အခန်း ၁၆၃၇
Vol. 117 Ch. 1637
အခန်း ( ၁၆၃၇ ) ဗဟိုကြယ်စင်စုတိုက်ကြီးထဲသို့ ဝင်ရောက်ပြီ။
ဗဟိုကြယ်စင်တိုက်ကြီး သတင်းများ ပျံ့နှံ့သွားသည်နှင့်အမျှ...
တောင်ပိုင်းကြယ်စင်စုလောက၏ အရပ်ရပ်မှ ပါရမီရှင်များမှာ မိမိတို့၏ ကံကြမ္မာကို စမ်းသပ်ရန် စိတ်အားထက်သန်နေကြတော့သည်။
ဤအရာက အခြေခံအားဖြင့် သူတို့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်သည်။
အကယ်၍ သူတို့သာ ဤတစ်ကြိမ် ဗဟိုကြယ်စင်တိုက်ကြီးတွင် အခွင့်အရေးကို ရှာမတွေ့ဘဲ အသွင်ပြောင်းလဲမှုကို မပြုလုပ်နိုင်ခဲ့ပါက...
နောင်အနာဂတ်တွင် သာမန်လူတစ်ယောက် ဖြစ်သွားရန်သာ ကံပါတော့မည်။
နောင်တစ်ချိန်တွင် နယ်နိမိတ်ပင်လယ်ထဲ၌ ကျော်ကြားလာရန် မဆိုထားဘိ၊ တောင်ပိုင်းကြယ်စင်စုလောကတွင်ပင် ထိပ်ဆုံးသို့ ရောက်ရှိရန် ခက်ခဲပေလိမ့်မည်။
လူသိများကြသည့်အတိုင်း လောက၏အရွေးချယ်ခံကဲ့သို့သော တည်ရှိမှုများသာလျှင် အဆင့်မြင့်လောကများနှင့် သီးခြားစကြဝဠာများမှ ပြိုင်ဘက်ကင်း ပါရမီရှင်များကို ရင်ဆိုင်ရန် အရည်အချင်းရှိကြသည်။
စူးယုနှင့် သူ၏အဖွဲ့သည် ယွမ်ကျူးနတ်ဘုရားမင်းဆက်မှ ထွက်ခွာလာချိန်တွင်...
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ဘက်မှလည်း ကျွင်းရှောင်ယောက်က ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
သူသည် ယွင်ရှီကိုလည်း အတူတူ ခေါ်ဆောင်လာခဲ့၏။
ဗဟိုကြယ်စင်တိုက်ကြီးကို ထူးခြားသော စွမ်းအင်စက်ကွင်းတစ်ခုဖြင့် ဖုံးလွှမ်းထားသည်။
အကြောင်းမူ၊ ၎င်းက တောင်ပိုင်းကြယ်စင်စုလောက၏ နောင်အနာဂတ် အုပ်စိုးရှင်ကို ရွေးချယ်သည့် နေရာဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အသက်ကြီးလွန်းသူများ သို့မဟုတ် အလားအလာ ကုန်ခမ်းသွားသူများ ဖြစ်ကြသည့် ကျွမ်းကျင်သူများက ဝင်ရောက်နိုင်ခြင်း မရှိကြချေ။
မျိုးဆက်သစ်လူငယ်များသာလျှင် ဗဟိုကြယ်စင်တိုက်ကြီးထဲသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီကြသည်။
ရွှမ်ထျန်းနတ်ဘုရားမင်းဆက်မှ အကျော်အမော်များ၏ စောင့်ရှောက်မှုအောက်တွင် ကျွင်းရှောင်ယောက်နှင့် ယွင်ရှီတို့သည်လည်း ဗဟိုကြယ်စင်တိုက်ကြီးဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
ဗဟိုကြယ်စင်တိုက်ကြီးက အရှေ့တုန်ရွှမ်း၊ တောင်နန်ယွမ်၊ မြောက်ပေမင်နှင့် အနောက်ရှီးယိုဟူသော အဓိက ကြယ်စင်နယ်မြေကြီး လေးခုအတွင်း၌ တည်ရှိနေခြင်း မဟုတ်ချေ။
ထိုအစား ၎င်းသည် ထိုအဓိက ကြယ်စင်နယ်မြေကြီး လေးခု ဆုံတွေ့ရာ နယ်နိမိတ်တစ်ခုအတွင်း၌ တည်ရှိနေသည်။
ဤနေရာက တောင်ပိုင်းကြယ်စင်စုလောက၏ ဗဟိုဧရိယာဖြစ်ပြီး ကျယ်ပြောလှကာ အဆုံးအစမရှိသော နယ်မြေတစ်ခု ဖြစ်ပေသည်။
ဤနယ်မြေကို လှမ်းမျှော်ကြည့်လိုက်လျှင် ရေတွက်၍မရနိုင်သော ကြယ်တာရာများက တောက်ပလင်းလက်နေပြီး ခမ်းနားထည်ဝါလှသည်။
လောက၏ ဗဟိုချက်တွင်မူ ခမ်းနားသော အသွင်သဏ္ဌာန်နှင့်အတူ ကျယ်ပြောသော တိုက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
တစ်ခုထူးဆန်းသည်မှာ...
ဤတိုက်ကြီး၏ တစ်ဝက်မှာ လောကအတွင်း၌ တည်ရှိနေသော်လည်း ကျန်တစ်ဝက်က အခြားတစ်ဖက်ရှိ ဟင်းလင်း ပြင်ထဲတွင် ရှိနေဆဲဖြစ်သည်။
၎င်းက ဤတိုက်ကြီး၏ တစ်ဝက်ခန့်ကိုသာ ထုတ်ဖော်ပြသထားသလိုပင်။
ယခုအချိန်တွင် ကြယ်စင်တိုက်ကြီး၏ အပြင်ဘက် မိုင်ပေါင်းသောင်းချီ ကွာဝေးသော နေရာ၌...
ယွမ်ကျူးနတ်ဘုရားမင်းဆက်၏ စစ်သင်္ဘောကြီးများက ဟင်းလင်းပြင်ကို ဖြတ်သန်းမောင်းနှင်လာခဲ့ကြသည်။
စူးယုက ကုန်းပတ်ထက်တွင် ရပ်နေခဲ့၏။
အဆုံးအစမရှိ ကျယ်ပြောသော ကြယ်စင်တိုက်ကြီးကို ကြည့်ကာ သူ့မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့လေသည်။
လောက၏ အရွေးချယ်ခံတစ်ဦးအနေဖြင့် စူးယုက ၎င်းကို မရေမရာ ခံစားနိုင်သည်။
ကြီးမားပြီး အားကောင်းသော စွမ်းအားတစ်ခုက ကြယ်စင်တိုက်ကြီး၏ အခြားတစ်ဖက်တွင် လျှို့ဝှက်စွာ တည်ရှိနေသည်။
အကယ်၍ မမျှော်လင့်ထားသော အခြေအနေများ မရှိခဲ့ပါက၊ ထိုအရာသည် တောင်ပိုင်းကြယ်စင်စုလောက၏ အစစ်အမှန် မူလစွမ်းအား ဖြစ်ရမည်။
'ဆရာကြီးက တစ်ခါက ပြောဖူးတယ်... တောင်ပိုင်းကြယ်စင်စုဂိုဏ်းကို တည်ထောင်သူက တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံးရဲ့ အရင်အုပ်ချုပ်သူ ဖြစ်ခဲ့တယ်တဲ့'
'သူ့ရဲ့ အမွေအနှစ်တွေကလည်း ဒီကြယ်စင်တိုက်ကြီးထဲမှာ ကျန်ရစ်ခဲ့တာ ဖြစ်နိုင်မလား'
စူးယုက သူ့စိတ်ထဲမှ တွေးတောနေခဲ့သည်။
သူက တောင်ပိုင်းကြယ်စင်စုလောကတစ်ခုလုံး၏ မြစ်ဖျားခံရာ အစပြုပုံကို အမှန်ပင် သိချင်နေခဲ့ပေသည်။
တောင်ပိုင်းကြယ်စင်စုလောကအပြင်၊ ဤနယ်နိမိတ်ပင်လယ်ထဲရှိ ရေတွက်၍မရနိုင်သော ဂြိုလ်များက မည်သို့ မည်ပုံ ဖြစ်တည်လာခဲ့ကြသနည်း။
သို့သော်လည်း စူးယုက ဤအရာကို သာမန်တွေးလိုက်ရုံမျှသာ ဖြစ်သည်။
ယခုအချိန်တွင်၊ သူလုပ်ဆောင်ရန် လိုအပ်သည်က ကြယ်စင်တိုက်ကြီးထဲသို့ ဝင်ရောက်ပြီး တောင်ပိုင်းကြယ်စင်စုလောက၏ အကြီးမားဆုံးသော အခွင့်အရေးနှင့် အမွေအနှစ်ကို အရယူရန် ဖြစ်သည်။
ထို့နောက်တွင် သူက တောင်ပိုင်းကြယ်စင်စုလောကကို စည်းလုံးညီညွတ်စေမည့် မဟာအောင်မြင်မှုကို ပြီးမြောက်စေကာ လောကသခင် ဖြစ်လာပေလိမ့်မည်။
'ယွင်ရှောင်... မင်း သေချာပေါက် လာခဲ့ရမယ်။ ဒီကြယ်စင်တိုက်ကြီးက သင်္ဂြိုဟ်ရာမြေ ဖြစ်ဖို့ဆိုရင် အတော်လေး ကောင်းမွန်တဲ့ နေရာတစ်ခုပဲ...'
စူးယု၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
တောင်ပိုင်းကြယ်စင်စုလောက၏ အစစ်အမှန် မူလစွမ်းအားကို ရရှိပြီးနောက်၊ သူ မည်မျှအထိ အစွမ်းထက်လာမည်ကို ထည့်မပြောလျှင်ပင်...
ယခုအချိန်၌ပင် သူက ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရန် အလွန်တရာ ယုံကြည်မှုရှိနေသည်။
နောက်ဆုံးမှာတော့ သူတို့တွင် ဖုံးကွယ်ထားသော ဝှက်ဖဲတစ်ခု ရှိနေခဲ့ပြီ မဟုတ်ပါလား။
ထို့နောက် စူးယုက တစ်ချက်လှုပ်ရှားလိုက်ကာ ကြယ်စင်တိုက်ကြီးပေါ်သို့ ခြေချလိုက်တော့သည်။
ထို့နောက်တွင် ပါရမီရှင် အတော်များများလည်း ကြယ်စင်တိုက်ကြီးသို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့ထဲမှ အများစုမှာ ချိပ်ပိတ်ခြင်းခံထားရသော ရှေးဟောင်း ဘုရင်ငယ်များ ဖြစ်ကြ၏။
ဤကဲ့သို့သော အခွင့်အရေးမျိုးက ပိုင်ရွယ်ဝေနှငိ့ လီဟော်နတ်ဂိုဏ်းမှ ထိုက်ယန်နတ်ဘုရားသွေးကြောပိုင်ရှင် ပါရမီရှင်များကဲ့သို့ သာမန်ပါရမီရှင်များအနေဖြင့် ယှဉ်ပြိုင်ရန် လုံးဝ အခွင့်အရေးမရှိသည့်အရာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောက်နှင့်အတူ လိုက်ပါလာခဲ့သော ယွင်ရှီက အနည်းငယ် စိတ်မအေး ဖြစ်နေလေသည်။
"အစ်ကို... ရှီအာကိုပါ ခေါ်လာတာက အစ်ကို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မနေဘူးလား"
ကြယ်စင်တိုက်ကြီးပေါ်ရှိ ဤအခွင့်အရေး လုပွဲကြီးက မည်မျှအရေးကြီးကြောင်း သူမ ကောင်းကောင်းနားလည်သည်။
ဤအရာက တောင်ပိုင်းကြယ်စင်စုလောက၏ နောင်အနာဂတ် ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ပေးမည့် သော့ချက် ဖြစ်၏။
ယွင်ရှီက ထူးခြားသော ပါရမီရှိပြီး မိမိနှင့် ရွယ်တူများထဲတွင် များစွာ ရှေ့သို့ ရောက်နေသော်လည်း...
သူက အလွန် ငယ်ရွယ်ပြီး ဤအဆင့်ရှိ ပြိုင်ပွဲမျိုးတွင် ပါဝင်ဆင်နွှဲရန် သူမ၏ အင်အားက လုံးဝ မလုံလောက်သေးချေ။
ကျွင်းရှောင်ယောက်ကလည်း ယွင်ရှီနှင့် အသက်တူတူပင် ဖြစ်သည်။
သို့သော်လည်း သူ့ကိုမူ သာမန်အတွေးအမြင်မျိုးနှင့် ကြည့်၍ မရနိုင်ပါချေ။
ခေတ်အဆက်ဆက် ချိပ်ပိတ်ခြင်း ခံထားရသော ဘုရင်ငယ်များပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
ထို့ကြောင့် ယွင်ရှီသည် မိမိရှိနေခြင်းက ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေလိမ့်မည်ဟု ခံစားနေမိသည်။
အကယ်၍ နောက်ဆုံးတွင် ကျွင်းရှောင်ယောက်အနေဖြင့် တောင်ပိုင်းကြယ်စင်စုလောက၏ အရှင်သခင်ဖြစ်ခွင့် အခွင့်အရေးနှင့် လွဲချော်သွားခဲ့ပါက...
ယွင်ရှီက တစ်သက်လုံး အပြစ်ရှိသလို ခံစားရပေလိမ့်မည်။
ယွင်ရှီ၏ စကားကို ကြားသောအခါ ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
"တောင်ပိုင်းကြယ်စင်စုလောကရဲ့ အုပ်စိုးရှင်ရာထူးက တကယ်ပဲ အဲဒီလောက်အထိ အရေးကြီးလို့လား"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
ဤအရာကို ကြားသောအခါ ယွင်ရှီက မျက်လုံးဝိုင်းဝိုင်းလေးဖြင့် အံ့ဩသလိုကြည့်လိုက်သည်။
"အဲဒါက အရေးမကြီးဘူးလား"
လောကတစ်ခု၏ အရှင်သခင်ဆိုသည်မှာ မည်မျှမြင့်မားသော အဆင့်အတန်းမျိုး ဖြစ်သနည်း။
လောကသခင်...
ထိုအရာက နယ်နိမိတ်ပင်လယ်ရှိ ရေတွက်၍မရနိုင်သော ကျင့်ကြံသူများနှင့် သက်ရှိများ၏ အဆုံးစွန်သော အိပ်မက်ပင် ဖြစ်သည်။
ကျင့်ကြံသူတိုင်းသည် လောကတစ်ခုကို ထိန်းချုပ်နိုင်ရန် အိပ်မက်မက်ဖူးကြပေသည်။
ထိုအရာက မည်မျှအထိ ခန့်ညားထည်ဝါလိုက်မည်နည်း။
ကျယ်ပြောလှသော မဟာလောကတစ်ခုဖြစ်သည့် တောင်ပိုင်းကြယ်စင်စုလောကကြီးဆိုလျှင် ထည့်ပြောနေစရာပင် မလိုတော့ချေ။
မဟာလောကကြီးတစ်ခု၏ အရှင်သခင် အဆင့်အတန်းနှင့် နေရာမှာ လောကငယ်တစ်ခု၏ အရှင်သခင်နှင့် လုံးဝ မတူညီပါချေ။
ကျွင်းရှောင်ယောက်၏ အင်အားနှင့်ဆိုလျှင် မမျှော်လင့်ထားသော အခြေအနေများ မရှိခဲ့ပါက...
သူက တောင်ပိုင်းကြယ်စင်စုလောက၏ အုပ်စိုးရှင် ဖြစ်လာရန် သေချာသလောက် ရှိသည်ဟု ဆိုနိုင်သည်။
ဤအရာကို ကြားသောအခါ ကျွင်းရှောင်ယောက်က ခေါင်းခါယမ်းပြီး အနည်းငယ် ပြုံးလိုက်လေသည်။
"မဟာလောကကြီးတစ်ခုအနေနဲ့ တောင်ပိုင်းကြယ်စင်စုလောကက တကယ်ပဲ အလွန်ကြီးမားပါတယ်"
"ဒါပေမဲ့ တစ်ချိန်တည်းမှာပင် အဲဒါက သိပ်ကို သေးငယ်လွန်းနေသေးတယ်"
ကျွင်းရှောင်ယောက်၏ ရည်မှန်းချက်က မဟာလောကတစ်ခု၏ အုပ်စိုးရှင် ဖြစ်လာရုံမျှသာ မဟုတ်ပါ။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်ကို ကြည့်ရင်း...
ယွင်ရှီ၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဤသူကား ကြီးမားသော ရည်မှန်းချက်နှင့် ပြိုင်ဘက်ကင်းသော ရဲစွမ်းသတ္တိရှိသည့် သူမ၏ အစ်ကိုပင် ဖြစ်သည်။
တောင်ပိုင်းကြယ်စင်စုလောကကြီးသည်ပင် သူ့ကို ချုပ်နှောင်ထားနိုင်ရန် မဖြစ်နိုင်ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် စူးယုနှင့် အခြားသူများ၏ အတွေးအမြင်မှာ အလွန်ကျဉ်းမြောင်းလှသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် အခြားသူများမှာ လုံးဝ တူညီသောအဆင့်တွင် ရှိမနေခဲ့ကြချေ။
"ကဲ... သွားကြစို့"
အရှေ့ဆီမှ ကြယ်စင်တိုက်ကြီးကိုကြည့်ရင်း ကျွင်းရှောင်ယောက်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံသန်းသွားခဲ့သည်။
ယွင်ရှီကလည်း နောက်မှ ကပ်လျက် လိုက်ပါသွားခဲ့တော့သည်။
ဗဟိုကြယ်စင်တိုက်ကြီး...
၎င်းက တောင်ပိုင်းကြယ်စင်စုလောကတွင် အဆန်းကြယ်ဆုံးသော နေရာဖြစ်သည်။
ထို့ပြင် ၎င်းက အလွန်တရာ ရှေးကျ၏။
ရှေးဟောင်းသစ်တောကြီးများ၊ မြင့်မားသော သစ်ပင်ကြီးများ၊ နီရဲသော ကျောက်ဆောင်ကြီးများနှင့် အရှိန်အဟုန်ပြင်းစွာ စီးကျနေသော ရေတံခွန်ကြီးများ...
ဤတိုက်ကြီးက ရှေးကျမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။
ရှေ့တွင် အနက်ရောင် တောင်တန်းကြီးတစ်ခုက ရုတ်တရက် လှုပ်ရှားလာခဲ့သည်။
စင်စစ်တွင်၊ ၎င်းက မိုင်ပေါင်းထောင်ချီ ရှည်လျားသော အနက်ရောင် ကင်းခြေများကြီးတစ်ကောင် ဖြစ်၏။
အနက်ရောင် နဂါးတစ်ကောင်ကဲ့သို့ အလွန်တရာ ပြင်းထန်သော သတ်ဖြတ်လိုစိတ် အရှိန်အဝါများကို သယ်ဆောင်ကာ ဟင်းလင်းပြင်ရှိ လူရိပ်နှစ်ခုဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
ဧရာမ ကင်းခြေများကြီး မိမိဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ကျွင်းရှောင်ယောက်က လက်နှစ်ချောင်းကို ဓားသဏ္ဍာန်ပြုလုပ်၍ အောက်သို့ ပိုင်းချလိုက်သည်။
ဓားကျင့်စဉ်တစ်ခုဖြစ်သော တဒင်္ဂ၏အလှတရား ဓားကွက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
အချိန်နှင့် နေရာတို့မှာ ဤအခိုက်အတန့်တွင် အေးခဲသွားပုံရသည်။
ထိုဓားအလင်းက အလွန်အမင်း မြန်ဆန်၍ အချိန်ကရပ်တန့်သွားသလို ထင်မှတ်ရပေသည်။
နောက်တစ်ခဏတွင်...
ဧရာမ ကင်းခြေများကြီး၏ ခန္ဓာကိုယ်အလယ်တည့်တည့်မှ နှစ်ခြမ်း ကွဲအက်သွားခဲ့သည်။
အစိမ်းရောင် သွေးများက ပန်းထွက်လာ၏။
၎င်းတို့က အဆိပ်ရှိပုံရပြီး ပတ်ဝန်းကျင် မြေပြင်ကို တိုက်စားသွားခဲ့ပေသည်။
"ကောင်းကင်အဓိပဓိငယ်အဆင့်ရှိတဲ့ သားရဲတစ်ကောင်ပဲ။ ကြည့်ရတာ ဒီကြယ်စင်တိုက်ကြီးက သာမန်လူတွေ စွန့်စားသွားလာနိုင်တဲ့ နေရာမျိုး မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ထိုအကြွင်းအကျန်များကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။
တောင်ပိုင်းကြယ်စင်စုလောက၏ မူလစွမ်းအားကို ရရှိရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ကြောင်း ထင်ရှားပေသည်။
ဘေးတွင် ရပ်နေသော ယွင်ရှီ၏ မျက်နှာမှာမူ အနည်းငယ် ဖြူလျော့သွားခဲ့သည်။
သူမ၏ အင်အားနှင့်ဆိုလျှင် ဤဧရာမ ကင်းခြေများ သားရဲကြီးနှင့် တွေ့ဆုံပါက သေဆုံးရန်သာ ရှိပေလိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ဘေးတွင် ရှိနေခြင်းက သူမအား တစ်ခါမျှ မခံစားဖူးသော အပြည့်အဝ လုံခြုံမှု ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
"ရှေ့မှာက ကြယ်စင်တိုက်ကြီးရဲ့ အခြားတစ်ဖက်ပဲ..."
ကျွင်းရှောင်ယောက်က မသိနိုင်သေးသော ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်နေသည့် ကြယ်စင်တိုက်ကြီး၏ အခြားတစ်ဖက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က ကြယ်စင်တိုက်ကြီး၏ အခြားတစ်ဖက်ဆီသို့ ဦးတည်သွားနေသည့် အချိန်တွင်ပင်...
တောင်ပိုင်းကြယ်စင်စုလောကကြီးက အံ့ဩဖွယ်ကောင်းသော ပြောင်းလဲမှုများကို ကြုံတွေ့နေရပြီ ဖြစ်သည်။
နိုမန်မရဏနယ်မြေနှင့် ဆက်သွယ်ထားသည့် ဟင်းလင်းပြင် အက်ကြောင်းများက ပိုပိုပြီး များပြားလာခဲ့၏။
ပါ့မျိုးနွယ်စု၏ လှုပ်ရှားမှုများကလည်း ပို၍ အကြိမ်ရေ စိပ်လာသည်။
အံ့ဩတုန်လှုပ်စရာ အကောင်းဆုံးအချက်မှာ၊ ယွမ်ကျူးနတ်ဘုရားမင်းဆက်သည် ၎င်းတို့၏ စစ်အင်အားကို အပြည့်အဝ စုစည်းလိုက်ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ၊ ၎င်းတို့၏ ပစ်မှတ်မှာ အခြားမဟုတ်ဘဲ ရွှမ်ထျန်းနတ်ဘုရားမင်းဆက်ပင် ဖြစ်တော့သည်။