← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အပိုင်း (၅၁)

​နံနက်စောစောအချိန်...

​ လျူယွမ်သည် ရုတ်တရက် ထထိုင်လိုက်ပြီး တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေမှုကို ခံစားလိုက်ရသည်။

​ သူ၏ မျိုးရိုးဗီဇများသည် တစ်ညတာအတွင်း အံ့မခန်း ဆင့်ကဲပြောင်းလဲမှုကို ဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။

​ ထိုအရာက သူ၏သိုင်းပညာအဆင့်ကို ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုဆီသို့ ချိုးဖျက်ဝင်ရောက်ရန် အထောက်အကူမပြုနိုင်ခဲ့သော်လည်း သူ၏ ကြွက်သားများနှင့် သွေးကြောအားလုံးမှာမူ စင်ကြယ်အောင် ဆေးကြောသန့်စင်ခြင်း ခံလိုက်ရသကဲ့သို့ ရှိနေ၏။

​ သူ၏ ခွန်အား၊ သွေးမျိုးဆက်နှင့် ပါရမီအရည်အချင်း အားလုံးမှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

​ 'ညီအစ်ကိုတို့... မင်းတို့ တကယ် ပင်ပန်းသွားကြပြီ...'

​ လျူယွမ်သည် သူ၏စိတ်ထဲတွင် မိမိ၏ မျိုးရိုးဗီဇများကို လှိုက်လှိုက်လှဲလှဲဖြင့် လက်မထောင်ကာ အသိအမှတ်ပြုလိုက်မိသည်။

​

​ အိပ်ခန်းထဲမှ လှမ်းထွက်လာခဲ့စဉ် ဆွဲဆောင်မှုရှိသော ဟင်းလျာများ၏ ရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

​ စုချင်းရွှယ်သည် ချက်ပြုတ်ရာတွင်သုံးသည့် ဝတ်စုံလေးကို ဝတ်ဆင်ကာ မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေပြီး... လက်ရာမြောက်လှသော နံနက်စာ ဟင်းလျာများကို တစ်ပွဲပြီးတစ်ပွဲ စားပွဲပေါ်သို့ ပြင်ဆင်နေလေ၏။

​ ကလေးရလာကတည်းက သူမသည် အာဟာရဓာတ် ပေါင်းစပ်မျှတမှု အမျိုးမျိုးကို သုတေသနပြုလုပ်ရန် ပိုမိုစွဲလမ်းလာခဲ့ပြီး... သူမ၏ ချက်ပြုတ်ခြင်းကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာခဲ့သည်။

​ ဒါက စုချင်းရွှယ်၏ ဝါသနာတစ်ခု ဖြစ်လာခဲ့သည်၊ အမှန်တော့ နတ်ဘုရားများအနေဖြင့် အိပ်စက်ရန် မလိုသည့်အတွက် အချိန်များစွာ ပိုလျှံနေသည်မဟုတ်ပါလား။

​ လျူယွမ် ထွက်လာသည်ကို မြင်သောအခါ... သူမက ချစ်စနိုးဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း - “မောင်... မနေ့ညက မောင် ထပ်ရှုံးပြန်ပြီနော်”

​ “နောင်အတွက် အချိန်တွေ အများကြီး ရှိပါသေးတယ် မိန်းမရယ်...” လျူယွမ်က သူမ၏ နောက်ကျောဘက်သို့ တိုးကပ်သွားပြီး ခါးလေးကို သိုင်းဖက်လိုက်ကာ - “မောင့်ဘက်က အကြိမ်ပေါင်းများစွာ ရှုံးချင်ရှုံးပါစေ မိန်းမကို တစ်ကြိမ်လေး နိုင်လိုက်ရရင်ပဲ အားလုံး ပြည့်စုံသွားပြီ”

​ သူ့ဘက်က မျိုးရိုးဗီဇများက ဆင့်ကဲပြောင်းလဲရန် အစွမ်းကုန် ကြိုးစားနေကြသော်လည်း... သူက လူသားတစ်ဦးမျှသာ ဖြစ်နေသေးသည်ကို သူ ကောင်းကောင်းသိနေသည်။

​ သူ့ဇနီးသည်အနေဖြင့် ဒုတိယမြောက် ကလေးတစ်ယောက်ကို ထပ်မံကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အရေးက အလွန်အမင်း နည်းပါးလှပြီး၊ ထရီလီယံပုံ တစ်ပုံခန့်သာ ရှိပေလိမ့်မည် ဖြစ်သည်။

​ ကံကောင်းသည်က သူ၏ မျိုးရိုးဗီဇများက လုံလောက်စွာ ရှိနေခြင်းပင်။

​ အနာဂတ်ရဲ့ တစ်နေ့နေ့မှာတော့... အဆုံးစွန်သော အလားအလာကို ရောက်ရှိစေမည့် ပြီးပြည့်စုံသော မျိုးရိုးဗီဇတစ်ခု ပေါ်ထွက်လာပြီး နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည် ဖြစ်သည်။

​ သူ အခု လုပ်ဆောင်ရန် လိုအပ်သည်က... မိမိကိုယ်ကိုယ် ဆက်လက်မြှင့်တင်ပြီး မနားမနေ ကြိုးစားအားထုတ်ရန်သာ ဖြစ်သည်။

​ “နျန်နျန်လေးကော...” လျူယွမ်က ပဲနို့ကို တစ်ငုံသောက်ရင်း မေးလိုက်သည်။

​ စုချင်းရွှယ်က ပြုံးရွှင်သော မျက်နှာဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ ညွှန်ပြလိုက်ကာ - “သမီးလေးက မနက်ခင်း လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်သွားတာ ကြာပြီ။ သူမက အသက် တစ်လပဲ ရှိသေးတာကို သိုင်းပညာအပေါ် အင်မတန် စိတ်ဝင်စားနေတာ ကြည့်ရတာ သိုင်းရူးမလေး ဖြစ်မယ့်ပုံပဲ ”

​ လျူယွမ်သည် ပန်းကန်ကို ကိုင်ကာ ပြတင်းပေါက်နားသို့ သွားကြည့်လိုက်ရာ... အပြင်ဘက် ဝင်းခြံထဲတွင် ဒုတိယသခင်ကြီးချင်က သမီးဖြစ်သူ ‘လျူနျန်’ ကို အလွန် အလေးအနက်ထား၍ သင်ကြားပေးနေသည်ကို မြင်လိုက်ရသည်။

​ အဘိုးအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး... လူကြီးနှင့် လူငယ် နှစ်ဦးသားသည် မိမိတို့၏ အနေအထားအတိုင်း လှုပ်ရှားမှုမရှိဘဲ မတ်မတ်ရပ်နေကြ၏။

​ “နျန်နျန်လေး သေချာကြည့်ထား၊ ဒါက [ဝူကျီ အထိုင်ကျင့်စဉ်] ပဲ” ဒုတိယသခင်ကြီးချင်၏ အသံက ဟိန်းထွက်သွားပြီး - “ဒါက ကောင်းကင်အဆင့်ကျင့်စဉ်တွေကို မမီနိုင်ပေမယ့် သိုင်းပညာရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒါက မြေးလေးရဲ့ ခန္ဓာကိုယ်အချိုးအစားကို တည်ငြိမ်အောင် သွေးပေးပြီး အခိုင်မာဆုံးသော အခြေခံကို တည်ဆောက်ပေးလိမ့်မယ်၊ ဒါဆိုရင် ဘယ်တော့မှ လမ်းလွဲမှာ မဟုတ်ဘူး”

​ သူက အထိုင်လေ့ကျင့်ခန်းအကြောင်းကို အသေးစိတ် ရှင်းပြနေသော်လည်း အသက်တစ်လသာ ရှိသေးသည့် လျူနျန်ကမူ မည်သည်ကိုမျှ နားမလည်နိုင်ရှာချေ။

​ သူမသည် ဒုတိယသခင်ကြီးချင်ကိုသာ လိုက်တုလျက် သူမ၏ ဖောင်းအိနေသော ခြေထောက်လေးနှစ်ဖက်ကို ဘေးသို့ကား၊ လက်လေးနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် စုထားပြီး၊ မျက်နှာလေး တင်းကာ အာရုံစိုက်နေခဲ့သည်။

​ သခင်ကြီးချင်က ကြည့်ရင်းနှင့် ပို၍ သဘောကျလာကာ - “ကောင်းတယ်… နျန်နျန်လေးရဲ့ အနေအထားက ကွက်တိပဲ။ ကဲ... နောက်ထပ် နာရီဝက်လောက် ဆက်ရပ်ကြစို့”

​ လျူယွမ်နှင့် စုချင်းရွှယ်တို့က သမီးဖြစ်သူကို ကြည့်ကာ... အချင်းချင်း ပြုံးပြလိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့တော့သည်။

​ အချိန်တွေဟာ လျှန်မြန်စွာဖြင့် ရွေ့လျားနေခဲ့သည်...

​ တစ်ရက်၊ နှစ်ရက်၊ သုံးရက်...

​ တစ်လ၊ နှစ်လ၊ သုံးလ..

​ သမီးဖြစ်သူ လျူနျန်လေးမှာ အင်မတန် လျင်မြန်စွာ ကြီးပြင်းလာခဲ့သည်။

​ သူမ၏ ဦးခေါင်းပေါ်ရှိ နူးညံ့ပါးလွှာသော ကလေးဆံပင်လေးများမှာ ထူထဲနက်မှောင်လာခဲ့ပြီး ချစ်စဖွယ် ဆံထုံးလေး နှစ်ဖက်အဖြစ် ထုံးထားနိုင်ခဲ့ပြီ ဖြစ်သည်။

​ သူမ ဝတ်ဆင်သည့် အဝတ်အစားများမှာလည်း ကလေးဝတ် ဘောင်းဘီများမှသည် သိုင်းလေ့ကျင့်ရေး ဝတ်စုံငယ်လေးများအဖြစ် ပြောင်းလဲသွားခဲ့လေပြီဖြစ်သည်။

​ နတ်ဘုရားသွေးမျိုးဆက် ဖြစ်သည့်အတွက်ကြောင့်...

​ခြောက်လတာ ကာလအတွင်းမှာတင်... သူမသည် အသက် တစ်နှစ်ခွဲအရွယ် လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးကဲ့သို့ ထွားကျိုင်းလာခဲ့လေသည်။

​

​ ခြောက်လကြာပြီးနောက် တစ်နေ့သော နံနက်ခင်းတွင်...

​ “နျန်နျန်လေး... လက်သီးတစ်ချက် ထိုးလိုက်စမ်း...”

​ လောကတ်ပင်အိုကြီး၏ အောက်တွင်... လျူနျန်သည် မြင်းစီးအထိုင်ပုံစံဖြင့် ရပ်ကာ၊ သူမ၏ လက်သီးစွမ်းအားများကို မာကျောသော သစ်ပင်စည်ကြီးဆီသို့ အဆက်မပြတ် ထိုးနှက်နေပြီး... လက်သီးလေလှိုင်းသံများက လေထုထဲတွင် တဝုန်းဝုန်း မြည်ဟည်းနေလေသည်။

​ သူမ၏ အနားတွင်လည်း... ဒုတိယသခင်ကြီးချင်က အစွမ်းကုန် အားပေးအော်ဟစ်နေခဲ့သည်။

​ “မြန်မြန်... ပိုမြန်မြန်...”

​ “အဘိုးရဲ့ [ ဥက္ကာပျံ လက်သီးသိုင်း ] က အစွမ်းကုန် မြန်ဆန်မှုကို အလေးပေးတာ။ ထိပ်ဆုံးအဆင့်ကို ရောက်ရင်... တစ်စက္ကန့်ကို လက်သီးချက်ပေါင်း တစ်သိန်းအထိ ထိုးနိုင်တယ်...”

​ လျူနျန်၏ လက်သီးချက်များမှာ ပို၍ပို၍ မြန်ဆန်လာခဲ့ပြီး... နောက်ဆုံးတွင် လက်သီးရိပ်များသာ မြင်ရတော့သည့် အခြေအနေသို့ ရောက်ရှိသွားသည်။

​ “ ကောင်းတယ်... လက်သီးချက် သုံးရာ... ငါးရာ... တစ်ထောင်...”

​ “ငါ့မြေးမလေးကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ...”

​ သခင်ကြီးချင်က အားပေးသူပရိသတ်တစ်ဦးကဲ့သို့ ပြုမူနေပြီး... စိတ်လှုပ်ရှားမှုကို အမြင့်ဆုံးသို့ ရောက်အောင် ဆွဲတင်ပေးနေခဲ့သည်။

​ လောကတ်ပင်အိုကြီးမှာမူ အရာအားလုံးကို တိတ်တဆိတ် ကြံ့ကြံ့ခံနေရပြီး... သစ်ရွက်သုံးရွက်က လေထဲတွင် ညင်သာစွာ ကြွေလွင့်ကျလာခဲ့သည်။

​ စတုတ္ထမြောက် သစ်ရွက်ကမူ ကြွေလုလု အခြေအနေသို့ ရောက်နေခဲ့လေပြီ ဖြစ်သည်။

​ ကျင့်ကြံခြင်း တတိယနယ်ပယ်၏ အထွတ်အထိပ်... စတုတ္ထနယ်ပယ် သိုင်းရဲကောင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်

​ အမှန်တော့... လျူနျန်သည် လွန်ခဲ့သော နှစ်လကတည်းက သိုင်းပညာ၏ တတိယနယ်ပယ်သို့ ရောက်ရှိခဲ့ပြီးသား ဖြစ်သည်။

​ “ရှစ်နာရီ တိတိ ရောက်ပြီ... အဘိုးကြီးချင်... မင်းရဲ့ အချိန်ပြီးပြီ...”

​ အဘိုးဝမ်က အချိန်ကိုက် လျှောက်လာခဲ့ပြီး မျက်နှာကို တည်ထားကာ - “အချိန်ပို မရဘူး...”

​ သူက သူ၏လက်ထဲက ပစ္စတိုသေနတ်ကို ဝှေ့ယမ်းပြရင်း - “အခု ငါ့ရဲ့ သေနတ်ပစ်ပညာ သင်ရိုးအချိန် ရောက်ပြီ...”

​ သခင်ကြီးချင်မှာ စိတ်မပါသေးသော်လည်း... မတတ်သာဘဲ လက်လျှော့ကာ ရပ်နားလိုက်ရသည်။

​ ဒါက လူကြီးတွေ သတ်မှတ်ထားတဲ့ စည်းကမ်း ဖြစ်သည် - တစ်ယောက်လျှင် တစ်နေ့ကို တစ်နာရီသာ သင်ကြားခွင့်ရှိသည်။

​ လျူနျန်လေးက လက်သီးထိုးနေခြင်းကို ရပ်လိုက်ပြီး မောပန်းခြင်းမရှိဘဲ... နို့ဘူးကို ကောက်ကိုင်ကာ သားရဲနို့ရည် အချို့ကို အငမ်းမရ သောက်လိုက်လေသည်။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် အဘိုးဝမ်၏ နောက်သို့လိုက်ကာ သေနတ်ပစ်ပညာကို လေ့လာတော့သည်။

​ အဘိုးဝမ်က လျူနျန်အရပ်ထက် ပိုမိုမြင့်မားသော စနိုက်ပါရိုင်ဖယ် သေနတ်ကြီးတစ်လက်ကို ထုတ်ယူလိုက်ပြီး ခပ်တိုးတိုး အသံဖြင့် - “နျန်နျန်လေး... သေချာကြည့်ထား။ အဘိုးရဲ့သေနတ်ပစ်ပညာကို [ ကြီးစိုးသူ ဖျက်စီးခြင်း စနိုက်ပါ] လို့ ခေါ်တယ်။ မိုင်ပေါင်းထောင်ချီ အဝေးကနေ ရန်သူ့ခေါင်းကို ပစ်နိုင်ရုံတင်မကဘူး... အနီးကပ် တိုက်ပွဲမှာလည်း သုံးလို့ရတယ်...”

​ သူက စနိုက်ပါရိုင်ဖယ်ကို အရှိန်အဟုန်ဖြင့် လွှဲလိုက်ရာ... သေနတ်ကြီးက သူ့လက်ထဲတွင် သက်ရှိထင်ရှား ရှိနေသကဲ့သို့ ခန့်ညားလှသော လှံကြီးတစ်စင်းအလား ဖြစ်သွားခဲ့သည်။

​ “အဝေးကနေ တိုက်ခိုက်ရင်... မြို့ပြတွေကို ဖျက်ဆီးနိုင်ပြီး ကြယ်တာရာတွေကိုပါ ချေမှုန်းနိုင်တယ်...”

​ “အနီးကပ်တိုက်ခိုက်ရင်တော့... အဘိုးရဲ့ လှံစွမ်းရည်နဲ့ လူပေါင်းသောင်းခြောက်ထောင်ကို သတ်ဖြတ်နိုင်တယ်...”

​ လျူနျန်လေးက စူးစိုက်ကြည့်နေခဲ့သည်၊ သူမတွင် မြင်သမျှကို မှတ်မိနိုင်သော မှတ်ဉာဏ်စွမ်းရည် ရှိနေသည်။

​ သို့သော်လည်း သေနတ်က မြင့်လွန်းလှသဖြင့်... သူမအနေဖြင့် အခြေခံအကျဆုံး လှုပ်ရှားမှုများကိုသာ အရင် လေ့ကျင့်နိုင်ခဲ့သည် -

​ ထိုးစိုက်ခြင်း...

​ ပစ်ခတ်ခြင်း...

​ “ကိုးနာရီ ထိုးပြီ... အတန်းဆင်းစို့...” အဘိုးက အဘိုးဝမ်၏ စကားကို ဖြတ်ပြောလိုက်ရင်း - “နျန်နျန်လေး... တရားထိုင်ပြီး နားကြစို့။ သိုင်းကျင့်ရတာ ပင်ပန်းလွန်းပါတယ်... အင်မော်တယ် ကျင့်စဉ်ကိုပဲ ကျင့်ကြစို့...”

​ “အဘိုးက မြေးကို [ထိုက်ယီ ရွှေကြာပန်း ကျင့်စဉ်] သင်ပေးမယ်။ ဒီနည်းလမ်းကို မြင့်မားတဲ့အဆင့်အထိ ကျင့်ကြံနိုင်ရင်... ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ရွှေရောင်အလင်းတန်းတွေကို စုစည်းနိုင်ပြီး၊ ဝိညာဉ်ကိုပါ ခန္ဓာကိုယ်အပြင်ဘက် ထွက်ခွာစေနိုင်တယ်။ အဲဒီရွှေရောင်အလင်းအောက်မှာ... ဘယ်လို မိစ္ဆာဆိုးမှ မလွတ်မြောက်နိုင်ဘူး...”

​ လျူနျန်က ခြေထောက်ကို ချိတ်ကာ... မျက်လုံးများကို မှိတ်လျက် ထိုင်လိုက်သည်။

​ တစ်နာရီအကြာတွင်... တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုက သူမ၏ မျက်ခုံးနှစ်ဖက်ကြားမှ ပစ်ထွက်သွားပြီး၊ လောကတ်ပင်အိုကြီးကို တည့်တည့်မှန်ကာ သစ်ရွက်သုံးရွက် ထပ်မံ ကြွေကျသွားခဲ့သည်။

​ “မဆိုးဘူး... မဆိုးဘူး... ချီစွမ်းအင်စုဆောင်းခြင်း အဆင့် ၃ တောင် ရောက်နေပြီ။ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့ နီးစပ်နေပြီ...”

​ အဘိုးကျန်းက လက်ခုပ်တီးကာ အားပေးလိုက်ပြီး... ဆက်လက် သင်ကြားပေးရန် ပြင်စဉ်တွင် ဖြတ်ပြောခြင်း ခံလိုက်ရပြန်သည်။

​ “ဖယ်စမ်းပါ... မင်းကို အချိန်ပို နှစ်မိနစ်တောင် ပေးလိုက်ပြီ၊ အခု ငါ့အလှည့်...” ဆရာကြီး ချန်းမိုက သူ့ကို ဘေးသို့ တွန်းဖယ်လိုက်ကာ - “နျန်နျန်လေး... အဘိုးက မြေးကို စာဖတ်နည်း သင်ပေးမယ်...”

​ သူက ကျောက်သင်ပုန်းပေါ်တွင် ရေးသားလိုက်သည် -

​“a, o, e, i, u, ü...”

​ “တစ် နှစ် သုံး...”

​ လျူနျန်ကလည်း အလားတူ လိုက်လံရွတ်ဆိုပြီး ယုံကြည်ချက်ရှိရှိဖြင့် လေ့လာနေခဲ့သည်။

​ အဘိုးချင်းက ကြားဖြတ်ကာ ပြောလိုက်သည် - “စာပေပညာရှင်တွေက လက်တွေ့မကျတဲ့ ဟန်ပြအရာတွေကိုပဲ သင်ပေးတာ...”

​ “မင်းလို စာမတတ်တဲ့ အရူးက ဘာသိမှာလဲ...” ချန်းမိုက မထောက်ခံသည့် ပုံစံဖြင့် ဘေးတွင် ရပ်နေသော ချင်းဟန်ရှန်းကို စိုက်ကြည့်ကာ - “တခြားအလုပ်တွေက နိမ့်ကျတယ်၊ စာသင်တာကမှ အမြင့်မြတ်ဆုံးပဲ။ နျန်နျန်လေး အထက်တန်းကျောင်း ပြီးသွားတဲ့အခါကျရင်... သူမရဲ့ စကားလုံးတွေက သြဇာညောင်းလာပြီး... စကားတစ်လုံးတည်းနဲ့ မင်းကို ဖိနှိပ်ပစ်နိုင်လိမ့်မယ်...”

​ သူ ပြောပြီးသည်နှင့်... လျူနျန်က ကလေးအသံလေးဖြင့် စကားတစ်လုံးကို ရွတ်ဆိုလိုက်သည် - “လေ...”

​ ဝူး...

​ ဝင်းခြံတစ်ခုလုံးတွင် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး... သဲများနှင့် ကျောက်ခဲများ လွင့်ပျံကာ၊ လောကတ်ပင်အိုကြီး၏ သစ်ရွက်များ တဝေါဝေါ မြည်သွားခဲ့သည်။

​ နောက်ထပ် သစ်ရွက် သုံးရွက်ကလည်း တိတ်တဆိတ် ကြွေကျသွားပြန်သည်။

​ “တွေ့လား...” ချန်းမိုက ဒုတိယသခင်ကြီးချင်ကို ဂုဏ်ယူစွာဖြင့် ညွှန်ပြလိုက်ရင်း - “အဘိုးကြီးချင်... ဒါက စာပေပညာရဲ့ စွမ်းအားပဲ...”

​

​ နံနက် ၁၁:၀၀ နာရီ အချိန်တိတိတွင်...

​ အဘိုးလီက ကြွေကျနေသော သစ်ရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်ပြီး ပြုံးလျက် - “နျန်နျန်လေး... အဘိုးရဲ့ ဓားသိုင်းသင်ရိုးအချိန် ရောက်ပြီ။ မြေးကို [ မြက်ပင်ပုံစံ ဓားသိုင်းကျင့်စဉ်] သင်ပေးမယ်...”

​ “ဒီဓားသိုင်းက ကောင်းကင်နဲ့ မြေပြင်ပေါ်က အရာအားလုံးကို ဓားအဖြစ် သုံးနိုင်တယ်။ မြက်တစ်ပင်၊ သစ်ပင်တစ်ပင်၊ ပန်းတစ်ပွင့်၊ သစ်ရွက်တစ်ရွက်... အားလုံးက ဓားဖြစ်လာနိုင်တယ်။ စိတ်ရှိတဲ့နေရာကို ဓားက ရောက်သွားလိမ့်မယ်၊ ဘာကိုမှ မဖြတ်နိုင်တာ မရှိဘူး...”

​ လျူနျန်ကလည်း အလားတူ လိုက်လုပ်လျက် သစ်ရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်သည်။

​ သူမ၏ လက်ချောင်းထိပ်က ပါးလွှာသော သစ်ရွက်လေးသည် လေထုကို ဖြတ်သန်းသွားသည့် အသံလှိုင်းများကို ထွက်ပေါ်စေခဲ့ပြီး... ထက်မြက်လှသော ပုံစံမျိုး ဖြစ်နေခဲ့၏။

​ ပျံသန်းနေသော ဓားမြှောင်တစ်စင်းကဲ့သို့ပင်...

​

​ မွန်းတည့်အချိန်တွင်... အဘွားစွန်းက ဟင်းလျာများကို ကိုင်ဆောင်ကာ ရောက်လာခဲ့သည် - “နျန်နျန်လေး... ထမင်းစားရအောင်...”

​ ကျောက်စားပွဲပေါ်တွင် အရသာရှိလှသော စားသောက်ဖွယ်ရာ အမျိုးမျိုးဖြင့် ပြည့်နှက်နေခဲ့သည်။

​ ဟင်းချိုမှာမူ နဂါးသွေးဂျင်ဆင်းဖြင့် ပြုတ်ထားသော ချီလင်အရိုးစွပ်ပြုတ် ဖြစ်ပြီး... နှစ်ထောင်ချီသက်တမ်းရှိသော ဆေးမြစ်ဖြင့် ပေါင်းထားသော ကိုးရောင်ခြယ် တောကြက်ဟင်း၊ ထို့အပြင် ရှားပါး ဆေးဘက်ဝင်အပင် အမျိုးမျိုးဖြင့် ချက်ပြုတ်ထားသော ဟင်းလျာအချို့ ပါဝင်သည်။

​ လျူနျန်လေးမှာ စားသောက်ရင်း ပါးစပ်တစ်ခုလုံး ဆီများ ပေကျံနေခဲ့သည်။

​ သူမ ဤမျှ စိတ်ကျေနပ်စွာ စားသောက်နေသည်ကို ကြည့်ပြီး... အဘွားစွန်းမှာ ပြုံး၍မဆုံးနိုင်အောင် ဖြစ်နေခဲ့ရသည်။

​ နေ့လယ်စာစားပြီး နေ့လယ်တစ်ရေးနိုးချိန်တွင်... အဘိုးချန်က သူမကို အစီအရင် နည်းလမ်းများကို စတင်သင်ကြားပေးခဲ့သည်။

​ အဘိုးကျိုးကမူ သူမအတွက် သီးသန့် လက်နက်တစ်ခုကို တိတ်တဆိတ် ထုလုပ်ပေးနေခဲ့သည် -

​လှံ..

​ဓား...

​ ညနေဆည်းဆာအချိန်တွင်...

​ လျူယွမ်နှင့် စုချင်းရွှယ်တို့သည် လက်ချင်းချိတ်ကာ သူတို့၏ နှစ်ယောက်တည်းကမ္ဘာလေးမှ ပြန်လာခဲ့ကြသည်။

​ “မောင်... ကျွန်မအတွက် ချန်ထားဦးနော်...” စုချင်းရွှယ်က ချွဲနွဲ့သောလေသံဖြင့် ပြောရင်း... လျူယွမ်၏လက်ထဲမှ မစ်ခ်တီးကို လုယူကာ တစ်ငုံသောက်လိုက်ပြီးနောက်... ပိုက်ကို သူ၏နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်သည်။

​ သူတို့နှစ်ဦးသည် မစ်ခ်တီးကို သောက်နေကြခြင်းမဟုတ်... အချစ်ကို သောက်သုံးနေကြခြင်း ဖြစ်သည်။

​ အိမ်ထောင်သက်တမ်း လေးနှစ်နီးပါး ရှိလာခဲ့ပြီဖြစ်သော်လည်း သူတို့သည် အသစ်စက်စက် ဇနီးမောင်နှံများကဲ့သို့ ချိုမြိန်နေဆဲ ဖြစ်သည်။

​ သူတို့သည် ဟိုတယ်များ၊ ကားအတွင်း၊ တောတောင်များတွင် နှစ်ဦးတည်း အချိန်ကုန်လွန်စေရန် မကြာခဏ လျှောက်လည်ခဲ့ကြပြီး မရေမတွက်နိုင်သော ချိုမြိန်စရာ အမှတ်တရများကို ချန်ထားခဲ့ကြသည်။

​ သူမတွင် ဒုတိယမြောက် ကလေး မရသေးသော်လည်း... လျူယွမ်က သူ၏ဇနီးသည်ကို နေ့စဉ် စိတ်ကျေနပ်မှုအပြည့် ပေးထားနိုင်ခဲ့သည်။

​ “မိန်းမ... အနမ်းတစ်ခုလောက် ပေးပါဦး...”

​ နှစ်ဦးသား ဝင်းခြံထဲသို့ လှမ်းဝင်လာခဲ့ကြပြီး အချင်းချင်း ဖက်ကာ နမ်းလိုက်ကြသည်။

​ သို့သော်လည်း...

​ ထိုဇနီးမောင်နှံနှစ်ဦးကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြချေ။

​ သူတို့ဆီသို့ မျက်လုံးတစ်စုံမျှ လှည့်မကြည့်ခဲ့ကြပေ။

​ ယခင်ကဆိုလျှင်... လူကြီးများက သူတို့ကို ကလေးယူရန် အတင်းအကျပ် တိုက်တွန်းကာ ပွစိပွစိ ပြောတတ်ကြသေးသည်။

​ ယခုမူ... ထိုလူကြီးများ၏ စိတ်အာရုံအားလုံးမှာ လျူနျန်လေးဆီသို့သာ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​ လျူနျန်ကို သူတို့က ကောင်းမွန်စွာ စောင့်ရှောက်ပေးထားသည့်အတွက် လျူယွမ်နှင့် စုချင်းရွှယ်တို့အနေဖြင့် သူမအတွက် လုံးဝ ပူပန်စရာမလိုခဲ့ချေ။

​ ဒေါက်... ဒေါက်... ဒေါက်...

​ ဒေါက်ဖိနပ် စီးထားသော စုချင်းရွှယ်၏ ခြေသံက သာယာစွာ ထွက်ပေါ်လာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှ မွှေးပျံ့သော ရနံ့လေးက လွင့်ပျံလာခဲ့သည်။

​ သူမ၏ အဘိုးများနှင့်အတူ သင်ခန်းစာများကို ပြန်လည်သုံးသပ်နေသော လျူနျန်လေးသည် နှာခေါင်းလေး ရှုံ့ကာ မိခင်ဖြစ်သူ၏ အနံ့ကို ရရှိသွားခဲ့သည်။

​ သူမက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာတွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာပြီး-

​“ဖေဖေ...”

​ “မေမေ...”

​ သူမက စကားပြောတတ်နေပြီ ဖြစ်သည့်အတွက် ကလေးအသံလေးဖြင့် လှမ်းအော်လိုက်သည်။

​ လျူနျန်လေးသည် ခြေလှမ်းအနည်းငယ်ကို ခပ်သွက်သွက်လှမ်းကာ ကလေးငယ်တစ်ဦး၏ ပျော်ရွှင်မှုမျိုးဖြင့် လျူယွမ်နှင့် စုချင်းရွှယ်တို့ထံသို့ ဝမ်းသာအားရ ပြေးဝင်သွားခဲ့လေသည်။

All Chapters