... သူ့ကို မိစ္ဆာနယ်မြေဆီ ခေါ်သွားတာ ဘာများမှားနေလို့လဲ..."
မိစ္ဆာဓားထဲမှ အသံက ထပ်မံထွက်ပေါ်လာလေသည်။
နတ်မင်းများနှင့် ဗုဒ္ဓများပင် ဖြစ်လင့်ကစား အဆုံးစွန်၌ သူတို့၏ ရည်မှန်းချက်များ အောင်မြင်ရန်မှာ အင်အားအပေါ်၌သာ မူတည်နေသေးပေသည်။
လေဟာနယ်အတွင်းမှနေ၍ မိစ္ဆာဓားသည် ပြင်းထန်လှသော မိစ္ဆာအငွေ့အသက်များ ဝန်းရံလျက် ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။
ထိုနည်းတူစွာပင် လေဟာနယ်အတွင်း၌ ဗုဒ္ဓအလင်းတန်းများသည်လည်း တောက်ပစွာ လင်းလက်သွားပြီး တရားစာရွတ်ဆိုသံများကလည်း အားကောင်းစွာ ပဲ့တင်ထပ်သွားလေသည်။
မဟာယနဂိုဏ်းမှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးနှင့် မိစ္ဆာနယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးတို့သည် လေဟာနယ်အတွင်း၌ ရင်ဆိုင်တိုက်ခိုက်နေကြသည်မှာ ထင်ရှားလှပေသည်။ ကျန်းလျိုအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး လုံးဝမရှိခဲ့ချေ။ ညကောင်းကင်ယံ၌ ဗုဒ္ဓအလင်းတန်းများနှင့် မိစ္ဆာအငွေ့အသက်များ ပွတ်တိုက်တိုက်ခိုက်နေကြသည့် မြေကြီးတုန်ဟည်းမတတ် မြင်ကွင်းကိုသာ စောင့်ကြည့်နေနိုင်ခဲ့လေသည်။
နောက်ဆုံးတွင် လေဟာနယ်အတွင်း၌ မိစ္ဆာအငွေ့အသက်များသည် လက်ဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ ရှားဝူကျင်းအား ဖမ်းဆုပ်လိုက်ပြီး မိစ္ဆာဓားနှင့်အတူ မျက်စိတစ်မှိတ်အတွင်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။
စွန်းဝူခုန်းက အလျင်အမြန် တုံ့ပြန်ကာ သူတို့ကို တားဆီးချင်ခဲ့သော်လည်း သူ၏ ပြင်းထန်စွာ ဒဏ်ရာရထားသော ခန္ဓာကိုယ်က လုံးဝ ခွင့်မပြုခဲ့ချေ။
မိစ္ဆာဓား ပျောက်ကွယ်သွားသည်နှင့်အမျှ ကောင်းကင်ယံရှိ တောက်ပသော ဗုဒ္ဓအလင်းတန်းများသည်လည်း တဖြည်းဖြည်း မှေးမှိန်သွားလေသည်။
သို့သော် ရှားဝူကျင်းမှာမူ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး ကြိုတင်ပြင်ဆင်မှု ကောင်းစွာလုပ်ထားသော မိစ္ဆာနယ်မြေက ဤအချီတွင် အနိုင်ရသွားခဲ့သည်မှာ ထင်ရှားပေသည်။
ကျန်းလျိုသည် ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိဘဲ မဟာယနဂိုဏ်းနှင့် မိစ္ဆာနယ်မြေတို့မှ ထိပ်သီးပုဂ္ဂိုလ်ကြီးများ လေဟာနယ်အတွင်း တိုက်ခိုက်နေကြသည်ကို ကြည့်နေခဲ့ရသော်လည်း သူတို့၏ စကားအနည်းငယ်အရ ကိစ္စရပ်၏ အမှန်တရားကို အကြမ်းဖျင်း တွက်ဆနိုင်ခဲ့လေသည်။
ရှားဝူကျင်း မိစ္ဆာပူးကပ်ခံရခြင်းမှာ သူကိုယ်တိုင်ကြောင့်သာ သက်သက်မဟုတ်ဘဲ မိစ္ဆာနယ်မြေကလည်း လျှို့ဝှက်စွာဖြင့် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်ပေးနေခဲ့သည်မှာ သေချာလှပေသည်။
မိစ္ဆာပူးကပ်ခံရပြီးနောက် ရှားဝူကျင်း၏ စွမ်းအားများ အလွန်အမင်း ထိုးတက်သွားကာ မုကျားပင် ခေါင်းမဖော်နိုင်အောင် ဖြစ်သွားခဲ့ရသည်မှာ မဆန်းတော့ချေ။
ဤအရာအားလုံးမှာ မိစ္ဆာနယ်မြေ၏ လက်ချက်ဖြစ်ပုံရလေသည်။
မဟာယနဂိုဏ်းမှ ရှားဝူကျင်းကို ဆက်လက်ထိန်းသိမ်းထားရန် လှုပ်ရှားလာသောအခါ ကြိုတင်ပြင်ဆင်ထားသော မိစ္ဆာနယ်မြေကလည်း သူတို့၏ လှုပ်ရှားမှုကို စတင်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်က လျှို့ဝှက်စွာ ကြိုတင်ပြင်ဆင်ထားပြီး အခြားတစ်ဖက်ကမူ အလျင်စလို လှုပ်ရှားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ရလဒ်အနေဖြင့် မိစ္ဆာနယ်မြေက အသာစီးရသွားပြီး ရှားဝူကျင်းကို ခေါ်ဆောင်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
"မိစ္ဆာနယ်မြေ... မိစ္ဆာနယ်မြေက တကယ်ပဲ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ထဲ ဝင်ရောက်စွက်ဖက်လာတာလား..."
ရှားဝူကျင်း ခေါ်ဆောင်သွားခံရသည်ကို ဘာမှမလုပ်နိုင်ဘဲ ကြည့်နေရင်း ကျန်းလျိုက တီးတိုးရေရွတ်လိုက်လေသည်။
ကောင်းကင်နတ်မင်း အဆင့်သာရှိသေးသော ရှားဝူကျင်းသည် မိစ္ဆာနယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်ကြီးတစ်ဦး၏ ဤမျှ ဂရုစိုက်မှုကို ခံရလောက်အောင် တန်ဖိုးရှိနေပါသလော။ မိစ္ဆာနယ်မြေသည် အနောက်အရပ်ခရီးစဉ်တွင် ဝင်ရောက်စွက်ဖက်လိုနေသည်မှာ ထင်ရှားပေသည်။
အနောက်အရပ်ခရီးစဉ်ကို ဟန့်တားရန်လော (သို့မဟုတ်) ရှားဝူကျင်းကို အသုံးချပြီး ခရီးစဉ်၏ ကံကြမ္မာအချို့ကို ခွဲဝေယူရန်လော...။
ရှားဝူကျင်းသည် အဖွဲ့မှ ထွက်ခွာသွားပြီးနောက် ဘယ်တော့မှ ပြန်မလာနိုင်တော့မည့်ပုံ ပေါက်နေသဖြင့် အခြေအနေမှာ အတော်လေး တိတ်ဆိတ်ညှိုးနွမ်းသွားလေသည်။
ထို့ကြောင့် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သာမက အောင်းလီပါ စိတ်ဓာတ်များ ကျဆင်းသွားသလို ခံစားနေကြရသည်။
အဖွဲ့သားအားလုံး မဟာနှင်းတောင်ကြီးပေါ်တွင် တိတ်ဆိတ်စွာ နေနေကြပြီး မည်သူမျှ စကားမပြောသလို ထွက်ခွာသွားခြင်းလည်း မရှိကြချေ။
လက်တစ်ဖက် ဆုံးရှုံးသွားသော မုကျားကတော့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
ဤအဖြစ်အပျက်သည် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် အဖွဲ့ဝင်များကိုသာ ဝမ်းနည်းစေခဲ့သည် မဟုတ်ဘဲ အနောက်ဘက် နတ်ဝိညာဉ်တောင်တော်ရှိ ထိပ်သီးပုဂ္ဂိုလ်ကြီးများကိုပါ ပို၍ ခေါင်းကိုက်သွားစေလိမ့်မည် ဖြစ်သည်။
"ဟူး..."
ရင်ဘတ်ပေါ်တွင် လေးလံသောအရာတစ်ခုက ဖိချထားသကဲ့သို့ ခံစားနေရသဖြင့် ကျန်းလျိုက သက်ပြင်းရှည်ကြီးတစ်ခုကို တိုးညင်းစွာ ချလိုက်လေသည်။
ကျန်းလျိုသည် ရှားဝူကျင်းအား ကျမ်းစာပင့်ဆောင်မည့်အဖွဲ့ထဲမှ မောင်းထုတ်လိုခဲ့ပြီး ထိုသို့လုပ်ဆောင်ရန် တာဝန်တစ်ခုကိုပင် လက်ခံရယူခဲ့သော်လည်း ရှားဝူကျင်းက ဤကဲ့သို့သော နည်းလမ်းဖြင့် ထွက်သွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။
အတွေ့အကြုံမှတ် သန်း ၈၀ ကို ရရှိခဲ့သော်လည်း ကျန်းလျို၏ ရင်ထဲတွင် ဝမ်းမြောက်မှု မရှိခဲ့ချေ။
သူကိုယ်တိုင် ရှားဝူကျင်းကို ဖယ်ရှားရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး ကွမ်ယင်ဗောဓိသတ်ကိုပင် တမင်သက်သက် ဆွဲသွင်းကာ အကွက်ဆင်ခဲ့သော်လည်း ရှားဝူကျင်းက ထွက်သွားရမည်ထက် သေရမည်ကိုသာ ရွေးချယ်ခဲ့သူ ဖြစ်သည်။
ရိုးရိုးသားသား ဝန်ခံရလျှင် ရှားဝူကျင်း ခံစားခဲ့ရသော ဆင်းရဲဒုက္ခများမှာ သူ့လက်ချက် မကင်းသလို ကျန်းလျို ခံစားနေရလေသည်။
သူ၏ အကွက်ဆင်မှုကြောင့်သာ ရှားဝူကျင်းက ကွမ်ယင်ကို ပြစ်မှားမိသလို ဖြစ်သွားခဲ့ပြီး ထို့ကြောင့်ပင် ကွမ်ယင်က သူ့အပေါ် ဤမျှ ရင်နာစရာကောင်းအောင် ကြမ်းတမ်းခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့နှင့် နှိုင်းယှဉ်ပါက ရှားဝူကျင်းက အနိုင်ကျင့်ရ ပိုလွယ်ကူသော ပစ်မှတ်တစ်ခု မဟုတ်ပါလော။
***