← Chapters

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း ၄၇၂

Vol. 48 Ch. 472

အခန်း (၄၇၂) ကပ်ဘေး ဆိုက်ရောက်လာခြင်း

​ပမာဏကို မြင်လိုက်ရသောအခါ ကောင်းဝမ်ဖေးမှာ ဒေါသထွက်သွားရသည်။ သူက ရှေ့သို့ထွက်ကာ ဘတ်ခ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး "ချီးပဲ... မင်းတို့က ငါတို့ကို နောက်နေတာလား။ ဒါက မင်းတို့ဆီမှာရှိတဲ့ ပိုက်ဆံအကုန်ပဲလား။ ငါတို့ကို အရူးလို့ ထင်နေတာလား" ဟု အော်ဟစ်လိုက်၏။

​ဒေးဗစ်ကလည်း စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရသဖြင့် ကောင်းဝမ်ဖေးအတိုင်း လိုက်လုပ်ကာ ဟောက်ဆိုက်လေ့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြန်သည်။

​မျောက်သားရဲလူသား ဟောက်ဆိုက်လေ့မှာ အသိစိတ်လွတ်လုမတတ် အရိုက်ခံလိုက်ရပြီး သူ၏ မျက်နှာမှာ ငိုမဲ့မဲ့ဖြစ်သွားကာ "သ... သခင်... ကျွန်တော် အပြစ်ကင်းပါတယ်။ ကျွန်တော်တို့... ကျွန်တော်တို့ဆီမှာ ပိုက်ဆံ ဒီလောက်ပဲ တကယ်ရှိတာပါ။ ကျွန်တော်တို့ဆီမှာသာ ပိုက်ဆံရှိရင် ဘယ်သူက ဒီလို အသက်အန္တရာယ်များတဲ့ အလုပ်ကို ထွက်လုပ်နေမှာလဲ" ဟု အသနားခံလိုက်သည်။

​အနီးနားတွင် ချုပ်နှောင်ခံထားရသော ကြံ့သားရဲလူသားတစ်ဦးကလည်း ရှိုက်ငိုသံဖြင့် ဝင်ပြောလိုက်၏။ "ဟုတ်ပါတယ် သခင်ရယ်... ကျွန်တော်တို့ဆီမှာသာ ပိုက်ဆံရှိရင် စောစောကတည်းက သွားပြီး ပျော်ပါးနေလောက်ပြီပေါ့။ ကင်းလှည့်တပ်ဖွဲ့ ဖမ်းတာခံရမယ့် အန္တရာယ်ကိုခံပြီး ဘာလို့ လူလာလုနေမှာလဲ။ ကျွန်တော်တို့က တခြားဘာမှ လုပ်စားလို့မရအောင်ကို ဆင်းရဲနေလို့ပါ.."

​"ဟုတ်တယ်... ကျွန်တော်တို့က ထမင်းစားဖို့တောင် မတတ်နိုင်အောင် ဆင်းရဲနေတာပါ..."

​အခြား သားရဲလူသားများကလည်း စတင်ညည်းတွားလာကြရာ တစ်ခဏအတွင်းမှာပင် လမ်းကြားလေးထဲတွင် ဆင်းရဲနွမ်းပါးမှုနှင့် အကူအညီမဲ့မှုတို့၏ သနားဖွယ် လေထုကြီး ဖုံးလွှမ်းသွားချေသည်။

​ဤ ရက်စက်ကြမ်းကြုတ်သော ဓားပြများ၏ သနားစရာကောင်းသော အခြေအနေကို ကြည့်ရင်း ကျိုးယွီမော့က "ငါတို့ကပဲ... အားနည်းသူတွေကို အနိုင်ကျင့်ပြီး ပိုက်ဆံတစ်ပြားမှမရှိတဲ့ သူတွေဆီကနေ ငွေညှစ်နေသလို ဘာလို့ ခံစားနေရတာလဲ" ဟု တီးတိုးရေရွတ်လိုက်မိသည်။

​ကျန်းယဲ့မှာ ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်၏။

​ကြည့်ရသည်မှာ ဤကောင်များက တကယ်ကို ဆင်းရဲနေပုံရသည်။ သူတို့ဆီမှ ညှစ်ထုတ်စရာ ဘာမှမကျန်တော့ချေ။

​သူက ဤဆင်းရဲသားငမွဲကောင်များနှင့် ဆက်ပြီး အငြင်းပွားရန် ပျင်းရိသွားသဖြင့် သူ၏ မျိုးဗီဇလက်ကောက်မှတစ်ဆင့် မြို့၏ လုံခြုံရေးအေဂျင်စီဖြစ်သော မြို့စောင့်တပ်ထံသို့ တိုက်ရိုက် ဆက်သွယ်လိုက်သည်။

​မကြာမီမှာပင် တူညီဝတ်စုံများကို ဝတ်ဆင်ထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော မြို့စောင့်တပ်ဖွဲ့ဝင်တစ်စု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြပြီး မလှုပ်ရှားနိုင်သေးသော ဘတ်ခ်နှင့် အခြားသူများကို အထူးပြုလုပ်ထားသည့် စွမ်းအင်လက်ထိပ်များဖြင့် အလွယ်တကူ ဖမ်းဆီးထိန်းသိမ်းလိုက်ကြ၏။

​မြို့စောင့်တပ်၏ ခေါ်ဆောင်သွားခြင်း မခံရမီ ဘတ်ခ်က ကျန်းယဲ့ကို ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည့် အကြည့်ဖြင့် နက်ရှိုင်းစွာ ကြည့်လိုက်သော်လည်း မည်သည့် နာကြည်းမှု သို့မဟုတ် ငြင်းခုံမှုမျှ မရှိခဲ့ချေ။

​သူ့ရှေ့ရှိ လူစုမှာ ခန့်မှန်း၍မရနိုင်လောက်အောင် စွမ်းအားကြီးမားပြီး နှုတ်ပိတ်ရန်အတွက် သူတို့ကို သတ်ပစ်လိုက်ခြင်းမှာ လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူကြောင်း သူ၏ ရင်ထဲတွင် သိနေခဲ့သည်။

​အခု သူတို့ကို မြို့စောင့်တပ်ထံ အပ်နှံလိုက်ခြင်းမှာ ဖြစ်နိုင်သည်က... သူတို့က အရမ်းဆင်းရဲလွန်းနေပြီး သူတို့၏ ပြစ်မှုကလည်း သေဒဏ်ပေးလောက်သည်အထိ မကြီးမားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

​သူက ခေါင်းငုံ့ကာ တိတ်ဆိတ်စွာပင် ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရာ သူ၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံတို့ ရောနှောနေချေသည်။

​ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ အမှောင်လမင်းဟိုတယ်သို့ ဘေးကင်းစွာ ပြန်ရောက်သွားကြပြီး အနားယူရန် သူတို့၏ အခန်းများဆီသို့ အသီးသီး ဝင်သွားကြရာ ကျရောက်လာတော့မည့် ကပ်ဘေးကြီးကို လုံးဝ သတိမထားမိခဲ့ကြချေ။

​ညဉ့်နက်ယံတွင် အရာအားလုံးက တိတ်ဆိတ်နေချေသည်။

​ဟိုတယ်၏ မြေအောက်ကားပါကင်မှာ လူသူကင်းမဲ့ကာ တိတ်ဆိတ်နေပြီး အရေးပေါ် မီးရောင်များကသာ ဖြူရော်ရော် အလင်းရောင်ကို ထုတ်လွှတ်နေခဲ့သည်။

​ထိုအချိန်၌ ရုတ်တရက် မာကျောသော ကွန်ကရစ် ကြမ်းပြင်ပေါ်မှ သဲ့သဲ့လေး ဂျွတ်ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး မည်သည့် ကြိုတင်သတိပေးချက်မျှ မရှိဘဲ အက်ကြောင်းငယ်လေးတစ်ခု ပေါ်လာလေသည်။

​ထို့နောက် ချက်ချင်းပင် ထိုအက်ကြောင်းက အသက်ဝင်နေသည့်အလား တွန့်လိမ်ကာ ကျယ်ပြန့်လာပြီး အရွယ်ရောက်ပြီးသူတစ်ဦး ဝင်ထွက်သွားလာနိုင်လောက်အောင် ကြီးမားသည့် နက်ရှိုင်းသော အပေါက်ကြီးတစ်ခု အလျင်အမြန် ဖြစ်ပေါ်လာခဲ့သည်။

​မြေကြီးအနံ့နှင့် ပုပ်ဟောင်နေသော အနံ့တို့ ရောနှောနေသည့် ဖော်ပြ၍မရနိုင်သော အနံ့ဆိုးကြီးတစ်ခုကလည်း ထိုအပေါက်ထဲမှ လွင့်ပျံ့လာချေသည်။

​နောက်ခဏ၌ ချွဲကျိကျိနှင့် ရွံရှာဖွယ်ကောင်းသော သတ္တဝါတစ်ကောင်က အက်ကြောင်းထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

​၎င်း၏ ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်ရလုနီးပါး မီးခိုးညိုရောင်ရှိပြီး အရွယ်ရောက်ပြီးသူတစ်ဦး၏ လက်မောင်းခန့် ရှည်လျားကာ စိုစွတ်နေသော အမွေးနုများကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေသည့် သိပ်သည်းသော လက်တံလေးများဖြင့် ဖုံးလွှမ်းနေသည်။ ၎င်း၏ အလုံးစုံ ပုံပန်းသဏ္ဌာန်မှာ ချွဲများ ယိုစီးကျနေကာ အဆပေါင်းများစွာ ချဲ့ကားထားသည့် ဧရာမပက်ကျိကြီး တစ်ကောင်နှင့် တူနေ၏။

​၎င်း၏ ရှေ့ပိုင်းတွင် ဂရုမပြုမိလောက်အောင် သေးငယ်သည့် ပဲစေ့ခန့်ရှိ အနက်ရောင်အစက် နှစ်စက်ရှိပြီး မှိန်ဖျော့သော်လည်း အန္တရာယ်ပေးလိုသော အလင်းရောင်တစ်ခု တလက်လက် တောက်ပနေခဲ့သည်။

​၎င်းမှာ အဆင့်နိမ့် ညစ်ညမ်းကိုယ်ထည်— ခိုးကြောင်ခိုးဝှက် ပုပ်သိုးကောင်ပင်။

​တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... အချိန်တိုအတွင်းမှာပင် ငရဲပြည်မှ လောက်ကောင်များကဲ့သို့ ခိုးကြောင်ခိုးဝှက် ပုပ်သိုးကောင်ငါးဆယ်ကျော်က ပထမဆုံး အက်ကြောင်းထဲမှ တိတ်ဆိတ်စွာ ထွက်ပေါ်လာကြသည်။

​ထို့နောက် သူတို့က တုံ့ဆိုင်းနေခြင်းမရှိဘဲ ကားပါကင်၏ ထွက်ပေါက်များနှင့် လေဝင်လေထွက် ပိုက်လိုင်းများဆီသို့ ချက်ချင်း လူစုခွဲသွားကြသည်။ သူတို့၏ လှုပ်ရှားမှုများက သူတို့၏ ကို့ရိုးကားရားနိုင်သော အသွင်အပြင်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကာ အလွန် မြန်ဆန်လှ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က အဆောက်အအုံ၏ အရိပ်များနှင့် ရှုပ်ထွေးသော ဖွဲ့စည်းပုံများထဲသို့ ဝင်ရောက်သွားကြပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်သွားကြချေသည်။

​သို့သော် ကပ်ဘေးက ဤမျှနှင့် ပြီးဆုံးမသွားခဲ့ချေ။

​တစ်ပြိုင်နက်တည်းမှာပင် ကားပါကင်၏ အခြား ထောင့်များတွင် ဒုတိယ၊ တတိယနှင့် အခြားသော မြေပြင်အက်ကွဲကြောင်းများစွာက တစ်ခုပြီးတစ်ခု ဆက်တိုက် ပွင့်ထွက်လာကြသည်။

​ပိုမိုများပြားသော ခိုးကြောင်ခိုးဝှက်ပုပ်သိုးကောင်များနှင့်အတူ အခြားသော ပုံစံအမျိုးမျိုးရှိသည့် အဆင့်နိမ့် ညစ်ညမ်းကိုယ်ထည်များက ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်ရင်း ကန်ပေါက်သွားသော မိလ္လာရည်များကဲ့သို့ အဆက်မပြတ် ပန်းထွက်လာကြသည်။

​သူတို့၏ ပစ်မှတ်က ရှင်းလင်းနေသည်။ ဟိုတယ်၏ အပေါ်ထပ်များနှင့် ပတ်ဝန်းကျင် မြို့ပြဧရိယာပင်။

​ဤညစ်ညမ်းကိုယ်ထည်များက တိတ်ဆိတ်သော ရေအောက်စီးကြောင်းများအဖြစ် စုစည်းသွားကြပြီး ထိတ်လန့်ဖွယ်ရာ အမြန်နှုန်းဖြင့် သူတို့၏ သက်ဆိုင်ရာ ပစ်မှတ်များဆီသို့ ခိုးဝင်ကာ ပြန့်နှံ့သွားလိုက်ကြသည်။

​တစ်ချိန်တည်းမှာပင် ဟိုတယ်၏ လုံခြုံရေး စောင့်ကြည့်ခန်းထဲတွင် အရာအားလုံးကို စောင့်ကြည့်နေရမည့် ညစောင့်ဖြစ်သော ကျားသစ်မျိုးနွယ်စု လုံခြုံရေးဝန်ထမ်းမှာ သေဆုံးနေပြီ ဖြစ်၏။

​သူက ထိုင်ခုံပေါ်တွင် ခွေကျနေပြီး မျက်လုံးများက ပြူးကျယ်နေကာ သူ၏ မျက်နှာက အလွန်အမင်း အကြောက်တရားဖြင့် အေးခဲနေချေသည်။

​ကြောက်မက်ဖွယ်ကောင်းသော သွေးထွက်နေသည့် အပေါက်ကြီးတစ်ခုက သူ၏ ရင်ခေါင်းကို ဖောက်ထွင်းထားပြီး သူ၏ နှလုံးသားမှာ ပျောက်ဆုံးနေခဲ့သည်။ ပူနွေးသော သွေးများက ဒဏ်ရာမှ ထွက်နေဆဲဖြစ်ကာ သူ၏ ဝတ်စုံကို စိုရွှဲသွားစေပြီး မြေပြင်ပေါ်တွင် အနီရင့်ရောင် သွေးအိုင်ကြီးတစ်ခုအဖြစ် စုဝေးနေခဲ့သည်။

​သွေးများ ခဲနေသည့် အခြေအနေကို ကြည့်ရလျှင် သူ အသတ်ခံရသည်မှာ သိပ်မကြာသေးကြောင်း သိနိုင်ပေသည်။

​တစ်ချိန်တည်းမှာပင် ဟိုတယ်၏ အပေါ်ထပ်ရှိ ဧည့်ခန်းစင်္ကြံလမ်းတွင်...

​နှင်းပွင့်ကဲ့သို့ ဖြူဖွေးရှည်လျားသော နားရွက်များနှင့် သိမ်မွေ့လှပသော မျက်နှာသွင်ပြင်ရှိသည့် ယုန်သားရဲလူသား စားပွဲထိုးမလေးတစ်ဦးက ဝန်ဆောင်မှု တွန်းလှည်းတစ်ခုကို တွန်းကာ ဧည့်သည်များ တောင်းဆိုထားသော ညလယ်စာ သရေစာများကို သူတို့၏ အခန်းများဆီသို့ ပို့ဆောင်ပေးရန် ပြင်ဆင်နေခဲ့သည်။

​သူမက သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းဆိုနေပြီး စိတ်နေစိတ်ထား အတော်လေး ကောင်းမွန်နေပုံရလေသည်။

​"ဒေါင်..."

​သူမရှေ့ရှိ ဓာတ်လှေကားတံခါးက ဖြည်းညှင်းစွာ ပွင့်လာ၏။

​စားပွဲထိုးမလေးက ဓာတ်လှေကားထဲသို့ ဝင်ရန် ပြင်ဆင်ရင်း သူမ၏ မျက်နှာပေါ်တွင် ပရော်ဖက်ရှင်နယ်ဆန်သော အပြုံးတစ်ခုကို တပ်ဆင်ကာ အလိုအလျောက် ခေါင်းမော့ကြည့်လိုက်သည်။

​သို့သော် နောက်စက္ကန့်မှာပင် သူမ၏ အပြုံးက မျက်နှာပေါ်တွင် အေးခဲသွားရသည်။

​မီးခိုးညိုရောင်နှင့် ချွဲကျိကျိအရိပ်တစ်ခုက ဓာတ်လှေကားထဲမှ လျှပ်စီးလက်သကဲ့သို့ ပစ်ထွက်လာပြီး သူမ၏ မျက်နှာဆီသို့ တည့်တည့် ဝင်ရောက်လာလေသည်။

​"အွတ်..."

​သူမ လုံးဝ တုံ့ပြန်ချိန်မရလိုက်မီမှာပင် ထိုအရာက သူမ၏ ပါးစပ်နှင့် နှာခေါင်းကို အပြည့်အဝ ဖုံးအုပ်သွားခဲ့သည်။

​၎င်းမှာ ခိုးကြောင်ခိုးဝှက် ပုပ်သိုးကောင် တစ်ကောင်ပင်။

​ယုန်မျိုးနွယ်စု စားပွဲထိုးမလေးမှာ ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် သွေးကြောများဖြင့် နီရဲကာ ပြူးထွက်လာရသည်။

​အေးစက်ပြီး ချွဲကျိကျိအရာကြီးက သူမ၏ နှာခေါင်းပေါက်၊ နားပေါက်များနှင့် ပါးစပ်ထဲသို့ ဝင်ရောက်ရန် ရူးသွပ်စွာ ကြိုးစားနေသည်ကို သူမ ခံစားနေရ၏။

​သူမက အသည်းအသန် ရုန်းကန်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ရီနေကာ အသက်ရှူကျပ်နေသည့် အသံများက သူမ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာ​ခဲ့သည်။

​သို့သော် စက္ကန့်အနည်းငယ် အကြာတွင်တော့ သူမ၏ ရုန်းကန်မှုက ရပ်တန့်သွားချေသည်။

​မူလက ကြည်လင်တောက်ပနေခဲ့သော်လည်း ယခုအခါ သွေးကြောများဖြင့် နီရဲနေသော ထိုမျက်လုံးများက ရုတ်တရက် မျက်တောင်ခတ်လိုက်၏။ ထို့နောက် နီရဲနေမှုများက ဒီရေကဲ့သို့ ပြန်လည်ဆုတ်ခွာသွားပြီး လူသားမဆန်သည့် ကြောက်မက်ဖွယ်ကောင်းသော တည်ငြိမ်မှုတစ်ခုကို ပြန်လည်ရရှိသွားလေသည်။

​သူမက ခေါင်းကို တောင့်တင်းစွာ ငဲ့လိုက်ရာ လည်ပင်းမှ ဂျွတ်ဟူသော သဲ့သဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အခုလေးတင် ဝင်ပူးထားသော ခန္ဓာကိုယ်နှင့် အကျွမ်းတဝင်ဖြစ်အောင် လုပ်နေသည့်အလားပင်။

​အစပိုင်းတွင် သူမ၏ လမ်းလျှောက်ဟန်မှာ ကြိုးဆွဲရုပ်တစ်ရုပ်ကဲ့သို့ အနည်းငယ် ထူးဆန်းပြီး တောင့်တင်းနေချေသည်။

​သို့သော် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင်တော့ လှုပ်ရှားမှုများက ပို၍ပို၍ ဟန်ချက်ညီကာ သဘာဝကျလာခဲ့သည်။ ခန္ဓာကိုယ်က ၎င်းနှင့် အမြဲတမ်း ပိုင်ဆိုင်ခဲ့ဖူးသည့်အလားပင်။

​သူမက ဝန်ဆောင်မှုတွန်းလှည်းကို တွန်းကာ ဧည့်ခန်းများ၏ နက်ရှိုင်းသောနေရာများဆီသို့ ဆက်လက် လျှောက်သွားလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းနက်ရှိုင်းရာတွင်တော့ မူလယုန်မလေး၏ တက်ကြွမှုနှင့် အသက်ဝင်မှုတို့ လုံးဝ မရှိတော့ဘဲ သားကောင်ကို ရှာဖွေနေသည့် အေးစက်သော ဂရုမစိုက်မှုများသာ ကျန်ရစ်တော့၏။

​တူညီသော ကြောက်မက်ဖွယ်မြင်ကွင်းများက အမှောင်လမင်းဟိုတယ်၏ ထောင့်တိုင်းတွင် တိတ်ဆိတ်စွာ ပေါ်ပေါက်နေချေသည်။

​ပိုမို သေးငယ်ပြီး ပျော့ပျောင်းသွက်လက်သော အချို့ ခိုးကြောင်ခိုးဝှက် ပုပ်သိုးကောငများက စီးဆင်းနေသော စေးပျစ်သည့် အရည်များကဲ့သို့ ဧည့်ခန်းတံခါး အက်ကွဲကြောင်းများ၊ လေဝင်လေထွက်ပေါက်များနှင့် ရေဆင်းပိုက်များမှတစ်ဆင့်ပင် တိတ်ဆိတ်စွာ ခိုးဝင်သွားကြသည်။

​ထို့နောက် ချက်ချင်းပင် ကျောချမ်းဖွယ်ကောင်းပြီး သိမ်မွေ့သော်လည်း ရှင်းလင်းပြတ်သားသော ဂျွတ်ဟူသည့် အသံအချို့က အချို့သော အခန်းများမှ ထွက်ပေါ်လာကြသည်။

​၎င်းမှာ အရိုးများ အတင်းအကျပ် လိမ်ချိုးခံလိုက်ရခြင်း သို့မဟုတ် ကျိုးကြေသွားခြင်း၏ အသံများဖြစ်ပြီး ထို့နောက်တွင်တော့ အရာအားလုံးက ဘာမှမဖြစ်ခဲ့ဖူးသည့်အလား သေမင်းတမန် တိတ်ဆိတ်မှုကြီးထဲသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

အခန်း ၄၇၂ပြီး၏။

All Chapters