← Chapters

အခန်း ၄၇၄

Vol. 48 Ch. 474

အခန်း ၄၇၄

Vol. 48 Ch. 474

အခန်း (၄၇၄) ဟိုတယ်မှ ထွက်ခွာခြင်း

​ကျန်းယဲ့က အေးစက်ကာ ကြမ်းတမ်းသော အမူအရာဖြင့် တံခါးဝတွင် ပေါ်လာသည်။

​ကပ်ပါးကောင် တစ်ဝက်ခန့်က ချက်ချင်း ဦးတည်ရာပြောင်းသွားကြပြီး ဟိန်းဟောက်ကာ ပုံပျက်ပန်းပျက် ဟန်ပန်မျိုးစုံဖြင့် ကျန်းယဲ့ထံသို့ ခုန်အုပ်လာကြ၏။ ကျန်တစ်ဝက်ကတော့ ကောင်းဝမ်ဖေးနှင့် သူ၏အဖွဲ့ဆီသို့ အပြင်းအထန် ဆက်လက် ပြေးဝင်သွားကြသည်။

​သို့သော် ကျန်းယဲ့ထံသို့ ပြေးဝင်လာသော ကပ်ပါးကောင်များမှာ သူ၏ပတ်လည် ၅ မီတာခန့် အကွာအဝေးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဆူးများဖုံးလွှမ်းနေသော မမြင်ရသည့် တံတိုင်းကြီးတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ပင်။ သူတို့၏ ခန္ဓာကိုယ်များက မည်သည့် သတိပေးချက်မျှ မရှိဘဲ ဖောက်ဟူသော အသံများနှင့်အတူ ပေါက်ကွဲထွက်သွားကြပြီး အနံ့ဆိုးများထွက်နေသည့် သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကာ စင်္ကြံလမ်းထဲတွင် ချက်ချင်း ပြန့်နှံ့သွားချေသည်။

​ထို့နောက် ချက်ချင်းပင် ကောင်းဝမ်ဖေးနှင့် အဖွဲ့ဆီသို့ ပြေးဝင်သွားသော ကပ်ပါးကောင်များမှာလည်း မမြင်ရသော အင်အားတစ်ခု၏ သက်ရောက်မှုကို ခံလိုက်ရပြီး တစ်ချိန်တည်းမှာပင် သူတို့အားလုံးက အရှေ့မှအကောင်များနည်းတူ သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားကြသည်။

​သန့်ရှင်းသပ်ရပ်ပြီး ထိရောက်ကာ မလိုအပ်ဘဲ အချိန်ဆွဲနေခြင်းမျိုး လုံးဝ မရှိခဲ့ချေ။

​ကောင်းဝမ်ဖေးနှင့် အခြားသူများမှာ အံ့အားသင့်ကာ မှင်တက်သွားကြရသည်။ ဒါရိုက်တာကျန်းသည် အလွန်အမင်း စွမ်းအားကြီးမားကြောင်း သူတို့ သိထားကြသော်လည်း နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ဤစွမ်းအားမျိုးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတိုင်း သူတို့မှာ မယုံနိုင်လောက်အောင် တုန်လှုပ်နေရဆဲပင်။

​ဤတစ်ကြိမ်တွင် စနစ်မှ ပေးထားသော နယ်မြေအကျယ်အဝန်းက သိပ်မကြီးမားလှချေ။

​သိုင်းကျင့်စဉ် ကမ္ဘာမှာတုန်းကလောက် ပျော်စရာမကောင်းဘူးပဲ....

​ကျန်းယဲ့က မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး ဤစွမ်းအားကို သိပ်မကျေနပ်သေးပုံရသည်။

​သို့သော် ဤအရာက ခရီးသွားများကို ကာကွယ်ရန်နှင့် ငါးပေါက်စကလေးများကို ရှင်းလင်းရန်အတွက်တော့ လုံလောက်သည်ထက်ပင် ပိုနေသေး၏။

​သူတို့၏ လမ်းကို ပိတ်ဆို့ထားသော ကြောက်မက်ဖွယ် မိစ္ဆာကောင်များ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ အသက်ရှင်ကျန်ရစ်သူ ဆယ်ဦးစလုံး သက်ပြင်းရှည်ကြီးကို ချလိုက်နိုင်ပြီး သူတို့၏ ခြေထောက်များက ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ ပြိုကျလုနီးပါး ဖြစ်သွားကြရသည်။

​ကျန်းယဲ့က ခိုင်မာသော တိုင်လုံးကြီးတစ်တိုင်ကဲ့သို့ ထိုနေရာတွင် ရပ်နေသည်ကို မြင်သောအခါမှသာ လူတိုင်း၏ နှလုံးသားများက နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။

​"ဘာလို့ အဲဒီမှာ ရပ်နေကြတာလဲ။ အခုချက်ချင်း ဒီကိုလာခဲ့ကြလေ..." ကျန်းယဲ့က ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သော လူဆယ်ယောက်ကို အော်ပြောလိုက်၏။

​ထိုအခါမှသာ ကောင်းဝမ်ဖေးနှင့် အခြားသူများက ဘာဖြစ်နေသလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားကြပြီး အခန်းအမှတ် ၁၈၀၈ ဆီသို့ အလျင်အမြန် ပြေးဝင်သွားလ်ုက်ကြသည်။

​နောက်ဆုံးလူ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့က လေးလံသော တံခါးကြီးကို ချက်ချင်း ပိတ်ကာ သော့ခတ်လိုက်သည်။

​အခန်းထဲတွင် စောစောကတည်းက ရောက်ရှိနေကြသော အခြားခရီးသွားများဖြင့် ပြည့်ကျပ်နေပြီဖြစ်ပြီး တစ်ယောက်မျှ မလျော့ဘဲ စုစုပေါင်း သုံးဆယ့်တစ်ယောက် အတိအကျပင်။

​အကြောက်တရား အရိပ်အယောင်များက လူတိုင်း၏ မျက်နှာပေါ်တွင် စွဲထင်နေဆဲဖြစ်ပြီး သူတို့က အမောတကော အသက်ရှူနေကြကာ ကပ်ဘေးကြီးမှ အသက်ရှင်လွတ်မြောက်လာသည့် စိတ်သက်သာရာရမှုက လေထုထဲတွင် ပျံ့နှံ့နေခဲ့သည်။

​လျိုလင်းလင်းက ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော သူမ၏ ရင်ဘတ်ကို ဖိထားရင်း တုန်ယင်နေဆဲ အသံဖြင့် မေးလိုက်၏။ "ဒါရိုက်တာကျန်း... ဘာ... ဘာတွေ ဖြစ်နေတာလဲ။ အဲဒီမိစ္ဆာကောင်တွေက ဘာတွေလဲ..."

​ကျန်းယဲ့၏ အကြည့်က ကြောက်လန့်မှု မပြေသေးသော လူအုပ်ကြီးပေါ်သို့ ဝေ့ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော် မှန်းတာ မမှားဘူးဆိုရင် ညစ်ညမ်းကိုယ်ထည် အရေအတွက် အတော်များများက တစ်နည်းနည်းနဲ့ C-နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာပုံရတယ်။ ပြီးတော့ သူတို့က ဝင်ပူးပြီး ခန္ဓာကိုယ်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေပုံပဲ..."

​သူက ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ကန့်လန့်ကာစကို အနည်းငယ် မ,တင်လိုက်ပြီး မြို့ကို ကြည့်လိုက်သည်။ နီယွန်မီးရောင်များ လင်းလက်နေဆဲ ဖြစ်သော်လည်း ရုတ်ရုတ်သဲသဲ အသံများနှင့် ဥဩဆွဲသံများကို ခပ်သဲ့သဲ့ ကြားနေရချေသည်။

​"အခု အပြင်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲဆိုတာ စောင့်ကြည့်ရအောင်..."

​ကျန်းယဲ့၏ စကားကို ကြားသောအခါ အခန်းထဲရှိ လူတိုင်းမှာ အလွန်အမင်း တည်ငြိမ်သွားကြသည်။

​သူတို့ လုံခြုံသည်ဟု ထင်ထားခဲ့သော C-နယ်မြေမှာ ရုတ်တရက် မသိနိုင်သော ကပ်ဘေးတစ်ခုထဲတွင် နစ်မြုပ်နေပုံရသည်။

​ကောင်းဝမ်ဖေးက ကျန်းယဲ့ကို ကြည့်လိုက်ရာ သူ၏ အသံများက အကြောက်တရားကြောင့် တုန်ယင်နေဆဲပင်။ "ဒါရိုက်တာကျန်း... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ...."

​ဤမေးခွန်းက လူတိုင်း၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းပင်။

​အခန်းတွင်းရှိ လေထုမှာ ဖိနှိပ်ကာ လေးလံနေပြီး လူတိုင်းက ကျန်းယဲ့ကို စိုးရိမ်တကြီး ကြည့်နေကြ၏။

​ကျန်းယဲ့ စကားမပြောနိုင်မီမှာပင် ကျိုးယွီမော့က နောက်ထပ် မေးခွန်းတစ်ခုကို ထုတ်မေးလိုက်ပြန်သည်။ "လက်ရှိ အခြေအနေကို ကြည့်ရတာ ဟိုတယ်တစ်ခုလုံးကို အဲဒီအကောင်တွေ ဝင်စီးထားလောက်ပြီ။ ကျွန်တော်တို့ အခန်းထဲမှာပဲ ဆက်နေကြမလား... ဒါမှမဟုတ် အပြင်ထွက်ဖို့ နည်းလမ်းရှာကြမလား..."

​အယ်လန်က ချက်ချင်း ဝင်ပြောလိုက်၏။ "ကျွန်တော်ကတော့ ဟိုတယ်ထဲမှာပဲ နေတာ ပိုလုံခြုံမယ်လို့ ထင်တယ်။ ဒါရိုက်တာကျန်း ရှိနေသရွေ့ အဲဒီမိစ္ဆာကောင်တွေ ကျွန်တော်တို့အနားကို လုံးဝ မကပ်နိုင်ဘူးလေ"

​"မဟုတ်ဘူး... ကျွန်တော်တို့ ဟိုတယ်ထဲမှာ ဆက်နေလို့ ရမယ်မထင်ဘူး..." လီကျန့်လင်းက ခေါင်းယမ်းလိုက်ပြီး လေးနက်သော အမူအရာဖြင့် ငြင်းဆိုလိုက်၏။ "သားရဲလူသားတွေရဲ့ တပ်ဖွဲ့တွေက ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... သူတို့ကို ရှင်းလင်းဖို့ တန်ပြန်တိုက်ခိုက်မှုတွေ သေချာပေါက် လုပ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဒီဟိုတယ် အဆောက်အအုံကြီးက အဓိက စစ်မြေပြင်တွေထဲက တစ်ခု ဖြစ်သွားနိုင်တယ်။ တိုက်ပွဲတွေ ပြင်းထန်လာပြီး အဆောက်အအုံကြီး ပြိုကျသွားရင် ဒါမှမဟုတ် ပိုကြီးမားတဲ့ ကမောက်ကမတွေ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ အထဲမှာ ပိတ်မိနေတာက ပိုပြီး အန္တရာယ်များလိမ့်မယ်..."

​သူ၏ လက်တွေ့ကျသော စိုးရိမ်ပူပန်မှုများကို ထိုနေရာရှိ လူအများစုက ချက်ချင်း သဘောတူလိုက်ကြသည်။

​ဒီနေရာမှာပဲ ဆက်နေခြင်းက လုံခြုံသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ပို၍ အခက်တွေ့နိုင်သော အခြေအနေသို့ ရောက်သွားနိုင်ချေသည်။

​ကျန်းယဲ့က စကားမပြောသေးချေ။ သူက ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ကန့်လန့်ကာစကို ထပ်မံ မ,တင်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်၏။

​မြို့၏ နီယွန်မီးရောင်များက တောက်ပနေဆဲ ဖြစ်သော်လည်း အဝေးတွင် ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသည့် မီးတောက်များနှင့် စွမ်းအင်ရောင်ခြည်တန်းများက ညကောင်းကင်ယံကို ဖြတ်သန်းသွားသည်ကို ခပ်ရေးရေး မြင်တွေ့နေရသည်။ စူးရှသော ဥဩဆွဲသံများက ခပ်သဲ့သဲ့ ကြားနေရသော သားရဲများ၏ ဟိန်းဟောက်သံများ၊ ပေါက်ကွဲသံများနှင့် ရောနှောနေပြီး အပြင်ဘက်ရှိ ပရမ်းပတာဖြစ်မှုများမှာ ပိုမို ဆိုးရွားလာနေကြောင်း ညွှန်ပြနေခဲ့သည်။

​ညအမှောင်ထုအောက်တွင် ရေတွက်မရနိုင်သော သတ်ဖြတ်မှုများနှင့် အန္တရာယ်များက ပုန်းကွယ်နေကြသည်။

​ရှင်းဟွေ့ရှန်က စကားပြောလာသည်။ "ဒါရိုက်တာကျန်း... ကျွန်တော်တို့ ဆက်နေရမလား ဒါမှမဟုတ် ထွက်သွားရမလား... ဒါရိုက်တာကျန်း ပြောတဲ့အတိုင်း ကျွန်တော်တို့ အကုန်လုပ်ပါ့မယ်..."

​ကျန်းယဲ့က ကန့်လန့်ကာများကို ပြန်ချလိုက်ပြီးနောက် လှည့်ကာ လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်၏။ "ဒီကနေ ထွက်သွားကြမယ်... ဟိုတယ်က မလုံခြုံတော့ဘူး။ အခြေအနေတွေ လုံးဝ ထိန်းမနိုင်သိမ်းမရ မဖြစ်လာခင် ပိုပြီး ကျယ်ဝန်းတဲ့နေရာ ဒါမှမဟုတ် ပိုလုံခြုံတဲ့ နေရာတစ်ခုကို ကျွန်တော်တို့ ပြောင်းရွှေ့ရမယ်...."

​ကျန်းယဲ့၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ လူတိုင်း စိတ်သက်သာရာရသွားပြီး ရှင်းလင်းသော ဦးတည်ချက်တစ်ခုကို ရရှိသွားကြသည်။

​"အားလုံးပဲ... ကျွန်တော့်အနား ကပ်နေကြ" ကျန်းယဲ့က ညွှန်ကြားချက်များ စတင်ပေးလိုက်၏။ "မိန်းကလေးတွေက ကျွန်တော့်နောက်ကနေ လိုက်ခဲ့... ယောကျ်ားလေးတွေက နောက်ချန်နေခဲ့။ ဘေးနှစ်ဖက်နဲ့ အနောက်ဘက်ကို သတိထားကြ။ မှတ်ထားပါ... ဘာကိုပဲမြင်မြင် ထိတ်လန့်မသွားနဲ့... ဆူညံမနေနဲ့... ပြီးတော့ ကျွန်တော့်ရဲ့ မီတာ ၂၀ အကွာအဝေးထဲကနေ ထွက်မသွားကြနဲ့"

​မည်သူကမျှ ဤအစီအစဉ်ကို ကန့်ကွက်ခြင်း မရှိကြချေ။

​ဤကဲ့သို့သော အချိန်မျိုးတွင် ကျန်းယဲ့က သူတို့၏ တစ်ခုတည်းသော အားထားရာနှင့် လမ်းပြအလင်းရောင်ပင်။

​ကျန်းယဲ့က တံခါးကို ထပ်မံ ဖွင့်လိုက်သည်။

​စင်္ကြံလမ်းထဲတွင် ခိုးကြောင်ခိုးဝှက် ပုပ်သိုးကောင် ဝင်ပူးခံထားရသော အခြားသားရဲလူသားသုံးဦးက သွေးနံ့ရသွားသော ခွေးအများကဲ့သို့ တောင့်တင်းသော်လည်း လျင်မြန်သော လှုပ်ရှားမှုများဖြင့် တံခါးဆီသို့ ခုန်အုပ်လာကြသည်။

​သို့သော် သူတို့က ကျန်းယဲ့၏ အကွာအဝေးတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက်... အပြည့်အဝ ဟိန်းဟောက်ရန်ပင် အချိန်မရလိုက်မီမှာပင် သူတို့၏ ခန္ဓာကိုယ်များက အတွင်းပိုင်းမှ ဗုံးများ ပေါက်ကွဲသွားသည့်အလား ပေါက်ကွဲထွက်သွားကြသည်။ ဖောက်... ဖောက်... ဖောက်ဟူသည့် အသံသုံးသံနှင့်အတူ သူတို့က ချက်ချင်းပင် ထူထပ်သော သွေးမြူခိုးတိမ်တိုက်သုံးခုအဖြစ် ပေါက်ကွဲသွားပြီး အနံ့ဆိုးများက လေထုထဲတွင် ပြန့်နှံ့သွားကြသည်။

​ကျန်းယဲ့က အမူအရာကင်းမဲ့စွာဖြင့် အခန်းထဲမှ အရင်ဆုံး ထွက်လာခဲ့ပြီး ချွဲများနှင့် သွေးများ စွန်းထင်းနေသော ကော်ဇောပေါ်သို့ တက်နင်းလိုက်၏။

​သူ၏ အနောက်တွင်တော့ ခရီးသွားများက သူတို့၏ ပျို့အန်ချင်စိတ်နှင့် အကြောက်တရားကို ဖိနှိပ်ကာ ကပ်လျက် လိုက်ပါလာကြပြီး အဖွဲ့မှာ လျင်မြန်စွာနှင့် စည်းကမ်းတကျ ရွေ့လျားသွားကြသည်။

​ထို့နောက် အဖွဲ့က လှေကားဆီသို့ ဦးတည်သွားလိုက်ကြသည်။

​လှေကားရှိ မီးကာတံခါးကြီးကို တွန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပိုမိုပြင်းထန်သော သွေးနံ့များနှင့် အော်ဟစ်သံများက အပြင်သို့ ထွက်ပေါ်လာခဲ့သည်။

​သူတို့က လှေကားပေါ်မှ ဆင်းလာချိန်တွင် ဆူညံသံများကို ကြားပြီး အပေါ်နှင့် အောက်မှ တက်လာကြသော ညစ်ညမ်းကိုယ်ထည်များနှင့် ကပ်ပါးကောင်များက ဒီရေတစ်ခုကဲ့သို့ အဆက်မပြတ် ဝင်ရောက်လာကြရာ သူတို့၏ ပုံပျက်နေသော ခန္ဓာကိုယ်များမှာ မှိန်ဖျော့နေသည့် အရေးပေါ် မီးရောင်များအောက်တွင် တစ္ဆေသရဲများကဲ့သို့ ဖြစ်နေချေသည်။

​သို့သော် ဤတိတ်ဆိတ်နေသော အဖွဲ့မှာ မမြင်ရသည့် သန့်စင်ရေး စွမ်းအင်နယ်ပယ်တစ်ခုဖြင့် ဖုံးလွှမ်းခံထားရပုံရလေသည်။

​ချဉ်းကပ်လာရန် ကြိုးစားသည့် မည်သည့် မိစ္ဆာကောင်မဆို... မည်သည့် အရပ်မျက်နှာမှ ခုန်အုပ်လာသည်ဖြစ်စေ၊ မည်မျှပင် ရက်စက်ကြမ်းကြုတ်သည့် ပုံစံရှိနေပါစေ... ထိုမမြင်ရသည့် နယ်နိမိတ်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် တူညီသော ကံကြမ္မာကိုသာ ရင်ဆိုင်လိုက်ကြရသည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က သွေးမြူခိုးများအဖြစ် ပေါက်ကွဲသွားကြပြီး ပရမ်းပတာဖြစ်နေပြီးသား လှေကားနံရံများ၊ လှေကားထစ်များနှင့် လက်ရန်းများကို ပို၍ပင် နီရဲကာ ကြောက်မက်ဖွယ်ကောင်းသွားအောင် စွန်းထင်းသွားစေခဲ့သည်။

​သူတို့က တိတ်ဆိတ်စွာ ဆင်းလာကြရာ ဟာလာဟင်းလင်းဖြစ်နေသော လှေကားထဲတွင် သူတို့၏ ခြေသံများသာ ပဲ့တင်ထပ်နေချေသည်။

​အရှေ့ဘက်တွင် သွေးမြူခိုးများ ပေါက်ကွဲထွက်နေပြီး အနောက်ဘက်တွင်တော့ သွေးများနှင့် ခန္ဓာကိုယ် အပိုင်းအစများဖြင့် ခင်းကျင်းထားသော ကြောက်မက်ဖွယ် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

​စေးကပ်နေသော အရည်များက ဖိနပ်အောက်ခံများကို စိုရွှဲနေစေပြီး ပြင်းထန်သော သွေးနံ့ကြီးက အသက်ရှူကျပ်လုနီးပါး ဖြစ်စေသည်။

​ဤသည်မှာ သေမင်းတမန်များ ခင်းကျင်းပေးထားသော လွတ်မြောက်ရာလမ်းကြောင်းတစ်ခုနှင့် ပိုတူနေ၏။

​ကျန်းယဲ့သည် မမြင်ရသော တံစဉ်ကြီးတစ်ခုကို ကိုင်ဆောင်ထားသည့် ကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်ပြီး သူတို့အတွက် အလောင်းကောင်တောင်တန်းများနှင့် သွေးပင်လယ်များကြားမှ ရှင်သန်လွတ်မြောက်နိုင်မည့် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးနေချေသည်။

​လူတိုင်းက ခေါင်းငုံ့ထားကြပြီး ဘေးနှစ်ဖက်ရှိ ငရဲပြည်ကဲ့သို့ မြင်ကွင်းကို အချိန်ကြာကြာ မကြည့်ရဲကြဘဲ အရှေ့မှ အရပ်ရှည်ပြီး ခိုင်မာသော ကျောပြင်ကိုသာ အနီးကပ် လိုက်ပါသွားကြကာ ခြေတစ်လှမ်းမျှပင် နောက်ကျန်ရစ်ခဲ့ခြင်း မရှိစေရန် အထူး သတိထားနေကြသည်။

​ကျန်းယဲ့က သူ၏အဖွဲ့ကို ဟိုတယ်၏ ပရမ်းပတာဖြစ်နေသော အတွင်းပိုင်းမှတစ်ဆင့် လျင်မြန်စွာ ဦးဆောင်သွားလိုက်သည်။ ထိုနေရာတွင် ညစ်ညမ်းကိုယ်ထည်များနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ကျန်ရစ်ခဲ့သည့် ကြောက်မက်ဖွယ်မြင်ကွင်းများစွာအပြင် သေဆုံးသည့်တိုင် မျက်လုံးများ ပြူးကျယ်နေခဲ့ကြသော သားရဲလူသားအလောင်းများ သွေးအိုင်ထဲတွင် လဲကျနေသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။

​အသက်ရှင်ကျန်ရစ်သူ သားရဲလူသား ခရီးသွားအများစုမှာ ထွက်ပြေးလွတ်မြောက်ရန် အသည်းအသန် ကြိုးစားခဲ့ကြရာ ထွက်ပေါက်ဆီသို့ သွားရာလမ်းတစ်လျှောက်တွင် တိုက်ပွဲအမှတ်အသားများနှင့် ပြန့်ကျဲနေသော အပိုင်းအစများသာ ကျန်ရစ်ခဲ့လေသည်။

​နောက်ဆုံးတွင် သူတို့ ဟိုတယ် ဧည့်ခန်းမကြီးသို့ ရောက်ရှိသွားသောအခါ သူတို့ရှေ့ရှိ မြင်ကွင်းက ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းနေတော့သည်။

အခန်း ၄၇၄ပြီး၏။

All Chapters