← Chapters

အခန်း ၄၇၁

Vol. 48 Ch. 471

အခန်း ၄၇၁

Vol. 48 Ch. 471

အခန်း (၄၇၁) တန်ပြန် ခြိမ်းခြောက်ငွေညှစ်ခြင်း

​"စိတ်မလောကြနဲ့...." ကျန်းယဲ့၏ တည်ငြိမ်သော အသံက သီးသန့်လိုင်းထဲတွင် ထွက်ပေါ်လာသည်။ "သူတို့က ငါတို့ရဲ့ တကယ့်စွမ်းအားနဲ့ လှုပ်ရှားမှု ပုံစံတွေကို သေချာအောင် သုံးရက်တိတိ စောင့်ကြည့်နေခဲ့တာ။ ငါထင်တာတော့... ဒီည သူတို့ စလှုပ်ရှားတော့မယ်..."

​မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ယခင်ရက်များနည်းတူ ရယ်မောစကားပြောဆိုရင်း ဟိုတယ်သို့ပြန်ရာတွင် မဖြစ်မနေ ဖြတ်သန်းရမည့် အတော်လေး တိတ်ဆိတ်သော လမ်းကြားလေးတစ်ခုထဲသို့ ချိုးကွေ့ဝင်ရောက်သွားကြသည်။

​သူတို့ လမ်းကြားထဲတွင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အရိပ်ထဲတွင် ပုန်းကွယ်နေသော ကျားသစ်သားရဲလူသား၏ မျက်ဝန်းများတွင် ရက်စက်သော အရောင်တစ်ခု လက်သွားခေတသည်။ ထို့နောက် သူက မျိုးဗီဇလက်ကောက်ကို အသုံးပြု၍ ချုံခိုစောင့်ဆိုင်းနေသော သူ၏ လက်အောက်ငယ်သားများအားလုံးကို အမိန့်ပေးလိုက်၏။

​"ပစ်မှတ်က သတ်မှတ်ထားတဲ့ နေရာထဲကို ဝင်လာပြီ... အားလုံးပဲ လှုပ်ရှားဖို့ ပြင်ထားကြ..."

​ကျားသစ်လူသားအဖွဲ့က သူတို့၏ ပစ်မှတ်က မှောင်မိုက်ပြီး လူသူကင်းမဲ့သော လမ်းကြားထဲသို့ ဝင်ရောက်သွားသည်ကို မြင်သည်နှင့် သူတို့၏ အစီအစဉ်ကို ချက်ချင်း အကောင်အထည် ဖော်ကြတော့သည်။

​ခပ်တိုးတိုး ဖောက်ဟူသော အသံများနှင့်အတူ ဘောလုံးငယ်အချို့က လမ်းကြားအလယ်သို့ အပစ်ခံလိုက်ရပြီး ချက်ချင်းပင် ထူထပ်သော မီးခိုးငွေ့များကို ထုတ်လွှတ်လိုက်ရာ ချိုအီအီနှင့် စူးရှရှ အနံ့တစ်မျိုးကို သယ်ဆောင်ကာ လျင်မြန်စွာ ပြန့်နှံ့သွားလေသည်။

​၎င်းမှာ မှောင်ခိုဈေးကွက်တွင် ပျံ့နှံ့နေသော အိပ်မွေ့ချ မြူခိုးဖြစ်ပြီး အလွန် ပြင်းထန်သော မေ့ဆေး အာနိသင် ရှိ၏။

​မီးခိုးငွေ့များ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ကျန်းယဲ့၏ စနစ်မျက်နှာပြင်က အလိုအလျောက် ပွင့်လာပြီး မီးခိုးငွေ့၏ အမည်နှင့် အာနိသင်ကို ရှင်းလင်းစွာ ဖော်ပြပေးလိုက်သည်။

​"အားလုံးပဲ... သတိလစ်သွားတဲ့ ပုံစံမျိုး ဟန်ဆောင်လိုက်ကြ..." ကျန်းယဲ့၏ တည်ငြိမ်သော အသံက သီးသန့်လိုင်းမှတစ်ဆင့် အမိန့်ကို အလျင်အမြန် ထုတ်ပြန်လိုက်သည်။

​ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သော ခရီးသွားများက လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး "ဖုန်း" ၊ "အ့" ဟူသော အသံများနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားကြချေသည်။

​ထူထပ်သော မြူခိုးများကြားမှ ဓားပြများ၏ ဖိနှိပ်ထားသော စိတ်လှုပ်ရှားသံများ ထွက်ပေါ်လာကြသည်။

​"ဟားဟား... ပြီးပြီဟေ့... ပြီးသွားပြီ... လွယ်ပါတယ်လို့ ငါပြောသားပဲ..." ၎င်းမှာ မျောက်သားရဲလူသား၏ စူးရှသော အသံပင်။ သူက သူ၏ခြေရင်း၌ သတိလစ်နေသော အယ်လန်ကို အောင်နိုင်သူတစ်ယောက်လို ကန်လိုက်၏။ "ဒီ အထောက်အကူပြု အမှိုက်ကောင်တွေကို ကြည့်စမ်းပါဦး... အဆင့်မြင့်နေတော့ရော ဘာလုပ်ရမှာလဲ။ သူတို့ဆီမှာ သတိထားမှုဆိုတာ လုံးဝ မရှိဘူး။ ငါတို့ တံခါးဝကို လာပို့ပေးတဲ့ သိုးဆူကြီးတွေပဲ..."

​"မင်းက တကယ် မိုက်တာပဲကွာ... ဒီတစ်ခါတော့ မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်..." ကြမ်းတမ်းသော နောက်ထပ်အသံတစ်ခုက ထောက်ခံလိုက်ပြီး ညစ်ညမ်းသော ရယ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

​"ဒီ အထောက်အကူပြုကောင်တွေက ငါတို့လို တိုက်ခိုက်ရေးအမျိုးအစား သားရဲလူသားတွေအတွက် နင်းစရာခုံတန်းလေးတွေ မဟုတ်ဘူးလား" နောက်ထပ် အသံတစ်ခုက လှောင်ပြောင်လိုက်၏။

​မီးခိုးငွေ့များ လွင့်စင်သွားသောအခါ ပုံရိပ် ခုနစ်ခု၊ ရှစ်ခုခန့် ချဉ်းကပ်လာသည်ကို မှုန်ဝါးဝါး မြင်လိုက်ရသည်။ သူတို့က မြေပြင်ပေါ်ရှိ သိုးဆူကြီးများကို ကြိုးတုပ်ကာ သူတို့၏ ပုန်းအောင်းရာဆီသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်ရင်း လက်များကို ပွတ်သပ်နေခဲ့ကြသည်။

​သို့သော် သူတို့ ခါးကိုင်းကာ သတိလစ်နေသော ခရီးသွားများကို ထိရန် လက်လှမ်းလိုက်ချိန်မှာပင် မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်ပျက်သွားချေသည်။

​ဓားပြများအားလုံးက မမြင်ရသော ကြိုးများဖြင့် တုပ်နှောင်ခံလိုက်ရသည့်အလား နေရာမှာပင် အေးခဲသွားကြရသည်။ သူတို့က ခါးကိုင်းကာ လက်ဆန့်ထုတ်ထားသည့် ရယ်စရာကောင်းသော ဟန်ပန်ဖြင့် တစ်ချက်လေးမျှပင် မလှုပ်ရှားနိုင်တော့ဘဲ ငြိမ်သက်သွားကြဆလသည်။

​"ဟင်..." မျောက်လူသား ဟောက်ဆိုက်လေ့၏ ဝင့်ကြွားနေမှုက ချက်ချင်း အေးခဲသွားပြီး အံ့ဩမှင်သက်မှုအဖြစ်သို့ ပြောင်းလဲသွားရသည်။

​သူက သူ၏ မျက်လုံးများနှင့် လက်ချောင်းများကို လှုပ်ရှားရန် အသည်းအသန် ကြိုးစားခဲ့သော်လည်း မျက်တောင်တစ်ချက်ပင် ခတ်၍ မရကြောင်း တွေ့လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်မှာ နေရာမှာပင် အေးခဲခံလိုက်ရသည့်အလား သူ၏ ထိန်းချုပ်မှုအောက်မှ လုံးဝ ကင်းလွတ်သွားခဲ့သည်။

​အခြား ဓားပြများလည်း ထိုနည်းတူပင်။ သူတို့၏ မျက်နှာများတွင် အကြောက်တရားနှင့် မယုံနိုင်မှုများ ပြည့်နှက်နေကြသည်။ သူတို့က နဖူးမှ သွေးကြောများ ထောင်ထလာသည်အထိ အစွမ်းကုန် ရုန်းကန်ခဲ့ကြသော်လည်း လက်တစ်ဆစ်မျှပင် မလှုပ်ရှားနိုင်ခဲ့ချေ။

​ကျားသစ်သားရဲလူသား ခေါင်းဆောင်ဘတ်ခ်၏ မျက်ဝန်းများတွင်လည်း အကြောက်တရားများ ရှိနေခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့ တကယ်ကိုပဲ ဝါးရခက်သည့် အရိုးကို ကိုက်မိသွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။

​သူတို့အားလုံးကို မျက်စိတစ်မှိတ်အတွင်း ထိန်းချုပ်လိုက်နိုင်သည့် ဤမမြင်နိုင်၊ မထိတွေ့နိုင်သော နည်းလမ်းမျိုးကို သာမန်သားရဲလူသားများ ဘယ်သောအခါမှ မပိုင်ဆိုင်နိုင်ချေ။

​သေချာတာပေါ့... နောက်စက္ကန့်မှာပင် သူ၏ မျှော်လင့်ချက်များ ကင်းမဲ့သွားစေမည့် မြင်ကွင်းက ပေါ်လာလေသည်။ မြေပြင်ပေါ်တွင် သတိလစ်နေခဲ့သော ထို သိုးဆူကြီးများက အဝတ်အစားမှ ဖုန်များကို ခါထုတ်လိုက်ကြပြီး အေးအေးဆေးဆေးပင် မတ်တပ်ရပ်လာကြကာ လူရွှင်တော်များကို ကြည့်နေသည့်အလား သူတို့ကို လှောင်ပြောင်သည့် အပြုံးများဖြင့် ကြည့်လာကြ၏။

​ထိခိုက်မှုတစ်စုံတစ်ရာ မရှိသော အဖွဲ့ကိုကြည့်ကာ ဟောက်ဆိုက်လေ့က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "မ... မင်းတို့ အားလုံးက ဘာလို့ ဘာမှမဖြစ်တာလဲ။ ဒီမြူခိုးတွေက အဆင့် B တိုက်ခိုက်ရေး သားရဲလူသားကိုတောင် လဲကျသွားစေနိုင်တာနော်..."

​ကောင်းဝမ်ဖေးက ရှေ့သို့ထွက်လာပြီး ဟောက်ဆိုက်လေ့၏ တောင့်တင်းနေသော မျက်နှာကို သူ၏ လက်ညှိုးဖြင့် တောက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်၏။ "အော်... မင်းက ဟို မီးခိုးဗုံးကို ပြောတာလား။ အဲဒါက သက်တမ်းကုန်နေပြီ ထင်တယ်။ အရည်အသွေးကလည်း ညံ့တော့ အာနိသင်မှ မရှိတာကိုး..."

​သက်တမ်းကုန်နေတာ ဟုတ်လား....

​ဟောက်ဆိုက်လေ့နှင့် အခြားသူများမှာ သွေးအန်လုနီးပါး ဖြစ်သွားကြရသည်။ ဘယ်သူကများ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားကို ယုံမည်နည်း။

​အယ်လန်က ပို၍ပင် ဒေါသထွက်နေခဲ့သည်။ သူက ဟောက်ဆိုက်လေ့ဆီသို့ လျှောက်သွားကာ လက်ကိုမြှောက်ပြီး မျက်နှာကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်ချလိုက်ကာ အော်ဟစ်လိုက်၏။ "ငါ့ကိုများ ကန်တယ်ပေါ့... ဥပဒေဆိုတာ မရှိတော့ဘူးလား။ မင်းတို့ အမှိုက်ကောင်တွေက ငါတို့ကို သုံးရက်လုံးလုံး စောင့်ကြည့်ပြီးမှ လှုပ်ရှားရဲတာ... ငါတို့ ဘယ်လောက်တောင် စိတ်မရှည်ဖြစ်နေရလဲဆိုတာ မင်းတို့ သိလား..."

​၎င်းကို ကြားသောအခါ ဘတ်ခ်နှင့် အခြား ဓားပြများ၏ မျက်နှာများက ချက်ချင်း စိမ်းဖပ်သွားကြရသည်။

​ကြည့်ရတာ လျှို့ဝှက်ထားသည်ဟု ထင်ရသော သူတို့၏ စောင့်ကြည့်မှုနှင့် အစီအစဉ်များက စောစောကတည်းက ပေါက်ကြားနေခဲ့ပြီး တစ်ဖက်လူက သူတို့ လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။

​ကျားသစ်သားရဲလူသားဘတ်ခ်က ထိတ်လန့်ဖွယ်ကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သဘောပေါက်သွားပြီး ခုခံမည့် အတွေးများအားလုံးကို ချက်ချင်း စွန့်လွှတ်လိုက်၏။

ထို့နောက် သူက အသံကို အစွမ်းကုန် ညှစ်ထုတ်ကာ အသနားခံလိုက်သည်။ "သ... သခင်တို့... သခင်တို့... ကျွန်တော်တို့ မျက်စိကန်းပြီး ခင်ဗျားတို့ကို စော်ကားမိတာပါ။ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သနားပြီး လွှတ်ပေးပါ... ကျွန်တော်တို့ဆီမှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ပေးပါ့မယ်။ ကျွန်တော်တို့ကို အသက်ရှင်ခွင့်လေး တစ်ခုပဲ ပေးပါ...."

​သူက အပြစ်များကို လွှဲချရန် ကြိုးစားရင်း သူ၏ဘေးရှိ မျောက်လူသားထံသို့ အသည်းအသန် မျက်လုံးလှည့်ကြည့်လိုက်ပြန်သည်။ "ဒါတွေ အားလုံးက ဒီမျောက်စုတ်ရဲ့ အကြံဆိုးတွေပါ။ သူက ကျွန်တော်တို့ကို မြှောက်ပင့်ပေးခဲ့တာ... အကယ်လို့ သခင်တို့က တစ်ခုခုလုပ်ချင်တယ်ဆိုရင် သူ့ကို ကြိုက်သလိုသာ လုပ်ပါ... သတ်ချင်သတ်.... နှိပ်စက်ချင် နှိပ်စက်ပါ... ကျွန်တော်နဲ့ ကျန်တဲ့ ညီအစ်ကိုတွေကိုပဲ ချမ်းသာပေးဖို့ တောင်းဆိုပါတယ်..."

​ဟောက်ဆိုက်လေ့က သူ၏ ဘော့စ်ဖြစ်သူ ဘတ်ခ်က သူ့ကို တုံ့ဆိုင်းခြင်းမရှိဘဲ သစ္စာဖောက်လိုက်ကြောင်း ကြားလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်ကာ ဒေါသထွက်သွားရသည်။ သူက အထက်အောက် အဆင့်အတန်းကို ဂရုမစိုက်တော့ဘဲ အော်ဟစ်လိုက်၏။ "သခင်တို့... သူ့စကားကို နားမထောင်နဲ့။ ဘတ်ခ်က လူလိမ်... သူက အငြိုးအတေး ကြီးတတ်တယ်။ ဒီနေ့သာ သူ့ကို လွှတ်ပေးလိုက်ရင် နောက်ကျရင် ခင်ဗျားတို့ကို လက်စားချေဖို့ နည်းလမ်းကို သူ သေချာပေါက် ရှာလိမ့်မယ်"

​"ပါးစပ်ပိတ်ထားစမ်း... မျောက်စုတ်.." ဘတ်ခ်နှင့် မလှုပ်မယှက်ဖြစ်နေသော အခြားသားရဲလူသားများက ဟောက်ဆိုက်လေ့ကို လူသတ်ချင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြ၏။ အကယ်၍ သူတို့၏ အကြည့်များသာ အကောင်အထည် ပေါ်လာနိုင်မည်ဆိုပါက ဟောက်ဆိုက်လေ့မှာ ယခုအချိန်တွင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရပြီး ဖြစ်နေလိမ့်မည်။

​ကျန်းယဲ့က ဟောက်ဆိုက်လေ့၏ စွပ်စွဲမှုကို မကြားလိုက်သည့်အလားပင်။ သူ၏ မျက်နှာပေါ်တွင် အန္တရာယ်ကင်းပြီး နူးညံ့သော အပြုံးတစ်ခု ရှိနေဆဲဖြစ်ကာ သူ၏ အကြည့်များက ဘတ်ခ်ထံတွင် စူးစိုက်နေခဲ့သည်။

​သူက ဖြည်းညှင်းစွာ ပြောလိုက်၏။ "ဘော့စ်ဘတ်ခ်က အကျိုးအကြောင်း နားလည်တဲ့လူ တစ်ယောက်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီလိုလုပ်ရင်ကော... ကျွန်တော်တို့ကလည်း အကျိုးအကြောင်း မဆီလျော်တဲ့သူတွေ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ဖက်ဒရယ်ဘဏ် အကောင့်ထဲမှာရှိတဲ့ သားရဲဒင်္ဂါးပြားအားလုံးကို ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေးအနေနဲ့ လွှဲပေးလိုက်ပါလား.... "

​"ပြီးရင် ခင်ဗျားရဲ့ ညီအစ်ကိုကောင်းတွေနဲ့အတူ ဒီကနေ ထွက်သွားလို့ရပြီ... ကျွန်တော်တို့လည်း ခင်ဗျားတို့ကို အခက်တွေ့အောင် မလုပ်တော့ဘူးလေ။ ဘယ်လိုလဲ..."

​ထို့နောက် သူက ဆက်ပြောလိုက်သည်။ "သေချာတာပေါ့... အကယ်လို့ ခင်ဗျား မလုပ်ချင်ဘူးဆိုရင်လည်း ရပါတယ်..."

​"လုပ်ပါ့မယ်... လုပ်ပါ့မယ်... ကျွန်တော်တို့ သဘောတူပါတယ်" ကျန်းယဲ့ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ဘတ်ခ်က အော်ဟစ်လုနီးပါး ပြောလိုက်၏။ "လွှဲပေးပါ့မယ်... အခုချက်ချင်း လွှဲပေးပါ့မယ်။ သခင်တို့ရဲ့ အကောင့်နံပါတ်ကိုသာ ပြောပါ... ငွေတွေ အားလုံးကို အခုချက်ချင်း လွှဲပေးပါ့မယ်..."

​ကောက်ရိုးမျှင်ကို ဆွဲကိုင်ထားရသည့် အခြားသားရဲလူသားများကလည်း သဘောတူကြောင်း အော်ဟစ်လိုက်ကြသည်။

​ကျန်းယဲ့၏ ကြီးကြပ်မှုအောက်တွင် ဓားပြအဖွဲ့က နာကျင်နေသည့်ကြားမှ မျိုးဗီဇလက်ကောက်ကို အသုံးပြု၍ ငွေလွှဲပြောင်းမှုများကို စတင်ပြုလုပ်ကြတော့သည်။

​ဒီကောင်တွေက C-နယ်မြေမှာ လုယက်ရဲတာဆိုတော့ စုဆောင်းငွေ နည်းနည်းပါးပါးတော့ ရှိလောက်မှာပဲ... ချမ်းသာဖို့ အခွင့်အရေးလေး တစ်ခုရပြီဟု ကျန်းယဲ့က မူလက ထင်မှတ်ထားမိသည်။

​သို့သော် ငွေလွှဲပြောင်းမှု အသိပေးချက်များ ဝင်လာသောအခါ သူ အံ့အားသင့်သွားခဲ့ရသည်။

​ခေါင်းဆောင်ဖြစ်သူ ဘတ်ခ်၏ အကောင့်ထဲတွင် သားရဲဒင်္ဂါးပြား ငါးသောင်းကျော်သာ ရှိချေသည်။

​အခြား သားရဲလူသားများမှာ ပို၍ပင် ဆင်းရဲကြပြီး အများစုမှာ သားရဲဒင်္ဂါးပြား ထောင်ဂဏန်း အနည်းငယ် သို့မဟုတ် ရာဂဏန်း အနည်းငယ်သာ ရှိကြ၏။

​သူတို့ရရှိခဲ့သော စုစုပေါင်းပမာဏမှာ အားကစားရုံတွင် ပေါ့ပေါ့ပါးပါး ကစားပြီး နိုင်ခဲ့သည့် ပမာဏ၏ အစိတ်အပိုင်းလေး တစ်ခုမျှပင် မရှိချေ။

အခန်း ၄၇၁ပြီး၏။

All Chapters