← Chapters

အခန်း (၂၈၉၉-၂၉၀၀)

Vol. 290 Ch. 2899-2900

အခန်း (၂၈၉၉-၂၉၀၀)

Vol. 290 Ch. 2899-2900

အခန်း (၂၈၉၉) - ထူးဆန်းလွန်းသည့် ကောင်လေး

​ခမ်းနားလှသော ခန်းမကြီးထဲတွင် လီတန်းရှန်း၊ ချန်နန်ခယ်၊ ချူဖေးတို့ကဲ့သို့သော ထူးခြားသည့် သူတော်စင်များသာ ထိုင်နေကြသည်။

​ဟင်းလင်းပြင်လောက မှ ထွက်လာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သူတော်စင်ပေါင်း တစ်သန်းကျော်တို့မှာလည်း သူတော်စင်ဘိုးဘေး စီမံကိန်း တွင် စနစ်တကျ နေရာချထားပြီး ဖြစ်သည်။ ကံကောင်းစွာဖြင့် ဖန့်ချန် ပြင်ဆင်ပေးထားသော မြေနေရာမှာ ကျယ်ဝန်းလှသဖြင့် လူတစ်သန်းကျော်ကို နေရာချပြီးသော်လည်း နေရာများပင် ကျန်နေသေးသည်။

​“မင်းတို့ ဒီနေရာကို ရောက်နေတာလည်း အချိန်အတော်ကြာပြီ၊ ဘယ်လိုခံစားရလဲ”

​ဖန့်ချန်က မေးလိုက်သည်။

​ဘယ်လိုခံစားရသနည်း။

​အနီးအနားရှိ သူတော်စင်များမှာ စိတ်ထဲတွင် အလွန်ပင် ခံစားမှုများ ဖြစ်ပေါ်နေကြသည်။

လီတန်းရှန်းက ပြုံး၍ -

​“ဖန့်သူတော်စင်ဘိုးဘေး၊ ဟင်းလင်းပြင်လောကနဲ့ ယှဉ်ရင်တော့ ဒီနေရာရဲ့ အခြေအနေက အများကြီး ပိုသာပါတယ်။”

​“အရင်ကနဲ့တော့ ယှဉ်စရာ မလိုတော့ဘူး၊ ဒါပေမဲ့ ဟင်းလင်းပြင်လောကထက်တော့ အများကြီး သာတာပေါ့။ နင်တို့ ဒီလောက်နေရာမျိုးကို ဒီမှာ ရှာတွေ့အောင် လုပ်နိုင်ပြီး သူတော်စင်ဧကရာဇ်နန်းတော်ရဲ့ မျက်စိဒေါက်ထောက် ကြည့်တာကိုလည်း ရှောင်လွှဲနိုင်တာက မလွယ်တဲ့ကိစ္စပါပဲ”

​ချန်နန်ခယ်က ပြောသည်။

​ထူးခြားသည့် သူတော်စင်တစ်ဦးမှာ ခေတ္တတွန့်ဆုတ်ပြီးနောက် ဂရုတစိုက်ဖြင့် မေးလိုက်သည်။

​“အရင်က ကြားဖူးသလောက်တော့ ကောင်းကင်ငါးပါး ဖက်မှာ ဆန်းနယဲ့ စစ်မြေပြင် ရှိတယ်လို့ သိရတယ်။ အဲ့ဒီထဲကို ဝင်ပြီး ကိုယ့်ကိုယ်ကိုယ် သွေးပေးနိုင်သလို ရှေးဟောင်းသူတော်စင်ဧကရာဇ်ရဲ့ သွေး ကိုလည်း ရနိုင်တယ်ဆိုတာ ဟုတ်လား…”

​“အဲ့ဒါက အရေးမကြီးပါဘူး၊ မင်းတို့က ကောင်းကင် ငါးပါးကို အခုမှ ရောက်လာတာမို့ ကိစ္စတော်တော်များများမှာ အသားမကျသေးဘူး၊ အလျင်စလို လုပ်စရာ မလိုပါဘူး။”

​ဖန့်ချန်က -

​“ကောင်းကင်ငါးပါးမှာ ဆန်းနယဲ့ စစ်မြေပြင်တင် မဟုတ်ဘဲ နိဗ္ဗာန်တားမြစ်နယ်မြေ ပေါင်းရာနဲ့ချီ ရှိသေးတယ်။ မင်းတို့က ကျဲနယဲ့ အဆင့်မြင့် တွေ ဖြစ်နေပြီဆိုတော့ နိဗ္ဗာန်တားမြစ်နယ်မြေတွေကို သွားစရာ မလိုတော့ဘူး။ ဒါပေမဲ့ ကျန်တဲ့ သူတော်စင်တွေကတော့ နိဗ္ဗာန်တားမြစ်နယ်မြေတွေကို သွားပြီး ဆန်းနယဲ့ အဆင့်ကို တိုးမြှင့်နိုင်ပါတယ်”

​ထိုနေရာရှိ ထူးခြားသည့် သူတော်စင်များ၏ မျက်ဝန်းများတွင် ခံစားချက်များ လှိုင်းထလာကြသည်။ အရင်တုန်းက ဆန်းနယဲ့ သူတော်စင် ဖြစ်ချင်လျှင် သူတော်စင်ဧကရာဇ်နန်းတော်၏ ခွင့်ပြုချက် လိုအပ်သည်။ အကယ်၍ ရှေးဟောင်းသူတော်စင်ဧကရာဇ်၏ သွေးကို ခိုးယူကျင့်ကြံမိပါက ပုန်ကန်သူဟု သတ်မှတ်ခံရပြီး မတော်တဆဆိုလျှင်ပင် ရှဲ့ကျစ်ဌာန သို့ သွားရောက် အဖမ်းခံရတော့မည်သာ။

​သို့သော် အခုတော့ ဘာမှ မထူးခြားတော့ပေ။ သူတို့မှာ ပုန်ကန်သူများ ဖြစ်ပြီးသားဖြစ်သလို ဟင်းလင်းပြင်လောက ကဲ့သို့သော နေရာမျိုးမှ ထွက်ပြေးလာကြသူများ ဖြစ်သည်။ သူတော်စင်ဧကရာဇ်နန်းတော်နှင့် လုံးဝ အဆက်အသွယ် ဖြတ်ထားပြီး ဖြစ်ရာ ထိုသွေးများ၏ နောက်ကြောင်းကို ဘယ်သူက ဂရုစိုက်တော့မည်နည်း။

​“ဒီနေ့ မင်းတို့ကို ခေါ်လိုက်တာက ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့ပါ။”

​ဖန့်ချန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။

​“လူတစ်သန်းကျော်က ဟင်းလင်းပြင်လောကထဲက ထွက်လာတာဆိုတော့ အချိန်တိုအတွင်းမှာ ကောင်းကင်ငါးပါးရဲ့ ပတ်ဝန်းကျင်ကို အသားမကျမှာ စိုးရိမ်တယ်။ ဒါကြောင့် မင်းတို့ကပဲ ရှေ့ဆောင်လမ်းပြအဖြစ်နဲ့ အောက်ခြေက သူတော်စင်တွေကို ဂရုစိုက်ပေးစေချင်တယ်”

​ချန်နန်ခယ်မှာ အံ့ဩသွားပြီး -

​“ရှင်ပြောတာက ဒီသူတော်စင်အုပ်စုကို ငါတို့ကို အုပ်ချုပ်ခိုင်းတာလား”

​ဖန့်ချန်က ပြုံး၍ -

​“အဓိပ္ပာယ်ကတော့ အဲ့လိုပါပဲ၊ မင်းတို့တစ်ယောက်စီတိုင်းက လူတစ်သိန်းလောက်ကို တာဝန်ယူပေးရင် အဆင်ပြေပါတယ်”

​“ရှင်ကတော့ တာဝန်တွေကို လွှဲချချင်နေတာပဲ။ ဒါပေမဲ့ ဖန့်သူတော်စင်ဘိုးဘေး စိတ်ချပါ၊ ငါသူတို့ကို ကူညီကြည့်ရှုပေးပါ့မယ်”

​ချန်နန်ခယ်က ပြုံး၍ ခေါင်းညိတ်သည်။

​“ကောင်းပါပြီ၊ ငါ့မှာလည်း ကျင့်ကြံဖို့ အချိန်လိုတာမို့ ငါ့ကို ရှာမတွေ့ရင် စောင့်ပေးကြပါ။”

​ဖန့်ချန် ပြောပြီးနောက် သူတို့နှင့် စကားအနည်းငယ် ထပ်ပြောကာ လူစုခွဲလိုက်သည်။ သူတို့ ထွက်သွားပြီးနောက် အကြီးကဲငါးဦးက ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။

​“ဖန့်သူတော်စင်ဘိုးဘေး၊ ဒါဆိုရင် ကျွန်တော်တို့ကရော ဘယ်လိုလုပ်ရမလဲ”

​“ငါ့ရဲ့ အတွင်းစိတ်ကမ္ဘာထဲကို ဝင်ခဲ့၊ ငါတို့ ကောင်းကင် ငါးပါးကို အရင်ပြန်မယ်”

​ဖန့်ချန်က ပြောသည်။ အကြီးကဲငါးဦးမှာ စိတ်သက်သာရာ ရသွားသည်။ သူတို့မှာ ကောင်းကင်ငါးပါးပြိုင်ပွဲတွင် ကြယ်တာရာမျက်ရည်စက် ကို ရယူလိုစိတ်ဖြင့် စိုးရိမ်နေကြခြင်းဖြစ်သည်။ ထိုနေရာတွင် အချိန်ဖြုန်းပြီး နောက်ဆုံးပြိုင်ပွဲကို လွဲချော်သွားမည်ကို အလွန်ပင် စိုးရိမ်နေကြသည်။

​လူအားလုံး ဖန့်ချန်၏ အတွင်းကမ္ဘာသို့ ရောက်သွားသည့်အခါ ပိုင်ဇီဝမ်ချင်းနှင့် ဆွေ့ဟွမ်ရှီတို့၏ ရုပ်သွင်မှာ ဖြည်းဖြည်းချင်း ပေါ်လာသည်။

​“ဖန့်ချန်ညီငယ်လေး၊ မင်းကိုယ်တိုင် ဒီမှာ မစောင့်ကြည့်ဘူးလား”

​ဆွေ့ဟွမ်ရှီမှာ အနည်းငယ် စိတ်ပျက်နေပုံရသည်။

​“ကောင်းကင်ငါးပါးမှာ ကိစ္စရှိသေးလို့ပါ။ နောက်တစ်ခေါက် ကျမှပဲ ယဲ့အရှင်နဲ့အတူတူ ပြန်လာခဲ့ပါမယ်”

​ဖန့်ချန်က ပြုံး၍ ပြောသည်။

ဆွေ့ဟွမ်ရှီမှ အားတက်သွားပြီး -

​“မင်းတို့ စိတ်ချပါ။ ဒီမှာ ဖြစ်ပျက်သမျှကို ငါစောင့်ကြည့်နေပေးပါ့မယ်”

​“တချို့ကိစ္စတွေကိုတော့ မမေးမြန်းပါနဲ့၊ နားလည်လား”

​ပိုင်ဇီဝမ်ချင်းက ဆွေ့ဟွမ်ရှီကို ပြောသည်။ ဆွေ့ဟွမ်ရှီမှာ တောင့်သွားပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြုံး၍ -

​“သိပါတယ်”

​“သွားကြမယ်”

​ပိုင်ဇီဝမ်ချင်း၏ အပြုအမူမှာ မြန်ဆန်လှသည်။ ဖန့်ချန်ကို ခေါ်၍ ချက်ချင်းပင် ထွက်ခွာသွားသည်။

​အတွင်းကမ္ဘာထဲတွင်။

​ဖန့်ချန်က စိတ်ကိုတွေးလိုက်သည့်အခါ မျက်စိရှေ့တွင် ပိတ်ကာမျက်နှာပြင်ကြီးတစ်ခု ပေါ်လာသည်။ အထဲတွင် ရုပ်သွင်ပေါင်း များစွာ ရှိနေသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းမှာ ဖန့်ချန်၏ မျက်စိအောက်တွင်သာ ရှိနေပြီး မည်သို့မျှ မလွတ်မြောက်နိုင်ပေ။

​“မင်းထင်ထားတဲ့ သူတော်စင်ဧကရာဇ်နန်းတော်ရဲ့ သူလျှိုတွေကို ဒီနည်းလမ်းနဲ့ စစ်ထုတ်ဖို့ ကြိုးစားတာလား။ လုပ်လို့တော့ ရတယ်၊ ဒါပေမဲ့ လွတ်သွားမယ့်သူတွေတော့ ရှိမှာပဲ။”

​ပိုင်ဇီဝမ်ချင်းက တည်ငြိမ်စွာ ပြောသည်

​“မင်းမှာ နောက်ထပ် ဘာအစီအစဉ် ရှိသေးလဲ”

​“ယဲ့အရှင်၊ သူတို့ ဟင်းလင်းပြင်လောကထဲမှာ တုန်းက သူတို့က အသက်ရှင်နေတာလား၊ ဒါမှမဟုတ် သေနေတာလားလို့ မေးခွင့်ပြုပါ”

​ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

ပိုင်ဇီဝမ်ချင်းက အမူအရာမဲ့စွာ တွေးတောရင်း -

​“သူတို့က အသက်ရှိတဲ့ အလောင်းကောင်တွေ ဖြစ်နေမှာပေါ့။ အသက်တော့ ရှိတယ်၊ ဒါပေမဲ့ သေနေတာနဲ့ ဘာမှ မထူးခြားတော့ဘူးလေ”

​“ယဲ့အရှင်လည်း အဲ့လိုပဲ ထင်တာပေါ့… ဒါဆိုရင်တော့ အဆင်ပြေသွားပြီ…”

​ဖန့်ချန်က တိုးတိုးလေး ရေရွတ်သည်။ ပိုင်ဇီဝမ်ချင်းက သူ ဘာပြောချင်သည်ကို မသိသော်လည်း ဆက်မေးမနေတော့ပေ။

​……

​……

ကောင်းကင်​ငါးပါးပြိုင်ပွဲ၏ နောက်ဆုံး အဆင့်ပြိုင်ပွဲကို ဖန့်ချန်ကြောင့် ရွှေဟွေးကျောင်းတော် တွင် ကျင်းပရန် သတ်မှတ်လိုက်သည်။ နတ်ဘုရားနယ်မြေ အသီးသီးမှ ထူးချွန်သူများမှာ နောက်ဆုံးပြိုင်ပွဲအတွက် ရွှေဟွေးကျောင်းတော်တွင် စုဝေးနေကြသည်။ ထိုကြောင့် ရွှေဟွေးကျောင်းတော်မှာ ရုတ်တရက် အလွန်စည်ကားသွားသည်။ ပြိုင်ပွဲကို စောင့်နေသည့် ကျောင်းသားများမှာလည်း ရွှေဟွေးကျောင်းတော်မှ သူတော်စင်များ၏ ဖိတ်ကြားချက်ဖြင့် အချင်းချင်း ယှဉ်ပြိုင်လေ့ကျင့်မှုများ လုပ်ဆောင်နေကြသည်။ ကျောင်းတော်တိုင်းတွင် အချိန်တိုင်းလိုလို ထိုကဲ့သို့သော အရာများ ဖြစ်ပျက်နေသည်။

​လူသားမျိုးနွယ်စု ကျောင်းဆောင်။

​ဒီဂျွန်းတောင်

​ဒီနေရာက အလွန်စည်ကားသည်။ သို့မဟုတ် လူသားမျိုးနွယ်စု ကျောင်းဆောင်၏ တောင်ကုန်းတိုင်းမှာ အလွန်စည်ကားနေသည်။ အချိန်တိုင်းလိုလို သူတော်စင်များမှာ ယှဉ်ပြိုင်နေကြသည်။ ဒီနေ့တွင်တော့ အသေးစား ပြိုင်ပွဲမှ ချန်ပီယံတစ်ဦးမှာ ဒီဂျွန်းတောင်တွင် ရှိနေပြီး ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်နှင့် ယှဉ်ပြိုင်နေသည်။ မိုရှဲ့၊ ချိုင်စစ်ရှို့၊ လူကျိုးဝမ်တို့မှာ အနီးကပ်ကြည့်ရှုနေပြီး ခံစားမှုများစွာ ဖြစ်ပေါ်နေကြသည်။

​“ဒီကောင်ရဲ့ နည်းလမ်းတွေက ငါတို့ရဲ့ တပည့်လောက် မတော်ဘူး၊ ဒါပေမဲ့ သူလာတဲ့နေရာက အရမ်းဝေးလံတဲ့အတွက် အဲ့ဒီပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာပြီး ငါတို့ ရွှေဟွေးကျောင်းတော်ရဲ့ နောက်ဆုံးဗိုလ်လုပွဲကို တက်ဖို့ အရည်အချင်း ရှိသွားတာ”

​ချိုင်စစ်ရှို့ က ကြည့်ရှုရင်း မနာလိုစွာဖြင့် ခေါင်းခါလိုက်သည်။ သူလည်း ဒီတစ်ခါ ကောင်းကင်ငါးပါးပြိုင်ပွဲကို ဝင်ပြိုင်ခဲ့သော်လည်း အမြန်ဆုံး ဖြုတ်ချခံလိုက်ရသည်။ အခု ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်နှင့် ယှဉ်ပြိုင်နေသည့် သူတော်စင်မှာမူ သူလောက်ပင် အရည်အချင်း မရှိပေ။ အခုလည်း ဒီဂျွန်းတောင်၏ တပည့်ကြောင့် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာနေရသည်။ သို့သော် သူ၏ နောက်ခံကြောင့်သာ အသေးစားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး ဗိုလ်လုပွဲမှာ အဝေးကြီး မသွားနိုင်တော့သော်လည်း သူ၏ နာမည်မှာ သာမန်သူတော်စင်များအတွက်တော့ မရရှိနိုင်သည့်အရာ ဖြစ်သည်။

​မိုရှဲ့က ချိုင်စစ်ရှို့ကို တစ်ချက်ကြည့်၍ ပြုံးကာ -

​“မင်း မနာလိုတာလား။ မင်းကို ဘယ်သူက ရွှေဟွေးကျောင်းတော်မှာ မွေးဖွားခိုင်းတာလဲ။ နောက်တစ်ခေါက် အခွင့်အရေး ပေးရင် မင်း ဒီလူနဲ့ နေရာချင်း လဲချင်လား”

​“အဲ့ဒါကတော့ မလဲချင်ပါဘူး”

​ချိုင်စစ်ရှို့က ရိုးသားစွာပင် ခေါင်းခါသည်။

​မိုရှဲ့ -

​“ဒါဆို အဲ့ဒါပဲ။ ဒီတစ်ခါ ကောင်းကင်ငါးပါးပြိုင်ပွဲရဲ့ စည်းမျဉ်းက ဖန့်သူတော်စင်ဘိုးဘေးနဲ့ တခြား အကြီးအကဲတွေ အကြိမ်ကြိမ် ဆွေးနွေးပြီးမှ ထွက်လာတာ။ လိုချင်တာက အခုလို တန်းတူညီမျှတဲ့ ပတ်ဝန်းကျင်ပဲ။ နောက်ခံမကောင်းရင်တောင် အခွင့်အရေး ရနိုင်တယ်။ အခု ဒီလူကို ကြည့်လေ၊ အရည်အချင်း မရှိပေမဲ့ သူ့နေရာမှာ ချန်ပီယံ ဖြစ်ခဲ့တာဆိုတော့ သူ့မှာတော့ ထူးခြားတဲ့ အချက်တွေ ရှိမှာပေါ့။ ကောင်းကင်ငါးပါးပြိုင်ပွဲ ပြီးရင်တော့ သူက အရင်းအမြစ် တချို့ ရရှိမှာဖြစ်ပြီး သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မှာပါ။ ငါတို့ စွမ်းအားရှင်အဖွဲ့ က အမြဲတမ်း မျှော်လင့်နေတာက ဒါမျိုးမဟုတ်လား။ အဲ့ဒီ အချမ်းသာဆုံး လူတွေနဲ့ ယှဉ်ရင် ငါတို့ရဲ့ နောက်ခံက ဘာများ သာနေလို့လဲ”

​ချိုင်စစ်ရှို့မှာ လေးနက်သွားပြီး လက်ယှက်၍ -

​“မိုရှဲ့အစ်ကိုကြီး၊ ဟုတ်ပါတယ်။ အစ်ကိုကြီးကျေးဇူးတင်ပါတယ်”

​ထိုအချိန်တွင် ပြိုင်ပွဲပြီးသွားသည်။ အသေးစားပြိုင်ပွဲမှ ချန်ပီယံမှာ ရှုံးနိမ့်သွားသည်။ ဒီဂျွန်းတောင်၏ တပည့်က သူ့ကို မလှောင်ပြောင်ဘဲ ပြုံးရွှင်စွာဖြင့် ခုနက ပြိုင်ပွဲမှာ ဘာတွေ လိုအပ်နေသလဲဆိုတာကို ရှင်းပြပေးနေသည်။ ရွှေဟွေးကျောင်းတော်က အိမ်ရှင် ဖြစ်သည်နှင့်အညီ အသေးစားပြိုင်ပွဲမှ ချန်ပီယံများစွာ ရှိနေသည့်အတွက် သူတို့က ပုံစံပြနေရမည် ဖြစ်သည်။

​ထိုအချိန်တွင် သူတော်စင်တစ်ဦး အလျင်အမြန် ပြေးလာသည်။

​“မကောင်းတော့ဘူး ကရုဏာတောင် ဖက်မှာ အလွန်ထူးဆန်းတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်၊ သူ့ရဲ့ နည်းလမ်းတွေက တုနှိုင်းမဲ့ပဲ ဟော်ဆွေ့မျိုးနွယ် က တပည့်လိုပဲ ”

အခန်း (၂၉၀၀) - မင်းတို့ကရုဏာတောင်က ကြောက်နေတာလား

​ဒီဂျွန်းတောင်မှ သူတော်စင်များက ထိုစကားကို ကြားသောအခါ အနည်းငယ် တုန်လှုပ်သွားကြသည်။

ဟော်ဆွေ့မျိုးနွယ် က တပည့်တဲ့လား။

​ထိုနေရာရှိ သူတော်စင်များ၏ အမူအရာမှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။ ဤအချိန်ကာလတွင် ဟော်ဆွေ့မျိုးနွယ်မှ တပည့်တစ်ယောက်က ကရုဏာတောင်သို့ လာရောက်ပြီး အရှက်ခွဲရဲပါ့မလား။ မဟုတ်သေးဘူး၊ ပိုပြောရရင် ရွှေဟွေးကျောင်းတော်၊ လူသားမျိုးနွယ်စု ကျောင်းဆောင်သို့ လာရောက်ဖို့တောင် ဘယ်လိုလုပ်ပြီး အသည်းကောင်းရတာလဲ။

​နှစ်တွေကြာလာသည်နှင့်အမျှ လူသားမျိုးနွယ်စုအတွင်း ဟော်ဆွေ့မျိုးနွယ်၏ ဂုဏ်သတင်းမှာ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာခဲ့သည်။ ၎င်းမှာ ရေနွေးထဲတွင် အပြုတ်ခံနေရသော ဖားတစ်ကောင်ကဲ့သို့ အခြေအနေမျိုး ဖြစ်နေသည်။ ဟော်ဆွေ့မျိုးနွယ်မှ သူတော်စင်များဖြစ်စေ၊ သူတို့ကဲ့သို့ ဟော်ဆွေ့မျိုးနွယ်နှင့် ပတ်သက်မှုမရှိသည့် သူတော်စင်များဖြစ်စေ အားလုံးက မြင်နေကြသည့်အတိုင်းပင် ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေအရ ဟော်ဆွေ့မျိုးနွယ်သည် မိမိတို့၏ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိကြပေ။

​“မင်း ဒီကောင်၊ ဖြည်းဖြည်းပြော၊ ရှင်းရှင်းပြောစမ်း၊ တကယ်ပဲ ဘာဖြစ်တာလဲ”

​မိုရှဲ့က ထိုသူနှင့် အနီးဆုံးတွင် ရှိနေသဖြင့် ချက်ချင်းပင် လှမ်းမေးလိုက်သည်။

​သူတော်စင်များစွာ၏ အကြည့်များမှာ ထိုသတင်းပေး သူတော်စင်ဆီသို့ ချက်ချင်းပင် ကျရောက်သွားသည်။ ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်နှင့် သူ၏ဘေးတွင် ရှိနေသည့် အသေးစားပြိုင်ပွဲမှ ချန်ပီယံတို့၏ အမူအရာမှာလည်း အံ့အားသင့်နေပုံရသလို စပ်စုလိုစိတ်လည်း ရှိနေကြသည်။

​“မကြာသေးခင်ကမှ ပြိုင်ပွဲအသီးသီးက ထိပ်ဆုံး (၁၀) ယောက်လုံးက နောက်ဆုံးဗိုလ်လုပွဲအတွက် ဒီကို ရောက်နေကြတာလေ။ ခုနကပဲ ပြိုင်ပွဲတစ်ခုရဲ့ ချန်ပီယံတစ်ယောက်က ကရုဏာတောင်ကို သွားလိုက်တယ်။ အစတုန်းကတော့ သူက အရည်အချင်း သိပ်မရှိဘူးလို့ ထင်ခဲ့တာ။ ရလဒ်ကတော့ တစ်ချက်တိုက်ခိုက်လိုက်မှပဲ သူ့နည်းလမ်းတွေက အလွန်ကြောက်မက်ဖွယ်ကောင်းမှန်း သိလိုက်ရတာ။ ပြီးတော့… အဲ့ဒီသူက ဟော်ဆွေ့မျိုးနွယ်က သူတော်စင် ဖြစ်ဖို့ အလွန်များတယ်၊ အရင်က သူ့ကျင့်စဉ်အဆင့်ကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာ”

​“ဒီလိုမျိုးလည်း ရှိသေးတာလား”

​“ဒီအချိန်ကာလအတွင်းမှာ ကျောင်းဆောင်တိုင်းရဲ့ တောင်ကုန်းတွေက အရမ်းစည်ကားနေပေမဲ့ ကရုဏာတောင်ဖက်ကိုတော့ ဘယ်သူမှ လာရောက်ဖို့ မဝံ့ရဲကြဘူး။ ဟော်ဆွေ့မျိုးနွယ် သူတော်စင်က ဒီလောက်တောင် ရဲရင့်ရတာလား၊ ဖန့်သူတော်စင်ဘိုးဘေးကို ဆွဲထုတ်လိုက်မိမှာ မကြောက်ဘူးလား”

​“ဖန့်သူတော်စင်ဘိုးဘေးကို မပြောနဲ့ဦး၊ ဖန့်ကျစ်ရွှယ် ညီမလေးတစ်ယောက်တည်းနဲ့တင် သူတို့အတွက် ခေါင်းကိုက်စရာ ဖြစ်နေမှာပေါ့”

​“ဒီကိစ္စကတော့ စိတ်ဝင်စားဖို့ ကောင်းသား…”

​နေရာတွင် ဆွေးနွေးသံများ တစိပ်စိပ် ပေါ်ထွက်လာသည်။

​“အစ်ကိုကြီး၊ ကရုဏာတောင်ကို သွားရဲတဲ့ သူတော်စင် တကယ်ရှိတာလား”

​အသေးစားပြိုင်ပွဲမှ ချန်ပီယံက မသိစိတ်ဖြင့် ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်ကို လှမ်းကြည့်သည်။ ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်က ပြုံးရုံသာ ပြုံးပြီး -

​“သေမှာ မကြောက်တဲ့သူတွေက အများကြီးပဲ၊ အဲ့ဒီလိုမျိုး (၃) ယောက်၊ (၅) ယောက်လောက် ပေါ်လာတာကလည်း သဘာဝပါပဲ”

​ထိုအချိန်တွင် သတင်းလာပေးသည့် သူတော်စင်၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာသည်။

​“အစ်ကိုတို့၊ ဖန့်ကျစ်ရွှယ် ညီမလေး ရှုံးနိမ့်သွားပြီကရုဏာတောင်ဖက်မှာ အခု လှုပ်ရှားမှုတွေ အရမ်းပြင်းထန်နေတယ်။ ငါတို့ အမြန်မသွားရင်တော့ အကောင်းဆုံး မြင်ကွင်းကို လွဲချော်သွားလိမ့်မယ်”

​“ဘာ”

​နေရာရှိ သူတော်စင်များမှာ အံ့ဩတုန်လှုပ်သွားကြသည်။ ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်ပင်လျှင် အံ့အားသင့်သွားပြီး မသိစိတ်ဖြင့် ခေါင်းခါလိုက်သည်။

​“မဖြစ်နိုင်ဘူး၊ ဖန့်ကျစ်ရွှယ် ဘယ်လိုလုပ် ရှုံးနိမ့်မှာလဲ သူက မွေးကတည်းက အတွင်းကမ္ဘာက ထိပ်တန်းအဆင့် ဖြစ်သလို နိဗ္ဗာန်တားမြစ်နယ်မြေမှာလည်း ဆန်းနယဲ့အဆင့်ရှိတဲ့ သူတော်စင်ပဲ၊ ဆန်းနယဲ့ စစ်မြေပြင်မှာလည်း လေ့ကျင့်ပြီးသားဆိုတော့ ရှုံးနိမ့်ဖို့ မဖြစ်နိုင်ဘူး”

​“အမှန်တရားက အဲ့ဒီအတိုင်းပါပဲ၊ အကြီးအကဲတပည့်ကြီး၊ အမြန်သွားကြရအောင် ”

​ထိုသူတော်စင်က ပြောပြီးသည်နှင့် စကားမရှည်တော့ဘဲ ကရုဏာတောင်ရှိရာသို့ ချက်ချင်း ပျံသန်းသွားသည်။ သူ၏ လုပ်ရပ်ကြောင့် ဒီဂျွန်းတောင်မှ သူတော်စင်များမှာ အမှန်တကယ်ပင် သံသယဖြစ်ကာ တုန်လှုပ်သွားကြသည်။

​“သွားကြည့်ကြမလား”

​“သွားကြည့်ကြမယ်”

​မျက်စိတစ်မှိတ်အတွင်းမှာပင် ဒီဂျွန်းတောင်မှ သူတော်စင်များမှာ လေထုကို ခွင်းကာ ကရုဏာတောင်ရှိရာသို့ ပျံသန်းသွားကြသည်။ လမ်းတွင် သူတို့သည် ကျောင်းဆောင်အသီးသီးမှ သူတော်စင်များလည်း ကရုဏာတောင်သို့ အလျင်အမြန် သွားရောက်နေသည်ကို တွေ့လိုက်ရသည်။ ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်နှင့် အခြားကျောင်းဆောင်များမှ ထိပ်တန်းတပည့်များ ဆုံမိကြပြီးနောက် အလားတူ သတင်းစကားများကိုပင် ရရှိကြသည်။

​“ကြည့်ကြဦး၊ အခြားကျောင်းတော်က သူတော်စင်တွေလည်း ရောက်လာကြပြီ”

​ထိပ်တန်းတပည့်တစ်ဦး၏ မျက်ဝန်းထဲတွင် အံ့ဩမှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ မလှမ်းမကမ်းတွင် သူတော်စင်များစွာ၏ အရိပ်အယောင်များ ပေါ်လာသည်။ ထဲတွင် အခြားကျောင်းတော်များမှ ထိပ်တန်းတပည့်များလည်း ပါဝင်သလို ပြိုင်ပွဲအသီးသီးမှ ထိပ်ဆုံး (၁၀) ယောက်လည်း ပါဝင်သည်။ ဒီဂျွန်းတောင်၏ ထိပ်တန်းတပည့်သည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်ဝန်းထဲတွင် လေးနက်မှုများ ဖြစ်ပေါ်လာသည်။

​ဟော်ဆွေ့ မျိုးနွယ်က တကယ်ပဲ အဲ့ဒီလူကို စိန်ခေါ်ရဲတဲ့ နတ်ဆိုးမျိုးဆက်တစ်ခုကို မွေးထုတ်လိုက်နိုင်တာလား။

​……

​……

​ကရုဏာတောင်။

​ဤနေရာကို သူတော်စင်များက အထပ်ထပ် ပတ်လည်ဝိုင်းရံထားကြသည်။ လူသားမျိုးနွယ်စု ကျောင်းဆောင်၏ အခြားတောင်ကုန်းများမှ သူတော်စင်များသာမက အခြားကျောင်းတော်များမှ သူတော်စင်များ၊ ပြိုင်ပွဲအသီးသီးမှ ကျွမ်းကျင်သူများလည်း ရှိနေသည်။ လက်ရှိတွင် ထိုသူတော်စင်အုပ်စု၏ အကြည့်များမှာ ပိန်ပါးသည့် ရုပ်သွင်တစ်ခုဆီသို့ စုပြုံရောက်ရှိနေပြီး မျက်ဝန်းထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

​သူတော်စင်အုပ်စုထဲတွင် ဟော်ဆွေ့မျိုးနွယ်မှ တပည့်အုပ်စုတစ်ခုလည်း ရပ်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ရှိနေပြီး လက်သီးများကို တင်းတင်းဆုပ်ထားကာ ဂုဏ်ယူဝင့်ကြွားသည့် ပုံစံမျိုး ဖြစ်နေကြသည်။ မလှမ်းမကမ်းတွင် ဖန့်ကျစ်ရွှယ်ကို ချန်အင်းရွှယ်က အနောက်ဖက်သို့ တွဲခေါ်သွားသည်။ ချန်ဖေးဖေး၊ ပိုင်ချန်းမင်၊ ဟွမ်ချင်းကျူ တို့ကဲ့သို့ ကရုဏာတောင်မှ တပည့်များကမူ အလွန်အေးစက်သည့် အကြည့်ဖြင့် ထိုရုပ်သွင်ကို စိုက်ကြည့်နေကြသည်။ အကယ်၍ အကြည့်များသာ ဓားသွားများ ဖြစ်လာနိုင်မည်ဆိုလျှင် ထိုရုပ်သွင်သာမက အနီးအနားရှိ သူတော်စင်များပါ အပိုင်းပိုင်း အစအစ ဖြစ်သွားရလိမ့်မည်။

​“ဘာမှမဖြစ်ဘူးမလား”

​ချန်အင်းရွှယ်က လေးနက်သော အမူအရာဖြင့် ဖန့်ကျစ်ရွှယ်ကို ကြည့်သည်။

​“ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ ဒီလူရဲ့ နည်းလမ်းက နည်းနည်း ထူးဆန်းတယ်၊ ကျွန်မ သူ့ပြိုင်ဘက် မဟုတ်ဘူး၊ အစ်ကိုတို့လည်း သူ့နဲ့ မယှဉ်ပြိုင်ကြပါနဲ့တော့”

​ဖန့်ကျစ်ရွှယ်က ခေါင်းကို ဖြည်းဖြည်းချင်း ခါသည်။ သူမ ပြောသော်လည်း ခန္ဓာကိုယ်အတွင်းမှ သွေးများမှာ အဆက်မပြတ် ဆူပွက်နေဆဲဖြစ်ပြီး လည်ချောင်းထဲမှ သွေးများ ပြန်ထွက်လာမည့်အလား ခံစားနေရသည်ကို အတင်းပင် မျိုသိပ်ထားရသည်။

​“ဘာမှမဖြစ်ဘူးလို့ ပြောနေသေးတယ် နင့်ဒဏ်ရာက အရမ်းပြင်းထန်နေတာ”

​ချန်အင်းရွှယ်မှာ စိတ်တိုကာ လက်အစွပ်ကို လှန်တင်၍ ထိုရုပ်သွင်ကို ကြည့်ကာ သွားကို ကြိတ်၍ ပြောသည်။

​“နင့်အစ်ကိုသာ ဒီကို ပြန်လာပြီး နင် ကရုဏာတောင်မှာ အနိုင်ကျင့်ခံနေရတာကို မြင်ရင် ငါ ဘယ်မျက်နှာနဲ့ လူချင်းတွေ့ရတော့မှာလဲ၊ ငါ သူ့ကို သတ်ပစ်မယ်”

​မလှမ်းမကမ်းတွင် ရှောင်လန်က မျက်လုံးကို မှေး၍ ထိုရုပ်သွင်ကို စိုက်ကြည့်နေသည်။ ထို့နောက် လီဝူဝမ်၊ လီချန်းရှင်းတို့နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုအချိန်တွင် ကျန်းတောက်ယွဲ့၏ အသံမှာ တပည့်များ၏ နားထဲသို့ ရောက်လာသည်။

​“မင်းတို့ အရင်ဆုံး ဘာမှမပြောကြပါနဲ့ဦး၊ ငါပဲ သူ့ရဲ့ အောက်ခြေကို စုံစမ်းလိုက်မယ်။ ဖန့်ချန် အခု မရှိဘူး၊ ငါတို့ ကရုဏာတောင်မှာ သူ့ကို ရင်ဆိုင်နိုင်မယ့် ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင် မရှိသေးဘူး။ နောက်ဆို သူတို့ဖက်က စိန်ခေါ်လာရင်လည်း မတုန်လှုပ်ကြနဲ့၊ စိတ်မတိုကြနဲ့၊ ငါပဲ ဖြေရှင်းပေးမယ်”

​ချန်ဖေးဖေးတို့၏ အမူအရာမှာ တစ်ချက် လှုပ်ရှားသွားပြီး ချက်ချင်းပင် ငြိမ်သက်သွားသည်။ ဖန့်ကျစ်ရွှယ် လည်း မျက်လုံးကို မှိတ်ကာ အသက်ရှူလမ်းကြောင်းကို ပြန်လည် ကုသနေသည်။

​ထို့နောက် ကျန်းတောက်ယွဲ့မှာ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ထိုပိန်ပါးသည့် ရုပ်သွင်ကို ပြုံး၍ ပြောသည်။

​“မိတ်ဆွေရဲ့ နည်းလမ်းတွေက တော်တော်ကောင်းတာပဲ၊ ဘယ်လို ခေါ်ရမလဲ”

​“ဒါက ငါတို့ ဟော်ဆွေ့မျိုးနွယ်ရဲ့ အငယ်ဆုံးဘိုးဘေးပဲ ”

​ဟော်ဆွေ့မျိုးနွယ်မှ တပည့်တစ်ယောက်က အသံကျယ်ကျယ်ဖြင့် ပြောသည်။ ထိုအချိန်တွင် သူတော်စင်အုပ်စု နောက်ထပ်တစ်ခု ရောက်လာပြန်သည်။ ဒီဂျွန်းတောင်မှ ထိပ်တန်းတပည့်နှင့် အခြားတောင်ကုန်းများမှ ထိပ်တန်းတပည့်များလည်း ပါဝင်သည်။ ထိုစကားကို ကြားသောအခါ သူတို့ အနည်းငယ် တုန်လှုပ်သွားကြသည်။

​တကယ်ပဲ ဟော်ဆွေ့မျိုးနွယ်ကလား။

​အငယ်ဆုံးဘိုးဘေး တဲ့လား

​သူတို့ အနည်းငယ်ပင် မယုံနိုင်စရာ ဖြစ်သွားသည်။ အကယ်၍ ဟော်ဆွေ့မျိုးနွယ်၏ ဘိုးဘေးကိုယ်တိုင် ခေါင်းမညိတ်ပေးလျှင် အောက်ခြေက တပည့်များက ဘယ်လိုလုပ်ပြီး ဒီလို နာမည်မျိုး သုံးရဲမှာလဲ။

​ ဒါက ဟော်ဆွေ့မျိုးနွယ်၏ ဘိုးဘေးကိုယ်တိုင် ချီးမြှင့်ထားတဲ့ နာမည်လည်း ဖြစ်နိုင်တယ်။

​“ချင်ဖိုကျား ကို ဖယ်လိုက်ရင် ဟော်ဆွေ့မျိုးနွယ်က နောက်ထပ် ကောင်းကင်အရှင်တစ်ပါးရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူကို မွေးထုတ်လိုက်ပြန်ပြီလား ”

​သူတော်စင်များမှာ စိတ်ထဲတွင် လျှို့ဝှက်စွာဖြင့် ထိတ်လန့်နေကြသည်။

​အငယ်ဆုံးဘိုးဘေး၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် ကော့ညွတ်သွားပြီး ကျန်းတောက်ယွဲ့ကို ပြုံး၍ ပြောသည်။

​“ကျန်းတောက်ယွဲ့၊ ငါ ဒီတစ်ခါ လာတာက ချန်းရွှေ နတ်ဘုရားနယ်မြေရဲ့ ချန်ပီယံအနေနဲ့ ကရုဏာတောင်ကို လာပြီး ကရုဏာတောင်ရဲ့ ထူးချွန်သူတွေကို ယှဉ်ပြိုင်ဖို့ လာတာပါ။ အချိန်ဖြုန်းမနေကြပါနဲ့တော့”

​ပြောရင်းနှင့် သူက ချန်ဖေးဖေးတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အမြဲတမ်း အေးစက်စက် အပြုံးတစ်ခု ရှိနေသည်။

​“နောက်ဆုံး ဗိုလ်လုပွဲ မစခင်မှာ မင်းတို့က နောက်ဆုံးဗိုလ်လုပွဲ စတဲ့အခါကျရင် စင်ပေါ်တက်ပြီး တရားဝင် ယှဉ်ပြိုင်နိုင်ပါတယ်”

​ကျန်းတောက်ယွဲ့က ပြုံး၍ ပြောသည်။ အနီးအနားရှိ သူတော်စင်များ၏ အမူအရာမှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားသည်။ ကြည့်ရတာ… ကရုဏာတောင်ဖက်က ကြောက်နေတာ ဖြစ်မယ်နော်။

​“မင်းတို့ ကရုဏာတောင်က ကြောက်နေတာလား”

​အငယ်ဆုံးဘိုးဘေးက အေးဆေးစွာ မေးလိုက်သည်။ ချန်အင်းရွှယ်တို့မှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ ကျန်းတောက်ယွဲ့က လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး သူတို့ကို စိတ်အေးအေးထားရန် အချက်ပြကာ ‘ငါ့ကို ချန်ထားပေးလိုက်’ ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ထို့နောက် အငယ်ဆုံးဘိုးဘေးကို ကြည့်ကာ ပြုံး၍ ပြောသည်။

​“မင်းအမေကို ကြောက်တာ”

All Chapters