← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အပိုင်း (၅၅)

​အဲ့ဒီအချိန်မှာပဲ ခြံဝင်းထဲတွင်…

​ ကောင်လေးက အနီရောင်ကြိုးနောက်သို့ လိုက်လာရင်း အိမ်ထဲသို့ ဝင်လုဆဲဆဲမှာပင် လျူနျန်က သူလူဝင်စားမည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။

​ “ဟင်... ဒါက ဒီအိမ်က ကလေး ဖြစ်ရမယ်၊ ငါ့ရဲ့ အနာဂတ်အမေရဲ့ သမီးပေါ့...”

​ ကောင်လေးက တော်တော်လေး ဉာဏ်ပြေးသဖြင့် လျူနျန်၏ အထောက်အထားကို ရိပ်မိသွားသည်။ သူက ယဉ်ကျေးပျူငှာစွာ ပြုံးပြလိုက်ပြီး - “မမ... လမ်းလေးနည်းနည်း ဖယ်ပေးလို့ ရမလားဟင်၊ ကျွန်တော်တို့က အခုကစပြီး မိသားစုတွေ ဖြစ်သွားပြီလေ...”

​ လျူနျန်က သူပြောနေတာကို နားမလည်သော်လည်း သူမ၏ ‘ကောင်းကင်မျက်စိ’ က ကောင်လေး၏ ရည်ရွယ်ချက်ကို အတိုင်းသား မြင်ပြီးသား ဖြစ်သည်။

​ ဒါက သူမရဲ့ အမေကို လာလုမယ့်ကောင် ဖြစ်သည်။

​ လုံးဝ မဖြစ်နိုင်ဘူး

​ ငါ့မောင်လေး ဖြစ်ချင်တယ်ဆိုရင်တော့ အမကြီးဖြစ်တဲ့ ငါ့ကို အရင်ကျော်ဖြတ်ရမယ်….

​ လျူနျန်က အခုမှ စကားပြောတတ်ခါစပဲ ရှိသေးပြီး လောကဝတ်တွေကို ကောင်းကောင်း နားမလည်သေးချေ။ သူမ သိတာဆိုလို့ သူမ အမေက သူမနဲ့ ဖေဖေ နှစ်ယောက်တည်း ပိုင်တာဖြစ်ပြီး တတိယလူ ဝင်ရှုပ်တာကို လုံးဝ ခွင့်မပြုနိုင်ဘူး ဆိုတာပဲ ဖြစ်သည်။

​ “မမက မနာလိုဖြစ်နေတာလား...”

​ ကောင်လေးက ပြုံးလိုက်သော်လည်း မျက်ဝန်းထဲတွင် ယုတ်မာကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

​ ဒီအမကြီးကိုသာ ဖယ်ရှားပစ်လိုက်ရင် သူက မိသားစုထဲမှာ တစ်ဦးတည်းသော သား ဖြစ်လာမှာ မဟုတ်ပါလား။

​ မောင်နှမတွေဆိုတာ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတာပင်…

​ ငါသာ အရင် လက်ဦးမှုမယူရင် မွေးလာပြီးတဲ့အခါ နေ့တိုင်း အမဖြစ်သူရဲ့ နှိပ်စက်မှုကို ခံနေရမှာပဲ

​ ဒီပြဿနာကို အခုကတည်းက အမြစ်ပြတ် ရှင်းပစ်မှ ဖြစ်ပေရော့မည်။

​ “မမ... ကျွန်တော်က မျောလွင့်နတ်ဝိညာဉ်တစ်ပါးပဲ၊ မမ ငါ့ကို တားလို့မရပါဘူး...”

​ “မေမေနဲ့ ဖေဖေလည်း စောင့်ရတာ စိတ်မရှည်တော့လောက်ဘူး၊ ကျွန်တော် လူဝင်စားတော့မယ်...”

​ ကောင်လေး၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး အေးစက်သော အငွေ့အသက်များ ဝန်းရံလျက် ဝိညာဉ်ရိပ်အသွင် ပြောင်းလဲကာ လျူနျန်၏ ကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

​ မျောလွင့်နတ်ဝိညာဉ်တစ်ခုအနေဖြင့် သူသည် လျူနျန်၏ ရုပ်ခန္ဓာကို တိုက်ရိုက် ဖောက်ထွက်သွားနိုင်သည်။

​ သူမ၏ ဝိညာဉ်ထဲမှာပါ တစ်ခုခု လုပ်ဆောင်ပြီး... သူမကို ငတုံးတစ်ယောက် ဖြစ်အောင် လုပ်ပစ်လို့ပင် ရသေးသည်။

​ သို့သော်လည်း...

​ လျူနျန်က မျက်တောင်ပင့်ကာ စူးစိုက်ကြည့်လိုက်၏။

​ ကောင်းကင်မျက်စိ၏ စွမ်းအားအလင်းတန်းများ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

​ ထိုကောင်လေး၏ ဝိညာဉ်ခန္ဓာကိုယ်မှာ လေထုထဲတွင် ချက်ချင်း အေးခဲသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

​ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်း... မင်းက မျက်လုံးကျင့်စဥ်ကို တတ်ထားတာလား...”

​ “မဟုတ်ဘူး... သာမန်မျက်လုံးပညာဆိုရင် ငါ့ကို အေးခဲအောင် လုပ်လို့မရဘူး... ဒါက ကောင်းကင်မျက်စိ ဖြစ်ရမယ်...”

​ ကောင်လေးမှာ လုံးဝ ဆွံ့အသွားပြီး နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

​ ကောင်းကင်ကြီး ပြိုကျလာခဲ့လေပြီ။

​ကျောက်ဆောင်ကိုမှ သွားတိုက်မိလိုက်ပြီ။

​ ဒီကောင်မလေးရဲ့ ပါရမီက ကြောက်စရာကောင်းလွန်းတာပဲ။

​ “မမ... သက်ညှာပေးပါ...”

​ “ကျွန်တော် ရှင်းပြပါရစေ... မဟုတ်ဘူး... ကျွန်တော့်ကို...”

​ကောင်လေးက ကရုဏာသက်ပြီး သူ့ကို လွှတ်ပေးဖို့ တောင်းပန်ချင်နေခဲ့သည်။

​ ဒါပေမဲ့ လျူနျန်က ရှေ့သို့ လွှားကနဲ ခုန်တက်လိုက်ပြီး မိမိ၏ သေးငယ်သော ခန္ဓာကိုယ်လေးကို ကြယ်ပျံတစ်စင်းအလား အရှိန်မြှင့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အားကုန် ထိုးနှက်လိုက်တော့သည်။

​ ဘုန်း...

​ ကောင်လေးမှာ လက်သီးချက်ကြောင့် လေထဲကနေ မြေကြီးပေါ်သို့ ကျသွားသည်။

​ ချက်ချင်းဆိုသလိုပင် လက်သီးမုန်တိုင်းများက ပုံရိပ်ယောင်တွေပဲ မြင်ရသည်အထိ မြန်ဆန်စွာ ကျဆင်းလာခဲ့တော့သည်။

​ ပြိုင်ဘက်ကင်း အတုမဲ့ပညာရပ် - ‘အမကြီး၏ သံလက်သီး’ ပဲ ဖြစ်သည်။

​ ကောင်လေးမှာ အရိုက်ခံရလွန်းသဖြင့် အော်ပင်မအော်နိုင်တော့ချေ။

​ သူ ပြန်ခုခံဖို့ ကြိုးစားပေမယ့် ထုထောင်းခံရလွန်းလို့ အာရုံတွေပါ ဝေဝါးကုန်ပြီ ဖြစ်သည်။

​ လျူယွမ်က ဇနီးဖြစ်သူ စုချင်းရွှယ်ကို ဖက်ထားရင်း ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး-

​ “ငါတို့သားလေးတော့ မရှိတော့ဘူး...”

​ “သူ့အမရဲ့ အတားအဆီးကို မကျော်နိုင်ခဲ့ဘူး...”

​ သူမ၏ သမီးဖြစ်သူ လျူနျန်က ခြံဝင်းထဲတွင် ထိုမျောလွင့်ဝိညာဉ်ကောင်လေးကို ထုထောင်းနေသည်ကို သူ အတိုင်းသား အာရုံခံမိသည်။

​ ဒီကလေးက သူနဲ့ သားအဖ ရေစက်မပါတာ သေချာသွားပြီဖြစ်ပြီး ဇနီးဖြစ်သူ၏ ဝမ်းဗိုက်ထဲ ဝင်ရောက်မွေးဖွားခွင့် လုံးဝ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

​ ဒါ့အပြင် သူက လျူနျန်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် ရှေ့မှာ ရက်စက်လှတဲ့ တားမြစ်နယ်မြေကြီးကို ရင်ဆိုင်ရဦးပေမည်။

​ သူ့ရဲ့ မျောလွင့်နတ်ဝိညာဉ် ကျင့်ကြံခြင်းအဆင့်လေးနဲ့ဆိုရင်တော့ အမြှောက်စာအဆင့်ပဲ ရှိပေလိမ့်မည်။

​ စုချင်းရွှယ်က လျူယွမ်၏ ပေါင်ပေါ်တွင် ထိုင်ကာ သူ့ကို တင်းကျပ်စွာ ဖက်ထားရင်း အနီရောင်ကြိုး ချည်ထားသည့် မြေစေးရုပ်လေးကို ကိုင်ကာ အနည်းငယ် စိတ်မကောင်းစွာဖြင့် -

​“မောင်... ကလေးရဖို့ ကလေးဆုပန်တဲ့ နည်းလမ်းက တကယ်ပဲ မလွယ်ကူပါလား၊ နောက်ကျရင် မောင် ပိုပြီး ကြိုးစားရမယ်နော်...”

​ လျူယွမ်က ဇနီးဖြစ်သူ၏ ချောမွေ့သော ကျောပြင်လေးကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။

​ ကိုယ်ဝန်ရဖို့ ကြိုးစားမှုက မအောင်မြင်ခဲ့ပေမယ့် အချည်းနှီးတော့ မဟုတ်ခဲ့ချေ။

​ စုချင်းရွှယ်က လျူယွမ်ကို ကြည့်လိုက်ရာ သူမ၏ ကြည်လင်သော မျက်ဝန်းအစုံက ဉာဏ်ပညာအလင်းများဖြင့် တောက်ပနေသည်။

​ သူမက မြေစေးရုပ်လေးကို ကစားရင်း - “ဒီလို အရုပ်လေးနဲ့ ကလေးဆုပန်တဲ့ နည်းလမ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူက နတ်ဘုရားတစ်ပါး ဖြစ်ရမယ်...”

​ “မင်းပြောချင်တာက ကမ္ဘာပေါ်မှာ နတ်ဘုရားတွေ ရှိနေသေးတာလား...” လျူယွမ်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

​ ဒါက ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုပင် ဖြစ်သည်။

​ နတ်ဘုရားတွေဟာ အင်မော်တယ်တွေလိုပဲ ထိပ်သီး သက်ရှိတွေ ဖြစ်ကြပြီး ပုံမှန်အားဖြင့် နတ်ဗိမာန်မှာပဲ နေထိုင်ရမည် ဖြစ်သည်။

​ မကြာသေးမီ နှစ်များအတွင်း လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ကမ္ဘာပေါ်မှာ နတ်ဘုရားတွေ ရှိနေတဲ့ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ကြချေ။

​ သာမန်လူတွေက ဘုရားကျောင်း သွားဖူးတယ်ဆိုတာကလည်း နတ်ဘုရားတွေရဲ့ အရှိန်အဝါကို တစ်ဖက်သတ် အာရုံခံဖို့ ကြိုးစားရုံသာ ဖြစ်သည်။

​ “ကျွန်မ ဒီအရုပ်ထဲကနေ နတ်ဘုရားတွေ ချန်ထားခဲ့တဲ့ ကံကြမ္မာ အဆက်အသွယ် အရိပ်အယောင်တစ်ခုကို တွက်ချက်မိလိုက်တယ်...” စုချင်းရွှယ်က ရှင်းပြသည် - “ဒါပေမဲ့ ဒီကမ္ဘာမြေတစ်ခုလုံးမှာတော့ နတ်ဘုရားရှိနေတာကို ကျွန်မ အာရုံမခံမိဘူး၊ ဖြစ်နိုင်တာက သူတို့ ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ဖို့ တစ်ခုခု သုံးထားတာ နေမှာ...”

​ လျူယွမ်က ခေတ္တ စဉ်းစားလိုက်ပြီး ခန့်မှန်းချက်တစ်ခု ထုတ်လိုက်သည် - “နတ်ဗိမာန်ထဲက နတ်ဘုရားက ဒီမြေစေးရုပ်လေးတွေကို သားငါးမျှားချိတ်လို သုံးပြီး ကမ္ဘာပေါ်က သက်ရှိတွေကို မျှားနေတာများ ဖြစ်နိုင်မလား...”

​ “မောင် ပြောမှပဲ... အဲဒါ တကယ် ဖြစ်နိုင်တာပဲ...” စုချင်းရွှယ် ချက်ချင်း သဘောပေါက်သွားသည်။

​ သူမ မိဘအိမ်မပြန်ခင် ကမ္ဘာပေါ်မှာ သူမ၏ ခင်ပွန်းနဲ့ သမီးကို အန္တရာယ်ပြုနိုင်မယ့် အင်မော်တယ်၊ မိစ္ဆာ သို့မဟုတ် နတ်ဘုရားတွေ ရှိမရှိ သေချာအောင် စစ်ဆေးချင်ခဲ့ခြင်း ဖြစ်သည်။

​ ဒါကြောင့်မို့လို့ ဘုရားကျောင်းမှာ သားဆုပန်ပြီး ကမ္ဘာပေါ်မှာ နတ်ဘုရားတွေ တကယ် ရှိမရှိ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

​ ရလဒ်အနေနဲ့ နတ်ဘုရားက ထွက်မလာဘဲ မျောလွင့်ဝိညာဉ်ကောင်လေး တစ်ကောင်ပဲ မိခဲ့သည်။

​ အဲ့ဒီအချိန်မှာပဲ ခြံဝင်းထဲတွင်….

​ လျူနျန်က တိုက်ခိုက်နေတာကို ရပ်လိုက်ပြီ ဖြစ်သည်။

​ မျောလွင့်ဝိညာဉ်ကောင်လေးမှာတော့ ဝိညာဉ်စွမ်းအင်တွေ ပြန့်ကျဲသွားပြီး ပါးလွှာတဲ့ စာရွက်တစ်ရွက်လို ဖြစ်ကာ မြေပြင်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေလေသည်။ သူ့အောက်က အုတ်ကြွပ်မြေပြင်မှာ တွင်းနက်ကြီးတစ်ခု ဖြစ်သွားပြီး လောကတ်ပင်အိုကြီးရဲ့ အမြစ်တစ်ပိုင်းပါ ပေါ်နေခဲ့၏။

​ အပင်မြစ်က အောက်ကနေ ခံမထားပေးရင် ဒီတွင်းက ပိုတောင် နက်သွားပေဦးမည် ဖြစ်သည်။

​ ခြောက်လသားအရွယ်ပဲ ရှိသေးတဲ့ လျူနျန်၏ စိတ်ထဲမှာတော့ ‘သေခြင်းတရား’ ဆိုတာ ဘာလဲ မသိသေးချေ။

​ သူမ သိတာက သူမ နိုင်သွားပြီဖြစ်ပြီး ပြိုင်ဘက်က မလှုပ်နိုင်တော့လို့ သူမရဲ့ မေမေနဲ့ ဖေဖေကို လာလုလို့ မရတော့ဘူး ဆိုတာပဲ ဖြစ်သည်။

​ ဟွန့်...

​ မင်းက ငါ့မောင်လေး မဟုတ်ဘူး။

​ သူမ မျက်ဝန်းထဲက လောကမျက်စိ၏ အလင်းတန်းများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သာမန် ကလေးငယ်တစ်ယောက်ရဲ့ တောက်ပတဲ့ မျက်ဝန်းနက်လေးတွေ ပြန်ဖြစ်သွားသည်။

​ ဖိအားတွေ ပျောက်ကွယ်သွားသည်နှင့် မျောလွင့်ဝိညာဉ်ကောင်လေးမှာ ချက်ချင်း ပြန်လှုပ်ရှားနိုင်ခွင့် ရသွားပြီး စိတ်ထဲမှာ တစ်ခုပဲ ရှိတော့သည် -

​ပြေးရမယ်... လွတ်အောင် ပြေးရပေမည်။

​ သူ ဒီနေ့ ခံခဲ့ရတဲ့ အရှက်ကွဲမှုကို ရင်ထဲ စွဲမှတ်ထားလိုက်သည်။

​ မောင်နှမ မဖြစ်ရရင်လည်း တခြားမိသားစုမှာ လူဝင်စားလိုက်မယ်။

​ "ငါကြီးလာတဲ့အခါကျရင် သူမနောက်ကို တကောက်ကောက်လိုက်ပြီး ရည်းစားဖြစ်အောင် အပိုင်ကြံမယ်။ ပြီးမှ ပြတ်ပြတ်သားသား စိမ်းကားပစ်လိုက်မယ်။ ကံကြမ္မာရဲ့ ဝဋ်ကြွေးနဲ့ပဲ သူမကို ကလဲ့စားချေပြီး နာကျင်မှုဆိုတာ ဘာလဲဆိုတာ ကောင်းကောင်းကြီး သိစေရမယ် "

​ ကောင်လေးက တွင်းထဲကနေ အသည်းအသန် ရုန်းကန်ထွက်ပြီး ထွက်ပြေးဖို့ ပြင်လိုက်သည်။

​ ဒီအချိန်မှာပဲ ခြံထဲက အငြိမ်းစား အဘိုးကြီးတွေ လုံးဝ ငြိမ်မနေနိုင်ကြတော့ချေ။

​ “နျန်နျန်လေးက တကယ် တော်တာပဲ... မျောလွင့်နတ်ဝိညာဉ်ကို တောင် အနိုင်ပိုင်းနိုင်တယ်...” အဘိုးကျန်းက အခန်းထဲကနေ ကြည့်ရင်း အံ့သြချီးမွမ်းလိုက်သည်။

​ “နယ်ပယ်ကျော်ပြီး တိုက်ခိုက်နိုင်တဲ့လူတွေက တကယ့် ပါရမီရှင်တွေပဲ...” ဝမ်ကျန့်ကော်က ဂုဏ်ယူစွာ ပြောလိုက်သည်။

​ သခင်ကြီးချင်က လှိုက်လှိုက်လှဲလှဲ ရယ်မောရင်း - “ဟားဟား... နျန်နျန်လေးက ငါသင်ပေးထားတဲ့ လက်သီးကွက်တွေနဲ့ ထိုးပစ်လိုက်တာလေ...”

​ ချန်းမိုကတော့ စာလိပ်ကို ဖြန့်ပြီး စုတ်တံကို ကိုင်ကာ ဒီမြင်ကွင်းကို မှတ်တမ်းတင်လိုက်သည်၊ နျန်နျန်လေး ကြီးလာတဲ့အခါ အမှတ်တရအဖြစ် ပေးဖို့ ဖြစ်သည်။

​ အဘိုးလီ၏ အကြည့်က နက်ရှိုင်းသွားပြီး တည်ငြိမ်သော လေသံဖြင့် - “နျန်နျန်လေး နိုင်သွားပေမယ့် သူမက ငယ်သေးတော့ ပြိုင်ဘက်ကို အမြစ်ပြတ် သတ်ရမယ်ဆိုတာကို နားမလည်သေးဘူး၊ ကောင်းပြီ... ငါပဲ သူမကို သင်ခန်းစာ ပေးလိုက်တော့မယ်...”

​ အဲဒီအချိန်မှာပဲ...

​ လျူနျန်က မြေပြင်ပေါ်က ထိုမောင်လေးက ပြန်လှုပ်ရှားလာတာကို သတိပြုမိသွားသည်။

​ သူမက ‘အမြစ်ပြတ်ခြေမှုန်းခြင်း’ ဆိုတာ ဘာလဲ မသိပေမယ့်...

​ သားကောင်က လှုပ်ရှားနိုင်သေးသရွေ့ တိုက်ပွဲမပြီးသေးဘူးဆိုတာ သူမရဲ့ ပင်ကိုယ်ဗီဇက သိနေသည်။

​ သူမ လက်လေးကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်က လောကတ်ရွက်အချို့က ချက်ချင်း ဓားမြှောင်ပျံများအသွင် ပြောင်းလဲသွားပြီး ရှူးကနဲ မျောလွင့်ဝိညာဉ်ကောင်လေး၏ ကိုယ်ကို စိုက်ဝင်သွားတော့သည်။

​ ရွှပ်... ရွှပ်... ရွှပ်...

​ တစ်ကိုယ်လုံး အပေါက်တွေ ဗလပွ ဖြစ်သွားခဲ့ရလေသည်။

​ “အား... မမ...... အသက်ချမ်းသာပေးပါ...”

​ ထိုကောင်လေးက စူးစူးဝါးဝါး အော်ဟစ်တောင်းပန်လိုက်သည်။

​ ဒါပေမဲ့ လျူနျန်က လုံးဝ နားမလည်ချေ။ သူမ ခေါင်းလေးစောင်းကာ - “ဘာတွေ ပြောနေတာလဲ...” လို့ မေးလိုက်ရင်း...

​ သူမ၏ ပါးစပ်လေးကို ဖွင့်ကာ ကလေးအသံလေးဖြင့် တစ်လုံးတည်းသော စကားလုံးကို ပြောလိုက်သည် -

​“မီး...”

​ ရုတ်တရက် ဆိုသလိုပင် တောက်လောင်နေသော မီးလုံးကြီးတစ်လုံး ပေါ်လာပြီး ထိုဝိညာဥ်ကောင်လေးကို ချက်ချင်း ဝါးမြိုသွားတော့သည်။

​ “အား...” ကောင်လေးက မီးထဲမှာ လူးလိမ့်ရင်း နည်းလမ်းရှာလိုက်သည်။

​ကြည့်ရတာ ငါ သေချာပေါက် သေချင်ယောင်ဆောင်ရတော့ပေမည်။

​ သူက အပူဒဏ်ကို အောင့်ခံပြီး လျှာလေးထုတ်ကာ မြေပြင်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေလိုက်သည်။

​ သုံးမိနစ်ခန့် ကြာပြီးနောက် လျူနျန်မှာ ပြိုင်ဘက် လုံးဝ မလှုပ်တော့တာကို မြင်မှ တိုက်ခိုက်မှုကို ရပ်လိုက်သည်။

​ ဒီတစ်ခါတော့ တကယ် နိုင်သွားပြီမလား။

​ အခန်းထဲတွင် အဘွားစွန်းက လူတိုင်းကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည် - “နတ်ဝိညာဉ်ကို အလွယ်တကူ သတ်ဖို့ မလွယ်ဘူး၊ ဒီကောင်က သေချာပေါက် သေချာချင်ယောင်ဆောင်နေတာ...”

​ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ဆေးတံသောက်နေသော အဘိုးကျိုးက ဆေးတံကို ခါထုတ်လိုက်သည်။

​ တောက်လောင်နေသော မီးပွားတစ်ခု ဆေးတံထဲက ထွက်လာခဲ့သည်၊ အဲဒါက သူ လက်နက်တွေ သွန်းလုပ်ရာမှာ သုံးတဲ့ [မြေကမ္ဘာအူတိုင်မီးတောက်] ဖြစ်သည်။

​ သူက နျန်နျန်လေးအတွက် ဒီမီးပွားနဲ့ပဲ ဇာတ်သိမ်းပေးဖို့ ပြင်လိုက်သည်။

​တခြား အငြိမ်းစား အဘိုးကြီးတွေလည်း ဒီအတိုင်းပဲ တွေးနေကြသည်။

​အခန်းထဲက လျူယွမ်နဲ့ စုချင်းရွှယ်တို့လည်း အတူတူပင် ဖြစ်သည်။

​ “မောင်... မောင်ပြောတာသာ အမှန်ဆိုရင်၊ နတ်ဘုရားက မြေစေးရုပ်ကို သားငါးမျှားချိတ်လို သုံးနေတာဆိုရင် ဒီကောင်လေးကို လုံးဝ ပေးမထွက်သွားနိုင်ဘူး...” စုချင်းရွှယ်၏ မျက်ဝန်းထဲတွင် အေးစက်သော သတ်ဖြတ်ခြင်းအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

​ သူမ စကားပြောပြီးသည်နှင့် လျူယွမ်က သူ့ခါးလေး အနည်းငယ် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။

​ “မိန်းမ... စိတ်အေးအေးထားပါ...” လျူယွမ်က သူမ၏ ချောမွေ့သော ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးရင်း ရယ်မောလိုက်သည် - “ဒီလို ကိစ္စသေးသေးလေးကို ငါတို့ ကိုယ်တိုင် လုပ်နေစရာ မလိုပါဘူး၊ အိမ်မှာ ကူညီပေးမယ့်သူ ရှိတာပဲ...”

​ “ကျွန်မရဲ့ ဆရာလား...” စုချင်းရွှယ် အံ့သြသွားသည်။

​ လျူယွမ်က ပြုံးပြီး ပြန်ဖြေလိုက်သည် -

​“ခွေးလွှတ်လိုက်မယ်...”

​ သူ့စကား ဆုံးသည်နှင့် အနောက်တောင်ဘက်ထောင့်က အိမ်ငယ်လေး၏ တံခါးက တိတ်တဆိတ် ပွင့်သွားခဲ့သည်။

​ လေအေးတစ်ချက် ဖြတ်တိုက်သွားပြီး ဘာမှမရှိသလို ဖြစ်နေသည်။

​ “ဝုတ်... ဝုတ်...”

​ ရုတ်တရက် ခွေးဟောင်သံ နှစ်ချက် ထွက်လာခဲ့သည်။

​ လျူနျန် မျက်လုံးလေး ပွတ်ပြီး စူးစမ်းစွာ ကြည့်လိုက်ရာ အိမ်ထဲကနေ အဝါရောင် ခွေးကြီးတစ်ကောင် ပြေးထွက်လာတာကို တွေ့လိုက်ရသည်။

​ ခွေးဝါကြီးက သေချာချင်ယောင်ဆောင်နေတဲ့ ကောင်လေးနား တန်းတန်းမတ်မတ် ပြေးသွားပြီး အနံ့ခံကာ ပါးစပ်ဟပြီး ကိုက်ခဲပစ်လိုက်တော့သည်။

​ “မဟုတ်ဘူး... ငါ့ကိုမစားနဲ့...”

​ “လွှတ်... လွှတ်ဦး...”

​ “မင်း ငါ ဘယ်သူလဲ သိလား... ငါ့မှာ...”

​ နတ်ဝိညာဉ်ကောင်လေးမှာ သေလုဆဲဆဲမို့ ပြန်မခုခံနိုင်တော့ချေ။ အဆုံးသတ်မှာတော့ ခွေးဝါကြီးရဲ့ တစ်ကိုက်ချင်း ဝါးမြိုခြင်းကို ခံလိုက်ရပြီး ဝိညာဉ်အစအနပင် မကျန်တော့ချေ။

​ ခွေးဝါကြီးက အားမရသေးဘဲ လျှာထုတ်ပြီး မြေကြီးကိုပါ လျက်ပစ်လိုက်သည်။

​ သူက သန့်ရှင်းမှု မရှိမှာ စိုးရိမ်သလိုမျိုး ပတ်ပတ်လည်ကိုပါ အကြိမ်ကြိမ် လျက်နေခဲ့သေးသည်။

​ လျူနျန်က ခွေးကြီးကို ကြည့်ပြီး လက်လေးဆန့်ကာ ခေါင်းကို သေသေချာချာ ပွတ်ပေးလိုက်ရာ မျက်ဝန်းလေးတွေက ချစ်ခင်မှုတွေဖြင့် ပြည့်နှက်နေသည်။

​ သူမက ခွေးဝါကြီးထက် နည်းနည်းလေးပဲ ပိုမြင့်တာ ဖြစ်သည်။

​ ခွေးဝါကြီးက သူမ လက်ချောင်းလေးတွေကို ချစ်စနိုး လျက်ပေးလိုက်ရာ လျူနျန် တခစ်ခစ် ရယ်မောပြီး လက်ကို ချက်ချင်း ပြန်ရုပ်လိုက်သည်။

​ သူမကို အမြီးနန့်ပြပြီးနောက် ခွေးဝါကြီးက လှည့်ထွက်ကာ ခွေးအိမ်ထဲ ပြန်ပြေးဝင်သွားတော့သည်။

​ လျူနျန် လိုက်ကြည့်ချင်ပေမယ့် ခွေးအိမ်တံခါးက ပိတ်သွားခဲ့ပြီ ဖြစ်သည်။

​ ခွေးအိမ်ထဲတွင်….

​ ယွန်းမြောင်က ထောင့်တွင် လဲလျောင်းနေသော အစောင့်ဝိညာဉ်ခွေးကို ကြည့်ပြီး ပြောလိုက်သည် -

​“တကယ့်ကို သခင်ကို ကာကွယ်တတ်တဲ့ သစ္စာရှိခွေးပဲ...”

​ မင်း ဒီနေ့ ကြီးမားတဲ့ ကံကောင်းမှုတစ်ခု ရလိုက်တာပဲ။

​ “ဒီမျောလွင့်ဝိညာဉ်က နတ်ဘုရားဘုံက လာတာ၊ နတ်ဘုရားတွေရဲ့ အလုပ်အကျွေးပြု ကောင်လေးတစ်ယောက်ပဲ၊ မင်း သူ့ကို စားလိုက်ပြီဆိုတော့ မကြာခင်မှာ ယင်ဝိညာဉ်အဆင့်ကနေ မျောလွင့်ဝိညာဉ်အဆင့်ကို တိုးတက်သွားပြီး ကောင်းကင်နဲ့ မြေပြင်ကို လှည့်လည်နိုင်တော့မယ်...”

​ ယွန်းမြောင်က ခွေးဝါကြီးကို ဉာဏ်အလင်းပွင့်စေရန် သူမ၏ ဝိညာဉ်ဖြင့် စိတ်ချင်းဆက်ကာ ပြောလိုက်သည် -

​“နောက်ကျရင် ငါ့နောက်လိုက်ခဲ့၊ ငါနဲ့အတူ အဆုံးမဲ့ကောင်းကင်ဘုံကို ပြန်ရင် မင်းကို ‘ခွေးနတ်ဘုရား’ အဖြစ် ဘွဲ့အပ်နှင်းပေးမယ်...”

​ ခွေးဝါကြီးက သွားဖြဲပြီး ဒေါသတကြီး ဟောင်လိုက်သည် - “ဝုတ် ဝုတ်...”

​ ငါ့နေရာမှာ လာနေပြီးတော့...

​ ငါ့ကိုပါ သစ္စာဖောက်ခိုင်းနေသေးတယ်...

​ သွားစမ်း...

​ ယွန်းမြောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တိုက်ခိုက်ချင်စိတ်ကို အောင့်အည်းထားလိုက်ရသည်၊ ဘာပဲဖြစ်ဖြစ် ဒါက လျူယွမ်၏ နယ်မြေ မဟုတ်ပါလား။

​ သူမ၏ အမူအရာက အေးစက်မြဲ အေးစက်နေပြီး ခွေးဝါကြီးကို အထက်စီးကနေ ပြောလိုက်သည် -

​“ငါက မင်းရဲ့ သစ္စာရှိမှုကို စမ်းသပ်ကြည့်ရုံတင်ပါ၊ မင်းက တကယ်ကြီး ထင်မှတ်နေတာလား...”

​ “အဆုံးမဲ့ကောင်းကင်ဘုံဆိုတာ မင်းသွားချင်တိုင်း သွားလို့ရတဲ့နေရာ မဟုတ်ဘူး...”

​ “နောက်ကျရင် လျူနျန်ရဲ့ ဘေးမှာပဲ နေ၊ သူမရဲ့ ခွေးအဖြစ် နေပြီး သူမကို သခင်အဖြစ် အသိအမှတ်ပြုလိုက်၊ ဒါမှ မင်းအတွက် အနာဂတ် ရှိမှာ...”

​ ခွေးဝါကြီးက ဒေါသတကြီး ထပ်ဟောင်လိုက်ပြန်သည် - “ဝုတ်... ဝုတ် ဝုတ်... ဝုတ်...”

​ နင့်အလုပ် မဟုတ်ဘူး...

​ အဲဒါ ငါ့ရဲ့ သခင် မူလကတည်းက ဖြစ်နေပြီးသား...

​ ခွေးဝါကြီး၏ ဆဲဆိုသံတွေက ကြမ်းတမ်းလွန်းသဖြင့် ယွန်းမြောင်ပင် စိတ်တိုလွန်းလို့ ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

All Chapters