အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း (၁၇၈) သမီး... သမီး မီးဖွားတော့မယ်ထင်တယ်...
အဖေထျန်သည် တစ်ခါမျှ အားလပ်နေလေ့ မရှိခဲ့ချေ။ နေ့စဉ်နေ့တိုင်း သူသည် ခြံဝင်းကို ရှင်းလင်းရေး မလုပ်မီ ကလေးငယ် ရယ်မောလာသည်အထိ ကျောက်ခဲလေးအား အရင်ဆုံး စနောက်လေ့ရှိပေသည်။
သူသည် ထင်းခွဲခြင်း၊ ခြံလှဲခြင်းနှင့် ရေခပ်ခြင်းစသည့် အိမ်ရှိ အလုပ်ကြမ်း အားလုံးကို ဒိုင်ခံလုပ်ဆောင် ခဲ့လေသည်။
အမေထျန်သည်လည်း အလုပ်လုပ်နေစဉ် တေးသွားလေး တစ်ပုဒ်ကို ညည်းဆိုနေတတ်ပြီး ကုန်ခန်းသွား ခြင်း မရှိသော ခွန်အားများ ရှိနေသကဲ့သို့ အိမ်ကို သပ်ရပ်သန့်ရှင်းကာ လင်းထိန်နေစေရန် အပြစ်အနာ အဆာကင်းစွာ စီစဉ်ထားရှိခဲ့လေသည်။
————————————
ဤသို့ဖြင့် နေ့ရက်များ ကုန်လွန်သွားခဲ့လေသည်။
ရာသီဥတုမှာ တစ်နေ့ထက်တစ်နေ့ ပို၍ နွေးထွေးလာသည်နှင့်အမျှ ထျန်ရှောင်ယာ၏ မီးဖွားမည့်ရက်မှာ လည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်ပေသည်။
မိသားစု တစ်စုလုံးက နှုတ်မှ ထုတ်မပြောကြသော်လည်း ၎င်းတို့အားလုံးမှာ စိုးရိမ်ပူပန်နေကြပြီး နေ့စဉ် နေ့တိုင်း ထျန်ရှောင်ယာ၏ ဘေးနားတွင်သာ အမြဲနေထိုင် စောင့်ရှောက်ပေးနေခဲ့ကြလေသည်။
အစပိုင်းတွင် ထျန်ရှောင်ယာမှာ အနည်းငယ် စိုးရိမ်ထိတ်လန့်နေခဲ့သော်လည်း မိသားစုဝင်များက သူမ ထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြသည်ကို မြင်တွေ့လိုက်ရသောအခါ သူမ၏ စိတ်များ တည်ငြိမ်သွားခဲ့ တော့လေသည်။
သူမက လူတိုင်းကို တစ်ခါတစ်ရံ ညင်သာစွာ နှစ်သိမ့်ပေးတတ်လေသည်... ။
"မကြောက်ကြပါနဲ့... သမီး ကျန်းမာရေး အရမ်းကောင်းပါတယ်... အားလုံး အဆင်ပြေသွားမှာပါ..."
နွေရာသီ ကျောင်းပိတ်ရက် နီးကပ်လာသည်နှင့်အမျှ ထျန်ရှောင်ယာမှာ နောက်ဆုံးတွင် ဗိုက်စတင် နာလာ ခဲ့လေတော့သည်။
ထိုနေ့တွင် ထျန်ရှောင်ယာသည် ကုတင်ခေါင်းရင်း၌ မှီ၍ နားနေစဉ် သူမ၏ ခါးအောက်ပိုင်းတွင် ရုတ်တ ရက် တင်းကျပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး အားတစ်ခုက သူမ၏ ကိုယ်ထဲသို့ ရုတ်တရက် ထိုးဖောက် ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရလေတော့သည်။
သူမသည် မသိစိတ်အရ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းငုံ့ကာ သူမ၏ ဝိုင်းစက်နေ သော ဗိုက်ကြီးကို ကိုင်ကြည့်လိုက်လေသည်။ သူမသည် စိုးရိမ်ထိတ်လန့်မှုနှင့်အတူ အနည်းငယ် မျှော် လင့်နေသည့် ခံစားချက်ကိုပါ ခံစားလိုက်ရပြီး နောက်ဆုံးတွင် သက်ရှိအသက်ဝင်လေး တစ်ခုကို ကြို ဆိုရတော့မည်ဖြစ်၍ စိတ်သက်သာရာရမှု တစ်ခုကိုပါ ခံစားလိုက်ရပေသည်။
သူမ အကူအညီတောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏ ဗိုက်ထဲ၌ နောက်ထပ် စူးရှသော နာကျင်မှု တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ရာ ချွေးစေးများ ပြန်လာခဲ့ပြီး စကားပင် ကောင်းကောင်း မပြောနိုင် တော့ချေ။
"အမေ... အမေ..."
ထျန်ရှောင်ယာသည် အိပ်ရာခင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး အံကြိတ်လျက် တုန်ယင်နေသော အသံဖြင့် ခေါ်လိုက်လေ၏။
အမေထျန်သည် မီးဖိုချောင်ထဲ၌ ကြက်သားဟင်းချို တည်နေစဉ် သူမ၏ သမီးဖြစ်သူ၏ အော်ခေါ်သံကို ကြားလိုက်ရရာ သူမ၏ လက်ထဲရှိ ဇွန်းမှာ ဒယ်အိုးထဲသို့ ဂျောက်လွတ်ခနဲ ပြုတ်ကျသွားခဲ့လေသည်။
သူမသည် အေပရွန်ကိုပင် မဖြုတ်နိုင်တော့ဘဲ အိမ်ထဲသို့ အလျင်စလို ပြေးဝင်သွားခဲ့လေ၏။
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သက်ကြီးရွယ်အို အမျိုးသမီးသည် သူမ၏ သမီးဖြစ်သူ၏ မျက်နှာမှာ သွေးဆုတ်သကဲ့သို့ ဖြူရော်နေပြီး ချွေးစေးများ ပြန်နေသည်ကို မြင်လိုက်ရလေသည်။ သူမ၏ ရင်ထဲ၌ ချက်ချင်းပင် တင်းကျပ်သွားခဲ့ပြီး ခြေလှမ်းများပင် ယိုင်နဲ့သွားခဲ့တော့သည်။
သူမသည် အလျင်အမြန် ရှေ့သို့ တိုးသွားကာ သူမ၏ သမီးဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး တုန်ယင် နေသော အသံဖြင့် စိုးရိမ်တကြီး မေးလိုက်လေသည်...။
"အို... သမီးလေး... ဘာဖြစ်လို့လဲ... မီးဖွားတော့မလို့လား..."
ထျန်ရှောင်ယာသည် ကျန်ရှိနေသော ခွန်အားအနည်းငယ်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူမ၏ အသံမှာ အားနည်းနေသော်လည်း ရှင်းလင်းနေခဲ့လေသည်...။
"အမေ... သမီး... သမီး မွေးတော့မယ်ထင်တယ်..."
"ဒုက္ခပါပဲ... ငါတို့ ဘယ်လိုလုပ်ကြမလဲ..."
ထိုစကားကို ကြားသောအခါ အမေထျန်မှာ ဖြူရော်သွားခဲ့ပြီး သူမ၏ မျက်လုံးများမှာ ချက်ချင်း နီရဲလာ ခဲ့လေတော့သည်။
သို့သော် ဤအချိန်၌ အဆိုးရွားဆုံးမှာ အဖေထျန်သည် ကျောက်ခဲလေးကို ခေါ်ကာ သူ၏ ဒုတိယသား၏ မုန့်ဆိုင်သို့ သွားနေခြင်းပင် ဖြစ်လေသည်။
၎င်းတို့က လူရှင်းသော မနက်အစောပိုင်းအချိန်ကို အခွင့်ကောင်းယူ၍ သမီးဖြစ်သူ အကြိုက်ဆုံးဖြစ် သော စွန်ပလွံသီးအနှစ်ကိတ်နှင့် ပဲတီစိမ်းကိတ်အချို့ကို သွားရောက်ရွေးချယ်ကာ သူမကို လတ်ဆတ်ပြီး အာဟာရဖြစ်စေမည့် အရာတစ်ခု ကျွေးချင်သည်ဟု ပြောခဲ့ကြလေ၏။
ကျိုးချန်ယဲ့မှာလည်း မနက်အစောကြီး ထ၍ ကျောင်းသို့ အလျင်စလို သွားခဲ့ရာ အိမ်တွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးမည့် အမျိုးသား တစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။
"အမေ... အမေ... ဘေးအိမ်က မရီးဝမ်ဆီ သွားလိုက်ပါ... သမီးကို ဆေးရုံပို့ဖို့ သူ့ရဲ့လှည်းကို ငှား... ငှားလိုက်ပါ... ဒီအချိန်ဆိုရင် သူမ အပြင်မထွက်လောက်သေးပါဘူး..."
ထျန်ရှောင်ယာသည် အံကြိတ်ကာ နာကျင်မှုကို အောင့်အည်းရင်း အမှာစကား ပြောကြားလိုက်လေ သည်။
၎င်းမှာ အပ်ချုပ်ဆိုင်ဖြစ်သောကြောင့် ဤမျှလောက် စောစောစီးစီး ဆိုင်ဖွင့်လေ့ မရှိဘဲ ပုံမှန်အားဖြင့် နံနက် (၁၀) နာရီ ဝန်းကျင်လောက်မှသာ အပြင်ထွက်လေ့ ရှိကြပေသည်။
"အေးအေး... အေးပါ..."
သူမ၏ သမီးဖြစ်သူ၏ စကားကို ကြားသောအခါ အမေထျန်သည် အနည်းငယ် စိတ်သက်သာရာ ရသွား ခဲ့ပြီး ဘေးအိမ်သို့ အလျင်အမြန် ပြေးသွားခဲ့လေ၏။
အချိန်အနည်းငယ် ကြာပြီးနောက် သူမသည် အမောတကောဖြင့် ပြန်ပြေးလာခဲ့လေသည်။
သူမသည် ကုတင်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏ သမီးဖြစ်သူ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ ချွေးများကို သုတ်ပေးရင်း နှစ်သိမ့်စကားများ တိုးတိတ်စွာ အားပေး ပြောဆိုနေခဲ့လေ တော့သည်...။
"သမီးလေး... မကြောက်နဲ့နော်... အားတင်းထား... အမေ ဒီမှာရှိတယ်... အမေ သမီးကို စောင့်ရှောက် ပေးမယ်... ကျောင်းတီက လှည်းနဲ့ မကြာခင် ရောက်လာလိမ့်မယ်..."
"အန်တီ... ရှောင်ယာ..."
ခဏအကြာတွင် ဘေးအိမ်မှ ဝမ်တာ့ကျွမ်း၏ ဇနီး လီကျောင်းတီသည် အလျင်စလို ပြေးဝင်လာခဲ့ လေသည်။
ကုတင်ပေါ်ရှိ ထျန်ရှောင်ယာ၏ ဖြူရော်နေသော မျက်နှာကို မြင်သောအခါ သူမသည် ကုတင်ဘေးရှိ အမေထျန်ကို အမြန်ကြည့်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်...။
"အန်တီ... မြန်မြန်... ရှောင်ယာကို လှည်းပေါ် တင်ပေးရအောင်... သူ့ကို ဆေးရုံ အမြန်ပို့မှ ဖြစ်မယ်..."
"အေး... အေး..."
အမေထျန်သည် မသိစိတ်အရ ခေါင်းညိတ်လိုက်ပြီး သူမ၏ ခြေလက်များမှာလည်း အနည်းငယ် တုန်ယင်လျက်ရှိနေခဲ့လေ၏။
၎င်းတို့နှစ်ဦးသည် ထျန်ရှောင်ယာကို ကုတင်ပေါ်မှ ဂရုတစိုက် ထူပေးရန် အတူတကွ
ကူညီပေးလိုက်ကြလေသည်။
ထျန်ရှောင်ယာမှာ အလွန်အမင်း နာကျင်နေသဖြင့် သူမ၏ တစ်ကိုယ်လုံးမှာ ပျော့ခွေနေခဲ့ပြီး ၎င်းတို့ နှစ်ဦး၏ ဖေးမကူညီမှုဖြင့်သာ တစ်လှမ်းချင်းစီ လျှောက်ထွက်လာနိုင်ခဲ့ပေသည်။
သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဗိုက်ထဲမှ အလွန်အမင်း နာကျင်မှုသည် ဒီရေလှိုင်းကဲ့သို့ တက်လာခဲ့ လေ၏။ သူမသည် အံကြိတ်ထားကာ ညည်းတွားသံ မထွက်မိစေရန် အတင်းအကျပ် ထိန်းချုပ်ထားခဲ့ ရပေသည်။
သူမ၏ နဖူးပေါ်မှ ချွေးစေးများသာ ဆက်တိုက် စီးကျနေခဲ့ပြီး စိုစွတ်နေသော ဆံပင်များမှာ သူမ၏ လည် ပင်းပေါ်တွင် ကပ်နေခဲ့ပြီ ဖြစ်လေသည်။
နောက်ဆုံးတွင် ၎င်းတို့ကို ခြံဝင်းထဲသို့ ရွှေ့ပြောင်းပြီးသောအခါ လီကျောင်းတီသည် လှည်းပေါ်တွင် ဂွမ်းစောင်အထူကြီး တစ်ထပ်ကို ခင်းပေးထားပြီး ဖြစ်လေ၏။
၎င်းတို့နှစ်ဦးသည် ထျန်ရှောင်ယာကို လှည်းပေါ်၌ ငြိမ်သက်စွာ လှဲလျောင်းနိုင်ရန် ကူညီပေးလိုက်ပြီး နောက် သူမ လှုပ်ခါသွားမည်ကို စိုးရိမ်သဖြင့် သူမ၏ ကျောနောက်တွင် ခေါင်းအုံးတစ်လုံးကို ထားပေး လိုက်ကြလေသည်။
အမေထျန်သည် လှည်းဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ သမီးဖြစ်သူ၏ ချွေးစေးများကို အကြိမ်ကြိမ် သုတ်ပေးနေခဲ့ပြီး သူမ၏ လက်များမှာ တုန်ယင်နေခဲ့လေတော့သည်....။
"ရှောင်ယာ... အောင့်ခံထားနော်..."
"အင်း..."
ထျန်ရှောင်ယာသည် ခေါင်းညိတ်လိုက်ပြီး သူမ၏ အသံမှာ အလွန်တရာ အားနည်းနေခဲ့သော်လည်း သူမ၏ ယောက်ျားဖြစ်သူ ပေါ်လာမည်ကို မျှော်လင့်လျက် သူမ၏ မျက်လုံးများကမူ ခြံဝင်းတံခါးဆီသို့ သာ စိုက်ကြည့်နေခဲ့လေတော့သည်။
ကျိုးချန်ယဲ့မှာ ပြန်မရောက်သေးသကဲ့သို့ အဖေထျန်မှာလည်း အိမ်တွင် မရှိခဲ့နေချေ။ ဤအရေးကြီး သော အချိန်၌ ၎င်းတို့သည် အမေထျန်နှင့် လီကျောင်းတီတို့ကိုသာ လုံးလုံးလျားလျား အားကိုးနေရလေ တော့သည်။
လီကျောင်းတီသည် သူမ၏ လက်အင်္ကျီများကို ခေါက်တင်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ လှည်းလက်ကိုင်ကို ဆွဲကိုင်လိုက်လေသည်...။
"အန်တီ... ကျွန်မ ဆွဲမယ်... အန်တီက ဘေးကနေ ရှောင်ယာကို ကြည့်ပေးပါ... သွားကြစို့..."
လှည်းသည် လှည့်ထွက်သွားပြီး ခြံဝင်းထဲရှိ ကျောက်ပြာလမ်းလေးပေါ်မှ ဖြတ်ကာ တံခါးဆီသို့ ဦးတည် သွားခဲ့လေတော့သည်။
————————————
ထိုအချိန်၌ စာသင်ခန်းထဲတွင် ထိုင်နေသော ကျိုးချန်ယဲ့သည် ရုတ်တရက် ကြောက်ရွံ့မှုတစ်ခုကို ခံစား လိုက်ရပြီး သူ၏ ရင်ထဲ၌ ထူးဆန်းသော မသက်မသာဖြစ်မှုတစ်ခု ပေါ်ပေါက်လာခဲ့လေ၏။
မှတ်စုစာအုပ်ပေါ်ရှိ ကလောင်တံမှာ ရပ်တန့်သွားခဲ့ပြီး တစ်စုံတစ်ယောက်က သူ၏ နှလုံးကြိုးများကို ရုတ်တရက် ဆွဲငင်လိုက်သကဲ့သို့ သူ၏ ရင်ထဲ၌ လေးလံသွားခဲ့ပေသည်။
စိုးရိမ်ထိတ်လန့်မှုသည် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ရောက်ရှိလာခဲ့ရာ သူသည် စာသင်ခန်းထဲ၌ ဆက်လက် အာရုံစိုက်နိုင်ခြင်းမရှိတော့ချေ။
သူသည် ပြတင်းပေါက်ကို မော့ကြည့်လိုက်လေ၏။ နေရောင်မှာ တောက်ပနေပြီး သစ်ပင်များပေါ်၌ ပုစဉ်းရင်ကွဲများ ဆက်တိုက် အော်မြည်နေကြသော်လည်း သူသည် ရှင်းပြမရနိုင်အောင်ပင် ချွေးစေးများ ပြန်လာခဲ့ပေသည်။
သူ ရုတ်တရက် မတ်တပ်ရပ်လိုက်ရာ ဆရာနှင့် အတန်းဖော်များမှာ အံ့အားသင့်သွားခဲ့ကြလေသည်။
"ဆရာ... ကျွန်တော့်မှာ အရေးကြီး ကိစ္စရှိလို့ အရင်ပြန်ရပါတော့မယ်..."
ဆရာဖြစ်သူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူသည် မတ်တပ်ရပ်ကာ စာသင်ခန်းထဲမှ အလျင်စလို ထွက်လာခဲ့ပြီး အိမ်ရှိရာသို့ ရူးသွပ်စွာ ပြေးသွားခဲ့လေတော့သည်။
သူ၏ စိတ်ထဲ၌ ဗလာကျင်းနေပြီး စိုးရိမ်ထိတ်လန့်မှု တစ်ခုကသာ သူ၏ ရင်ထဲ၌ စွဲကိုင်ထားကာ သူသည် ပို၍ပို၍ မြန်ဆန်စွာ ပြေးလွှားနေခဲ့ရာ လေပေါ်တွင် လွင့်မျောနေသကဲ့သို့ပင် ဖြစ်နေခဲ့ပေသည်။
သူ ကျောင်းသို့ စက်ဘီးဖြင့် လာခဲ့သည်ကိုပင် မေ့လျော့နေခဲ့လေတော့၏။
သူ ရင်းနှီးနေသော လမ်းကြားထိပ်သို့ ပြေးလာပြီး အန်တီကျူ၏ အိမ်ရှေ့မှ ဖြတ်သွားသောအခါ။
ထိုအချိန်မှာပင် တောင်းတစ်လုံးကို ကိုင်လျက် အပြင်ထွက်လာသော အန်တီကျူသည် သူ အမောတ ကော ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အလျင်စလို မေးလိုက်လေသည်...။
"ရှောင်ကျိုး... ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက် မြန်မြန် ပြေးနေရတာလဲ..."
သူသည် နောက်သို့ပင် လှည့်မကြည့်နိုင်တော့ဘဲ လက်ယမ်းပြရုံသာ တတ်နိုင်ခဲ့ပြီး သူ၏ လည်ချောင်းမှာ တင်းကျပ်နေကာ အဖြေတစ်ခုကိုပင် ညှစ်ထုတ်၍ မပြောနိုင်ခဲ့ချေ။
သူ အိမ်သို့ ယိုင်နဲ့ယိုင်နဲ့ ပြေးလာခဲ့ရာ အဝေးမှနေ၍ ခြံတံခါးကြီး ပွင့်ဟနေသည်ကို မြင်လိုက်ရသောအခါ သူ၏ နှလုံးခုန်သံမှာ တစ်ချက် ရပ်တန့်သွားခဲ့လေတော့သည်။
သူသည် ခြေလှမ်းများကို ပိုမြန်လိုက်ပြီး ခြံဝင်းထဲသို့ ပြေးဝင်လုမတတ် ဖြစ်သွားကာ အသံကုန်ဟစ်၍ အော်ခေါ်လိုက်လေသည်...။
"အမေ... ရှောင်ယာ..."
သူ နှစ်ကြိမ်တိုင်တိုင် အော်ခေါ်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ချေ။ သူ၏ ရင်ထဲ၌ တင်းကျပ်သွားခဲ့ပြီး အိမ်ထဲသို့ အလျင်အမြန် ဝင်သွားခဲ့လိုက်လေသည်။ သူ တံခါးကို တွန်းဖွင့်လိုက် သည့် အခိုက်အတန့်တွင် သူ၏ ရှေ့ရှိ ရှုပ်ပွနေသော မြင်ကွင်းကြောင့် သူ၏ ရင်ထဲ၌ လေးလံသွားခဲ့တော့ သည်။
ကုတင်ပေါ်၌ ရှုပ်ပွနေပြီး စောင်များမှာ တွန့်ကြေကာ ပုံနေခဲ့လေ၏။ သူ စိုးရိမ်တကြီးဖြင့် ဗီရိုကို အလျင် အမြန် ဖွင့်ကြည့်လိုက်ရာ သူ အစောကြီးကတည်းက ပြင်ဆင်ထားခဲ့သော မီးဖွားရန် အိတ်မှာလည်း ပျောက်ဆုံးနေကြောင်းကို တွေ့လိုက်ရလေတော့သည်။