အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉) မကြောက်ပါနဲ့၊ ကိုယ် ရှိပါတယ်
သူ၏ နှလုံးသားမှာ နင့်ကနဲ ဖြစ်သွားကာ လက်များမှာလည်း အနည်းငယ် တုန်ယင်နေခဲ့လေ၏။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူသည် လှည့်ကြည့်ကာ ဗီဒိုကို ဖွင့်ကြည့်လိုက်လေ သည်။ ဇနီးဖြစ်သူ မီးဖွားချိန်အတွက် သူ ကြိုတင်ပြင်ဆင်ထားခဲ့သော မီးဖွားဆောင်သုံး အိတ်မှာလည်း ပျောက်ဆုံးနေခဲ့ပြီ ဖြစ်လေ၏။
ကျိုးချန်ယဲ့သည် ဆေးရုံသို့ အပြေးသွားရန် ပြင်လိုက်စဉ် အခန်းထဲမှ အထွက်၌ အိမ်ထဲသို့ ဝင်လာသော အန်တီကျူနှင့် တည့်တည့်တိုးမိပေတော့သည်။
"အား..."
အန်တီကျူမှာ အရှိန်ပြင်းစွာ တိုက်မိသွားသဖြင့် နောက်သို့ ခြေလှမ်း နှစ်လှမ်းခန့် ဆုတ်သွားခဲ့ရလေ၏။
ကျိုးချန်ယဲ့သည် သူမ လဲမကျသွားအောင် အမြန်လှမ်းဖမ်းလိုက်ပြီး အဆက်မပြတ် တောင်းပန်လိုက် လေသည်။
"အန်တီ... အဆင်ပြေရဲ့လား... ကျွန်တော် တောင်းပန်ပါတယ်... စိတ်ပူနေတာနဲ့ အန်တီလာတာကို မမြင်လိုက်လို့ပါ..."
"ရပါတယ်... ရပါတယ်..."
အန်တီကျူမှာ လန့်သွားသဖြင့် မျက်နှာလေး ဖြူလျော့သွားကာ ရင်ဘတ်ကို ဖိထားရင်း ပြောလာလေ သည်။
"ရှောင်ကျိုး... ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက်တောင် ပြာယာခတ်နေရတာလဲ..."
ထိုအခါမှ ကျိုးချန်ယဲ့သည် အရေးကြီးသည့် ကိစ္စကို သတိရသွားပြီး အလောတကြီး မေးလိုက်လေ သည်။
"အန်တီ... ရှောင်ယာနဲ့ ယောက္ခမအမေတို့ကို မြင်မိသေးလား..."
အန်တီကျူက နားမလည်နိုင်ဟန်ဖြင့် ကြည့်ကာ၊
"ဟေ... သူတို့ အိမ်မှာ မရှိဘူးလား... ဒီမနက် အန်တီ ဈေးဝယ်ထွက်တုန်းကတော့ မင်းယောက္ခထီးက ကျောက်ခဲလေးကို ချီပြီး ရှောင်ယာရဲ့ ဒုတိယအစ်ကိုအိမ်ကို သွားမယ်လို့ ပြောနေတာ တွေ့လိုက်သားပဲ... မင်းယောက္ခမအမေလည်း ရှိတယ်လေ... အန်တီနဲ့တောင် အကြာကြီး စကားပြောဖြစ်သေးတယ်..."
အန်တီကျူ၏ စကားကို ကြားပြီးနောက် ကျိုးချန်ယဲ့သည် သူ၏ ခန့်မှန်းချက်မှာ ပို၍ သေချာသွားခဲ့ လေတော့သည်။ ထိုအကြောင်းကို တွေးမိရင်း သူသည် စိုးရိမ်ပူပန်မှုများ၊ အားနာမှုများ ပြည့်နှက်နေ သည့် မျက်နှာဖြင့် အန်တီကျူကို ကြည့်ကာ ပြောလိုက်လေသည်။
"အန်တီ... ရှောင်ယာတို့ အိမ်မှာ မရှိတော့ဘူး... သူတို့ ဆေးရုံကို မီးဖွားဖို့ သွားကြပြီ ထင်တယ်... ကျွန်တော် ဆေးရုံကို လိုက်သွားပြီး သွားကြည့်လိုက်ဦးမယ်..."
ထိုစကားကို ကြားသောအခါ အန်တီကျူသည် လက်ကို အမြန်ဝှေ့ယမ်းကာ ကျိုးချန်ယဲ့ကို အထပ်ထပ် တိုက်တွန်းလေတော့သည်။
"အယ်... အဲ့ဒါဆိုရင်လည်း အမြန်သွားလေ... အိမ်ကိုတော့ အန်တီ ကြည့်ထားပေးပါ့မယ်... ဘာမှ ပျောက်ရှမသွားစေရဘူးလို့ အာမခံတယ်..."
"ကျေးဇူးတင်ပါတယ် အန်တီ..."
ကျိုးချန်ယဲ့သည် ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ခြံထဲမှ အမြန် ပြေးထွက်သွားခဲ့လေတော့သည်။
အမေထျန်သည် လီကျောင်းတီနှင့်အတူ ထျန်ရှောင်ယာအား ဆေးရုံဝင်ပေါက်သို့ အရောက် ခေါ်ဆောင် လာနိုင်ခဲ့လေသည်။
သူမသည် အကူအညီတောင်းရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ ကျိုးချန်ယဲ့၏ အက်ရှရှအသံကို ကြားလိုက်ရလေသည်။
"အမေ... မရီးဝမ်..."
ထိုခေါ်သံကြောင့် အမေထျန်နှင့် လီကျောင်းတီတို့မှာ အမြန်လှည့်ကြည့်လိုက်ရာ ချွေးများ ရွှဲရွှဲစိုနေ အောင် ပြေးလာသော ကျိုးချန်ယဲ့ကို မြင်လိုက်ရတော့သည်။ စိုးရိမ်တကြီး စောင့်ဆိုင်းနေရသော အမျိုးသမီးနှစ်ဦးမှာ ထိုအခါမှ စိတ်အေးသွားရကာ မျက်နှာတွင် စိတ်သက်သာရာရသော အပြုံးများ ပေါ်လာခဲ့လေတော့သည်။
တွန်းလှည်းပေါ်တွင် လဲလျောင်းနေသော ထျန်ရှောင်ယာသည်လည်း သူမ၏ ခင်ပွန်းရောက်လာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်အေးသွားရပြီး တင်းထားသမျှ အားအင်တို့မှာ ရုတ်တရက် လျော့ကျသွားခဲ့ပေသည်။
စောစောက အောင့်အည်းထားသမျှ မျက်ရည်တို့မှာလည်း ဆက်လက်၍ မထိန်းထားနိုင်တော့ဘဲ အဆက်မပြတ် စီးကျလာခဲ့လေတော့သည်။
ကျိုးချန်ယဲ့သည် တွန်းလှည်းနားသို့ အပြေးအလွှား ရောက်သွားကာ ဇနီးသည်၏ လက်ကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ မျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်း တိုးတိုးလေး ချော့မြူလိုက်လေသည်။
"မိန်းမ... မကြောက်နဲ့နော်... ကိုယ် ရှိတယ်..."
ထျန်ရှောင်ယာသည် အားယူ၍ ပြုံးပြကာ ခေါင်းညိတ်ပြလိုက်လေသည်။ ထိုအချိန်မှာပင် ဆရာဝန်များ နှင့် နာ့စ်မလေးများမှာ အလျင်အမြန် ရောက်ရှိလာကြလေ၏။
ဆရာဝန်တစ်ဦးက ရှေ့သို့ တိုးလာကာ ထျန်ရှောင်ယာ၏ ဗိုက်ကို စမ်းသပ်ကြည့်ပြီးနောက် ဘေးရှိ နာ့စ်မလေးကို အရေးတကြီး ပြောလိုက်လေသည်။
"မြန်မြန်... သူမွေးတော့မယ်... အခုချက်ချင်း မီးဖွားခန်းထဲကို ခေါ်သွားကြ..."
မီးဖွားခန်းတံခါးမှာ တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့လေပြီ... အထဲမှ ထွက်ပေါ်လာသော ထျန်ရှောင်ယာ နာကျင်စွာ အော်ဟစ်သံများမှာ ကျိုးချန်ယဲ့၏ နှလုံးသားကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားနေရလေသည်။
သူသည် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ မီးဖွားခန်း၏ သစ်သားတံခါးကို မှီလိုက်ကာ တံခါးကြားမှ ထွက် ပေါ်လာသော အသံကို နားစွင့်နေမိလေ၏။ သူ၏ မျက်လုံးများမှာလည်း ကြောက်စရာကောင်းလောက် အောင် နီမြန်းနေခဲ့လေတော့သည်။
ဇနီးသည်၏ နာကျင်စွာ အော်ဟစ်သံများကို ကြားရသောအခါ ကျိုးချန်ယဲ့သည် နှလုံးသားထဲမှ စူးစူးရှရှ နာကျင်မှုကို ခံစားရကာ ထိုနာကျင်မှုများကို မိမိသာ ကိုယ်စား ခံစားပေးချင်မိလာခဲ့လေသည်။
သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေကာ ထျန်ရှောင်ယာ၏ ပုံရိပ်များသာ ပြည့်နှက်နေပြီး ရင်ထဲတွင်လည်း ခံစားချက်များမှာ လှိုင်းထနေခဲ့လေတော့သည်။
အကယ်၍ သူ၏ စိတ်ထဲတွင် ကျန်ရှိနေသေးသော အသိတရားက မီးဖွားခန်းထဲသို့ မဆင်မခြင် ဝင်မသွား သင့်ကြောင်း တားဆီးမထားခဲ့ပါက သူသည် ဇနီးသည်ကို ကာကွယ်ရန်အတွက် အထဲသို့ အတင်းဝင်သွား မိမှာ သေချာလှပေသည်။
ဘေးမှ ခုံတန်းလျားတွင် ထိုင်နေသော အမေထျန်သည်လည်း ဂဏာမငြိမ် ဖြစ်နေခဲ့ရလေ၏။ သားမက် ဖြစ်သူ၏ စိတ်လွတ်နေသော ပုံစံကို မြင်သောအခါ သူမသည် အမြန်ထလာပြီး သူ့အားဘေးတွင် ထိုင် ခိုင်းကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ရှောင်ယဲ့... ရှောင်ယာက ကံကောင်းတဲ့သူပါ... သူ သေချာပေါက် အဆင်ပြေမှာပါ... မင်းက အရင် ဦးဆောင်ပြီး မလောပါနဲ့ဦး..."
ဘေးတွင် ရပ်နေသော လီကျောင်းတီကလည်း ရှေ့သို့ တိုးလာကာ ညင်သာစွာ ဖျောင်းဖျလိုက်လေသည်။
"အစ်ကိုကျိုး... အစ်ကို စိတ်ပူနေတာ ကျွန်မ သိပါတယ်... ဒါပေမဲ့ အမျိုးသမီးတိုင်းက မီးဖွားခြင်းဒုက္ခကို ဖြတ်ကျော်ရတာပါပဲ... အထဲမှာလည်း ဆရာဝန်တွေ ရှိနေတာဆိုတော့ ရှောင်ယာ သေချာပေါက် ချော ချောမောမော မီးဖွားနိုင်မှာပါ..."
ကျိုးချန်ယဲ့မှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ဘာမှ မပြောခဲ့ပေ။ သူ၏ လက်သီးကိုသာ တင်းတင်း ဆုပ်ထားသဖြင့် လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်နေသော်လည်း သူသည် မည်သည့် နာကျင် မှုကိုမျှ ခံစားရဟန် မရှိချေ။
သူသည် မီးဖွားခန်းတံခါးနားသို့ တိုးကပ်ကာ အထဲမှ ထွက်ပေါ်လာသော အသံများကို နားစွင့်နေရင်း ဇနီးနှင့် ကလေး ဘေးကင်းပါစေကြောင်းသာ တိတ်တဆိတ် ဆုတောင်းနေမိလေတော့သည်။
ကျွီကနဲ အသံနှင့်အတူ မီးဖွားခန်းတံခါးမှာ ပွင့်လာပြီး နာ့စ်မလေးတစ်ဦးက အမြန်ထွက်လာကာ လှမ်း ခေါ်လိုက်လေသည်။
"ထျန်ရှောင်ယာရဲ့ မိသားစုဝင်တွေ ဘယ်မှာလဲ..."
ထိုစကားကို ကြားသောအခါ ကျိုးချန်ယဲ့သည် အပြေးအလွှား ရောက်သွားကာ တုန်ရီနေသော အသံဖြင့် အရင်ဦးဆုံး ပြောလိုက်လေသည်။
"နာ့စ်... ကျွန်တော်က ထျန်ရှောင်ယာရဲ့ ခင်ပွန်းပါ..."
နာ့စ်မလေးသည် ပြုံးရွှင်သော မျက်နှာဖြင့် သတင်းကောင်းကို ပြောပြလိုက်လေသည်။
"မီးဖွားပြီးပါပြီ... အမွှာလေးတွေပါ... သားတစ်ယောက် သမီးတစ်ယောက်ပါ... အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ကလေးတွေကို အပြင်ထုတ်ပြီး ပြပေးပါ့မယ်..."
ပြောပြီးသည်နှင့် နာ့စ်မလေးမှာ မီးဖွားခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သော်လည်း ကျိုးချန်ယဲ့သည် သတိပြန်ဝင်လာကာ ထိန်းမရအောင် တုန်ယင်နေသော အသံဖြင့် သူမကို အမြန်လှမ်းခေါ်လိုက်လေ သည်။
"ဆရာမ... ခဏလောက် စောင့်ပါဦး..."
နာ့စ်မလေးက ရပ်တန့်ကာ လှည့်ကြည့်လိုက်လေသည်။ ကျိုးချန်ယဲ့မှာ ရင်ထဲမှ လှိုက်တက်လာသော စိုးရိမ်မှုများကို မျိုသိပ်ကာ မေးလိုက်လေသည်။
"ကျွန်တော့်မိန်းမ... ကျွန်တော့်မိန်းမရော အဆင်ပြေရဲ့လား... သူ ဘယ်လိုနေသေးလဲဟင်..."
နာ့စ်မလေးမှာ အံ့အားသင့်သွားခဲ့ရလေသည်... မိမိ၏ ဇနီးသည်အပေါ် ဤမျှလောက်အထိ စိုးရိမ် ပူပန်တတ်သော အမျိုးသားမျိုးကို သူမ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ပုံမှန်အားဖြင့် မီးဖွားရန် လာကြသော မိသားစုများထဲတွင် အမျိုးသားအများစုမှာ ကလေးကိုသာ အာရုံစိုက်တတ်ကြလေသည်။
အဆိုးဆုံးမှာ အချို့သော အမျိုးသားများသည် ၎င်းတို့၏ ဇနီးသည် သမီးမိန်းကလေး မွေးသည်ဟု ကြား လိုက်ရသည်နှင့် မျက်နှာပျက်သွားကာ ထွက်ပြေးသွားချင်သည့် ပုံစံမျိုးအထိ ရှိတတ်ကြခြင်းဖြစ် လေသည်။
နာ့စ်မလေးသည် စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း မျက်နှာတွင်မူ ကြင်နာသော အပြုံးကို ဆက်လက် ဆင်မြန်းထားကာ ညင်သာစွာ ပြန်ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့... မိခင်ရော ကလေးပါ ကျန်းမာပါတယ်... ဒါပေမဲ့ မိခင်က အားအင်ကုန်ခမ်းသွားလို့ အခုလောလောဆယ်တော့ အရမ်း အားနည်းနေတယ်..."
ခေတ္တမျှ ရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်လေသည်။
"ခဏနေရင် ကလေးတွေကို အပြင်ထုတ်ပေးပါ့မယ်... အစ်ကိုတို့ လူနာဆောင်မှာ အရင်သွားစောင့်နေလို့ ရပါတယ်... မိခင်ကိုတော့ အထဲမှာ ခဏလောက် ထပ်စောင့်ကြည့်ရပါဦးမယ်... အားလုံး အဆင်ပြေ ပြီဆိုရင်တော့ လူနာဆောင်ကို ရွှေ့ပေးပါ့မယ်..."
ထိုစကားကို ကြားရသောအခါ အမေထျန်သည် အထပ်ထပ် ကျေးဇူးတင်စကား ပြောလေတော့သည်။
"ကျေးဇူးတင်ပါတယ် ရဲဘော်... ကျွန်မတို့ မိသားစုတစ်ခုလုံးက ရဲဘော်ရဲ့ ကျေးဇူးကို အမြဲ အောက်မေ့ နေမှာပါ..."
"အန်တီ... အားမနာပါနဲ့... ဒါက ကျွန်မ လုပ်ရမယ့် အလုပ်ပဲလေ..."
ပြောပြီးနောက် သူမသည် လှည့်ထွက်သွားကာ မီးဖွားခန်းတံခါးကို ဖွင့်၍ အသာအယာ ဝင်သွားခဲ့လေ သည်။ ထို့နောက် ကျွီကနဲ အသံနှင့်အတူ တံခါးမှာ ညင်သာစွာ ပိတ်သွားခဲ့လေ၏။
မီးဖွားခန်းတံခါး ပြန်ပိတ်သွားသည်ကို မြင်ရမှ အမေထျန်မှာ အကြာကြီး စောင့်ဆိုင်းနေခဲ့ရသမျှ စိတ် အေးသွားရတော့သည်။ သူမသည် ရင်ဘတ်ကို ဖိကာ သက်ပြင်းအရှည်ကြီး ချလိုက်လေ၏။ သူမ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားကာ အရေးအကြောင်းများ ပြည့်နေ သော မျက်နှာတွင် ကျယ်ပြန့်သော အပြုံးတစ်ခု ပေါ်လာခဲ့လေတော့သည်။
ဘေးတွင် ရပ်နေသော လီကျောင်းတီမှာလည်း ဝမ်းသာအားရဖြင့် ချက်ချင်းပင် ဂုဏ်ပြုစကား ဆိုလိုက် လေသည်။
"ဂုဏ်ယူပါတယ် အမေ... ဂုဏ်ယူပါတယ် အစ်ကိုကျိုး... ရှောင်ယာက သားတစ်ယောက် သမီးတစ် ယောက် အမွှာလေးတွေ မွေးပေးလိုက်ပြီပဲ... ဒါက တကယ့်ကို မင်္ဂလာရှိတဲ့ ကိစ္စပါပဲ..."
အမေထျန်မှာ ပျော်လွန်းသဖြင့် မျက်လုံးလေးများပင် မှေးစိသွားကာ အထပ်ထပ် ပြန်ပြောနေလေ တော့သည်။
"ဟားဟားဟား... ကျောင်းတီရေ... ဒီနေ့ မင်းရဲ့ အကူအညီအတွက် တကယ် ကျေးဇူးတင်ပါတယ်... ကလေးရဲ့ တစ်လပြည့်ပွဲကျရင်တော့ မင်းက သေချာပေါက် အရေးအကြီးဆုံး ဧည့်သည်နေရာမှာ ထိုင်ရမှာနော်..."