← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အပိုင်း (၅၂)

​“နျန်နျန်လေး လိမ္မာတယ်နော်၊ မေမေ ပွေ့ထားမယ်”

​ စုချင်းရွှယ်က သမီးဖြစ်သူကို ရင်ခွင်ထဲသို့ ဆွေ့ခနဲ ပွေ့ချီလိုက်ပြီး ပါးပြင်လေးကို ချစ်စနိုးဖြင့် ရွှတ်ခနဲ နမ်းရှုံ့လိုက်သည်။

​ မိခင်နှင့် သမီး နှစ်ဦးသား၏ ပုံရိပ်မှာ အလွန်ပင် လှပလွန်းလှပြီး အသည်းယားစရာ ကောင်းလောက်အောင် ချစ်စဖွယ် ဖြစ်နေ၏။

​ “ဖေဖေ... အာဘွား...”

​ လျူနျန်က သူမ၏ လည်ပင်းလေးကို ဆန့်ထုတ်ကာ နှုတ်ခမ်းလေး ထော်လျက် လျူယွမ်၏ ပါးပြင်ကို လှမ်းနမ်းလိုက်သည်။

​ သူမက လိုက်တုနေခြင်း ဖြစ်သည်။

​ မိဘနှစ်ဦးသား အချင်းချင်း နမ်းနေကြသည်ကို မြင်တွေ့ရာမှ အတုခိုးတတ်လာခြင်း ဖြစ်ပေလိမ့်မည်။

​ လျူယွမ်က သမီးဖြစ်သူ၏ နူးညံ့အိစက်နေသော ပါးဖောင်းဖောင်းလေးကို အသာအယာ ဆွဲလိမ်လိုက်ရင်း ပြုံးလျက် - “သမီးလေး... ဒီနေ့ကော ဆိုးနေသေးလား...”

​ လျူနျန်က ခေါင်းကို တရစပ် ခါယမ်းပြလိုက်သည်။ သူမသည် ဖခင်ဖြစ်သူ၏ ရှေ့တွင်ဆိုလျှင် အမြဲတမ်း အလွန် လိမ္မာယဉ်ကျေးတတ်သူ ဖြစ်၏။

​ “နျန်နျန်လေးက အတော်ဆုံးပဲ...”

​ စုချင်းရွှယ်က စတစ်ကာလေးတစ်ခုကို ထုတ်ယူကာ သမီးဖြစ်သူ၏ နဖူးပေါ်တွင် ကပ်ပေးလိုက်ရင်း - “မေမေက ဆုချတဲ့အနေနဲ့ ပန်းနီလေး တစ်ပွင့် ပေးမယ်နော်...”

​ လျူနျန်က ရှက်ပြုံးလေး ပြုံးလိုက်ပြီး မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ မျက်နှာလေး ဝှက်လိုက်တော့သည်။

​ ထိုမြင်ကွင်းကို ကြည့်ပြီး အဘိုးကြီးတွေအားလုံး စိတ်သက်သာရာရကာ ကြည်နူးနေကြ၏။ ဒါက တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုသုံးယောက်ပါလား။

​ “အဟမ်း...”

​ ဒုတိယသခင်ကြီးချင်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ချီးမွမ်းစကား ဆိုလိုက်သည် - “နျန်နျန်လေးက ဒီနေ့ သိုင်းလေ့ကျင့်တာ တကယ်ကို ဝီရိယရှိတာပဲ။ ငါ့တစ်သက်မှာ ဒီလောက် ကြိုးစားတဲ့ ကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး...”

​ “ဟုတ်ပ... သူမအရွယ် ကလေးတွေဆို ကစားနေကြတုန်း ရှိသေးတာ၊ ဒါပေမဲ့ နျန်နျန်လေးကတော့ သိုင်းပညာရဲ့ တတိယနယ်ပယ်ကို တောင် ရောက်နေပြီ...” အဘိုးဝမ်ကလည်း လက်ပိုက်လျက် ခေါင်းညိတ် ထောက်ခံလိုက်သည်။

​ အဘိုးကျန်းကလည်း ဝင်ပြောလိုက်သည် - “ယွမ်အာ... မင်း တကယ့်ကို အဖိုးတန်တဲ့ သမီးလေးတစ်ယောက်ကို မွေးထုတ်ပေးလိုက်တာပဲ။ ကြီးလာရင်တော့ မိဘကို ပူပန်မှုတစ်စက်မှ မပေးဘဲ သိတတ်နားလည်တဲ့ သမီးလိမ္မာလေး ဖြစ်မှာ သေချာတယ်...”

​ အဘိုးအိုများမှာ လျူနျန်ကို ဝိုင်းအုံကာ ချီးမွမ်းခန်း ဖွင့်နေကြတော့သည်။

​ သူတို့၏ မျက်ဝန်းများထဲတွင် ချစ်ခင်မြတ်နိုးစိတ်များဖြင့် ပြည့်နှက်နေပြီး သမီးလေးကို တကယ့်ကို အသည်းစွဲ ဖြစ်နေကြပြီ ဖြစ်သည်။

​ ထိုစကားများကို ကြားသောအခါ စုချင်းရွှယ်မှာ အနည်းငယ် ရှက်သွေးဖြာသွားပြီး မဝံ့မရဲဖြင့် - “နျန်နျန်လေးကို ကောင်းကောင်း စောင့်ရှောက်ပေးကြလို့ အဘိုးတို့အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...”

​ အမှန်တော့ မိခင်ဖြစ်သူ သူမကိုယ်တိုင်ပင် ကလေးအတွက် ဤမျှလောက်အထိ အချိန်မပေးနိုင်ခဲ့ချေ။

​ သူမသည် လျူယွမ်နှင့်အတူ ကမ္ဘာပတ်ကာ နှစ်ယောက်တည်း ကမ္ဘာလေးထဲတွင် အချိန်ကုန်လွန်နေခဲ့သည်က များသည်။

​ အကယ်၍ ဤအဘိုးကြီးများ၏ ကူညီစောင့်ရှောက်မှုသာ မရှိလျှင် သူမအနေဖြင့် ယခုကဲ့သို့ လွတ်လပ်သော အချိန်များစွာ ရှိလိမ့်မည်မဟုတ်ပေ။

​ “မပင်ပန်းပါဘူး... မပင်ပန်းပါဘူး...”

​ အဘိုးချန်က လက်ဝှေ့ယမ်းပြရင်း - “နျန်နျန်လေး ကြောင့်ပဲ ငါ့ခြေထောက်တွေလည်း မနာတော့ဘူး၊ ခါးလည်း မကိုက်တော့ဘူး။ တစ်ကိုယ်လုံး အသက် တစ်ရာလောက် ပြန်ငယ်သွားသလို ခံစားရတယ်...”

​ “ချင်းရွှယ်... သမီး စိတ်အေးအေးသာထား၊ နျန်နျန်လေးကို ငါတို့ အကောင်းဆုံး ပြုစုပျိုးထောင်ပေးမှာပါ” အဘွားစွန်းက ပြုံးရွှင်စွာဖြင့် ဆေးပုလင်းတစ်ပုလင်းကို ထုတ်ကာ ကမ်းပေးလိုက်သည်။

​ “မင်းနဲ့ ယွမ်အာတို့က အပြင်မှာပဲ ပိုပြီး ပျော်ပျော်ပါးပါး နေကြပါ...”

​ လျူယွမ်က ဆေးပုလင်းကို လှမ်းယူလိုက်ရာ ထိုအထဲတွင် [ ကောင်းကင်ဖြည့် ဆေးလုံး ] နှင့် [ ချီလင် သားဆုပန် ဆေးလုံး ] များ ဖြစ်နေသည်ကို မြင်လိုက်ရသည်။

​ ကလေးထပ်ယူရန် တိုက်တွန်းသည့် ကျိန်စာက တစ်ကျော့ပြန် စတင်လာခဲ့ပြန်ပြီ ဖြစ်သည်။

​ လူကြီးများ၏ ပွစိပွစိ ပြောတတ်သော စွမ်းရည်များ ပွင့်မလာခင်... သူက ဇနီးဖြစ်သူ၏ ပုခုံးကို အမြန်ဖက်၊ သမီးလေးကို ပွေ့ချီကာ အိမ်ထဲသို့ ဝင်လာခဲ့တော့သည်။

​ အိမ်ထဲတွင်...

​ လျူနျန်လေးသည် နို့ဘူးကို ကိုင်ကာ တဂွတ်ဂွတ်နှင့် အငမ်းမရ သောက်နေ၏။

​ ဒါက စုချင်းရွှယ်က ကြိုတင် ညှစ်ထုတ်ကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားသည့် မိခင်နို့ရည် အစစ် ဖြစ်သည်။ သောက်ခါနီးမှ ပြန်နွှေးပေးရုံသာ ဖြစ်သည်။

​ သမီးဖြစ်သူမှာ အသက် ခြောက်လ ရှိပြီဖြစ်၍ နို့ဖြတ်ရန် ပြင်ဆင်ရမည့် အချိန် ရောက်နေပြီ ဖြစ်သည်။

​ သို့သော်လည်း ရုတ်တရက်ကြီး ဖြတ်ပစ်၍ မရသည့်အတွက် နို့ရည်ကို အချိုးကျ ရောစပ်ကာ တိုက်ကျွေးနေခြင်း ဖြစ်၏။

​ သို့သော်လည်း နျန်နျန်မှာ နို့ဘူးကို ကိုင်ရင်း မျက်မှောင်လေး ကြုတ်လိုက်မိသည်။

​ အရသာက အတူတူပင် ဖြစ်သော်လည်း တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားနေရ၏။

​ ခံစားချက် စည်းချက် မကိုက်ညီသလို ဖြစ်နေခြင်းပင်။

​ “မေမေ…”

​ သူမက လက်မောင်းလေးနှစ်ဖက်ကို ဆန့်တန်းကာ ပွေ့ချီရန် တောင်းဆိုလိုက်သည်။

​ စုချင်းရွှယ်က ပြုံးလျက် သမီးဖြစ်သူကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ညင်သာစွာ ချော့မြှူလိုက်တော့သည်။

​ ထိုအခါမှ လျူနျန်လေးက စိတ်ကျေနပ်သွားပုံ ရ၏။

​ အမှန်တော့ မေမေ ပွေ့ချီထားတဲ့အချိန် သောက်ရမှသာ လျှာပေါ်မှာ အရသာအစစ်ကို ရရှိနိုင်တာ ဖြစ်သည်။

​ “နျန်နျန်လေး... မေမေက သမီးကို နို့မတိုက်ချင်လို့ မဟုတ်ဘူးနော်...” စုချင်းရွှယ်က သမီးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးရင်း အလေးအနက် ရှင်းပြလိုက်သည် - “သမီးဖေဖေက အစားအသောက် အရမ်းကြီးလွန်းလို့ပဲ...”

​ မီးဖိုချောင်ထဲတွင် ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေသော လျူယွမ် - “...”

​ သူက သမီးဖြစ်သူ၏ အနားသို့ လျှောက်လာပြီး ခေါင်းခါပြလိုက်ကာ - “ဒီကိစ္စကို ဖေဖေ ခေါင်းခံမှာ မဟုတ်ဘူးနော်...”

​ လျူနျန်လေးက မျက်တောင်လေး တဖျတ်ဖျတ် ခတ်ကာ ဘာမှ နားမလည်နိုင်ရှာချေ။

​ မှောင်ရီပျိုးစအချိန်... နို့သောက်ပြီးနောက် သူမသည် ဝင်းခြံထဲသို့ ပြေးထွက်သွားကာ ခြေထောက်ကို ချိတ်ထိုင်လျက် [ ကြယ်တာရာ အသွင်ပြောင်း ကျင့်စဉ် ] ကို စတင် ကျင့်ကြံလေတော့သည်။ ကြယ်အလင်းတန်းများကို စုပ်ယူကာ မိမိ၏ ခန္ဓာကိုယ်ကို သန်မာအောင်လုပ်နေခဲ့သည်။

​ သူမ၏ နေ့စဉ်ဘဝက သိုင်းလေ့ကျင့်ခြင်း၊ စားသောက်ခြင်း၊ ထို့နောက် သိုင်းပြန်ကျင့်ခြင်းသာ ဖြစ်သည်။

​ သမီးဖြစ်သူ၏ ကြိုးစားအားထုတ်နေသော မျက်နှာလေးကို ကြည့်ပြီး လျူယွမ်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

​ ငါ့သမီးလေးက တကယ်ကို ကြိုးစားတာပဲ။

​ သူ့အနေဖြင့် ပိတ်ဆို့နေခဲ့သော ပဉ္စမနယ်ပယ်၏ အတားအဆီးမှာလည်း... မကြာမီ ဖောက်ထွက်နိုင်တော့မည့်အလား ခံစားလိုက်ရသည်။

​ သမီးလိမ္မာလေး... ဆက်ပြီး ကြိုးစားလိုက်စမ်းပါ…

​ ဖေဖေကတော့ သမီးရဲ့ အရှိန်အဝါကို မှီခိုပြီး အဆင့်တက်ရုံပဲ…

​ ဒါက သမီးဖြစ်သူ၏ စွမ်းအားကို လုယူခြင်းမဟုတ်ဘဲ မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲမှုကြောင့် ရရှိလာသော အပြန်အလှန် တုံ့ပြန်မှု ယန္တရားတစ်ခုသာ ဖြစ်သည်။

​ စုချင်းရွှယ်က ချက်ပြုတ်ရာတွင် သုံးသည့် ဝတ်စုံလေးကို ဝတ်ဆင်ကာ လျူယွမ်နှင့်အတူ ညစာ ပြင်ဆင်နေခဲ့သည်။

​ စုယွီမော့သည် ဟင်းရနံ့ကို ရရှိသွားပြီးနောက် စားသောက်ရန် ရောက်ရှိလာခဲ့၏။

​ “မမ... နျန်နျန်လေးက တကယ်ကို ကြိုးစားတာပဲ။ မနက်ကနေ ညအထိ သိုင်းကျင့်နေတာ၊ မမ ငယ်ငယ်တုန်းကထက်တောင် ပိုပြီး ကြိုးစားသေးတယ်။ တကယ့်ကို အံ့ဩစရာပဲ...”

​ စုယွီမော့က စိတ်ရင်းဖြင့် ချီးမွမ်းလိုက်ပြီး မိမိကိုယ်ကိုယ်ပင် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။

​ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က သူမသည် ကမ္ဘာမြေပေါ်တွင် အပျော်အပါးမက်ကာ မိမိ၏ ကျင့်ကြံခြင်းကို ပစ်ပယ်ထားခဲ့သည်မဟုတ်ပါလား။

​ “ယွီမော့... နင် အိမ်ပြန်ရမယ့် အချိန် ရောက်ပြီနော်...” စုချင်းရွှယ်က သတိပေးလိုက်သည် - “နင် ခိုးထွက်လာတာကို အဖေ သိသွားရင်တော့ မိသားစု စည်းကမ်းအတိုင်း အပြစ်ပေးခံရမှာ သေချာတယ်...”

​ စုယွီမော့မှာ ဂဏာမငြိမ်ဖြစ်သွားပြီး ထမင်းကို ပို၍ သွက်သွက် စားလိုက်ရင်း - “မမကော... အိမ်ပြန်ဖို့ ဘယ်တော့ စိတ်ကူးထားလဲ။ နောက်သုံးရက်ဆို အမေ ကွယ်လွန်တဲ့ အထိမ်းအမှတ်နေ့ ရောက်ပြီ။ မမ အမြန်ပြန်မလာရင် အဖေတင် စိတ်ဆိုးမှာ မဟုတ်ဘူး၊ အစ်ကိုကြီးပါ ရူးသွပ်သွားလိမ့်မယ်...”

​ “နေ့ဝက်လောက် လိုသေးတယ်...” စုချင်းရွှယ်က ပြန်ဖြေလိုက်သည်။

​ “နေ့ဝက်လား” စုယွီမော့၏ မျက်ဝန်းများ တောက်ပသွားကာ - “ဒါဆို ညီမလည်း မမနဲ့အတူ ပြန်မယ်၊ နောက်ထပ် ခြောက်လလောက် ဆက်ကစားလို့ ရသေးတာပေါ့။ ဟီးဟီး... အစ်ကိုကြီးနဲ့ အဖေ့အတွက် ဒီက ဒေသထွက် လက်ဆောင်ပစ္စည်းအချို့ ဝယ်သွားဖို့ အချိန်ကွက်တိပဲ...”

​ စုချင်းရွှယ်က - “ငါ့ကို လိုက်မတုနဲ့။ ငါ အချိန်ဆွဲနေရတာက အိမ်မပြန်ခင် ဖြည့်ဆည်းချင်တဲ့ ဆန္ဒတစ်ခု ရှိနေလို့ပဲ...”

​ စုယွီမော့က စပ်စုလိုသော မျက်နှာဖြင့် အနားသို့ တိုးကပ်လာကာ - “ဘာဆန္ဒလဲ မမ။ နျန်နျန်လေးရဲ့ တစ်နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပပေးဖို့လား...”

​ စုချင်းရွှယ် - “အဲဒီအချိန်ကျရင် နင် သိရမှာပါ...”

​ ထို့နောက် စုယွီမော့က မေးခွန်းတစ်ခုကို ထပ်မံ မေးမြန်းလိုက်ပြန်သည် - “မမ... ခဲအိုကိုကော တစ်ခါတည်း အိမ်ကို ခေါ်မသွားဘူးလား...”

​ “အဆုံးမဲ့ ကောင်းကင်ဘုံက ဒီထက်မက အန္တရာယ်များတယ်...” စုချင်းရွှယ်က ရိုးရှင်းစွာပင် ပြန်ဖြေလိုက်သည်။

​ သူမနှင့် လျူယွမ်တို့သည် ကြိုတင် ညှိနှိုင်းထားပြီးသား ဖြစ်သည်။ သူမက အိမ်သို့ အရင်ပြန်ကာ အခြေအနေ သွားကြည့်မည်ဖြစ်ပြီး မကြာမီ ပြန်လာခဲ့မည် ဖြစ်သည်။

​ စုယွီမော့၏ မျက်ဝန်းထဲတွင် လှည့်ကွက်အချို့ ဖြတ်ပြေးသွားကာ - “မမ...ကျွန်မရဲ့ အကြံဉာဏ်ကို တကယ် စဉ်းစားမကြည့်ဘူးလား။ ကျွန်မ ခဲအိုကို ခေါ်ပြီး တစ်နေရာရာမှာ ခဏလောက် ပုန်းနေပေးမယ်လေ...”

​ စုချင်းရွှယ်က လျူယွမ်ကို လှမ်းကြည့်လိုက်သည်။

​ လျူယွမ်က တည်ငြိမ်စွာဖြင့် ဟင်းချိုကို တစ်ငုံသောက်ရင်း - “ငါ ဒီခြံဝင်းထဲမှာပဲ နေမှာ၊ ဘယ်မှမသွားဘူး။ အကယ်၍ ယောက္ခထီးကြီး တကယ် ရောက်လာရင်လည်း ငါ ကောင်းကောင်း ဧည့်ခံပေးရုံပေါ့...”

​ လာ‌ပြောင်နေတာလား…။ တစ်လောကလုံးမှာ ဒီခြံဝင်းလောက် စိတ်ချရသောနေရာ မရှိတော့ချေ။

​ဒါက သူ့ရဲ့ အိမ်ပင်….

​ သူ့အနေဖြင့် စုကျန့်နန် ရောက်လာပြီး မိဘတစ်ဦးအနေဖြင့် မည်သို့ ပြုမူရမည်ကို သင်ခန်းစာ ပေးလာမည့် အချိန်ကိုပင် မစောင့်နိုင်တော့ပေ။

​ “ငါ့ယောကျာ်းရဲ့ စကားအတိုင်းပဲ...” စုချင်းရွှယ်က ညီမဖြစ်သူ၏ အကြံပြုချက်ကို ပယ်ချလိုက်သည်။

​ “ဟူး... သနားစရာကောင်းတဲ့ ကျွန်မရဲ့ အချစ်ရေး အကြံပေးဗျူဟာတွေကတော့ သုံးစားမရတော့ဘူးပေါ့...” စုယွီမော့က ထမင်းကို ခပ်သွက်သွက် စားပစ်လိုက်တော့သည်။

​ သူမ ထမင်းစားသောက်ပြီးနောက် ခိုးထွက်ရန် ပြင်စဉ်တွင် လျူယွမ်က လှမ်းခေါ်လိုက်သည် -

​“မပြန်ခင် ပန်းကန်တွေ ဆေးသွားဦး...”

​ စုယွီမော့မှာ မလိုလားသော်လည်း မတတ်သာဘဲ မီးဖိုချောင်ထဲသို့ အလိုက်သင့် ဝင်သွားရတော့သည်။ သူတစ်ပါး အမိုးအောက် ရောက်နေမှတော့ ခေါင်းငုံ့ရပေလိမ့်မည် ဖြစ်သည်။

​ မဟုတ်လျှင် နောက်တစ်ကြိမ် ထမင်းလာစားဖို့ အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။

​ သူမ ထွက်သွားပြီးနောက်….

​ စုချင်းရွှယ်သည် လျူယွမ်၏ လက်ကိုဆွဲကာ အိပ်ခန်းထဲသို့ ဝင်ခဲ့လိုက်သည်။

​ သူမ၏ မျက်ဝန်းထဲတွင် ပြင်းပြသော စိတ်အားထက်သန်မှုများဖြင့် တောက်ပနေပြီး -

​“မောင်... ကြိုးစားထားနော်။ ဒီတစ်ကြိမ်တော့ သေချာပေါက် အောင်မြင်ရမယ်...”

​ လျူယွမ်က ပြုံးစိစိဖြင့် သူမကို အိပ်ရာပေါ်သို့ ဖိချလိုက်ရင်း -

​ “ ဘော့စ်တိုက်ပွဲ... စတင်ပြီ...”

​ သန်းခေါင်ယံအချိန်... လျူယွမ်သည် ဇနီးဖြစ်သူ စုချင်းရွှယ်ကို ဖက်လျက် အိပ်ပျော်နေခဲ့သည်။

​အိပ်မက်ထဲတွင်...

​ ထိုသွေးစွန်းနေပြီးမှောင်မိုက်လှသော တားမြစ်နယ်မြေကြီးက တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်သည်။

​ ကောင်းကင်နှင့် မြေပြင်ကို ပိတ်ဆို့ထားသည့် မြင့်မားလှသော မြို့ရိုးကြီး၏ အုတ်ခဲတိုင်းမှာ သွေးများနှင့် နာကျည်းမှုများဖြင့် ပြည့်နေခဲ့၏။

​ မြို့တံခါးကြီးမှာ ရိုက်ချိုးဖျက်ဆီးခြင်း ခံထားရပြီး နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခု ဖြစ်နေခဲ့သည်။

​ “အားလုံးကို သတ်ပစ်ကြစို့”

​ ဟိန်းထွက်နေသော စစ်ကြွေးကြော်သံများနှင့်အတူ ရဲစွမ်းသတ္တိရှိသော စစ်သည်တော် အမြောက်အမြားသည် ရဲဘော်ရဲဘက်တို့၏ အလောင်းများကို နင်းဖြတ်ကာ မြို့ထဲသို့ အလုံးအရင်းဖြင့် ပြေးဝင်သွားကြသည်။

​ သို့သော်လည်း...

​ သူတို့ကို စောင့်ကြိုနေသည်က အောင်ပွဲ မဟုတ်ခဲ့ချေ။

​ မြို့ထဲတွင် ခြုံခိုတိုက်ခိုက်မှု ရှိနေခဲ့သည်။

​ ဧရာမ သားရဲကြီးတစ်ကောင်…

​ ၎င်း၏ ခန္ဓာကိုယ်မှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှသည်။

​ တစ်ကိုယ်လုံးကို မာကျောပြီး နက်မှောင်သော ခရမ်းရောင် အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ၊ အက်ကွဲကြောင်းများကြားမှ ချော်ရည်ကဲ့သို့သော မိစ္ဆာသွေးများ စီးဆင်းနေ၏။

​ ထူထဲလှသော သံကြိုးကြီးများက ၎င်းကို တုပ်နှောင်ထားသည်။

​ ထိုသို့ဖြစ်လင့်ကစား ၎င်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါများက ဟင်းလင်းပြင်ကြီးကိုပင် ချေမှုန်းနိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

​ သွေးနီရောင် မျက်ဝန်းတစ်စုံက အလုံးအရင်းဖြင့် ပြေးဝင်လာသော သက်ရှိ သန်းပေါင်းများစွာကို အေးစက်စွာ စိုက်ကြည့်နေပြီး၊ ရက်စက်ကြမ်းကြုတ်လှသော အစွယ်ကြီးများကို ဖြဲပြလျက် ပြုံးနေခဲ့သည်။

​ “ဝူး...”

​ ဟိန်းဟောက်သံ ထုတ်လွှတ်လိုက်လေရာ ရှေ့တန်းမှ ရဲစွမ်းသတ္တိရှိသော စစ်သည်တော် သောင်းပေါင်းများစွာမှာ ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

​ ၎င်းက ဧရာမ လက်သည်းကြီးကို ဝှေ့ယမ်းကာ သက်ရှိ သန်းပေါင်းများစွာကို သာမန်ကာလျှံကာ ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်ကာ ဝါးမြိုပစ်လိုက်သည်။

​ “သနားစရာလေးတွေ...”

​ “ကိုယ့်အဆင့်ကိုယ် မသိကြဘူး...”

​ ထိုမိစ္ဆာကြီးက ၎င်း၏ လျှာအရှည်ကြီးကို ဆန့်ထုတ်လိုက်ရာ၊ ရေတွက်၍မရသော သက်ရှိများမှာ သုတ်သင် ဝါးမြိုခြင်း ခံလိုက်ရပြန်သည်။

​ တကယ့်ကို ကြေကွဲစရာ ကောင်းလှသည်။ စစ်သည်တော်များသည် ဧရာမ သတ္တဝါကြီးကို မော့ကြည့်ကာ တုန်လှုပ်နေကြသော်လည်း မည်သူကမျှ နောက်ဆုတ်မသွားခဲ့ကြချေ။

​ ရဲဘော်ရဲဘက်တို့၏ သေဆုံးမှုက သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပိုမို တောက်လောင်စေခဲ့သည်။

​ “သတ်... သတ်... သတ်...”

​ “ငါတို့ ခန္ဓာကိုယ် ပျက်စီးသွားပါစေ၊ ဝိညာဉ်ပါ ချေမှုန်းခံရပါစေ... ကောင်းကင်ဘုံက ငါတို့ရဲ့ အမြင်အာရုံကို ပိတ်ဆို့ထားခြင်းကိုတော့ ခွင့်မပြုနိုင်ဘူး”

​ “ငါတို့ မျိုးနွယ်စုအတွက်... သေရဲတယ်...”

​“ငါတို့မှာ မဆုတ်မနစ်တဲ့ စိတ်ဓာတ် ရှိရမယ်၊ ငါတို့ရဲ့ အသက်ကို လောင်ကျွမ်းစေပြီး... တားမြစ်နယ်မြေကို ရှင်းလင်းပြီး အသက်ရှင်သန်ဖို့ လမ်းစကို ရှာဖွေရမယ်...”

​ “အကယ်၍ ကောင်းကင်ဘုံက ငါ့ကို မမွေးဖွားပေးခဲ့ရင်... ငါ ကောင်းကင်ဘုံကို ဆန့်ကျင်ပစ်မယ်...”

​ သက်ရှိ သန်းပေါင်းများစွာထဲမှ စွမ်းအားကြီးမားသော သူရဲကောင်း ခုနစ်ဦး ထွက်ပေါ်လာခဲ့သည်။

​ သူတို့သည် ရွှေရောင်မီးလျှံများဖြင့် ဖုံးလွှမ်းလျက် ဓားအစီအရင်တစ်ခုကို ဖန်တီးကာ ဓားခုနစ်စင်းကို အတူတကွ ပေါင်းစပ်လိုက်ကြသည်။

​ ထိုအရာက ကောင်းကင်ကို ခွဲဖြတ်နိုင်သော မြင့်မြတ်လှသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

​ “သတ်...”

​ “ဝူး...”

​ ထိုသားရဲကြီးက မိစ္ဆာမီးလျှံများကို မှုတ်ထုတ်လိုက်သည်။

​ ချက်ချင်းပင် တစ်လောကလုံး တိတ်ဆိတ်သွားခဲ့ရသည်။

​ ထိုသူရဲကောင်း ခုနစ်ဦးနှင့်အတူ သက်ရှိအားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

​ ထိုမိစ္ဆာကြီးက ၎င်း၏ ပါးစပ်ကြီးကို ဟကာ စစ်တလင်းပေါ်ရှိ သွေးနှင့် စွမ်းအင် အားလုံးကို စုပ်ယူပစ်လိုက်သည်။

​ မြေပြင်ပေါ်ရှိ အရိုးစုများမှာလည်း ပိုမို ထူထဲလာခဲ့ပြန်သည်။

​ စစ်သည်တော် သန်းပေါင်းများစွာမှာ... ချက်ချင်းပင် သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရတော့သည်။

All Chapters