အခန်း ၅၄
Vol. 6 Ch. 54
အပိုင်း (၅၄)
အိပ်ခန်းထဲတွင် စုချင်းရွှယ်က လျူယွမ်၏ ပေါင်ပေါ်၌ ထိုင်နေခဲ့သည်။
ရုတ်တရက် သူမ၏ နုနယ်သော ခန္ဓာကိုယ်လေး အနည်းငယ် တုန်ခါသွားပြီး တစ်ခုခုကို အာရုံခံမိလိုက်သကဲ့သို့ လှပသော မျက်ဝန်းအစုံက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
လိုက်ကာများ ပိတ်ထားသော်လည်း ခြံဝင်းထဲက အခြေအနေကို သူမ အတိုင်းသား မြင်နေရသည်။
လျူယွမ်လည်း တစ်ခုခုကို သတိပြုမိလိုက်သည်။
သူသည် အဆင့်ခြောက် သိုင်းသူရဲကောင်းနယ်ပယ် အဆင့်ရှိသူမို့ အတွင်းအင်္ဂါများနှင့် အကြောမကြီးများမှာ သန့်စင်ပြီးသား ဖြစ်ကာ အာရုံခံနိုင်စွမ်းမှာလည်း ရှေးယခင်ကတည်းက သာမန်ထက် ထူးကဲလွန်ကဲနေခဲ့ပြီ ဖြစ်သည်။
ဒါ့အပြင်... ဒါက သူ့အိမ် မဟုတ်ပါလား။
ကောင်လေးတစ်ယောက် ခြံဝင်းထဲသို့ ယိမ်းထိုးလျက် ဝင်လာခဲ့သည်။
“မိန်းမ... ဒါက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ...” လျူယွမ်က ကုတင်ဘေး စားပွဲခုံပေါ်က အနီရောင်ကြိုး ချည်ထားတဲ့ မြေစေးရုပ်လေးကို ကောက်ကိုင်ပြီး လှုပ်ခါပြကာ ရယ်မောလိုက်ရင်း - “ဒီလို အရုပ်လေးနဲ့ သားဆုပန်တဲ့ နည်းလမ်းက တကယ် အလုပ်ဖြစ်ပုံရတယ်၊ ငါတို့သားလေးက အိမ်တံခါးဝအထိ ကိုယ်တိုင် ရောက်လာပြီပဲ...”
အပြင်က ကလေးက ဒီမြေစေးရုပ်လေးနဲ့ ဆက်နွှယ်နေတဲ့ ဝိညာဉ် ဖြစ်ဖို့များသည်။
လျူယွမ်က ဒီကမ္ဘာမှာ ရှိတဲ့ အဓိက ကျင့်ကြံခြင်းစနစ် ကြီးလေးခုထဲက ဝိညာဉ်နဲ့ သက်ဆိုင်တဲ့ စနစ်တစ်ခုကို သတိရသွားခဲ့သည်။
အဲဒါကတော့... ‘နတ်ဘုရားဘွဲ့ အပ်နှင်းခြင်း’ ဖြစ်သည်။
ဝိညာဉ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းဖြင့် နတ်ဘုရားရာထူးအဆင့်ကို စုစည်းတည်ဆောက်ခြင်းကို နတ်ဘုရားဘွဲ့ အပ်နှင်းခြင်းဟု ခေါ်ဆိုပြီး ၎င်း၏ နယ်ပယ်အဆင့်များကိုတော့ ယင်ဝိညာဉ်၊ မျောလွင့်ဝိညာဉ် ၊ ယန်ဝိညာဉ် နှင့် ကောင်းကင်ဝိညာဉ်ဟု ခွဲခြားထားသည်။
သို့သော်လည်း နတ်ဘုရားလမ်းစဉ်ကို ကျင့်ကြံသူအရေအတွက်က သိုင်းပညာ သို့မဟုတ် အင်မော်တယ်ကျင့်ကြံခြင်း လမ်းစဉ်တို့နှင့် နှိုင်းယှဉ်ပါက အလွန်ပင် နည်းပါးလှသည်။
နတ်ဘုရားလမ်းစဉ်က ရုပ်ခန္ဓာကို စွန့်လွှတ်ရပြီး လူသားတို့၏ လောကီအလိုဆန္ဒများနှင့် ချစ်ခြင်းမေတ္တာ အနှောင်အဖွဲ့များကို ဖြတ်တောက်ရခြင်းကြောင့် ဖြစ်သည်။
ယေဘုယျအားဖြင့် သက်ရှိများသည် သေဆုံးပြီးနောက်တွင်မှ တွယ်တာမှု အကြွင်းအကျန်များ သို့မဟုတ် ကြီးမားသော ကုသိုလ်ကံများကြောင့် တိုက်ဆိုင်မှုတစ်ခုအနေဖြင့် ဤလမ်းစဉ်သို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
နတ်ဘုရားအများစုမှာ ကာမဂုဏ်ကို စွန့်လွှတ်ထားကြသူများ ဖြစ်ကြသည်။
ဒါပေမဲ့ သူတို့ ချုပ်တည်းထားရခြင်းက တကယ်ပဲ အလိုဆန္ဒ မရှိလို့တော့ မဟုတ်ချေ။
“ပုဒူဘုရားကျောင်းက ရာနဲ့ချီတဲ့ မြေစေးရုပ်တွေထဲကမှ ဝိညာဉ်စွမ်းအင် အများဆုံးရှိတဲ့ တစ်ခုကို ကျွန်မ ရွေးခဲ့တာ၊ အဆုံးတော့လည်း မျောလွင့်ဝိညာဉ်လေးတစ်ခုပဲ ဖြစ်နေတာပဲ…” စုချင်းရွှယ်က ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ မှီနွဲ့ရင်း ခြံဝင်းထဲက ကောင်လေးကို ကြည့်ကာ မကျေနပ်သလို နှုတ်ခမ်းလေး ဆူလိုက်သည်။
“ကျွန်မက ထီပေါက်သလိုမျိုး နတ်ဗိမာန်က ဆင်းသက်လာတဲ့ ကလေးလေးများ ရမလားလို့ မျှော်လင့်နေတာ...”
လျူယွမ်က သူမကို ကြည့်ပြီး သဘောကျကာ ရယ်မိသွားသည် - “မိန်းမရာ... မင်းက ဒါကို ပဟေဠိဘူးဖွင့်တာ ဒါမှမဟုတ် ဂိမ်းထဲမှာ ပုံးဖောက်တာများ မှတ်နေလို့လား၊ ကမ္ဘာက သာမန်လူသားကမ္ဘာလေ… ဘယ်ကလာ SSR အဆင့်ရှိတဲ့ နတ်ဘုရား အိမ်မွေးတိရစ္ဆာန်တွေ ရှိမှာလဲ၊ R အဆင့်ရှိတဲ့ မျောလွင့်ဝိညာဉ်နတ်ဘုရားလေး ရတာတောင် ကံကောင်းလှပြီ၊ တခြားလူဆိုရင်တော့ N အဆင့်ရှိတဲ့ လေလွင့်သရဲပဲ ရမှာ...”
“မောင်ကလည်း…” စုချင်းရွှယ်က သူ့ရင်ခွင်ထဲသို့ ပိုတိုးဝင်လာပြီး သွယ်လျသော လက်ချောင်းလေးများဖြင့် သူ့ရင်ဘတ်ပေါ်တွင် စက်ဝိုင်းပုံလေးများ ဆွဲနေခဲ့သည် - “မောင့်ရဲ့ မျိုးပွားနိုင်စွမ်းက တော်တော်ကောင်းတာပဲဟာ... နောက်ကျရင် ကျွန်မနဲ့အတူ ကံစမ်းမဲ နှိပ်ရမယ်နော်၊ ကျွန်မ ကောင်းကင်ယံအောက်မှာ အစွမ်းထက်ဆုံး ကလေးလေးတစ်ယောက် လိုချင်တယ်…”
ကြည့်ရတာ ငါ့မိန်းမက အပြင်က ကလေးနတ်ဝိညာဥ်လေးကို စိတ်မဝင်စားပုံရတယ်၊ သူတို့ကြားမှာ အမေနဲ့သား ရေစက် မပါတာ သေချာသလောက် ရှိနေသည်။
စုချင်းရွှယ်က သဘောကျရင်တောင်မှ သာမန်မျောလွင့်ဝိညာဉ်လေးတစ်ခုက သူမရဲ့ ဝမ်းဗိုက်ထဲကို ဝင်ရောက်မွေးဖွားဖို့ မဖြစ်နိုင်ပေ။
ဒါက လုံးဝကို တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။
ဘီလီယံနဲ့ချီတဲ့ သက်ရှိတွေ သတ်ဖြတ်ခံရမယ့် သွေးချောင်းစီး စစ်မြေပြင်ကြီး ဖြစ်၏။
မျောလွင့်နတ်ဝိညာဉ်ကို မပြောနှင့် ကောင်းကင်ဘုံက နတ်ကလေးတစ်ပါး လာရင်တောင် ထိုတားမြစ်နယ်မြေထဲမှာ ရှင်သန်နိုင်ဖို့ အခွင့်အရေး ရှိချင်မှ ရှိလိမ့်မည်။
လျူယွမ်ရဲ့ သားဖြစ်ချင်တာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ချေ။
ဘယ်သူက သူ့ကို နတ်ဘုရားမတစ်ပါးနဲ့ လက်ထပ်ခိုင်းလို့လဲ။
“ဒါဆို ဒီသားကို ငါတို့ မယူတော့ဘူးပေါ့…” လျူယွမ်က မြေစေးရုပ်လေးကို မြေကြီးပေါ် ပစ်ချတော့မည့်အလား လက်ထဲတွင် လှုပ်ခါပြလိုက်သည်။
“မပစ်လိုက်နဲ့ဦး...” စုချင်းရွှယ်က သူ့ကို လှမ်းဆွဲလိုက်ပြီး မချင့်မရဲ မျှော်လင့်နေတဲ့ အကြည့်လေးဖြင့် - “သူ နျန်နျန်လေးရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်မလားဆိုတာ ကြည့်ရအောင်…”
လျူယွမ်က ချက်ချင်း သဘောပေါက်သွားပြီး - “မိန်းမ... မင်းက ငါတို့သမီးလေးအတွက် အလကားရတဲ့ လက်ဝှေ့အိတ်ကို ရှာပေးလိုက်တာကိုး၊ မမက မောင်လေးကို ထုထောင်းမယ့်ပွဲပေါ့ ဟုတ်လား...”
စုချင်းရွှယ်က ချိုသာစွာ ပြုံးလိုက်ပြီး - “ဒီလို မောင်လေးမျိုးကတော့ အမဖြစ်သူရဲ့ အရိုက်အနှက်ကို ခံရဖို့ ကံပါလာပြီးသားပဲ…”
လျူယွမ်က အနည်းငယ် စိတ်ပူနေသေးသဖြင့် - “ဒါပေမဲ့ ဒီကိစ္စက အမှားအယွင်း ဖြစ်လို့မရဘူးနော်၊ မျောလွင့်နတ်ဝိညာဉ်ရဲ့ စွမ်းအားက ‘သိုင်းသူရဲကောင်း’ အဆင့်နဲ့ ညီမျှတယ်၊ နျန်နျန်လေးရဲ့ နယ်ပယ်က အဲဒီကောင်လေးထက် နိမ့်နေသေးတယ်...”
“ဒါပေမဲ့ သမီးက ပိုမြင့်တဲ့ နယ်ပယ်ကို အခုလေးတင် ဖောက်ထွက်သွားတာလေ...” စုချင်းရွှယ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည် - “ကြယ်အလင်းတန်းတွေကို ဆွဲသွင်းပြီး အတွင်းအင်္ဂါတွေကို သန့်စင်လိုက်ပြီဆိုတော့ အခု သူမက အဆင့်လေး သိုင်းသူရဲကောင်း ဖြစ်သွားပြီ...”
လျူယွမ်က စဉ်းစားလိုက်ပြီး - “ဒါဆိုရင်တောင် နျန်နျန်လေးက အခုမှ အဆင့်တက်ခါစပဲ ရှိသေးတာ၊ အဲဒီ ဝိညာဉ်ကောင်လေးရဲ့ နယ်ပယ်က သူမထက် မြင့်နေတုန်းပဲ...”
“ကျွန်မ ရှိနေတာပဲ... ဘာမတော်တဆမှုမှ ဖြစ်မလာစေရဘူး...” စုချင်းရွှယ်၏ လေသံမှာ ယုံကြည်ချက် အပြည့် ရှိနေသည်။
လျူယွမ်က ခေါင်းညိတ်လိုက်ပြီး - “ဒါလည်း ဟုတ်တာပဲ...”
ခြံဝင်းထဲမှာ စောင့်ကြည့်နေတဲ့လူတွေ ဒီလောက်များတာ၊ အငြိမ်းစား အဘိုးကြီး ရှစ်ယောက်စလုံးက အာမခံချက်တစ်ခုစီလို ဖြစ်နေသည်။
နတ်ဘုရားမ အမေဖြစ်သူ စုချင်းရွှယ်နဲ့ “မိဘ” ဖြစ်သူ သူကိုယ်တိုင်ပါ ရှိနေတာမို့ သမီးဖြစ်သူ နျန်နျန်လေး ဘာအန္တရာယ်မှ ဖြစ်စရာ အကြောင်း လုံးဝမရှိချေ။
သူမကို အမကြီး ဖြစ်ရတဲ့ ပျော်ရွှင်မှုကို မြည်းစမ်းခွင့် ပေးလိုက်ရုံပင်။
ခြံဝင်းထဲက အငြိမ်းစား အဘိုးကြီးများမှာ မိမိတို့ အခန်းထဲမှာသာ ရှိနေကြသော်လည်း ခြံထဲသို့ ကျူးကျော်ဝင်ရောက်လာသည့် ဝိညာဉ်ကောင်လေးကို အားလုံး သတိပြုမိလိုက်ကြသည်။
သူတို့က ‘စိတ်ချင်းဆက်စပ်မှု’ ဖြင့် အချင်းချင်း ဆက်သွယ်လိုက်ကြ၏။
“ဒီကလေးနတ်ဝိညာဥ်က ဘယ်ကနေ ရောက်လာတာလဲ၊ တကယ့်ကို မျက်စိမပါတဲ့ ကောင်ပဲ...”
အရှေ့ဘက်ဆောင်ထဲတွင် ဒုတိယသခင်ကြီးချင်က လက်ဝါးချင်း ပွတ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း - “ခြံထဲကို အတင်းဝင်လာပြီး နျန်နျန်လေးရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်ဝံ့တယ်လား၊ ငါ သူ့ကို တစ်လက်သီးတည်းနဲ့ ချီးထွက်အောင်ကို ထုပစ်မယ်...”
“အဘိုးကြီးချင်... စိတ်အေးအေးထားစမ်းပါ...” တောင်ဘက်ခန်းထဲတွင် အဘိုးချန်က အပင်အိုးများကို သေသပ်စွာ နေရာချရင်း ပြောလိုက်သည် -
“ဒီမျောလွင့်ဝိညာဉ် ခြံထဲ ခြေချလိုက်ကတည်းက ငါ့ရဲ့ မဟာအစီအရင်ထဲ ရောက်နေပြီသား၊ သူသာ နျန်နျန်လေးကို နည်းနည်းလေး ထိခိုက်အောင် လုပ်ဖို့ ကြံစည်တာနဲ့ ‘ချက်ချင်း ဝိညာဉ်ချေဖျက်ခြင်း’ ဆိုတာ ဘာလဲဆိုတာကို မြည်းစမ်းစေရမယ်...”
အနောက်ဘက်ဆောင်တွင် အဘိုးကျန်းက ပုခက်ကုတင်ပေါ်မှာ လှဲလျက် ဝတ္ထုစာအုပ်ကို အေးအေးလူလူ ဖတ်နေပြီး လက်ချောင်းများဖြင့် မန္တန်ပုံစံ ဖော်လိုက်ရင်း - “ဘာတွေ လောနေကြတာလဲ၊ စိတ်အေးအေးထားကြစမ်းပါ၊ ငါ့အထင်တော့ ဒီဝိညာဉ်ကောင်လေးက ကံတရားရဲ့ အနီရောင်ကြိုးနောက် လိုက်ပြီး လူဝင်စားဖို့ လာတာနေမှာ၊ ချင်းရွှယ်နဲ့ လျူယွမ်တို့ရဲ့ သားဖြစ်ချင်လို့ ထင်တယ်...”
စာကြည့်ခန်းထဲတွင် စာဖတ်မျက်မှန် တပ်ထားတဲ့ ချန်းမိုက ဟောင်းနွမ်းပြီး ကြိုးချည်ထားတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ကို လှန်လှောရင်း - “ချင်းရွှယ်နဲ့ လျူယွမ်တို့ နေ့ခင်းက ဘုရားကျောင်းမှာ ကလေးသွားဆုပန်ခဲ့ကြတာကိုး၊ ဒီလင်မယားနှစ်ယောက်က ဒုတိယကလေးရဖို့ တော်တော် စိတ်အားထက်သန်နေကြတာပဲ၊ ပါးစပ်ကသာ မလိုချင်ဘူးပြောတာ... လုပ်ရပ်ကတော့ သက်သေပြနေတာပဲ...”
ဘေးခန်းမှာ စစ်ဒရမ်မာကား ကြည့်နေတဲ့ အဘိုးဝမ်က ပြတင်းပေါက်နား လျှောက်လာပြီး အကဲခတ်လိုက်ရင်း - “ဒီကောင်လေးက တော်တော် ချောတာပဲ၊ ကြီးလာရင် လူချောကြီး ဖြစ်မှာ၊ မျောလွင့်နတ်ဝိညာဉ် ရာထူးလည်း ရှိတယ်ဆိုတော့ ပါရမီလည်း မသေးဘူး၊ သာမန်မိသားစုမှာ လူဝင်စားရင်တော့ ထိုမိသားစုက ကံထူးမှာ အမှန်ပဲ၊ ဒါပေမဲ့ လျူယွမ်နဲ့ ချင်းရွှယ်တို့ရဲ့ သားဖြစ်ဖို့ကျတော့... နည်းနည်းတော့ လွဲနေသလိုပဲ...”
အဘွားစွန်း၏ အခန်းထဲတွင်တော့ ဆေးပုလင်း ဆေးအိုးမျိုးစုံဖြင့် ပြည့်နှက်နေပြီး လန်းဆန်းစေသော ဆေးဘက်ဝင်အပင်ရနံ့များ သင်းပျံ့နေခဲ့သည်။ သူမကလည်း လှမ်း၍ စကားထောက်လိုက်၏ -
“ချင်းရွှယ်က နတ်ဘုရားမလေ... ဒီကလေး အောင်အောင်မြင်မြင် လူဝင်စားနိုင်ဖို့ အခွင့်အရေးက သုညပဲ၊ ပြီးတော့... ကြည့်ဦး၊ သမီးလေး နျန်နျန်က ဒီ ‘အရန်’ မောင်လေးကို သိပ်သဘောကျပုံမရဘူး...”
အဘိုးလီက အခန်းထဲမှာ လက်ဖက်ရည်သောက်ရင်း - “နျန်နျန်လေးက အဆင့်တက်သွားပြီပဲ... သူမက အသက်ခြောက်လပဲ ရှိသေးတာကို အဆင့်လေး သိုင်းသူရဲကောင်း ဖြစ်နေပြီ၊ ဒီပါရမီက ဟိုမျောလွင့်ဝိညာဉ်ကောင်လေးထက် အပြတ်အသတ် သာလွန်းတယ်...”
တစ်ချိန်လုံး တိတ်ဆိတ်နေပြီး ဆေးတံအိုကြီးကို ကိုက်ထားတဲ့ အဘိုးကျိုးက မနေနိုင်ဘဲ ပြောလိုက်သည် - “သေသေချာချာ စောင့်ကြည့်ထားကြ၊ မျက်တောင်မခတ်နဲ့၊ နျန်နျန်လေးကို အနိုင်ကျင့်မခံရစေနဲ့၊ သူမက အခုမှ နယ်ပယ်အသစ်ကို အဆင့်တက်ထားတာ...”
အငြိမ်းစား ထိပ်သီးပုဂ္ဂိုလ်ကြီး ရှစ်ယောက်စလုံးက ခြံဝင်းထဲက အခြေအနေကို အာရုံအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။
ခွေးအိမ်ထဲမှာ ရှိနေတဲ့ ယွန်းမြောင်လည်း တစ်ခုခုကို အာရုံခံမိသွားသည်။
“အဓိပ္ပာယ်မရှိတာ... ချင်းရွှယ်က တကယ်ကြီး ကလေးဆုကို သွားပန်ခဲ့တာလား...”
သူမက ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်လိုက်ပြီး အကြောင်းနဲ့ အကျိုးကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။
“သာမန် မျောလွင့်ဝိညာဉ်လေးတစ်ခုက နျန်နျန်လေးထက် အများကြီး နိမ့်ကျလွန်းတယ်...”
“လျူယွမ်... မင်း ချင်းရွှယ်ကို ဒီလို သာမန်ကလေးမျိုးကို ကိုယ်ဝန် ရှိခိုင်းလို့ လုံးဝမဖြစ်ဘူးနော်...”
“မဟုတ်သေးပါဘူး... ချင်းရွှယ်ကို ဒုတိယကလေး လုံးဝ ရခွင့်ပေးလို့ မဖြစ်ဘူး...”
ယွန်းမြောင်က ကိုယ်တိုင်လှုပ်ရှားပြီး ဒီကောင်လေးကို တိုက်ရိုက် အစဖျောက် ပစ်ရန် ကြံစည်လိုက်သည်။
သို့သော်လည်း သူမ ကောင်းကင်လျှို့ဝှက်ချက်ကို ဆက်လက် တွက်ချက်ကြည့်လိုက်သည့်အခါတွင်တော့ မျက်မှောင်ကုတ်သွားမိတော့သည်။
“ဒီကလေးရဲ့ နောက်ခံက သာမန်မဟုတ်ဘူးပဲ... သူက တကယ့် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ...”