← Chapters

အခန်း ၄၇၉

Vol. 48 Ch. 479

အခန်း ၄၇၉

Vol. 48 Ch. 479

အခန်း (၄၇၉) သားရဲကမ္ဘာမှ ထွက်ခွာခြင်း

​ဒီနေ့ဆိုသည့် နေ့ရက်ကား မြင့်မြတ်လက်သည်းမြို့တော်ရှိ နိုင်ငံသားတိုင်း၏ ဝိညာဉ်အထိ နက်ရှိုင်းစွာ စွဲထင်သွားမည့်၊ ဘယ်သောအခါမှ မေ့ပျောက်၍မရနိုင်သော နေ့တစ်နေ့အဖြစ် ကံကြမ္မာက ဖန်တီးလိုက်ပြီဖြစ်၏။

​အကြောင်းမူကား သူတို့သည် ကြီးမားလှသော အံ့ဖွယ်မြင်ကွင်းကြီးတစ်ခုအား ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့လိုက်ရသောကြောင့်ပင်။

​ကြမ်းတမ်းလှသည့် အဆင့် (၄)၊ အဆင့် (၅) ညစ်ညမ်းကိုယ်ထည်များသာမက အဆုံးအစမရှိသည့် မျှော်လင့်ချက်မဲ့မှုများကို ယူဆောင်လာခဲ့သော အဆင့် (၇) ပုပ်သိုးချောက်ကမ်းပါး ခေါင်းစုံမိစ္ဆာကြီးနှင့် နောက်ဆုံးအချိန်၌ ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများဖြင့် ရုတ်တရက် ပေါ်ထွက်လာသော အဆင့် (၈) မျိုးဗီဇပြောင်း မိစ္ဆာကောင်ကြီးတို့ပင် ပါဝင်နေခဲ့သည်။

​သို့သော်ငြားလည်း ထိုလျှို့ဝှက်ဆန်းကြယ်လှသည့် အပြာရောင်ဝတ်ရုံနှင့် လူငယ်လေး၏ရှေ့မှောက်တွင်မူ ၎င်းတို့က ပူပြင်းလှသော နေရောင်အောက်မှ ရေခဲတုံးများကဲ့သို့ လုံးဝစွမ်းဆောင်နိုင်စွမ်း ကင်းမဲ့နေခဲ့ကြ၏။

သူ၏ ကာကွယ်ရေးနယ်ပယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားကြရသည်။

​သူက တုန်လှုပ်ခြင်းအလျင်းမရှိသည့် ရှေးဟောင်းတောင်ကြီးတစ်လုံးပမာ ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေချေသည်။ ပြင်ပကမ္ဘာ၌ မည်မျှပင် သွေးထွက်သံယိုဖြစ်ကာ မိစ္ဆာကောင်များက မည်မျှပင် ကြမ်းတမ်းနေပါစေ သူက တစ်ချက်ကလေးမျှပင် မတုန်လှုပ်ခဲ့ချေ။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ညစ်ညမ်းမှုများနှင့် မကောင်းဆိုးဝါးဟူသမျှအား အလွယ်တကူ သန့်စင်ဖျက်ဆီးပစ်နိုင်ခဲ့သည်။

​ထိုညက အသက်ရှင်ကျန်ရစ်သည့် တိုက်ခိုက်ရေး သားရဲလူသားများဟာ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြပြီး မြို့အနှံ့ ပြန့်ကျဲနေသည့် ညစ်ညမ်းကိုယ်ထည် လှိုင်းလုံးများအား ဗဟိုရင်ပြင်ဆီသို့ ရောက်ရှိလာစေရန် သူတို့၏ အသက်များ၊ သတ္တိများဖြင့် တစ်ကောင်ပြီးတစ်ကောင် ဆွဲဆောင်လာကြသည်။

​ရင်ပြင်ပတ်လည်ရှိ တစ်ချိန်က စည်ကားခဲ့သော အဆောက်အအုံများမှာ အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့သည်မှာ ကြာပြီဖြစ်၏။

​နေရာအနှံ့၌ ညစ်ညမ်းကိုယ်ထည်များ၏ အကြွင်းအကျန်များနှင့် စေးကပ်နေသည့် သွေးများ ရောနှောနေသော ပျို့အန်ချင်စရာကောင်းလှသည့် အနီရင့်ရောင် အညစ်အကြေးများက အလွှာထူထူ ဖုံးလွှမ်းနေခဲ့သည်။

အစူးရှဆုံးသော သွေးညှီနံ့ကြီးက မြို့တစ်မြို့လုံးအား လွှမ်းခြုံထားပြီး လေထုကပင် စေးပျစ်ကာ လေးလံနေသလို ခံစားရစေကာ ရှူသွင်းလိုက်သည့် လေတိုင်း၌ သံချေးနံ့နှင့် သေမင်း၏ အနံ့အသက်များ ပါဝင်နေချေသည်။

​ကျန်းယဲ့နှင့် မီတာနှစ်ဆယ်အကွာအဝေး၌ နောက်ဆုံးဟိန်းဟောက်နေသည့် ညစ်ညမ်းကိုယ်ထည်က သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားပြီး အသံများ လုံးဝတိတ်ဆိတ်သွားချိန်၌... အရှေ့ဘက် ကောင်းကင်ယံမှ မိုးသောက်ယံ၏ ပထမဆုံးသော အလင်းရောင်များက စတင်လင်းလက်လာခဲ့ပြီ ဖြစ်သည်။

​နွေးထွေးပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသည့် နံနက်ခင်းနေရောင်ခြည်က ရွှေရောင်ဇာပုဝါလေးတစ်ခုပမာ ကပ်ဘေးကြီးအား ဖြတ်သန်းခဲ့ရသည့် ဤမြေပြင်ပေါ်သို့ ညင်သာစွာ ကျရောက်လာ၏။ ညဉ့်ယံ၏ အမှောင်ထုနှင့် သွေးထွက်သံယိုမှုများကို ဖယ်ရှားပေးလိုက်ကာ မြို့တော်ကြီးအား အသက်တစ်ခု ယူဆောင်လာပေးသည့်အလားပင်။

​ကျန်းယဲ့၏ ပတ်ပတ်လည်တွင် ရပ်နေကြသော အသက်ရှင်ကျန်ရစ်သူ သားရဲလူသားများဟာ... တပ်မှူးများဖြစ်စေ၊ မြို့စောင့်တပ်ဖွဲ့ဝင်များဖြစ်စေ၊ သာမန်နိုင်ငံသားများဖြစ်စေ သူတို့အားလုံး၏ ခန္ဓာကိုယ်ထက်၌ သွေးများ၊ ဖုန်မှုန့်များဖြင့် ပြည့်နှက်နေပြီး တစ်ညလုံး တိုက်ပွဲဝင်ခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများက မျက်နှာပေါ်တွင် ထင်ဟပ်နေကြသည်။

​သို့သော် နေရောင်ခြည်က သူတို့၏ မျက်နှာများထက် ကျရောက်လာချိန်တွင်မူ ပင်ပန်းနွမ်းနယ်မှုများအစား ကျေးဇူးတင်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် စစ်မှန်သော အပြုံးများက အစားထိုး ဝင်ရောက်လာကြသည်။

​အမြင့်ဆုံးတပ်မှူးက ပျက်စီးနေသည့် သူ၏သံချပ်ကာအား သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ကျန်းယဲ့ဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ ထို့နောက် သူက ခါးကိုမတ်ကာ ညာဘက်လက်သီးကို ဆုပ်၍ ဘယ်ဘက်ရင်အုံ နှလုံးသားတည်ရှိရာဆီသို့ ပြင်းထန်စွာ ထုလိုက်ပြီးနောက် အလွန်နက်ရှိုင်းစွာ ဦးညွှတ်လိုက်လေသည်။

​၎င်းကား သားရဲလူသားမျိုးနွယ်စု၏ အမြင့်မြတ်ဆုံးနှင့် ရှေးအကျဆုံးသော ဂါရဝပြုသည့် ဓလေ့တစ်ခုဖြစ်ပြီး အမြင့်ဆုံးသော ရိုသေလေးစားမှုနှင့် ခိုင်မာသည့် သစ္စာစောင့်သိမှုကို ကိုယ်စားပြုချေသည်။

​သူ၏ လှုပ်ရှားမှုနှင့်အတူ ရင်ပြင်ထဲရှိ သောင်းနှင့်ချီသော အသက်ရှင်ကျန်ရစ်သူ အားလုံးက... တိုက်ပွဲဝင် သူရဲကောင်းများဖြစ်စေ၊ သာမန်အရပ်သားများဖြစ်စေ အားလုံးက တညီတညွတ်တည်း လှည့်လာကြပြီး ကျန်းယဲ့ရှိရာ အရပ်မျက်နှာဆီသို့ တူညီသည့် ဟန်ပန်ဖြင့် ဂါရဝပြုလိုက်ကြသည်။

​လူထောင်သောင်းချီ ပြုလုပ်လိုက်ကြသည့် တိတ်ဆိတ်သော ထိုဂါရဝပြုအခမ်းအနားကြီးက စကားလုံးပေါင်း ထောင်သောင်းမကထက်ပင် ပိုမိုထိရောက်စွာ ကျေးဇူးတင်မှုနှင့် လေးစားမှုတို့ကို ဖော်ပြပေးနေခဲ့သည်။

​ကျန်းယဲ့က သူတို့၏ ဦးညွှတ်ဂါရဝပြုမှုအား တည်ငြိမ်စွာ လက်ခံလိုက်ပြီးနောက် တပ်မှူးအား "ကျွန်တော်တို့ သွားသင့်ပြီ..." ဟု ပြောလိုက်၏။

​ထိုစကားကြောင့် တပ်မှူး၏ မျက်နှာပေါ်၌ အလောတကြီးဖြစ်မှုနှင့် အံ့အားသင့်မှုတို့ ပေါ်ထွက်လာရသည်။

​သူက ရှေ့တိုးလာကာ "သခင်... အကယ်လို့ အဆင်ပြေမယ်ဆိုရင် မြင့်မြတ်လက်သည်းမြို့တော်ကို ကြီးကြပ်ပေးဖို့ ဒီနေရာမှာ ဆက်နေပေးနိုင်မလား ခင်ဗျာ..." ဟု စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်သည်။ ဤပုဂ္ဂိုလ်သာ သူတို့မြို့တော်၌ အခြေချနေထိုင်မည်ဆိုပါက မည်သည့် ညစ်ညမ်းကိုယ်ထည်ကိုမျှ ကြောက်စရာ လိုတော့မည် မဟုတ်ချေ။

​သို့သော် ကျန်းယဲ့က အနည်းငယ် ခေါင်းယမ်းလိုက်ပြီး အိမ်ပြန်ချင်နေပြီဖြစ်သည့် သူ၏ဘေးနားမှ ခရီးသွားများကို တစ်ချက်ကြည့်ကာ "ကျွန်တော်တို့က ဒီကို လာလည်တဲ့ ခရီးသွားတွေ သက်သက်ပါပဲ... အိမ်ပြန်ရမယ့် အချိန်ရောက်ရင်တော့ သဘာဝကျကျ အိမ်ပြန်ရမှာပေါ့..." ဟု ပြန်လည်ဖြေကြားလိုက်သည်။

​"အိမ်ပြန်ရမယ်..." တပ်မှူးက အံ့အားသင့်သွားပြီး အလျင်အမြန် မေးလိုက်၏။ "သခင့်ရဲ့ မြင့်မြတ်တဲ့ နာမည်ကို သိခွင့်ပြုပါ... သခင်က ဘယ်လို ခမ်းနားကြီးကျယ်တဲ့ မြို့တော်ကနေ လာတာလဲ ခင်ဗျာ။ တစ်နေ့ကျရင် ကျွန်တော်တို့ သေချာပေါက်..."

​ကျန်းယဲ့က ပြုံးကာ သူ့စကားကို ဖြတ်ပြောလိုက်ပြီး သူ၏ နာမည်ကိုသာ ချန်ရစ်ခဲ့သည်။ "ကျွန်တော့်နာမည်က ကျန်းယဲ့ပါ..."

​အခြားကိစ္စများနှင့် ပတ်သက်၍ သူ အများကြီး မပြောတော့ဘဲ "ရေစက်ပါရင် နောက်တစ်ကြိမ် ပြန်ဆုံကြသေးတာပေါ့..." ဟုသာ ပြုံးလျက် ပြောလိုက်သည်။

​ထို့နောက် အချိန်ဆွဲမနေတော့ဘဲ လှည့်ကာ ခရီးသွား သုံးဆယ်ကို ဦးဆောင်လျက် ကြိုတင်ပြင်ဆင်ထားသည့် ယာဉ်ပျံပေါ်သို့ တက်သွားတော့သည်။

​တပ်မှူးနှင့် ရင်ပြင်ထဲရှိ သားရဲလူသားများ၊ နိုင်ငံသားများ အားလုံးက လမ်းဖယ်ပေးလိုက်ကြပြီး ယာဉ်ပျံအား တိတ်ဆိတ်စွာဖြင့် ရိုသေလေးစားစွာ ငေးကြည့်နေခဲ့ကြ၏။

​ယာဉ်ပျံက လေထဲသို့ ဖြည်းညှင်းစွာ တက်သွားခဲ့ပြီး ၎င်း၏ ချောမွေ့သည့် ကိုယ်ထည်က တက်လာသည့် နေမင်းကြီး၏ ရွှေရောင်အလင်းတန်းများအောက်တွင် မြင့်မြတ်သည့် အလင်းရောင်ဂြိုဟ်ဝန်းတစ်ခု ဖုံးအုပ်ခံထားရသကဲ့သို့ တောက်ပနေချေသည်။

၎င်းက မျှော်လင့်ချက်နှင့် အသက်သစ်တစ်ခုကို ကိုယ်စားပြုသည့် အရှေ့ဘက်က နေမင်းကြီးဆီသို့ တည်ငြိမ်စွာ ပျံသန်းသွားခဲ့ပြီး တဖြည်းဖြည်း ဝေးကွာသွားကာ နောက်ဆုံးတွင် အပြာရောင် ကောင်းကင်ယံထဲ၌ ပျောက်ကွယ်သွားတော့သည်။

​ယာဉ်ပျံအတွင်း၌ အလိုအလျောက် မောင်းနှင်သည့်စနစ်ကို ချိန်ညှိထားပြီး မသိနိုင်သည့် ဦးတည်ချက်တစ်ခုဆီသို့ ချောမွေ့စွာ ပျံသန်းသွားနေချေသည်။

​မိနစ်အနည်းငယ် အကြာ၌ ယာဉ်ပျံက တိမ်များကြားထဲ ဖြတ်သန်းသွားချိန်တွင် ယာဉ်ပျံအတွင်းပိုင်းအား နူးညံ့သည့် အလင်းရောင်သုံးဆယ့်တစ်တန်းက ရုတ်တရက် လင်းထိန်သွားခဲ့သည်။ ထို့နောက် အလင်းရောင်က ကျန်းယဲ့နှင့် ခရီးသွားတစ်ယောက်ချင်းစီအား ဖုံးလွှမ်းသွား၏။

​နောက်ခဏ၌... အလင်းရောင်နှင့်အတူ လူသုံးဆယ့်တစ်ယောက်လုံး ယာဉ်ပျံထဲရှိ သူတို့၏ ထိုင်ခုံများပေါ်မှ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အလား တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြချေသည်။

​ဟာလာဟင်းလင်း ဖြစ်သွားသည့် ယာဉ်ပျံကတော့ ညွှန်ကြားချက်များအတိုင်း ဆက်လက် ပျံသန်းသွားလေတော့သည်။

​........

​ကျန်းယဲ့နှင့် သူ၏အဖွဲ့မှာ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်ရောက်သွားကြပြီ ဖြစ်သည်။

​အချိန်နှင့် ဟင်းလင်းပြင် အကူးအပြောင်းကြောင့် ခဏတာ မျက်စိလည်လမ်းမှား ဖြစ်သွားစေခဲ့သော်လည်း ပတ်ဝန်းကျင်မှ ခပ်သဲ့သဲ့ ရနေသည့် သွေးညှီနံ့က ကျန်းယဲ့အား လက်တွေ့ကမ္ဘာဆီသို့ ချက်ချင်း ပြန်လည်ဆွဲခေါ်လာခဲ့သည်။

​သူက အချိန်ဆွဲမနေဘဲ အရင်ဆုံး ရေချိုးလိုက်၏။

​နွေးထွေးသည့် ရေက တိုက်ပွဲကြောင့် ခြောက်သွေ့နေသည့် သွေးများနှင့် ဖုန်မှုန့်များကို ဆေးကြောပေးရုံသာမက သားရဲကမ္ဘာ၌ စုဆောင်းလာခဲ့သည့် လေးလံမှုများနှင့် ပင်ပန်းနွမ်းနယ်မှုများကိုပါ သယ်ဆောင်သွားပေးသလို ခံစားရစေသည်။

သူ၏ စိတ်နှင့် ခန္ဓာကိုယ်နှစ်ခုစလုံး၏ တင်းမာမှုများ ပြေလျော့သွားပြီး ကာလရှည် ပျောက်ဆုံးနေခဲ့သည့် ပင်ပန်းနွမ်းနယ်မှု ခံစားချက်တစ်ခုက အစားထိုး ဝင်ရောက်လာချေသည်။

​ထို့နောက် သူ၏ ဗိုက်က အလိုအလျောက် မြည်ဟည်းလာခဲ့သည်။ ကျန်းယဲ့က ခေါင်းကို ပေါ့ပေါ့ပါးပါး သုတ်လိုက်ပြီး မီးဖိုချောင်ထဲဝင်ကာ ဟင်းရည်ကြည်နှင့် ခေါက်ဆွဲတစ်ပန်းကန်ကို အမြန်လုပ်စားလိုက်ပြီးနောက် ကုတင်ပေါ်သို့ ပစ်လှဲလိုက်တော့သည်။

​ဤတစ်ကြိမ်တွင်မူ သူက ပုံမှန်လိုမျိုး ကျင့်ကြံကာ အိပ်စက်ခြင်းအား နှင့် အစားမထိုးခဲ့ချေ။

​သူ၏ လေးလံနေသည့် မျက်ခွံများ ပိတ်ကျသွားပြီး အသိစိတ်က အိပ်မက်ကင်းမဲ့သည့် အမှောင်ထုထဲသို့ လျင်မြန်စွာ နစ်မြုပ်သွားတော့သည်။ သူက သူ၏ စွမ်းအင်များအားလုံးကို ပြန်လည် ဖြည့်တင်းရန် ကြိုးစားနေသည့်အလား အလွန် နှစ်နှစ်ခြိုက်ခြိုက်နှင့် ငြိမ်းချမ်းစွာ အိပ်ပျော်သွားခဲ့သည်။

​ကျန်းယဲ့ မျက်လုံးများ ပြန်ဖွင့်လာချိန်၌ ပြတင်းပေါက် အပြင်ဘက်တွင် မိုးလင်းနေပြီ ဖြစ်၏။ နူးညံ့သည့် နံနက်ခင်း နေရောင်ခြည်က ပြတင်းပေါက်ဘောင်မှတစ်ဆင့် အိပ်ခန်းထဲသို့ ဖြာကျနေခဲ့သည်။

​ကုတင်ပေါ်၌ မျက်လုံးဖွင့်လိုက်သည့် ကျန်းယဲ့၏ အကြည့်များက စူးရှကြည်လင်နေပြီး ယခင်က ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ လုံးဝပျောက်ကွယ်သွားကာ လန်းဆန်းတက်ကြွနေပုံရ၏။

​သူက ထိုင်လိုက်ပြီး ကုတင်ဘေး စားပွဲခုံပေါ်ရှိ နာရီကို တစ်ချက် ကြည့်လိုက်ရာ... မနက် ၅:၃၀ သာ ရှိသေးလေသည်။

​"ဟင်..." ကျန်းယဲ့က အနည်းငယ် အံ့အားသင့်သွားပြီး သူ ဆယ်နာရီကျော်ခန့် အိပ်ပျော်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

​စတင်ကျင့်ကြံနိုင်ကတည်းက ကျန်းယဲ့၏ အိပ်ချိန်များ အလွန်နည်းပါးသွားခဲ့သည် မဟုတ်ပါလော။ ယခုကဲ့သို့ အချိန်ကြာမြင့်စွာ အိပ်ပျော်သွားခြင်းက သူ့အတွက်တော့ ရှားပါးလှသည့် ကိစ္စတစ်ခုပင်။

​ထို့နောက် သက်သောင့်သက်သာရှိသည့် မီးခိုးဖျော့ရောင် အားကစားဝတ်စုံကို လဲဝတ်ပြီးနောက် သူက ပုံမှန်အတိုင်းပင် အိမ်ရာဝင်းအနီးက ပန်းခြံလမ်းလေး၌ အပြေးလေ့ကျင့်ခန်း အပတ်အနည်းငယ် ပြုလုပ်လိုက်သည်။

​နံနက်ခင်း လေထုက အေးမြပြီး လန်းဆန်းနေခဲ့၏။ ထို့နောက် သူက ရင်းနှီးနေသည့် နံနက်စာဆိုင်လေးဆီသို့ ယုံကြည်မှုရှိစွာ လျှောက်သွားလိုက်သည်။

​"ဘော့စ်... ပုံမှန်အတိုင်းပဲ.... တို့ဟူးအစပ် အစာသွတ်ပေါက်စီ လေးလုံးနဲ့ တို့ဟူးနု ပူပူလေး တစ်ပွဲ ပေးပါ"

​"ရပြီ... ရှောင်ယဲ့ရေ..."

​အငွေ့တထောင်းထောင်း ထနေသည့် ပေါက်စီများနှင့် အရသာရှိသည့် တို့ဟူးနုက သက်သောင့်သက်သာရှိမှုနှင့် ကျေနပ်မှုကို ယူဆောင်လာပေးသည်။

​နံနက်စာ စားပြီးနောက် ကျန်းယဲ့က ခရီးသွားအေဂျင်စီဆီသို့ ဖြည်းညှင်းစွာ လျှောက်ပြန်လိုက်လာသည်။

​ဒုတိယထပ် ဧည့်ခန်းဆီ ရောက်သည့်အခါ သူက ရေတစ်ခါ ထပ်ချိုးလိုက်ပြီး သန့်ရှင်းသည့် တီရှပ်အဖြူနှင့် ပေါ့ပေါ့ပါးပါး ဘောင်းဘီရှည်ကို လဲဝတ်လိုက်၏။ ကိုယ်ပိုင်ကိစ္စများ အားလုံး ပြီးစီးသွားချိန်၌ ၇ နာရီ မထိုးခင်လေးပင် ရှိသေးပေသည်။

​ပြတင်းပေါက် အပြင်ဘက်ရှိ မြို့ကြီးက စတင်နိုးထလာနေပြီဖြစ်ပြီး ယာဉ်အသွားအလာ အသံများက ခပ်သဲ့သဲ့ လွင့်ပျံ့လာခဲ့သည်။

​'အာ... ဖန်ဖန်တို့ကော ဘာတွေများ လုပ်နေမလဲ မသိဘူး... အခြေအနေတွေ ဘယ်လိုနေလဲ မသိဘူး..'

​'သူတို့များ အဲဒီအကြောင်းကို သတိထားမိသွားပြီလား မသိဘူး.....'

အခန်း ၄၇၉ပြီး၏။

All Chapters