အခန်း (၂၈၈၇-၂၈၈၈)
Vol. 289 Ch. 2887-2888
အခန်း (၂၈၈၇) - မင်းအမေကို ရယ်နေတာလား
ဝမ်ရှန့်မြို့
ယခင်ကနှင့် မတူဘဲ ယနေ့ ဝမ်ရှန့်မြို့မှာ အလွန်တရာ စည်ကားသိုက်မြိုက်နေသည်။
မည်မျှ စည်ကားသနည်းဆိုသော် သူတော်စင်အများစုမှာ ခြေမချနိုင်တော့ဘဲ လူအုပ်ကြားထဲတွင် ညပ်ပြီး ရှေ့သို့ ဆက်တိုးနေရသည်ဟုပင် ခံစားလိုက်ရသည်။
ယခုအချိန်တွင် တန်းရှန်းမြို့ မှ သူတော်စင်များသာမကဘဲ ယခင်က ဟင်းလင်းပြင်လောက၏ တောအုပ်အတွင်းတွင် တောခွေးများအလား လှည့်လည်နေကြသည့် သူများကိုလည်း အထူးခွင့်ပြုချက်ဖြင့် ဝင်ရောက်ခွင့်ပေးလိုက်သည်။
ဟင်းလင်းပြင်လောကမှ ထွက်ခွာနိုင်မည့် အခွင့်အရေးရှိကြောင်း ကြားသိလိုက်ရသည့်အခါတွင် မည်သူကများ အလွယ်တကူ လက်လျှော့ပါ့မည်နည်း။
ချူးဖေးက စိတ်ထဲတွင် မလိုလားသော်လည်း လက်ရှိအခြေအနေအရ သူ တားဆီး၍ မရနိုင်တော့သဖြင့် လျစ်လျူရှုထားလိုက်တော့သည်။
“ယဲ့သခင်လေး၊ ရှေ့မှာ ရှိတာက ဝမ်ရှန့်မြို့ရဲ့ တားမြစ်နယ်မြေပဲ။ အဲ့ဒီမှာ နတ်ဘုရားစွမ်းအား အငွေ့အသက်တွေက အပြည့်စုံဆုံးပဲ။”
ချန်နန်ခယ်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။
“ရှင်သာ ဒီနေရာရဲ့ နတ်ဘုရားစွမ်းအား အငွေ့အသက်တွေကို သန့်စင်နိုင်ပြီး ဟင်းလင်းပြင်လောကရဲ့ အငွေ့အသက်တွေ ကပ်မညှိလာဘူးဆိုရင်တော့ ဒီနေရာကနေ ထွက်သွားနိုင်မယ့် နည်းလမ်း ရှင့်မှာ ရှိတယ်ဆိုတာကို ငါ ယုံကြည်ပေးမယ်။”
သူမ၏ နောက်တွင်ရှိနေသော နတ်ဆိုးကြီး ခုနစ်ယောက်၊ ချူးဖေးနှင့် အခြားသူတော်စင်အများစုမှာ မျှော်လင့်ချက်များဖြင့် စောင့်ကြည့်နေကြသည်။
သူတို့သည် ထိုအချက်ကို သက်သေပြနိုင်မည့် အခိုက်အတန့်ကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။
“ငါ မင်းကို ယုံကြည်အောင် လုပ်နေစရာ မလိုဘူး။”
ဖန့်ချန်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပြီး တားမြစ်နယ်မြေဆီသို့ လျှောက်သွားလိုက်သည်။
ချန်နန်ခယ်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဘာမှ ပြန်မပြောတော့ဘဲ ဖန့်ချန်၏ ကျောပြင်ကိုသာ စိုက်ကြည့်နေတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် -
ကောင်းကင်နှင့် မြေပြင်မှာ ထူးခြားသော နိမိတ်များ ပေါ်လာသည်။
သူတော်စင်အားလုံးမှာ အဆုံးမရှိသော နတ်ဘုရားစွမ်းအား အငွေ့အသက်များမှာ တားမြစ်နယ်မြေထဲသို့ တဟုန်ထိုး စီးဝင်နေသည်ကို ခံစားလိုက်ရသည်။
ဝေလငါးကြီး ရေကို အငမ်းမရ စုပ်ယူနေသည့်အလားပင်။
“ရှူး……”
ချူးဖေးတို့အဖွဲ့နှင့် နတ်ဆိုးကြီးများမှာ အံ့အားသင့်ကာ အသက်ကို ပြင်းပြင်း ရှိုက်လိုက်ကြသည်။
ချန်နန်ခယ်မှာလည်း အံ့အားသင့်သွားသည်။
ထိုအချိန်တွင် ဖန့်ချန်မှာ ဟင်းလင်းပြင်လောက၏ အငွေ့အသက်များ ကပ်ညှိခြင်း ရှိ၊ မရှိ မသိနိုင်သေးသော်လည်း ဤသို့ နတ်ဘုရားစွမ်းအားများကို သန့်စင်သည့်အမြန်နှုန်းမှာ သူတို့တစ်သက်တာတွင် တစ်ခါမျှ မမြင်ဖူးသည့် အရာဖြစ်သည်။
“ဒါ…… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ……”
ချူးဇီမှုမှာ မျက်နှာဖြူဖျော့သွားသည်။
“ချူးဇီမှု၊ ငါတို့ ဘာလုပ်ကြမလဲ”
“ခဏနေရင် အဲ့ဒီလူကြီးဆီ သွားပြီး အမှားပြင်ဆင်တောင်းပန်ကြမလား ”
“ငါတို့ ဝမ်ရှန့်မြို့ကို မလာသင့်ခဲ့ဘူး……”
မိမိ၏ လက်အောက်ငယ်သားများက စိတ်လှိုင်းဖြင့် တိုးတိုးတိုင်ပင်နေကြသည်ကို ကြားလိုက်ရသဖြင့် ချူးဇီမှု၏ မျက်နှာမှာ ပို၍ ဆိုးရွားလာသည်။
“ဒီ ယဲ့သခင်လေးရဲ့ နည်းလမ်းတွေက…… တကယ်ပဲ ထူးခြားလွန်းပါတယ်။ သံသရာမသေမျိုးဂိုဏ်း ရဲ့ သူတော်စင်ဆိုတာနဲ့ လိုက်ဖက်ပါပေတယ်။”
နတ်ဆိုးကြီး တစ်ကောင်က သက်ပြင်းချကာ ပြောသည်။
“အရင်တုန်းက သံသရာမသေမျိုးဂိုဏ်းက နယ်မြေအသီးသီးကို ဘာကြောင့် ဖိနှိပ်ထားနိုင်တာလဲဆိုတာ အခုတော့ သဘောပေါက်ပြီ။ သူတော်စင်ဧကရာဇ် နန်းတော် အောက်မှာ သူတို့ပဲ ရှိတော့တာပေါ့။”
“ဟုတ်တယ်၊ ငါလည်း သံသရာမသေမျိုးဂိုဏ်းရဲ့ နည်းလမ်းတွေက ထူးခြားတယ်ဆိုတာ သိထားတာ ကြာပြီ။ ဒီတစ်ခါတော့ ငါတို့ ဟင်းလင်းပြင်လောကကနေ ထွက်သွားနိုင်ဖို့ တကယ်ပဲ အခွင့်အရေး ရှိသွားပြီ။”
အခြားနတ်ဆိုးကြီး တစ်ကောင်ကလည်း ဝင်ရောက် အတည်ပြု ပြောဆိုလိုက်သည်။ ကျန်ရှိနေသော နတ်ဆိုးများမှာလည်း ခေါင်းညိတ် ထောက်ခံကြပြီး သူတို့၏ မျက်နှာတွင် ဝမ်းမြောက်မှု အရိပ်အယောင်များ ပေါ်လာသည်။
ထိုနတ်ဆိုးများမှာ ဖန့်ချန်ကို အထင်ကြီး လေးစားစွာဖြင့် အလွန်အမင်း ချီးကျူးနေကြသည်ကို မြင်လိုက်ရသောအခါ အနီးနားရှိ သူတော်စင်များမှာလည်း အံ့ဩတုန်လှုပ်သွားရသည်။
အရင်က ကောင်းကင်ဘုံကနတ်ဆိုးများအလား ထင်မှတ်ထားခဲ့သည့် သူတို့သည် ယခုတွင်မူ ဖန့်ချန်ကို စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးအထိ ရိုသေလေးစားနေကြသည်။
ထိုနတ်ဆိုးကြီးများမှာ ဖန့်ချန်ကို ကြောက်ရွံ့ရိုသေစွာဖြင့် ချီးကျူးစကားများ ပြောနေကြသည်။ ဖန့်ချန် ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ သူတို့မှာ အသက်လုပြီး ချီးကျူးနေကြရသည်။
ဤအဖြစ်အပျက်မျိုးကို သူတို့ ယခင်က စိတ်ကူးဖြင့်ပင် မတွေးဝံ့ခဲ့ဖူးပေ။ ယခု ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ ထူးဆန်းသည်ဟု ခံစားရရုံသာမက ဖန့်ချန်အပေါ် ထားရှိသည့် သူတို့၏ အမြင်မှာလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။
ချန်နန်ခယ်၏ မျက်လုံးထဲတွင် သံသယများမှာ လျော့ပါးသွားပြီး ရှဲ့အာမန်နှင့် ဝမ်ချုံစန်းတို့ကို တစ်ချက် ကြည့်လိုက်သည်။
“သူက ငါတို့ကို ဟင်းလင်းပြင်လောကကနေ ခေါ်သွားနိုင်မယ်လို့ တကယ်ပဲ ယုံကြည်ချက် ရှိနေတာလား”
“ငါတို့ကို မမေးနဲ့။”
ဝမ်ချုံစန်းက အေးဆေးစွာ ပြောသည်။
“မင်းကိုယ်မင်းသာ မေးကြည့်ပါ။”
“……”
ချန်နန်ခယ်မှာ စကားမပြောတော့ပေ။
နတ်ဘုရားစွမ်းအားများမှာ အလွန်တရာ ပြင်းထန်စွာ စီးဝင်လာနေပြီး မည်မျှကြာသွားသည်ကို မသိလိုက်ရပေ။ ရုတ်တရက်ဆိုသလို သူတော်စင်များအားလုံးမှာ ဤနေရာရှိ နတ်ဘုရားစွမ်းအား အငွေ့အသက်များအားလုံး တားမြစ်နယ်မြေထဲသို့ စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။
တစ်ခဏအတွင်းမှာပင် လုံးဝ ကုန်ဆုံးသွားတော့သည်။
ထို့နောက် တားမြစ်နယ်မြေထဲမှ စွမ်းအားများမှာလည်း အဆက်မပြတ် လျော့နည်းသွားပြီး နောက်ဆုံးတွင် တစ်စက်မျှ မကျန်တော့ပေ။
“ကုန်သွားပြီ၊ နတ်ဘုရားစွမ်းအားတွေကို ငါ မခံစားရတော့ဘူး။”
နတ်ဆိုးကြီး တစ်ကောင်က ရေရွတ်လိုက်သည်။
“အပြင်က စွမ်းအားတွေလည်း အလွန်တရာ ပါးသွားပြီ။ ဒီနေရာမှာ အရင်ကလို အခြေအနေမျိုး ပြန်ရောက်ဖို့ဆိုရင် ရာစုနှစ်ပေါင်းများစွာ ကြာဦးမှာပဲ……”
“ဒါ ဘယ်လောက်ကြာသွားလဲ ချူးဖေးတောင် ဒီနေရာမှာ နှစ်ပေါင်းများစွာ နေပြီးတော့မှ အဲ့ဒီလောက်ပဲ သန့်စင်နိုင်တာ။ အခု ဘယ်လောက်ကြာလို့လဲ၊ နတ်ဘုရားစွမ်းအားတွေ လုံးဝ ကုန်သွားတာလဲ”
ချူးဖေးမှာ နတ်ဆိုးကြီးများက သူ့ကို နှိုင်းယှဉ်ပြောဆိုနေသဖြင့် စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားသော်လည်း ထိုဒေါသမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ထို အရိပ်မည်းမှာ တားမြစ်နယ်မြေထဲမှ လမ်းလျှောက် ထွက်လာနေပြီဖြစ်သည်။
သူ၏ ကိုယ်ပေါ်တွင် ထူးခြားသည့် အပြောင်းအလဲ မရှိသလို၊ အငွေ့အသက်မှာလည်း အရင်အတိုင်းပင် သန့်ရှင်းနေသည်။
ရွှံ့နွံထဲတွင် ပေါက်ဖွားသော်လည်း မညစ်နွမ်းသော ကြာပန်းဖြူလေး အလားပင်။
သူတော်စင်အားလုံး၏ အကြည့်များမှာ ထိုအခိုက်အတန့်တွင် အကြီးအကျယ် ပြောင်းလဲသွားသည်။
အခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာမှာ အဆိပ်ရည်တစ်ခွက်နှင့် တူသည်။ ထိုနတ်ဆိုးကြီးများမှာ တစ်စက်ချင်းစီသာ သောက်နိုင်ကြပြီး အဆိပ်သင့်မှာကို ကြောက်နေကြရသည်။
သို့သော် ဖန့်ချန်မှာမူ တစ်ခွက်တည်း အကုန်သောက်လိုက်ရုံသာမက အရက်စည်ကိုပင် ပွေ့ဖက်ပြီး အကုန် သောက်ချလိုက်ခြင်း ဖြစ်သည်။
ဖန့်ချန် တားမြစ်နယ်မြေထဲမှ ထွက်လာပြီးနောက် ကျန်ရှိနေသည့် နတ်ဆိုးများကို ကြည့်ကာ ပြောလိုက်သည်။
“အချိန်မဆိုင်းတော့ဘူး၊ မင်းတို့ရဲ့ မြို့တွေထဲက ဘယ်မြို့က အနီးဆုံးလဲ။”
“ယဲ့သခင်ကြီး၊ ကျွန်တော်ပါ”
နတ်ဆိုးကြီး တစ်ကောင်က အမြန် လက်မြှောက်လိုက်သည်။
“ဖန့်သူတော်စင်ဘိုးဘေးလို့ ခေါ်ရမယ်။”
ဝမ်ချုံစန်းက မျက်နှာကို တည်ထားကာ သတိပေးလိုက်သည်။
“မင်းတို့က နောက်ဆိုရင် ဖန့်သူတော်စင်ဘိုးဘေးနဲ့အတူ ဟင်းလင်းပြင်လောကကနေ ထွက်သွားကြမှာ၊ ဒါကြောင့် နာမည်ကို မှန်အောင် ခေါ်ပါ။ ယဲ့သခင်လေး ဆိုတာက သူ့ရဲ့ အမည်အတုပဲ။”
“အော်... အော်၊ ဖန့်သူတော်စင်ဘိုးဘေး။”
ထိုနတ်ဆိုးမှာ ချက်ချင်းပင် ပြင်ခေါ်လိုက်သည်။
“ကျွန်တော်က ယုံရွှမ်မြို့ က လျန်ရိပါ၊ ဟင်းလင်းပြင်လောကကို မပို့ခင်တုန်းက တာဟွမ်ဂိုဏ်း တပည့်ပါ။”
ခဏရပ်လိုက်ပြီး အခြားနတ်ဆိုးအချို့ကို လက်ညှိုးညွှန်ပြသည်။
“သူတို့က ကျွန်တော်နဲ့ တစ်ဂိုဏ်းတည်းက တပည့်တွေပါ။ ကျွန်တော်တို့ရဲ့ မြို့တွေက တစ်ခုနဲ့တစ်ခု နီးကပ်တဲ့အတွက် ဖန့်သူတော်စင်ဘိုးဘေး အစဉ်လိုက် သွားရောက်နိုင်ပါတယ်။”
“မင်းက တာဟွမ်ဂိုဏ်းကလား၊ ဒါဆိုရင် လုကျိုးဝမ် ကို သိမှာပေါ့။”
ဖန့်ချန်က ပြုံးကာ ပြောသည်။
“သူက ကျွန်တော်တို့ တာဟွမ်ဂိုဏ်းရဲ့ သူတော်စင်ဧကရာဇ်ပါ……”
လျန်ရိ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။
“ကောင်းပြီ၊ မင်းတို့ မြို့ကို အရင်သွားမယ်။” ဖန့်ချန်က ခေါင်းညိတ်သည်။
မကြာမီပင် သူတော်စင်များ၏ အုပ်စုကြီးမှာ ယုံရွှမ်မြို့သို့ ရောက်ရှိသွားသည်။
ချန်နန်ခယ်တို့မှာလည်း ဖန့်ချန်၏ နတ်ဘုရားစွမ်းအားကို စုပ်ယူမှု အရှိန်အဟုန်ကို တစ်ခါပြန်၍ မြင်တွေ့လိုက်ရပြန်သည်။
ယုံရွှမ်မြို့မှ စွမ်းအားများကိုလည်း သန့်စင်ပြီးနောက် ဖန့်ချန်၏ ကိုယ်ပေါ်တွင် မည်သည့် ထူးခြားမှုမှ မရှိသည့်အပြင် အငွေ့အသက်မှာလည်း သန့်ရှင်းနေသေးသဖြင့် ချန်နန်ခယ်၏ စိတ်ထဲတွင် နောက်ဆုံးကျန်ရှိနေသော သံသယမှာလည်း ပျောက်ကွယ်သွားတော့သည်။
သို့သော်လည်း သူမ၏ စိတ်ထဲတွင် မေးခွန်းအသစ်တစ်ခု ပေါ်လာသည်။
ဘာကြောင့်လဲ
ဘာကြောင့် ဒီသံသရာမသေမျိုးဂိုဏ်းရဲ့ သူတော်စင်က ဟင်းလင်းပြင်လောကထဲမှာ ဒီလောက်အထိ အတိုင်းအဆမရှိဘဲ နတ်ဘုရားစွမ်းအားတွေကို စုပ်ယူနိုင်ရတာလဲ။
ယုံရွှမ်မြို့သို့ ရောက်ပြီးနောက် ဖန့်ချန်တို့မှာ နောက်မြို့တစ်မြို့ဆီသို့ အလျင်အမြန်ပင် ဆက်လက် ထွက်ခွာသွားကြသည်။
မြို့တစ်မြို့ပြီးတစ်မြို့။
နောက်လိုက် သူတော်စင် အရေအတွက်မှာလည်း ပို၍ ပို၍ များပြားလာသည်။
သတင်းမသိသူများမှာ ဘာတွေဖြစ်နေမှန်း မသိဘဲ ထိုအုပ်စုကြီးကို မြင်လိုက်ရသည့်အခါ ကြောက်လန့်တကြား ထွက်ပြေးကြသည်။
နောက်ဆုံးတွင်။
ဖန့်ချန်သည် နောက်ဆုံးမြို့သို့ ရောက်ရှိသွားပြီး လူအများ၏ အကြည့်အောက်တွင် တားမြစ်နယ်မြေထဲသို့ လျှောက်ဝင်သွားသည်။
“ဒီနေရာက စွမ်းအားတွေကို သန့်စင်ပြီးရင်တော့ ပြီးပြည့်စုံသွားပြီ။”
ဖန့်ချန်သည် တားမြစ်နယ်မြေ၏ အလယ်ဗဟိုတွင် ရပ်လိုက်သည်။ လက်ကို မလှုပ်ရှားရသေးမီမှာပင် စွမ်းအားများမှာ သူ့ဆီသို့ တိုးဝင်လာကြသည်။
“စကြရအောင်။”
ဖန့်ချန်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်လုံးကို မှိတ်လိုက်ရာ စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွင်းအလား တိုးဝင်သွားသည်။
အတွင်းပိုင်း ကြယ်တာရာ (၃၆) ခုနှင့် အတွင်းကမ္ဘာ(၁) ခုလုံးမှာ နတ်ဘုရားစွမ်းအား၏ အရိပ်အယောင်များ ပေါ်လာသည်။
ရှောင်ချင်းယောင်၊ လီဝူ ၊ ချီယန်သူတော်စင်တို့မှာ ထိုအရိပ်အယောင်များ ပုံစံပေါ်လာသည်ကို ကြည့်နေရင်း အလွန်တရာ အာရုံစိုက်နေကြသည်။
နတ်ဘုရားစွမ်းအားကို နားလည်သဘောပေါက်မှုမှာ အလွန်တရာ ချောမွေ့နေသည်။
၎င်းမှာ ပုံစံပေါ်ခါနီးအချိန်တွင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ရယ်သံလေးတစ်ခုမှာ သူတို့ သုံးဦး၏ နားထဲတွင် ပေါ်လာသည်။
ထူးဆန်းလှသော ရယ်သံကြောင့် ရှောင်ချင်းယောင်မှာ ကြက်သီးဖြန်းဖြန်း ထသွားသည်။
သူမသည် ကြောက်လန့်တကြားဖြင့် ထိုနတ်ဘုရားစွမ်းအား၏ အရိပ်ကို ကြည့်လိုက်သည်။
“မင်းအမေကို ရယ်နေတာလား ညီကို၊ နှိမ်နင်းလိုက်စမ်း အဲ့ဒါက အဓိက မကောင်းဆိုးဝါး သုံးကောင်ထဲက တစ်ကောင်၊ ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် ပဲ”
ဖန့်ချန်၏ နားထဲတွင် မှန်လေး ၏ အသံမှာ ရုတ်တရက် ပေါ်ထွက်လာသည်။
အခန်း (၂၈၈၈) - မင်းက အဲဒီလောက်ထိ စွမ်းနိုင်တာပဲ
အဓိက မကောင်းဆိုးဝါး သုံးကောင်ထဲက တစ်ကောင် ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်ဟုတ်လား။
ဖန့်ချန်မှာ ထပ်မံတွေးတောနေရန် အချိန်မရှိတော့ဘဲ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအား အမှတ်အသားများအားလုံးကို တစ်ချိန်တည်းမှာပင် လှုံ့ဆော်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် ၏ စွမ်းအားအမှတ်အသားမှာ ဝိုင်းရံခံလိုက်ရသည်။
ကျယ်ပြန့်လှသော နတ်ဘုရားစွမ်းအား ရေစီးကြောင်းများမှာ ချက်ချင်းပင် ထွက်ပေါ်လာပြီး ၎င်းကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
ရယ်သံမှာ တစ်ဖန် ပြန်လည် ထွက်ပေါ်လာသည်။
သို့သော်လည်း ယခုတစ်ကြိမ် ရယ်သံတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်သာမက၊ လှောင်ပြောင်နေသည့် လေသံပါ ပါဝင်နေသည်။
“ဒီ ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် က ဒီလောက်တောင် ထူးဆန်းတာလား ငါတောင် ကောင်းကင်အရှင် အဆင့်ကို မရောက်သေးခင်မှာပဲ ဒီလိုအန္တရာယ်မျိုးနဲ့ ကြုံတွေ့ရဦးမှာလား ”
ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး စိတ်ထဲတွင်သာ ဆဲဆိုလိုက်မိသည်။
အမှန်တရားကို ရိပ်မိလိုက်သော ဖန့်ချန်မှာ မိမိသည် မည်သည့်အရာနှင့် ရင်ဆိုင်နေရသည်ကို ခန့်မှန်းမိလိုက်သည်။
ဒီဟင်းလင်းပြင်လောကဆိုတာ တကယ်ပဲ မရိုးရှင်းဘူးပဲ။
ဒီစွမ်းအားကို နားလည်သဘောပေါက်ထားရင်တောင်မှ ဒီလိုအရာမျိုးက သူ့ကို စောင့်ကြိုနေလိမ့်မယ်လို့ မထင်ထားမိခဲ့။
ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်၏ စွမ်းအားအမှတ်အသားမှာ နတ်ဘုရားစွမ်းအား ကိုယ်စားပြုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အလွန်ကြီးမားသော မျက်လုံးတစ်စုံ ဖြစ်လာသည်။
၎င်း၏ အကြည့်မှာ ရှောင်ချင်းယောင်၊ လီဝူ၊ ချီယန်သူတော်စင်တို့ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားသွားပြီးနောက် အနီးနားရှိ အခြားစွမ်းအား အမှတ်အသားများကို ကြည့်ကာ နောက်ဆုံးတွင် ကောင်းကင်ဘုံဆီသို့၊ ဖန့်ချန်ရှိရာဆီသို့ ကြည့်လိုက်သည်။
“ရှူး”
ချီယန်သူတော်စင်မှာ အသက်ကို ပြင်းပြင်းရှိုက်လိုက်မိပြီး လီဝူနှင့် ရှောင်ချင်းယောင်တို့ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
“မင်းတို့ မြင်လိုက်ကြလား ဒီစွမ်းအား အမှတ်အသားမှာ စိတ်ဝိညာဉ် ရှိနေသလိုပဲ၊ ဘာလို့ ဒီလို ဖြစ်နေတာလဲ”
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
စွမ်းအား အမှတ်အသားမှာ စိတ်ဝိညာဉ် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။
လီဝူမှာ မျက်နှာတည်သွားပြီး ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် မည်သို့ ပြန်ဖြေရမည်မှန်း မသိတော့ပေ။ သူ့တွင်လည်း ပြန်ဖြေရန် စိတ်ကူးမရှိတော့ပေ။
သူ မြင်လိုက်ရသည်။ ဒီစွမ်းအား အမှတ်အသားမှာ အလွန်တရာ ဆိုးရွားလွန်းသည်။
တစ်ချက်လေးမှားတာနဲ့……
“အရှင်သခင်မှာ အန္တရာယ် ရှိနေပြီ……”
လီဝူ၏ မျက်နှာမှာ အလွန်တရာ ဆိုးရွားသွားသည်။
သူသည် ရှောင်ချင်းယောင်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာမှာလည်း လီဝူအတိုင်းပင် ဖြူဖျော့နေသည်။
“ဟီးဟီး၊ မင်းလို နတ်ဘုရားကျွန် တစ်ယောက်က ဒီလောက်အထိ စွမ်းနိုင်တာပဲ၊ ဒီလောက်များပြားတဲ့ စွမ်းအားတွေကို နားလည်သဘောပေါက်ထားတာကိုး……”
ထူးဆန်းပြီး စူးရှလှသော အသံမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် ၏ စွမ်းအား ကိုယ်စားပြုတွင် ပါးစပ်မရှိ၊ မျက်လုံးတစ်စုံသာ ရှိသော်လည်း ၎င်းမှာ စကားပြောနေခြင်း ဖြစ်ကြောင်း လီဝူတို့ သိလိုက်သည်။
“ဒါပေမဲ့…… ဒီအမှိုက်လို စွမ်းအားတွေကို နားလည်ထားလို့ ဘာလုပ်မှာလဲ ”
“မင်းက နောက်ဆုံးတော့ ငါ့ရဲ့ နတ်ဘုရားကျွန်ဖြစ်လာရမှာပဲ၊ ဟားဟားဟား……”
ရူးသွပ်စွာ ရယ်မောလိုက်ပြီးနောက်တွင်။
ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်၏ ခန္ဓာကိုယ်မှ ဖန့်ချန် တစ်ခါမျှ မမြင်ဖူးသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားမှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အစွမ်းသတ္တိမျိုးနှင့်တူပြီး ၎င်းကို ဝိုင်းရံထားသော နတ်ဘုရားစွမ်းအား ရေစီးကြောင်းများကို တစ်ခုပြီးတစ်ခု အရည်ပျော်ကျသွားစေသည်။
ဤမြင်ကွင်းမှာ အတွင်းကမ္ဘာ အတွင်းရှိ ကြယ်တာရာများတွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။
ဖန့်ချန်သည် ထိုမြင်ကွင်းကို ကြည့်နေရင်း ပို၍ပင် တည်ငြိမ်သွားသည်။ သူ ကြောက်ရွံ့မသွားပေ။
ချက်ချင်းပင် ‘လူသားလောက’ ၏ စွမ်းအားကို လှုံ့ဆော်လိုက်ပြီး ၎င်းကို အဓိကထားကာ နတ်ဘုရားစွမ်းအား ရေစီးကြောင်းများနှင့် ပေါင်းစပ်၍ ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်ကို ထပ်မံ ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ စုပ်ယူထားသော ရှေးဟောင်း သူတော်စင်ဧကရာဇ်တို့၏ သွေးများမှာလည်း ထိုအခိုက်အတန့်တွင် အလုပ်ဖြစ်သွားသည်။
အတွင်းကမ္ဘာထဲတွင် ရွှေရောင်သွေးများမှာ အဆက်မပြတ် စီးဆင်းလာပြီး သံကြိုးများအဖြစ် ပြောင်းလဲကာ ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် ကို ဖိနှိပ်ရန် တိုးဝင်သွားသည်။
“အသေးအဖွဲ့လောက်ကို။”
ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်က စူးရှလှသော ရယ်သံဖြင့် ရယ်မောလိုက်ပြီး ပို၍ ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ စွမ်းအားပေါင်းများစွာမှာ ပေအနည်းငယ်မျှ နောက်သို့ ဆုတ်ခွာသွားရသည်။
ထိုအချိန်တွင်ပင် ၎င်းမှာ တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အံ့အားသင့်သည့် လေသံဖြင့် -
“သတ်ဖြတ်ခြင်းခုနှစ်ပါး မျက်လုံးလား မင်းလို နတ်ဘုရားကျွန်က သတ်ဖြတ်ခြင်းခုနှစ်ပါး မျက်လုံးလားစွမ်းအားကိုပါ မွေးမြူထားတာလား ”
“သူ သတ်ဖြတ်ခြင်းခုနှစ်ပါး မျက်လုံး ကို သိနေတာပဲ။”
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာသည်။
“ကျီရှန် သူငယ်ချင်း၊ အမြန်ဆုံး ထွက်လာကူညီပါဦး၊ ဒီခွေးသားက အလွန် ရူးသွပ်နေပြီ ”
မှန်လေး၏ အသံမှာ ဖန့်ချန်၏ နားထဲတွင် ပြန်လည် ပေါ်လာသည်။
ကျီရှန်
ဖန့်ချန်မှာ ချက်ချင်းပင် သဘောပေါက်သွားသည်။
သူ တစ်စုံတစ်ခုကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်ခဏတွင် တုတ်တစ်ချောင်းမှာ ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်၏ ဘယ်ဘက်မျက်လုံးကို အားပြင်းစွာ ထိုးစိုက်လိုက်သည်။
“အားး”
ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် က အော်ဟစ်လိုက်သည်။
၎င်း ပြန်မသတိရမီမှာပင် ထိုတုတ်မှာ ညာဘက်မျက်လုံးဆီသို့ ထပ်မံ ထိုးစိုက်လိုက်သည်။
“အားးး”
နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။
ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် ၏ တောက်ပသော မျက်လုံးများမှ သွေးများမှာ စီးကျလာပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး အခြေအနေ ဆိုးရွားသွားသည်။
ထို့နောက် မိန်းကလေးတစ်ယောက်သည် တုတ်ကို ကိုင်ဆောင်လျက် ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် ၏ ရှေ့တွင် ပေါ်လာပြီး တုတ်ဖြင့် ဆက်တိုက် ရိုက်တော့သည်။
ရိုက်ချက်တိုင်းတွင် ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်မှာ အော်ဟစ်နေပြီး အသံမှာလည်း ဖြည်းဖြည်းချင်း တိုးသွားသည်။
ရိုက်ချက်ပေါင်း များစွာအကြာတွင်။
ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်မှာ အသံ တိတ်သွားပြီး အလွန်သာမန်ကျသော စွမ်းအား အမှတ်အသားတစ်ခုအဖြစ် ပြန်လည်ရောက်ရှိသွားကာ ထူးဆန်းသော အရိပ်အယောင်များ ပျောက်ကွယ်သွားသည်။
ကျောက်ကျီရှန် ပေါ်လာသည့်အခိုက်တွင် ဖန့်ချန်၏ ယခင် အတိတ်မှတ်ဉာဏ်များမှာလည်း ပြန်လည် ရောက်ရှိလာသည်။
ကန့်သက်ချက်ကျော်လွန်ခြင်းတောင်တန်းတွင် သူမက လုကျိုးဝမ်၏ မျက်လုံးကို ဖောက်ခဲ့ပုံ၊ တစ်ခြားသူများကို ဖိနှိပ်ခဲ့ပုံများအပါအဝင် ရှဲကျစ်ဌာနတွင် ဖြစ်ပျက်ခဲ့သည့် အရာများအားလုံးကို အမှတ်ရသွားသည်။
ဖန့်ချန်၏ စိတ်အာရုံမှာ အတွင်းကမ္ဘာထဲသို့ ရောက်သွားပြီး ကျောက်ကျီရှန်နှင့် နှုတ်ဆက်ကာ ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်ကို စစ်ဆေးကြည့်လိုက်သည်။
“အဘိုး၊ အမှန်တရားကို သိသွားပြီဆိုတော့ ဒါ ဘာဆိုတာ သိလောက်ပြီပေါ့”
ကျောက်ကျီရှန်က ဖန့်ချန်၏ လက်မောင်းကို တွဲကူလိုက်သည်။
ဖန့်ချန်က ပြုံးကာ
“သိပါတယ်၊ ဒါပေမဲ့ ဒီအရာက……”
သူသည် ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်ကို ကြည့်လိုက်သည်။
“သတ်ဖြတ်ခြင်းခုနှစ်ပါး မျက်လုံးလိုပဲ ငြိမ်သွားပြီလား”
“ခဏတာတော့ ငြိမ်သွားပါပြီ။” ကျောက်ကျီရှန်က ခေါင်းညိတ်သည်။
“ဒါပေမဲ့ အဘိုးရဲ့ ကျင့်စဉ်အဆင့် တိုးလာတာနဲ့အမျှ၊ ဒါတင်မကဘဲ တခြားအရာတွေကိုလည်း သတိထားဖို့ လိုပါလိမ့်မယ်။”
“တစ်သက်တာလုံးအတွက် အပြီးအပိုင် ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိဘူးလား”
ဖန့်ချန်က မေးသည်။
“ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ လုပ်ရတာ အလွန် ခက်ခဲတယ်။ နောင်တစ်ချိန်မှာ အခွင့်အရေး ရှိလာနိုင်ပါတယ်……”
ကျောက်ကျီရှန်က ပြောသည်။
“အင်း……”
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ကျီရှန်၊ ငါ အမှန်တရားကို သိသွားပြီဆိုတော့ ဒီတစ်ခါတော့ ငါ့မှတ်ဉာဏ်တွေကို မဖျက်ပစ်ပါနဲ့တော့၊ ဟုတ်ပြီလား ”
“အဘိုး…… ကျွန်မတို့ ပိုပြီး သတိထားတာ ပိုကောင်းပါတယ်၊ ကြည့်လေ၊ ပီတု ကို အကြိမ်ကြိမ် အရှာခံနေရပေမဲ့ အဘိုးကိုတော့ တစ်ကြိမ်မှ ရှာမတွေ့ခဲ့ဘူးလေ ”
ကျောက်ကျီရှန်က ဖန့်ချန်၏ လက်မောင်းကို ခါယမ်းကာ ပြောသည်။
“ညီကို ကျီရှန် ပြောတာ မှန်တယ်၊ ငါတို့ သတိထားတာ ပိုကောင်းပါတယ်။”
မှန်လေးကလည်း တိုက်တွန်းသည်။
“သတိထားတာတော့ သတိထားတာပေါ့၊ ဒီလိုလုပ်ရင်ကော…… မှတ်ဉာဏ်တွေကို အံဆွဲတစ်ခုထဲမှာ ထည့်သိမ်းထားမယ်၊ ငါကြည့်ချင်မှ ကြည့်မယ်၊ မကြည့်ချင်ရင် သော့ခတ်ထားမယ်၊ ဒီလိုဆိုရင်တော့ ဘာအစအနမှ ကျန်မှာ မဟုတ်ဘူး မဟုတ်လား ”
ဖန့်ချန်က ပြောသည်။
သူသည် ကျောက်ကျီရှန်နှင့် ညှိနှိုင်းကြည့်ခြင်းဖြစ်သည်။ သူမက မှတ်ဉာဏ်ကို ဖျက်ပစ်ရမည်ဟု ဆုံးဖြတ်လျှင်လည်း သူ မငြင်းဆန်ပါ။
သို့သော်လည်း နည်းနည်းတော့ နှမြောမိသည်။
ထို့နောက်……
“ရှောင်ယွီ ရဲ့ မှတ်ဉာဏ်က ဘာလို့ ဘာမှ မဖြစ်တာလဲ သူမ တုန်းက ကူးပြောင်းလာတုန်းကလည်း ဘာမှ ဖျက်စရာ မလိုဘဲ အားလုံးကို မှတ်မိနေတာလေ……”
ဖန့်ချန်က စိတ်ထဲတွင် တွေးလိုက်သည်။
“အဘိုး၊ ဒီလိုလုပ်၊ ကောင်းကင်အရှင် အဆင့်ကို ရောက်တဲ့အခါကျရင် အဘိုး ပြောသလို လုပ်ကြမယ်။”
ကျောက်ကျီရှန်က ချွဲလိုက်သည်။
“ကောင်းကင်အရှင် အဆင့်လား……”
ဖန့်ချန်က သက်ပြင်းချလိုက်သည်။
“အဲ့ဒီအဆင့်ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ မသိဘူး။”
“တကယ်တော့ အကြာကြီး မလိုတော့ပါဘူး ဒီသူတော်စင်တွေကို ကောင်းကင်ငါးပါး ဆီ ပြန်ခေါ်သွားပြီးရင် ဆန်းနယဲ့ စစ်မြေပြင်မှာ တခြားလူတွေက မင်းအစား ကူညီပေးလိမ့်မယ်လေ။ မင်း သတ္တိရှိရှိနဲ့ တက်လှမ်းလိုက်ပါ။”
ဟု မှန်လေးက ဆိုသည်။
“ဒါလည်း ဟုတ်တာပါပဲ။” ဖန့်ချန်က ခေါင်းညိတ်သည်။
“ဒီ ပြောင်းလဲမှု မကောင်းဆိုးဝါးသခင်ကို သုံးရင်ကော ဘာတွေ သတိထားရဦးမလဲ”
ဖန့်ချန်က မေးသည်။
“သတိထားစရာတော့ မရှိတော့ပါဘူး၊ ဒါပေမဲ့ တတ်နိုင်သလောက်တော့ လျှော့သုံးတာ ပိုကောင်းပါတယ်”
ဟု ကျောက်ကျိရှန်က ပြောသည်။
စကားပြောပြီးနောက် ကျောက်ကျီရှန်မှာ ဖန့်ချန်၏ မျက်လုံးထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် ဖန့်ချန်၏ မှတ်ဉာဏ်အပိုင်းအစ အချို့မှာ ထပ်မံ၍ ဖုံးကွယ်ခြင်း ခံလိုက်ရသည်။ ရှောင်ချင်းယောင်တို့မှာလည်း ထို့အတူပင်။
“နောက်ဆုံးတော့ ဒီ ပြောင်းလဲမှု မကောင်းဆိုးဝါးသခင် ကို ဖိနှိပ်နိုင်သွားပြီ……”
ဖန့်ချန်သည် စွမ်းအား အမှတ်အသားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
မျက်လုံးကိုးလုံး နည်းစနစ် ထဲမှ ခုနစ်မျိုးကို သူ ရရှိသွားပြီဖြစ်သည်။
ဟင်းလင်းပြင်ဖြိုခွဲခြင်း နတ်ဘုရားမျက်လုံး နှင့် ဧကရာဇ် နတ်ဘုရားမျက်လုံး သာ လိုတော့သည်။