← Chapters

အခန်း ၄၈၀

Vol. 48 Ch. 480

အခန်း ၄၈၀

Vol. 48 Ch. 480

အခန်း (၄၈၀) အန်းရှီး တပ်မတော်နှင့် တွေ့ဆုံခြင်း

​ကျန်းယဲ့က သူ၏ ဖုန်းကိုကောက်ကိုင်ကာ ဖန်ဖန်၏ ချတ်ထဲသို့ မက်ဆေ့ချ်တစ်ခု ချန်ရစ်ခဲ့လိုက်သည်။ "ငါ ပြန်ရောက်ပြီ... နေ့လယ်ကျရင် ရှီအန်းကို ရောက်မယ်..."

​ထိုအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် ခရီးသွားအေဂျင်စီ၏ တံခါးကို သော့ခတ်ကာ တက္ကစီတစ်စီးငှား၍ လေဆိပ်သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားလိုက်သည်။ သူ၏ ရည်ရွယ်ချက်ကား မိတ်ဟောင်းဆွေဟောင်းအချို့နှင့် တွေ့ဆုံရန်ပင်။ ထို့ကြောင့် သူက ရှီအန်းမြို့သို့ သွားမည့် အစောဆုံး လေယာဉ်လက်မှတ်ကို ဝယ်ယူလိုက်သည်။

​နံနက်ခင်း အလင်းရောင်အောက်တွင် လေယာဉ်ကြီးက ကောင်းကင်ယံသို့ ဟိန်းဟောက်ပျံတက်သွားပြီး ရှေးဟောင်းမြို့တော် ရှီအန်းဆီသို့ ဦးတည်သွားလေတော့သည်။

​ရှီအန်းမြို့သို့ ရောက်ရှိပြီးနောက် ကျန်းယဲ့က ဖန်ဖန်နှင့် ဆက်သွယ်လိုက်ရာ သူမက အန်းရှီးတပ်မတော်မှ စစ်မှုထမ်းဟောင်းကြီးများကို ဦးဆောင်ကာ ရှီအန်း၏ ရှေးဟောင်းမြို့ရိုးများဆီသို့ လည်ပတ်နေကြောင်း သိလိုက်ရသည်။

​ထို့ကြောင့် သူက သူတို့ကို သွားရောက် မနှောင့်ယှက်တော့ဘဲ ကြိုတင်မှာယူထားသည့် ဟိုတယ်တွင်သာ တည်းခိုလိုက်ပြီး ညနေပိုင်းကျမှ သူတို့နှင့် ပြန်လည်တွေ့ဆုံရန် စီစဉ်လိုက်၏။ ဖန်ဖန်က အဖွဲ့ကို ဦးဆောင်နေပြီဖြစ်ရာ ကျန်းယဲ့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ခဲ့ချေ။

​ဟိုတယ်အခန်းတွင်း၌ သူက ဖန်ဖန် ပေးပို့ထားသည့် ခရီးစဉ် မှတ်တမ်းများကို ကြည့်ရှုလိုက်လေသည်။

​မှတ်တမ်းများအရ အန်းရှီးတပ်မတော်ကြီး ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာသည့် ပထမဆုံးနေ့တွင် ဖန်ဖန်က သူတို့ကို ရှင်းကျန်းရှိ ခူချာရှေးဟောင်းမြို့တော် အပျက်အစီးများဆီသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုနေရာကား တစ်ချိန်က အနောက်ဘက်ဒေသများကို ကာကွယ်စောင့်ရှောက်ခဲ့သည့် ဤစစ်မှုထမ်းဟောင်းကြီးများအနေဖြင့် သူတို့ အသက်ပေးကာကွယ်ခဲ့သော မြေက နှစ်ပေါင်းတစ်ထောင်ကြာပြီးနောက် မည်သို့မည်ပုံ ဖြစ်နေမည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိနိုင်ရန်ပင်။

​ထို့နောက် သူတို့က ခေတ်မီ စိုက်ပျိုးရေးစခန်းတစ်ခုနှင့် အခြေခံအဆောက်အအုံပြည့်စုံသော ကျောင်းတစ်ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး နည်းပညာက ဤမြေပေါ်သို့ ယူဆောင်လာပေးသည့် အံ့မခန်း အပြောင်းအလဲများကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ကြရသည်။

​နောက်ဆုံးတွင်မူ သူတို့က စည်ကားလှသော ဂရင်းဘဇားကြီးထဲ၌ နစ်မြုပ်သွားကြပြီး တိုင်းရင်းသား ရိုးရာဓလေ့များ၊ စည်ကားသော ကုန်သွယ်ရေး လေထုများကြားတွင် သူတို့ မှတ်မိနေသည်နှင့် လုံးဝကွဲပြားခြားနားနေသော တက်ကြွလှသည့် အနောက်ဘက်ဒေသကို ခံစားခဲ့ကြသည်။

​ဒုတိယနေ့တွင်မူ အဖွဲ့က အန်းရှီးတပ်မတော်သားတိုင်း တမ်းတခဲ့ရသည့် ချန်အန်း... ယခု ရှီအန်းမြို့သို့ ရောက်ရှိလာခဲ့ကြသည်။

​မြို့တော်ကြီးမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကကဲ့သို့ မဟုတ်တော့သော်ငြားလည်း ဟန် နှင့် ထန်မင်းဆက်တို့၏ ရေတွက်မရနိုင်သော ဂုဏ်ကျက်သရေများကို သက်သေခံခဲ့သည့် ဤမြေပေါ်တွင် ရပ်ကာ ရှေးဟောင်းနှင့် ခေတ်သစ်တို့ ပေါင်းစပ်နေသော မြို့ပြရှုခင်းကြီးကို ကြည့်ရင်း စစ်မှုထမ်းဟောင်းကြီးများ အားလုံး၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံတို့ ပြည့်နှက်နေခဲ့ကြသည်။

​မွန်းလွဲပိုင်း ခရီးစဉ်တွင်မူ ရှီအန်း၏ စစ်တပ်အခြေစိုက်စခန်းတစ်ခုသို့ လည်ပတ်ခြင်းပါဝင်ပြီး ဤစစ်သည်တော်ဟောင်းကြီးများအား နောင်လာနောက်သားများ၏ နိုင်ငံတော် လက်နက်ကြီးများ၏ ထက်မြက်မှုကို မျက်မြင်ကိုယ်တွေ့ ခံစားခွင့် ပေးခဲ့လေသည်။

​ကျန်းယဲ့က အချိန်ကို တွက်ဆလိုက်ပြီး သူ ကြိုတင်မှာယူထားသည့် စားသောက်ဆိုင်၏ သီးသန့်ခန်းဆီသို့ စောစောရောက်လာကာ စောင့်ဆိုင်းနေချေသည်။

​ထိုအချိန်၌ ခရီးသွားဘတ်စ်ကားတစ်စီးက မြို့တွင်းသို့ ဦးတည်ကာ ပြန်လာနေခဲ့သည်။

​ကားပေါ်တွင် အန်းရှီးတပ်မတော်မှ စစ်မှုထမ်းဟောင်းကြီးများမှာ မွန်းလွဲပိုင်းက စစ်တပ်စခန်းသို့ သွားရောက်လည်ပတ်ခဲ့ရသည့် တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုများထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး ယခင်က တစ်ခါမှ မမြင်ဖူး၊ မကြားဖူးခဲ့သော အဆင့်မြင့် နည်းပညာသုံးလက်နက်များအကြောင်းကို အံ့ဩဂုဏ်ယူမှုများဖြင့် အချင်းချင်း ဆွေးနွေးနေကြ၏။

​ဖန်ဖန်က လမ်းညွှန်မြေပုံပေါ်တွင် တဖြည်းဖြည်း နီးကပ်လာနေသော ခရီးဆုံးပန်းတိုင်ကို ကြည့်ကာ ပြုံးလျက် လက်ခုပ်တီးလိုက်ပြီး "အဘိုးတို့.... လူကြီးမင်းတို့... ကျွန်မတို့ ညစာစားမယ့် နေရာကို ရောက်တော့မယ်နော်..." ဟု သတိပေးလိုက်သည်။

​နှစ်ရက်တာ အသားကျပြီးနောက် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ဤစစ်သည်တော်ကြီးများမှာ ခေတ်သစ်လူနေမှုပုံစံအချို့နှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့ပြီ ဖြစ်သည်။ သူမ၏ စကားကို ကြားသောအခါ သူတို့က ပြုံးလိုက်ကြပြီး သူတို့၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ကာ ညစာစားရန် ကားပေါ်မှဆင်းဖို့ ပြင်ဆင်လိုက်ကြသည်။

​ဘတ်စ်ကားက ချောမွေ့စွာ ရပ်တန့်သွားပြီး ဖန်ဖန်က အရင်ဆုံး ဆင်းကာ လူတိုင်းကို စားသောက်ဆိုင်၏ သီးသန့်ခန်းဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

​ထို့နောက် သူမက သီးသန့်ခန်း၏ လေးလံသော တံခါးကြီးကို တွန်းဖွင့်လိုက်ပြီး စစ်မှုထမ်းဟောင်းကြီးများကို ဝင်ခွင့်ပြုရန် ဘေးသို့ ဖယ်ပေးလိုက်လေသည်။

​စစ်သူကြီးကောရှင်းက သီးသန့်ခန်းထဲသို့ ပထမဆုံး ဝင်ရောက်လာ၏။ ထို့နောက် သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို အကျင့်ပါနေသလို ဝေ့ကြည့်လိုက်သော်လည်း နောက်ခဏ၌ သံလိုက်တစ်ခုကဲ့သို့ ဆွဲငင်ခံလိုက်ရပြီး အခန်းထဲတွင် ရပ်ကာ ပြုံးနေသည့် ပုံရိပ်တစ်ခုပေါ်သို့ စူးစိုက်သွားရသည်။

​တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆံပင်များ ဖြူဖွေးနေပြီဖြစ်သော စစ်သူကြီးအိုကြီး၏ မျက်ဝန်းများထဲတွင် မယုံနိုင်လောက်အောင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားချေသည်။

​သူ၏ အနောက်မှ ကပ်လျက် လိုက်ပါလာကြသော ကျောက်ချီ၊ ခြေခွင်နေသည့် စစ်မှုထမ်းဟောင်းကြီးနှင့် အခြားသူများကလည်း ကျန်းယဲ့ကို ချက်ချင်း မြင်တွေ့လိုက်ရပြီး စက္ကန့်ပိုင်းအတွင်းမှာပင် စစ်မှုထမ်းဟောင်းကြီးများ အားလုံး၏ မျက်နှာများထက်၌ ဝမ်းမြောက်ဝမ်းသာ အပြုံးများ လင်းလက်သွားကြတော့သည်။

​ကျန်းယဲ့က ရိုသေလေးစားထိုက်သော ဤစစ်မှုထမ်းဟောင်းကြီးများကို ပြုံးပြကာ နူးညံ့သော အသံဖြင့် နှုတ်ဆက်လိုက်၏။ "လူကြီးမင်းတို့... နေကောင်းကြရဲ့လား။ အားလုံး အဆင်ပြေကြရဲ့လား ခင်ဗျာ..."

​"မိတ်ဆွေငယ် ကျန်းယဲ့..." စစ်သူကြီး ကောရှင်း၏ အသံကြီးက ဟိန်းထွက်လာပြီး ထိန်းချုပ်၍မရနိုင်သော ဝမ်းမြောက်မှုများ ပြည့်နှက်နေခဲ့သည်။

​ထို့နောက် သူက ရှေ့သို့ လျှောက်လာပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ကျန်းယဲ့အား ခိုင်မာအားပါးစွာ ဖက်လိုက်၏။ ထို့နောက် ကျန်းယဲ့၏ ကျောကို ခပ်နာနာ ပုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် "မတွေ့ရတာ ကြာပြီကွ... ဒီမှာ မင်းကို တွေ့ရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး..." ဟု ပြောလိုက်သည်။

​စစ်သူကြီးကောရှင်း၏ ဦးဆောင်မှုနှင့်အတူ အခြားသော အန်းရှီးတပ်မတော်သားများကလည်း အားတက်သရော ဝိုင်းရံလာကြပြီး ကျန်းယဲ့အား တစ်ယောက်ပြီးတစ်ယောက် ဖက်ကာ လက်ဆွဲနှုတ်ဆက်ရင်း ဝမ်းသာအားရစကားများ ပြောဆိုကြတော့သည်။ သီးသန့်ခန်းလေးမှာ သူတို့၏ ပြန်လည်ဆုံတွေ့ရသည့် ဝမ်းမြောက်မှု၊ နွေးထွေးမှုတို့ဖြင့် ချက်ချင်း ပြည့်နှက်သွားတော့သည်။

​ဖန်ဖန်က ဘေးတွင်ရပ်ကာ ဤကြည်နူးဖွယ် မြင်ကွင်းလေးကို ပြုံးလျက် ငေးကြည့်နေပြီး မည်သည့်စကားမျှ ဆိုကာ ဝင်ရောက် မနှောင့်ယှက်ခဲ့ချေ။

​လူတိုင်း၏ စိတ်လှုပ်ရှားမှုများ အနည်းငယ် ငြိမ်သက်သွားသောအခါမှသာ သူမက အချိန်ကိုက် ဝင်ပြောလိုက်၏။ "အဘိုးတို့.... ဒါရိုက်တာကျန်း... ကျေးဇူးပြုပြီး နေရာယူကြပါဦး။ အစားအသောက်တွေ ခဏနေရင် ရောက်လာတော့မှာပါ။ စားရင်းသောက်ရင်း စကားပြောကြတာပေါ့... ကျွန်မတို့ နောက်မှ စကားပြောဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်"

​"ဟုတ်တယ်... ဟုတ်တယ်... ဖန်ဖန် ပြောတာ မှန်တယ်။ အားလုံး ထိုင်ကြပါဗျာ..." ကျန်းယဲ့ကလည်း လူတိုင်းကို ပြုံးလျက် နေရာချပေးလိုက်သည်။

​စစ်သူကြီးကောရှင်းအား လူအုပ်ကြီးက နေရာပေးသဖြင့် ထိပ်ဆုံးနေရာ၌ ထိုင်လိုက်ပြီး ကျန်းယဲ့က သဘာဝကျကျပင် သူ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ အခြားသူများကလည်း ကိုယ့်နေရာနှင့်ကိုယ် အသီးသီး နေရာယူလိုက်ကြ၏။

​နေရာယူပြီးနောက် ကျောက်ချီက သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်သေးဘဲ ကျန်းယဲ့အား ပြောလိုက်၏။ "မိတ်ဆွေငယ်ကျန်းယဲ့... မင်း ယူလာပေးတဲ့ ဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာ ငါတို့က ဒီအနာဂတ်ကမ္ဘာကြီးရဲ့ မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်ရမယ်ဆိုရင် သေရတာတောင် တန်ပြီလို့ တွေးခဲ့ကြတာကွ။ နတ်ဘုရားတွေက ငါတို့အပေါ် ဒီလောက် ကရုဏာထားပြီး ဒီနေ့မျိုး တကယ်ရောက်လာလိမ့်မယ်လို့ ငါတို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ဒီခရီးစဉ်ကို ပြန်တွေးကြည့်ရင်... တကယ်ကို... တကယ်ကို အံ့ဩစရာ ကောင်းလွန်းပါတယ်ကွာ..."

​အခြား စစ်မှုထမ်းဟောင်းကြီးများကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြပြီး လွန်ခဲ့သော နှစ်ရက်အတွင်း သူတို့ ခံစားခဲ့ရသည့် တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုများကို ပြန်လည်ပြောပြရင်း သူတို့၏ မျက်နှာများထက်၌ ကျေနပ်ရောင်ရဲမှုများ တောက်ပနေကြသည်။

​သူတို့အတွက်မူ ဤငြိမ်းချမ်းပြီး ကြီးပွားတိုးတက်နေသော ခေတ်ကြီးကို မျက်မြင်ကိုယ်တွေ့ မြင်ခွင့်ရခြင်း၊ တိုးတက်စည်ပင်နေသော တရုတ်ပြည်ကြီးကို မြင်တွေ့ခွင့်ရခြင်းက ဤဘဝတွင် နောင်တကင်းစေရန် လုံလောက်နေပြီ ဖြစ်၏။

​ကျေနပ်ဖွယ် ညစာစားပြီးနောက် အဖွဲ့က ညမိုးချုပ်လာသည်နှင့်အမျှ နာမည်ကြီး ထန်မင်းဆက် အိပ်စက်ခြင်းကင်းမဲ့မြို့တော်သို့ ထွက်ခွာလာခဲ့ကြသည်။

​အန်းရှီးတပ်မတော်သားများက ဤရှေးဟောင်း ဗိသုကာလက်ရာများနှင့် ခေတ်သစ်မီးရောင်များ ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည့် မျက်စိကျိန်းမတတ် လင်းထိန်နေသော ရပ်ကွက်ထဲသို့ ခြေချလိုက်သည်နှင့် စည်ကားလှသော လူအုပ်ကြီး၊ တောက်ပနေသော မီးရောင်များနှင့် လေထုထဲတွင် ပြည့်နှက်နေသော တက်ကြွသည့် စွမ်းအင်များကြောင့် သူတို့မှာ နောက်တစ်ကြိမ် အံ့သြမှင်သက်သွားကြရပြန်သည်။

​စည်ကားနေသော လူအုပ်ကြီးကြားထဲ ဖြတ်သန်းလျှောက်လှမ်းရင်း ဖြတ်သွားဖြတ်လာများ၏ မျက်နှာပေါ်မှ ပေါ့ပါးလွတ်လပ်သည့် အပြုံးများကို ကြည့်ကာ သူတို့က လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က ဂုဏ်ကျက်သရေရှိလှသော ထန်မင်းဆက်ဆီသို့ တကယ်ပဲ ပြန်လည်ရောက်ရှိသွားသကဲ့သို့... သူတို့ မှတ်မိနေသည့် မည်သည့် ရွှေခေတ်ထက်မဆို များစွာပို၍ တောက်ပပြီး ငြိမ်းချမ်းသော ရွှေခေတ်ကြီးတစ်ခုဆီသို့ အိပ်မက်ထဲတွင် ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

​ဖန်ဖန်က သူတို့ကို မြင်ကွင်းကျယ်ကျယ် မြင်ရသည့် မြင့်မားသော စင်မြင့်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားပြီး လူတိုင်းကို ပြုံးလျက် ပြောလိုက်၏။ "အဘိုးတို့... ခဏလောက် စောင့်ပေးကြပါဦးနော်... အထူး တင်ဆက်မှုတစ်ခု လာတော့မှာမို့လို့ပါ..."

​သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်ချိန်က တောက်ပနေခဲ့သော ညကောင်းကင်ယံကြီးက မမြင်ရသော လက်တစ်ဖက်၏ ထိန်းချုပ်မှုကို ခံလိုက်ရသည့်အလား ရုတ်တရက် အနည်းငယ် မှောင်မိုက်သွားချေသည်။

​ထို့နောက် ချက်ချင်းပင် တိုးညှင်းသော ပျံသန်းသံတစ်ခု အဝေးမှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အလင်းစက်လေးများက နွေရာသီညတွင် နိုးထလာသော ပိုးစုန်းကြူးအုပ်ကြီးကဲ့သို့ ညကောင်းကင်ယံတွင် ရုတ်တရက် လင်းလက်လာကာ လျင်မြန်စွာ စုဝေးလာကြသည်။

​၎င်းတို့ကား ဒရုန်းသောင်းနှင့်ချီပင်။

​၎င်းတို့က ညကောင်းကင်ယံတွင် စည်းကမ်းတကျ နေရာယူကာ လှုပ်ရှားနေကြသည်။ ပြောင်းလဲနေသော အလင်းနှင့် အရိပ်များကြားတွင် ၎င်းတို့က လေထဲ၌ နုနယ်သော အဖူးအငုံလေးတစ်ခု၏ ပုံစံကို ဦးစွာ ပုံဖော်လိုက်ကြသည်။

နောက်ခဏ၌ ထိုအဖူးအငုံလေးက သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ကြီးထွားလာပြီး အကိုင်းအခက်များက တုတ်ခိုင်လာကာ အရွက်များက အထပ်ထပ် ဖြန့်ကျက်လာပြီး နောက်ဆုံးတွင်မူ ကောင်းကင်ယံသို့ ထိုးထွက်နေသည့် စိမ်းလန်းစိုပြည်သော သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ပင်စည်ပေါ်ရှိ အခေါက်များက ရှင်းလင်းနေပြီး အကိုင်းအခက်များနှင့် အရွက်များကြားတွင် စီးဆင်းနေသော အလင်းရောင်များ ရှိနေသကဲ့သို့ပင်... ၎င်းကား အသက်ဝင်လှသည့် ကမ္ဘာ့သစ်ပင်ကြီးပင် ဖြစ်သည်။

​အလင်းနှင့် အရိပ်များဖြင့်သာ လုံးလုံးလျားလျား ဖွဲ့စည်းထားသော ဤဧရာမသစ်ပင်ကြီးက ညကောင်းကင်ယံတွင် ခမ်းနားထည်ဝါစွာ မတ်မတ်ရပ်နေပြီး အောက်ဘက်ရှိ လူအုပ်ကြီးထံမှ အံ့သြမင်သက်သည့် သက်ပြင်းချသံများကို ထွက်ပေါ်လာစေခဲ့သည်။

​သို့သော်ငြားလည်း ဤသည်ကား အစသာ ရှိသေး၏။

​ကမ္ဘာ့သစ်ပင်ကြီး ပုံပေါ်လာပြီး အလင်းနှင့် အရိပ်များ တည်ငြိမ်သွားချိန်မှာပင်...

​"ရွှီး... ဘုန်း..."

​"ရွှီး... ရွှီး... ရွှီး... ဘုန်း... ဘုန်း... ဘုန်း..."

အခန်း ၄၈၀ပြီး၏။

All Chapters