← Chapters

အခန်း ၄၇၃

Vol. 48 Ch. 473

အခန်း ၄၇၃

Vol. 48 Ch. 473

အခန်း (၄၇၃) ခရီးသွားများ စုဝေးလာခြင်း

​အခန်းအမှတ် ၁၈၀၈ အတွင်း....

​ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျန်းယဲ့က ရုတ်တရက် မျက်လုံးများပွင့်လာပြီး ချက်ချင်း ထိုင်လျက်သား ဖြစ်သွားသည်။

​အမှောင်ထဲတွင် သူ၏ မျက်ဝန်းများက သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှနေပြီး မည်သည့် ကြိုတင်သတိပေးချက်မှ မရှိဘဲ ကျရောက်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အန္တရာယ်အငွေ့အသက်တစ်ခုကြောင့် သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေချေသည်။

​ဤသည်မှာ သာမန် သတိထားမိခြင်းမျိုး မဟုတ်ဘဲ ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှနေ၍ မသိနိုင်သော အန္တရာယ်များအတွက် တိုက်ရိုက် သတိပေးနေခြင်းပင်။

​တစ်စုံတစ်ခု ဝင်လာပြီ။

​အများကြီးပဲ။

​အဲဒါတွေက အငြိုးအတေးတွေနဲ့ ပြည့်နှက်နေတာ...

​သူက တုံ့ဆိုင်းနေခြင်းမရှိဘဲ မျိုးဗီဇလက်ကောက်၏ သီးသန့်လိုင်းမှတစ်ဆင့် ခရီးသွားအားလုံးထံသို့ အလေးအနက်ဆုံးနှင့် အလောတကြီး အရေးပေါ်လေသံဖြင့် ချက်ချင်း ဆက်သွယ်လိုက်၏။

​"အားလုံးပဲ... အခုချက်ချင်း ထကြ။ အခြေအနေ မဟန်ဘူး... ဘာလို့လဲဆိုတာ မမေးနဲ့... ဘာပစ္စည်းမှ မသိမ်းနဲ့... ကျွန်တော့်အခန်းဆီကို အမြန်ဆုံး လာခဲ့ကြ။ ထပ်ပြောမယ်... ကျွန်တော့်အခန်းဆီ အခုချက်ချင်း လာခဲ့ကြ..."

​ငြင်းဆန်၍မရနိုင်သော အရေးပေါ်လေသံအပြည့် ပါဝင်နေသည့် သူ၏ အသံက အိပ်မောကျနေသော ခရီးသွားအားလုံးကို ချက်ချင်း လန့်နိုးသွားစေခဲ့သည်။

​ဘာတွေ အတိအကျ ဖြစ်နေသလဲဆိုတာ မရှင်းလင်းသော်လည်း ကျန်းယဲ့က ဤကဲ့သို့ အရေးပေါ် ခေါ်ယူခြင်းမျိုးလုပ်သည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။

​ကျန်းယဲ့အပေါ် အကြွင်းမဲ့ယုံကြည်မှုနှင့် မျိုးဗီဇလက်ကောက်မှ ထွက်ပေါ်လာသော လေးနက်သည့် လေထုကြောင့် မည်သူမှ ပေါ့ပေါ့ဆဆ မနေရဲကြချေ။

​ကောင်းဝမ်ဖေး၊ လီကျန့်လင်းနှင့် အခြားသူများမှာ ကုတင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ကြပြီး အပေါ်ဝတ်အင်္ကျီများကို ကောက်စွပ်ကာ တံခါးဆီသို့ ပြေးသွားလိုက်ကြသည်။ ကျိုးယွီမော့၊ လျိုလင်းလင်းနှင့် အခြား အမျိုးသမီးခရီးသွားများမှာလည်း သူတို့၏ အကြောက်တရားကို ဖိနှိပ်ကာ လျင်မြန်စွာ လှုပ်ရှားလိုက်ကြ၏။

​အလျင်စလိုဖြစ်သော်လည်း ဖိနှိပ်ထားသော ခြေသံများက ဧည့်ခန်းစင်္ကြံလမ်းတွင် အလျင်အမြန် ပြည့်နှက်သွားခဲ့သည်။ အခန်းတံခါးများ ပွင့်လာပြီး ပုံရိပ်များက အခန်းအမှတ် ၁၈၀၈ ဆီသို့ စုဝေးလာကြလေသည်။

​ကျန်းယဲ့က တံခါးအနောက်တွင် ရပ်နေပြီး သူ၏ စိတ်စွမ်းအင်များက မမြင်ရသော ပင့်ကူအိမ်ကြီးတစ်ခုကဲ့သို့ အပြင်ဘက်သို့ ပြန့်ကျက်သွားကာ အပြင်ဘက်ရှိ လှုပ်ရှားမှုများကို အာရုံခံနေခဲ့သည်။

​ခရီးသွားများတွင် သေလောက်သည့် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်သော စနစ်ကာကွယ်ရေး ယန္တရားရှိကြောင်းကို သီအိုရီအရ သူ သိထားသည်။

​သို့သော် ဟိုတယ်အတွင်းသို့ တိတ်ဆိတ်စွာ ခိုးဝင်လာနိုင်သော ဤမသိနိုင်သည့် ထိတ်လန့်ဖွယ် သတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် သူ အနည်းငယ်မျှပင် ပေါ့ဆရန် မဝံ့ရဲချေ။

​အဖွဲ့ဝင်အားလုံး သူ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်သို့ ရောက်ရှိလာမှသာ သူ တကယ်ကို စိတ်အေးနိုင်မည်ဖြစ်၏။

​အန္တရာယ်က ဆိုက်ရောက်လာခဲ့ပြီ။

​ဤအေးချမ်းလှသော ဟိုတယ်ကြီးမှာ ဧရာမအမဲလိုက်ကွင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

​ကျိန်းကွေ့ဟုန်က တံခါးကို သတိထားကာ ဖွင့်လိုက်ချိန်တွင် အနံ့ဆိုးများကို သယ်ဆောင်လာသော မီးခိုးညိုရောင်အရိပ်တစ်ခုက သူ၏ဆီသို့ အဟုန်ပြင်းစွာ ပြေးဝင်လာဆလသည်။

​"ဝီ..."

​သူ၏ လက်ကောက်ဝတ်ရှိ မျိုးဗီဇလက်ကောက်က တိုးညှင်းသော်လည်း ခိုင်မာသော အလင်းရောင်တစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး မမြင်ရသော အတားအဆီးတစ်ခုကို ဖန်တီးကာ ထိုစေးကပ်ကပ် အရာကြီးကို ပြင်းထန်စွာ တန်ပြန်တွန်းထုတ်လိုက်ရာ တစ်ဖက်နံရံသို့ တုံးတိတိအသံနှင့်အတူ ဝင်တိုက်မိသွားစေသည်။

​"ချီးပဲ... အဲဒါကြီးက ဘာကြီးလဲ..." ကျိန်းကွေ့ဟုန်မှာ တုန်လှုပ်နေဆဲဖြစ်သော်လည်း နောက်ဆုံးတွင် ၎င်းမှာ ဘာဖြစ်ကြောင်း မြင်လိုက်ရ၏။ ၎င်းမှာ အဆက်မပြတ် ရုန်းကန်နေပြီး ရွံရှာဖွယ်ကောင်းသော လက်တံများဖြင့် ဖုံးလွှမ်းနေသည့် ခိုးကြောင်ခိုးဝှက် ပုပ်သိုးကောင်ပင်။

​အရုပ်ဆိုးလှသော ပုံပန်းသဏ္ဌာန်က သူ၏ အစာအိမ်ကို ကမောက်ကမ ဖြစ်သွားစေပြီး သူက မနေနိုင်တော့ဘဲ အသံထွက်၍ ဆဲဆိုလိုက်မိသည်။

​သူသာမကဘဲ အနည်းငယ် ရှေ့သို့ရောက်နေသော ဒေးဗစ်သည်လည်း အလားတူ အခြေအနေနှင့် ကြုံတွေ့လိုက်ရပြီး လက်ကောက်၏ ကာကွယ်ရေး ယန္တရားက တားဆီးပေးခဲ့သည်။

​တင်းမာနေသော လေထုက စင်္ကြံလမ်းထဲတွင် ချက်ချင်း ပြည့်နှက်သွားချေသည်။

​"ဒီတိုင်း ရပ်မနေကြနဲ့... ဒါရိုက်တာကျန်းဆီကို သွားကြ..." ကောင်းဝမ်ဖေးက အမြန်ဆုံး တုံ့ပြန်လိုက်ပြီး အသံကြား၍ စင်္ကြံထဲသို့ ထွက်လာကြသော အဖော်များကို အော်ဟစ်လိုက်၏။

​ဒီအထပ်တွင် လူဆယ်ယောက် နေထိုင်ကြသည်။

​လူဆယ်ယောက်မှာ အချိန်ဆွဲရန် မဝံ့ရဲဘဲ ၁၈ ထပ်သို့သွားရာ အရေးပေါ်ထွက်ပေါက် လှေကားဆီသို့ ချက်ချင်း ရွေ့လျားသွားလိုက်ကြသည်။

​ဓာတ်လှေကားဆီသို့ ရောက်သည်နှင့် အယ်လန်က အောက်ဆင်းသည့်ခလုတ်ကို နှိပ်ရန် အလိုအလျောက် လက်လှမ်းလိုက်သော်လည်း ကောင်းဝမ်ဖေးက သူ့ကို တားလိုက်ပြီး "ဓာတ်လှေကား မစီးနဲ့... အခြေအနေက မရှင်းမလင်းဖြစ်နေတာ။ လှေကားကနေ သွားတာ ပိုလုံခြုံတယ်...." ဟု ပြောလိုက်သည်။

​ကျိန်းကွေ့ဟုန်ကလည်း ချက်ချင်း ထောက်ခံလိုက်၏။ "ဟုတ်တယ်... ရုပ်ရှင်တွေထဲမှာဆို ဓာတ်လှေကားစီးတဲ့သူတွေက အမြန်ဆုံး သေတတ်တယ်"

​ထိုအချိန်မှာပင်...

​"ဒေါင်..."

​သူတို့ရှေ့ရှိ ဓာတ်လှေကားတံခါးတစ်ခုက မည်သည့် သတိပေးချက်မျှ မရှိဘဲ ပွင့်လာခဲ့သည်။

​အတွင်း၌ ဟိုတယ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယုန်သားရဲလူသား စားပွဲထိုးမလေးတစ်ဦးက ဝန်ဆောင်မှု တွန်းလှည်းတစ်ခုကို တွန်းကာ ရပ်နေချေသည်။

​သို့သော် သူမက ကောင်းဝမ်ဖေးနှင့် သူ၏အဖွဲ့ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပရော်ဖက်ရှင်နယ်ဆန်သော အပြုံးမျိုး မဟုတ်တော့ဘဲ ကြောက်မက်ဖွယ်ကောင်းပြီး လူသားမဆန်မှုများ အပြည့်ဖြင့် မယုံနိုင်လောက်အောင် ကျယ်ပြန့်ကာ တောင့်တင်းလွန်းသော အပြုံးကြီးတစ်ခု ဖြစ်နေချေသည်။

​ပြုံးနေသင့်သော ထိုမျက်လုံးများက ယခုအခါ သူတို့ကို ထူးဆန်းစွာ စိုက်ကြည့်နေ၏။

​"ပြေး..." ကောင်းဝမ်ဖေး၏ ကြက်သီးမွေးညင်းများ ချက်ချင်း ထောင်တက်သွားရသည်။ သူက အော်ဟစ်လိုက်ပြီး တုံ့ဆိုင်းနေခြင်းမရှိဘဲ လှည့်ကာ အနီးရှိ အရေးပေါ်ထွက်ပေါက် လှေကားဆီသို့ အပြေးအလွှား သွားတော့သည်။

​အခြားသူများမှာလည်း ထိုကျောချမ်းဖွယ် အပြုံးကြီးကြောင့် ထိတ်လန့်သွားကြပြီး လှေကားထဲသို့ အပြေးအလွှား ဝင်သွားလိုက်ကြသည်။

​လှေကားထဲသို့ နောက်ဆုံးမှ ဝင်လာသော ကျိန်းကွေ့ဟုန်က လေးလံသော မီးကာတံခါးကြီးကို ဆောင့်ပိတ်လိုက်ပြီး ချက်ချင်းပင် သော့ချိတ်လိုက်သည်။ သူက ရှေ့မှ လှေကားအတိုင်း ပြေးတက်နေပြီဖြစ်သော အဖော်များကို အော်ဟစ်လိုက်၏။ "ပြေးကြ... အဲဒီကောင် လာနေပြီ"

​သူတို့လုပ်လိုက်သော ဆူညံသံက လှေကားထဲရှိ အခြားသော အရာများကို သတိပေးလိုက်ပုံရသည်။

​"ဒေါက်... ဒေါက်... ဒေါက်..."

​"ရှဲ..."

​ကျောချမ်းဖွယ်ရာ အသံတစ်ခုက သူတို့၏ ခေါင်းပေါ်နှင့် ခြေအောက်မှနေ၍ တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့သည်။

​အသံများက သိပ်သည်းပြီး ရှုပ်ထွေးနေကာ တစ်ခုထက်ပိုသော အရာများရှိနေကြောင်းနှင့် ၎င်းတို့က အပေါ်နှင့် အောက် နှစ်ဖက်စလုံးမှနေ၍ သူတို့ရှိရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။

​ကောင်းဝမ်ဖေးက အပေါ်သို့ တစ်ချက်မော့ကြည့်လိုက်ပြီး အောက်သို့ ပြန်ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာက ချက်ချင်း စိမ်းဖပ်သွားရတော့သည်။

​"ချီးပဲ... ပိတ်မိသွားပြီ"

​အမဲလိုက်ခံနေရသည့် အကြောက်တရားက လူတိုင်းကို လွှမ်းမိုးသွားလေသည်။

​၁၈ ထပ်ရှိ ဒါရိုက်တာကျန်း၏ အခန်းဆီသို့ အမြန်ဆုံးရောက်ရန် အသည်းအသန် ကြိုးစားရင်း သူတို့က လှေကားပေါ်သို့ ရူးသွပ်စွာ ပြေးတက်သွားကြသည်။

​ဒါက တစ်ထပ်သာ ကွာဝေးပြီး ပုံမှန်ဆိုလျှင် ခြေလှမ်းအနည်းငယ် လျှောက်လိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း ရောက်နိုင်ချေသည်။

​သို့သော် ဤအခိုက်အတန့်တွင် အလွန်အမင်း အကြောက်တရား၏ ဖိအားနှင့် အနောက်မှ တဖြည်းဖြည်း နီးကပ်လာသော ထိတ်လန့်ဖွယ် အသံများအောက်တွင် လှေကားကြီးမှာ အဆုံးအစမရှိအောင် ရှည်လျားသွားသကဲ့သို့ ထင်ရပြီး ခြေလှမ်းတိုင်းက ထူးထူးခြားခြားလေးလံနေကာ သူတို့၏ အဆုတ်များ ပူလောင်လာပြီး ခြေထောက်များမှာ ခဲရည်များ ထည့်ထားသကဲ့သို့ လေးလံနေကြသည်။

​အနောက်တွင် ကျန်ရစ်နေသော ဒေးဗစ်မှာ သူ၏ နှလုံးသားက ပေါက်ကွဲထွက်လုမတတ် ခုန်နေပြီး မနေနိုင်တော့ဘဲ နောက်သို့ လှည့်ကြည့်လိုက်မိ၏။ ထိုအကြည့်တစ်ချက်ကပင် သူ့ကို ဝိညာဉ်လွင့်ထွက်မတတ် ကြောက်လန့်သွားစေချေသည်။

​ဝင်ပူးခံထားရသော ယုန်သားရဲလူသား စားပွဲထိုးမလေး၏ ယခင်က ပုံမှန်ဖြစ်နေသော မျက်နှာကြီးက ရုတ်တရက် ပွင့်ထွက်သွားပြီး ချွန်ထက်သော သွားများ အထပ်ထပ် ပါဝင်သည့် စုပ်ခွက်ကြီးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကြီးတစ်ခုက ဂြိုဟ်သားတစ်ကောင်လို ပစ်ထွက်လာကာ စေးကပ်နေသော သွားရည်များ ယိုစီးကျရင်း ဒေးဗစ်၏ ကျောပြင်ဆီသို့ အံ့မခန်း အမြန်နှုန်းဖြင့် ခုန်အုပ်လာခဲ့သည်။

​"ဝီ..."

​ဒေးဗစ်၏ မျိုးဗီဇလက်ကောက်က ထပ်မံလင်းလက်လာပြီး မမြင်ရသော အတားအဆီးတစ်ခုက ကြောက်မက်ဖွယ် ပါးစပ်ကြီးနှင့် ယုန်သားရဲလူသားကို ပြင်းထန်စွာ တန်ပြန်တွန်းထုတ်လိုက်ရာ အနောက်မှ လိုက်လာနေသော အခြား ဝင်ပူးခံထားရသည့် သားရဲလူသားတစ်ဦးနှင့် ဝင်တိုက်မိသွားစေသည်။ ထိုနှစ်ဦးမှာ အတူတကွ လုံးထွေးလည်ထွက်သွားပြီး လိုက်လာသူများကို ယာယီ ဟန့်တားလိုက်နိုင်ခဲ့ချေသည်။

​သူတို့တွင် ကာကွယ်ရေးယန္တရားများ ရှိကြောင်း သိထားသော်လည်း နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ဤကြောက်မက်ဖွယ်မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရခြင်းက လူတိုင်း၏ အသက်ရှင်သန်ရေး ဗီဇများကို နှိုးဆွပေးလိုက်ပြီး သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ကျန်ရစ်တော့သည်။

​ပြေး...

​အသက်လုပြီး ပြေးကြတော့...

​ရှေ့ဆုံးတွင်ရှိနေသော ကောင်းဝမ်ဖေးက ၁၈ ထပ်၏ အရေးပေါ်ထွက်ပေါက် ဆိုင်းဘုတ်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ သူက လေးလံသော မီးကာတံခါးကြီးကို သူ၏ အစွမ်းကုန် အင်အားဖြင့် တွန်းဖွင့်လိုက်၏။

​သို့သော် စင်္ကြံလမ်းထဲသို့ ခြေချလိုက်သည်နှင့် သူက ရုတ်တရက် ရပ်တန့်သွားပြီး အသက်ရှူမှားသွားရသည်။

​အလင်းရောင် မှုန်ဝါးနေသော စင်္ကြံလမ်းထဲတွင် ပုံရိပ် ခြောက်ခု၊ ခုနစ်ခုခန့်က မှုန်ဝါးဝါး လမ်းလျှောက်နေသည်ကို မြင်တွေ့လိုက်ရသည်။

​ရေချိုးဝတ်ရုံ ဝတ်ဆင်ထားသော ဧည့်သည်များနှင့် သန့်ရှင်းရေးတွန်းလှည်းကို တွန်းနေသော ဝန်ဆောင်မှု ဝန်ထမ်းများ ပါဝင်နေချေသည်။ သူတို့၏ လှုပ်ရှားမှုများက တောင့်တင်းနေပြီး မျက်လုံးများက ဟာလာဟင်းလင်းဖြစ်နေကာ ချွင်းချက်မရှိ သူတို့အားလုံးက ထိုကျောချမ်းဖွယ်ကောင်းသော အပြုံးကြီးများကို တပ်ဆင်ထားကြသည်။

​ကောင်းဝမ်ဖေးနှင့် သူ၏အဖွဲ့ လုပ်လိုက်သော ဆူညံသံကို ကြားသောအခါ ဤလူများအားလုံးက လှည့်ကြည့်လာကြပြီး သူတို့၏ ကျောချမ်းဖွယ် အပြုံးများက ချက်ချင်းပင် စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သွေးနံ့ရသွားသော ငမန်းများကဲ့သို့ သူတို့က ယိမ်းယိုင်နေသော်လည်း အလျင်အမြန်ပင် သူတို့ရှိရာသို့ ဦးတည်လာကြသည်။

​"ချီးပဲ... ဒါက ဖုတ်ကောင်ကားမျိုးလား" ကောင်းဝမ်ဖေးက မနေနိုင်ဘဲ ဆဲဆိုလိုက်မိ၏။ သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းမှာ ကမ္ဘာပျက်ခေတ်ဇာတ်ကားထဲမှ ဇွန်ဘီကပ်ဘေးကြီးနှင့် ကွက်တိ တူညီနေခဲ့သည်။

​ဤအရေးကြီးသော အခိုက်အတန့်တွင်...

​"ဒိုင်း..."

​စင်္ကြံလမ်း၏ အလယ်တွင် အခန်းအမှတ် ၁၈၀၈ ၏ တံခါးက အတွင်းမှနေ၍ ရုတ်တရက် ပွင့်လာချေသည်။

​ကျယ်လောင်သော အသံကြီးက ကပ်ပါးကောင်များ အားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

အခန်း ၄၇၃ပြီး၏။

All Chapters