အခန်း ၄၇၇
Vol. 48 Ch. 477
အခန်း (၄၇၇) လွတ်မြောက်ရေး လမ်းကြောင်းကို ဖန်တီးပေးခြင်း
ကျန်းယဲ့၏ တိတ်ဆိတ်နေမှုနှင့် သူ၏ မျက်ဝန်းထဲမှ ဖော်ပြ၍မရနိုင်သော ရှုပ်ထွေးသည့် ခံစားချက်များကို မြင်သောအခါ စကားထပ်ပြောချင်နေသေးသော လျိုလင်းလင်းနှင့် အခြား ခရီးသွားများမှာ ဘာဖြစ်နေသလဲဆိုတာကို နားလည်သွားကြသည်။
ပါးနပ်သူများက သူတို့၏ ကိုယ်ပိုင် ကာကွယ်ရေး ယန္တရားများတွင်လည်း ကန့်သတ်ချက်များစွာ ရှိနေကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် ဒါရိုက်တာကျန်း၏ အစွမ်းထက်သော တန်ပြန်တိုက်ခိုက်ရေး စွမ်းရည်တွင်လည်း အလားတူ သို့မဟုတ် ပို၍ပင် တင်းကျပ်သော ကန့်သတ်ချက်များ ရှိနေနိုင်သည်ဟု တွေးမိသွားကြ၏။
ကောင်းဝမ်ဖေးက လျိုလင်းလင်း၏ ပခုံးကို ပုတ်ကာ တိတ်ဆိတ်စွာ ခေါင်းယမ်းပြလိုက်သည်။
ဒေးဗစ်၊ အယ်လန်နှင့် အခြားသူများကလည်း သူတို့၏ လက်သီးများကို တိတ်ဆိတ်စွာ ဆုပ်ထားလိုက်ကြလေသည်။
အပြင်ဘက်ရှိ သေဆုံးသွားသော သူ၏ ရဲဘော်ရဲဘက်များကို ကြည့်ရင်း ရန်းက မေးခွင့်မရှိကြောင်း သိထားသော်လည်း မနေနိုင်ဘဲ မေးလိုက်မိ၏။
"မစ္စတာကျန်း... ခင်ဗျားမှာ တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား"
ကျန်းယဲ့က ရန်းကို ကြည့်ကာ "မရှိဘူး" ဟု ပြန်ဖြေလိုက်သည်။
ထိုစကားလုံးနှစ်လုံးက ရန်းကို မျှော်လင့်ချက် ကင်းမဲ့သွားစေချေသည်။
လမ်းတစ်လျှောက်လုံးတွင် သူ့ရှေ့ရှိ ဤလူ၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် နတ်ဘုရားကဲ့သို့သော စွမ်းရည်များကို သူ မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
သူသာ လှုပ်ရှားလိုက်ပါက အပြင်ဘက်ရှိ အဆင့် (၇) ညစ်ညမ်းကိုယ်ထည်ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်မည်ဟု သူ ခံစားနေရသည်။
ဒါပေမဲ့ သူက ဘာလို့ မလှုပ်ရှားတာလဲ....
တိတ်ဆိတ်နေသော ကျန်းယဲ့နှင့် အကြောင်းစုံကို နားလည်သဘောပေါက်နေပုံရသည့် ခရီးသွားများကို ကြည့်ရင်း ရန်းက နားမလည်နိုင်သော်လည်း ဘာမှ ထပ်မပြောဝံ့တော့ချေ။
ဘာလို့လဲဆိုတော့ သူက မေးခွင့်မရှိဘူးလေ.....
ဘာလို့လဲဆိုတော့ သူက သူတို့ကို အသက်တစ်ချောင်း အကြွေးတင်နေသေးလို့ပဲ....
အဆောက်အအုံအတွင်း၌ မျှော်လင့်ချက် ကင်းမဲ့နေသည့် လေထုက မင်ရည်များကဲ့သို့ ထူထပ်စွာ ပြန့်နှံ့နေခဲ့သည်။
နိုင်ငံသားတစ်ဦးက ငိုကြွေးသံဖြင့် "ငါတို့က ဒီမှာပဲ သေဖို့ စောင့်နေရတော့မှာလား။ မြို့လယ်ကောင်တောင် မလုံခြုံတော့ဘူးလေ..." ဟု အော်ဟစ်လိုက်သည်။
ထိုအချိန်မှာပင် သွေးများ ပေကျံနေသော မြို့စောင့်တပ် တပ်စုမှူးတစ်ဦးက ဧည့်ခန်းမကြီးထဲသို့ အပြေးအလွှား ဝင်လာပြီး အသံချဲ့စက်ဖြင့် အော်ပြောလိုက်၏။ "အားလုံးပဲ တည်တည်ငြိမ်ငြိမ် နေကြပါ။ ကယ်ဆယ်ရေးယာဉ်တွေ နေရာယူပြီးပြီ။ အားလုံးကို အသုတ်လိုက်ခွဲပြီး ဘေးလွတ်ရာ ပို့ပေးမယ်။ ကျေးဇူးပြုပြီး ပြင်ဆင်ထားကြပါ... ညွှန်ကြားချက်တွေကို နာခံပြီး ကားပေါ်ကို စည်းကမ်းတကျ တက်ကြပါ..."
ဤသတင်းက အမှောင်ထဲရှိ အလင်းရောင်တန်းတစ်ခုကဲ့သို့ နိုင်ငံသားအားလုံး၏ ရင်ထဲတွင် မျှော်လင့်ချက်များကို ချက်ချင်း လင်းလက်သွားစေချေသည်။
အပြင်ကမ္ဘာမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေသေးပေမယ့် ကျိုးပေါက်တော့မည့် ဤဘေးကင်းဇုန်မှ ထွက်ပြေးရခြင်းက ဒီအတိုင်း ထိုင်ပြီး သေဖို့ စောင့်နေရတာထက်တော့ ပိုကောင်းသေးသည်။
လူအုပ်ကြီးက လှုပ်ရှားလာပြီး သူတို့၏ အသက်ရှင်သန်ရေး ဗီဇများက ထွက်ပေါက်ဆီသို့ တိုးဝှေ့သွားရန် တွန်းအားပေးနေကြသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ဝင်ပေါက်နှင့် အနီးဆုံးတွင် ရှိနေသဖြင့် လူအုပ်ကြီး၏ တွန်းပို့မှုကြောင့် အဆောက်အအုံအပြင်ဘက် ရင်ပြင်၏ အစွန်းသို့ ရောက်ရှိသွားကြသည်။
သို့သော် မြို့စောင့်တပ်က ထွက်ပေါက်အပြင်ဘက်တွင် တားမြစ်မျဉ်းတစ်ခုကို အလျင်အမြန် ကာရံလိုက်ပြီး "မတွန်းကြနဲ့... တန်းစီကြ။ စည်းကမ်းတကျ တက်ကြ။ ကားတွေ လုံလုံလောက်လောက် ရှိတယ်။ အကုန်လုံး စုပြုံတိုးနေရင် ဘယ်သူမှ တက်လို့ရမှာ မဟုတ်ဘူး" ဟု အော်ဟစ်လိုက်၏။
တစ်ချိန်တည်းမှာပင် ရင်ပြင်ထဲမှ တိုးညှင်းသော စက်ယန္တရား လည်ပတ်သံများ ထွက်ပေါ်လာခဲ့သည်။
ရင်ပြင်၏ အလယ်ဗဟိုနှင့် အစွန်းများရှိ ဧရာမ ကျောက်ပြားကြီးများက ဖြည်းညှင်းစွာ နိမ့်ဆင်းသွားပြီး ရွေ့လျားသွားရာ အောက်ဘက်တွင် ပုန်းကွယ်နေသော ဧရာမ နေရာလွတ်ကြီး ပေါ်လာချေသည်။
ထို့နောက် ချက်ချင်းပင် လူရာနှင့်ချီ တင်ဆောင်နိုင်သော ဧရာမ စစ်သုံးသယ်ယူပို့ဆောင်ရေး ယာဉ်ကြီးများက ဆွဲငင်အား ဆန့်ကျင်ရေး ကိရိယာများ၏ မောင်းနှင်မှုဖြင့် မြေအောက်မှ ချောမွေ့စွာ တက်လာကြပြီး တိတ်ဆိတ်နေသော သံမဏိ အသက်ကယ်လှေများကဲ့သို့ ရင်ပြင်ပေါ်တွင် စည်းကမ်းတကျ ရပ်နားလိုက်ကြသည်။
"မြန်မြန်... ကားပေါ်တက်"
"အမျိုးသမီးတွေနဲ့ ကလေးတွေကို အရင်ပေးတက်... မလုကြနဲ့..."
"အထဲကို တိုးဝင်... အပေါက်ဝမှာ မပိတ်ထားနဲ့..."
မြို့စောင့်တပ်ဖွဲ့ဝင်များက စည်းကမ်းထိန်းသိမ်းရန်နှင့် ထိတ်လန့်နေသော နိုင်ငံသားများကို ဤမျှော်လင့်ချက် သင်္ဘောများပေါ်သို့ ပို့ဆောင်ပေးရန် အသံနာသည်အထိ အော်ဟစ်နေခဲ့ကြသည်။
ကယ်ဆယ်ရေးယာဉ်များကို မြင်သောအခါ နိုင်ငံသားများက ကောက်ရိုးမျှင်ကို ဆွဲကိုင်ထားရသည့်အလား ကားတံခါးများဆီသို့ အပြေးအလွှား တိုးဝှေ့သွားကြရာ ပရမ်းပတာ မြင်ကွင်းကြီးကို ဖန်တီးနေချေသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့က ရင်ပြင်၏ တစ်ဖက်ခြမ်းရှိ အတော်လေး ကျယ်ဝန်းသော ထောင့်တစ်နေရာသို့ တိတ်ဆိတ်စွာ ဆုတ်ခွာလိုက်ပြီး အရာအားလုံးကို စောင့်ကြည့်နေကြသည်။
သူတို့က ကားပေါ်တက်ရန် တန်းစီနေသော လူအုပ်ကြီးထဲသို့ ဝင်မသွားကြချေ။
လူအုပ်ကို ညွှန်ကြားနေသော မြို့စောင့်တပ်ဖွဲ့ဝင်တစ်ဦးက သူတို့ကို သတိထားမိသွားပြီး အထူးသဖြင့် ကောင်းဝမ်ဖေး၏ တွဲပေးမှုကို ခံထားရကာ ထင်ရှားစွာ ဒဏ်ရာရနေသော ရန်းကို သတိထားမိသွား၏။
သူက အနားသို့ လျှောက်လာပြီး "ဘာလို့ အဲဒီမှာ ရပ်နေကြတာလဲ။ ကားပေါ်တက်လေ... ထွက်သွားနိုင်မယ့် အသုတ်တိုင်းကို အရင်ပို့ပေးရမယ်။ ငါတို့ ဒီမှာ ကြာကြာတောင့်ခံထားနိုင်မှာ မဟုတ်ဘူး" ဟု အလျင်စလို တိုက်တွန်းလိုက်သည်။
ကျန်းယဲ့က တည်ငြိမ်စွာ ခေါင်းယမ်းလိုက်ပြီး ဂရုမစိုက်သည့် လေသံဖြစ်သော်လည်း ငြင်းဆန်၍ မရနိုင်သော တည်ငြိမ်မှုတစ်ခုဖြင့် "မလိုဘူး... ငါတို့ ဒီမှာပဲ နေခဲ့မယ်" ဟု ပြန်ဖြေလိုက်သည်။
ဒဏ်ရာရနေသော ရန်းက ထွက်ပြေးတော့မည့် ယာဉ်ပျံများကို ကြည့်လိုက်၏။ သူလည်း တက်သွား၍ ရသော်လည်း သူ၏ ရင်ထဲမှ အသံတစ်ခုက ဤလူများနှင့်အတူ ဆက်နေခြင်းက အလုံခြုံဆုံး ရွေးချယ်မှုဖြစ်ကြောင်း သူ့ကို ပြောနေချေသည်။
မြို့စောင့်တပ်ဖွဲ့ဝင်က ရပ်တန့်သွားပြီး သူ၏ မျက်ဝန်းများတွင် ရှုပ်ထွေးမှုနှင့် နားမလည်နိုင်မှုများ ပြည့်နှက်သွားရသည်။
ဒီလို အသက်လုနေရတဲ့ အခြေအနေမျိုးမှာတောင် ထွက်ပြေးမယ့် အခွင့်အရေးကို လက်လွှတ်လိုက်တဲ့လူတွေ ရှိနေတာပဲ....
သို့သော် ဤအခိုက်အတန့်တွင် သူသည် သောင်းနှင့်ချီသော နိုင်ငံသားများကို ပို့ဆောင်ပေးရမည့် လေးလံသော တာဝန်ကို ထမ်းဆောင်ထားရသဖြင့် ဆက်လက် စုံစမ်းနေရန် အချိန်မရှိချေ။ သူက သူတို့ကို လူထူးဆန်းများကို ကြည့်သည့် အကြည့်မျိုးဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ပရမ်းပတာဖြစ်မှုများကြားတွင် စည်းကမ်းထိန်းသိမ်းရန် ပြန်လှည့်သွားတော့သည်။
ကျန်းယဲ့၏ အကြည့်က ယာဉ်ပေါ်သို့ အလုအယက် တက်နေကြသော လူအုပ်ကြီးကို ကျော်လွန်၍ အဝေးရှိ ပုပ်သိုးချောက်ကမ်းပါး ခေါင်းစုံမိစ္ဆာကြီးကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သော မြို့စောင့်တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ရေးသားရဲလူသားများဆီသို့လည်းကောင်း၊ ကောင်းကင်ယံတွင် ပစ်ချခံရပြီး ပေါက်ကွဲနေသော တိုက်ခိုက်ရေး ယာဉ်ပျံများဆီသို့လည်းကောင်း ရောက်ရှိသွားရာ သူ၏ မျက်ဝန်းများက နက်ရှိုင်းနေခဲ့သည်။
သယ်ယူပို့ဆောင်ရေးယာဉ်အချို့မှာ လူအပြည့် မဖြစ်သေးဘဲ စိုးရိမ်ပူပန်နေသော နိုင်ငံသားများက အသည်းအသန် တိုးဝှေ့နေကြဆဲ ဖြစ်သော်လည်း ရှေ့တန်းမှ သတင်းများက သူတို့၏ ခေါင်းပေါ်သို့ ရေခဲရေ တစ်ပုံး လောင်းချလိုက်သကဲ့သို့ပင်... ခံစစ်မျဉ်းများ ပြိုကျနေပြီ ဖြစ်သည်။
"အစီရင်ခံပါတယ်။ တတိယနဲ့ သတ္တမ ခံစစ်ဇုန်တွေ ကျသွားပါပြီ။ ခေါင်းစုံမိစ္ဆာကြီးက စွမ်းအင်ဟန့်တားရေး ကွန်ရက်ကို ဖောက်ထွက်ပြီး ရင်ပြင်နားကို ချဉ်းကပ်လာနေပါပြီ..."
"လေကြောင်းတပ်ဖွဲ့ရဲ့ အကျအဆုံးက ၆၀ ရာခိုင်နှုန်း ကျော်သွားပါပြီ။ ထပ်ပြောမယ်... ၆၀ ရာခိုင်နှုန်း ကျော်သွားပါပြီ...."
"ကျွန်တော်တို့... ကြာကြာ တောင့်မခံနိုင်တော့ပါဘူး...."
ကွပ်ကဲရေးစင်တာအတွင်းတွင် အမြင့်ဆုံးတပ်မှူးက ဆက်တိုက် ဝင်ရောက်လာသော သတင်းဆိုးများကို နားထောင်ရင်း သူ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။
ပြတ်သားသော အရောင်တစ်ခုက သူ၏ မျက်ဝန်းများထဲတွင် ဖြတ်ပြေးသွားပြီးနောက် သူက ဆက်သွယ်ရေးစက်မှတစ်ဆင့် အမိန့်တစ်ခုကို ထုတ်လိုက်၏။
" မီးပွားစစ်ဆင်ရေးကို စတင် အကောင်အထည်ဖော်... ကယ်ဆယ်ရေးယာဉ်တွေ အားလုံး တံခါးတွေကို အခုချက်ချင်း ပိတ်။ အာရုံလွှဲတဲ့ အစီအစဉ်ကို အသက်သွင်းပြီး ယာဉ်တွေ ထွက်သွားဖို့ အခွင့်အရေး ဖန်တီးပေးကြ။ မြန်မြန်လုပ်..."
အမိန့်က တောင်တစ်လုံးကဲ့သို့ လေးလံကာ အသင့်စောင့်နေသော သယ်ယူပို့ဆောင်ရေး ယာဉ်တိုင်းဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။
"ဒိုင်း... ဒိုင်း..."
နောက်ခဏ၌ လေးလံသော တံခါးကြီးများက ဟိုက်ဒရောလစ်အသံကြီးများနှင့်အတူ ပိတ်သွားပြီး ကားပေါ်သို့ မတက်နိုင်ဘဲ အသည်းအသန် ထုနှက်ကာ အော်ဟစ်နေကြဆဲဖြစ်သော နိုင်ငံသားများကို ရက်စက်စွာ အပြင်သို့ တွန်းထုတ်လိုက်၏။
"တံခါးဖွင့်ပေးပါ... ကျွန်မတို့ကို တက်ခွင့်ပြုပါ..."
"ကျေးဇူးပြုပြီး... ကျွန်တော့်ကလေး အထဲမှာ ကျန်နေခဲ့တယ်..."
"ငါတို့ကို ပစ်မထားခဲ့ပါနဲ့...."
ရင်ပြင်ပေါ်တွင် မျှော်လင့်ချက်မဲ့ အော်ဟစ်သံများနှင့် တံခါးထုနှက်သံများ ပဲ့တင်ထပ်နေပြီး အရှေ့ဘက်မှ နားကွဲမတတ် ပေါက်ကွဲသံကြီးများနှင့်အတူ ကြေကွဲဖွယ်ရာ သံစုံတီးဝိုင်းကြီးတစ်ခုကို ဖန်တီးနေချေသည်။
ကွပ်ကဲရေးစင်တာ အတွင်းတွင် အမြင့်ဆုံးတပ်မှူးက သက်ပြင်းရှည်ကြီးတစ်ခုကို ရှိုက်လိုက်ပြီး သူ၏ လက်ထောက်ကို တိုးညှင်းသော အသံဖြင့် မေးလိုက်၏။ "ငြိမ်းချမ်းစေသူတွေ အားလုံး ကားပေါ်ကို ရောက်သွားပြီလား...."
လက်ထောက်က လေးနက်စွာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ အရာရှိ... သူတို့ အားလုံး ကားပေါ်ရောက်သွားပြီး တတိယအသုတ်နဲ့ ပဉ္စမအသုတ်ထဲမှာ ရောနှောပါသွားပြီလို့ အတည်ပြုထားပါတယ်။ သူတို့ ထွက်ပြေးနိုင်ဖို့ အကာအကွယ်ပေးတဲ့အနေနဲ့ ရှုပ်ထွေးမှုတွေကြားမှာ လုံလောက်တဲ့ ပရမ်းပတာ အခြေအနေကို ကျွန်တော်တို့ ဖန်တီးပေးပါ့မယ်..."
တပ်မှူးက လေးလံစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်ဝန်းများက အေးစက်ကာ ပြတ်သားနေခဲ့သည်။ "အရမ်းကောင်းတယ်... ညစ်ညမ်းကိုယ်ထည် အားလုံးရဲ့ အာရုံကို ဆွဲဆောင်ထား။ ငါတို့ အားလုံး ဒီမှာ အသေခံရရင်တောင်... သူတို့ကတော့ အသက်ရှင်လျက် ထွက်သွားနိုင်ရမယ်။ သူတို့က မြင့်မြတ်လက်သည်း မြို့တော်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေပဲ..."
"ဟုတ်ကဲ့ပါ အရာရှိ... တာဝန် အောင်မြင်ရပါမယ်" လက်ထောက်က ပြတ်သားစွာ အလေးပြုလိုက်ပြီး လှည့်ကာ ထွက်သွားတော့သည်။
တပ်မှူး၏ အကြည့်များက ဧရာမသံမဏိဝေလငါးကြီးများနှင့် တူသော အောက်ဘက်ရှိ သယ်ယူပို့ဆောင်ရေး ယာဉ်ကြီးများဆီသို့ ကျရောက်သွားပြီး သူ၏ အမူအရာက ရှုပ်ထွေးနေချေသည်။
'ဒါက ငါ လုပ်ပေးနိုင်တဲ့ အရာအားလုံးပဲ....'
ကျန်တာကတော့ သူတို့ရဲ့ ကံတရားအပေါ်မှာပဲ မူတည်တော့တယ်... ဒီသေမင်းတမန်ဇုန်ထဲကနေ သူတို့ဘာသာ တိုက်ခိုက်ပြီး ဖောက်ထွက်ကြရတော့မှာပဲ....
တစ်ချိန်တည်းမှာပင် ရင်ပြင်၏ ကောင်းကင်ယံရှိ ကျန်ရှိနေသေးသော မြို့စောင့်တပ် ယာဉ်ပျံတပ်ဖွဲ့က သူတို့၏ နောက်ဆုံးအမိန့်ကို ရရှိသွားကြသည်။
သူတို့က အနိုင်ယူရန် မဖြစ်နိုင်လုနီးပါးဖြစ်နေသော အဆင့် (၇) ညစ်ညမ်းကိုယ်ထည်ကို သတ်ပစ်ရန် အာရုံမစိုက်တော့ဘဲ အသေခံတိုက်ခိုက်မှု ပြုလုပ်တော့မည့်အလား သူတို့၏ လက်နက်အားလုံးကို ညစ်ညမ်းကိုယ်ထည်၏ အာရုံခံစားမှု အလွယ်ဆုံး အစိတ်အပိုင်းများဆီသို့ စုပြုံပစ်ခတ်လိုက်ကြပြီး သူတို့ကိုယ်သူတို့ ငါးစာအဖြစ်ပင် အသုံးပြုလိုက်ကြသည်။
ညစ်ညမ်းကိုယ်ထည်၏ ဒေါသနှင့် အာရုံကို တတ်နိုင်သမျှ ဆွဲဆောင်နိုင်ရန် ၎င်း၏ ပတ်လည်တွင် ရန်စသည့် လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်လိုက်ကြပြီး အောက်ဘက်တွင် ပျံတက်တော့မည့် သယ်ယူပို့ဆောင်ရေး ယာဉ်များအတွက် အဖိုးတန်သော လွတ်မြောက်ရေး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်ကြသည်။
ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော မီးတောက်များက ဧရာမ ပုပ်သိုးချောက်ကမ်းပါး ခေါင်းစုံမိစ္ဆာကြီး၏ အပေါ်သို့ ပို၍ပင် ပြင်းထန်စွာ ကျရောက်သွားပြီး မီးလောင်နေသော အဝတ်အစားတစ်ခု ဖုံးအုပ်ပေးလိုက်သည့်အလားပင်။
မိစ္ဆာကောင်ကြီး၏ ဟိန်းဟောက်သံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေပြီး ၎င်းကို ရန်စရဲသော ပိုးဖလံများဆီသို့ နောက်ထပ် လက်တံများစွာက ရူးသွပ်စွာ ရိုက်ခတ်လာကြသည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ရင်ပြင်၏ အစွန်းတစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး ခမ်းနားကြီးကျယ်ကာ ရက်စက်ကြမ်းကြုတ်လှသော စစ်ပွဲကြီးတစ်ခုထဲသို့ ရောက်ရှိနေသည့်အလား ခံစားနေကြရသည်။
အရှေ့ဘက်တွင် ငရဲပြည်ကဲ့သို့ စစ်မြေပြင်တစ်ခု.... သတ်ဖြတ်မှုများနှင့် ပြင်းထန်သော မီးတောက်များဖြင့် ပြည့်နှက်နေသော မြင်ကွင်းတစ်ခု ရှိနေချေသည်။ နားကွဲမတတ် ဟိန်းဟောက်သံများနှင့် ပေါက်ကွဲသံများက ကြားနေရပြီး မြင့်မားလှသော မီးတောက်ကြီးများက ရင်ပြင်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေကာ လူတိုင်း၏ မျက်နှာပေါ်ရှိ လေးနက်ကာ တင်းမာနေသော အမူအရာများကို ရောင်ပြန်ဟပ်နေကြသည်။
သူတို့၏ အနောက်ဘက်တွင်တော့ ကားပေါ်သို့ မတက်နိုင်ခဲ့သူများ၏ မျှော်လင့်ချက်မဲ့ အော်ဟစ်သံများနှင့် ငိုကြွေးသံများက နောက်ခံတေးဂီတတစ်ခုကဲ့သို့ ဤကမ္ဘာပျက်မည့် မြင်ကွင်းကြီးထဲသို့ အနက်ရှိုင်းဆုံးသော ဝမ်းနည်းမှုများကို ထည့်သွင်းပေးနေခဲ့လေသည်။
အခန်း ၄၇၇ပြီး၏။