အခန်း ၅၇
Vol. 6 Ch. 57
အပိုင်း (၅၇)
“အစောကြီး ရှိသေးတယ်မောင်ရဲ့... နောက်ထပ် ခဏလောက် အိပ်လိုက်ဦး၊ ကျွန်မ မနက်စာ သွားပြင်လိုက်မယ်...”
စုချင်းရွှယ်က လျူယွမ်ကို ကုတင်ပေါ်သို့ ညင်သာစွာ ပြန်တွန်းသိပ်လိုက်သည်။ သူမက ကုတင်ပေါ်က ထရပ်လိုက်ရင်း လျှောကျနေသည့် ကြိုးတစ်ချောင်းတပ် အင်္ကျီလေးကို ချောမွေ့ဝင်းပပြီး လုံးဝန်းသော ပုခုံးသားလေးပေါ်သို့ ပေါ့ပါးစွာ ပြန်ဆွဲတင်လိုက်သည်။
ထို့နောက် ဗီရိုထဲကနေ အိမ်ဝတ်စကတ်တိုလေးတစ်ထည်ကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ စကတ်အနားသတ်က သူမ၏ ပေါင်တံဝင်းဝင်းလေးများကို မလုံတလုံမျှသာ ဖုံးအုပ်ထားသဖြင့် ရိုးသားဖြူစင်မှုနှင့် ဆွဲဆောင်မှုတို့ တစ်ပြိုင်နက် ရောယှက်နေကာ အရွယ်ရောက်ပြီး မိန်းမပျိုလေးတစ်ဦး၏ အလှတရားကို ပေါ်လွင်စေတော့သည်။
လျူယွမ်ကတော့ ကုတင်ပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်ပြီး ဇနီးသည်၏ ခန္ဓာကိုယ် အထိအတွေ့ကို မဟုတ်ဘဲ ဝိညာဉ်ခန္ဓာ ကိုယ်ပြင်ပသို့ ထွက်ခွာခဲ့သည့် ခံစားချက်ကို ပြန်လည် အရသာခံနေမိသည်။
သူ့ရဲ့ ယင်ဝိညာဉ်က ဇနီးဖြစ်သူ၏ နတ်ဘုရားအဆင့် ခန္ဓာကိုယ်ကို ရေရှည် မပူးကပ်နိုင်သော်လည်း သာမန် သိုင်းပညာရှင်များကို ကိုင်တွယ်ရန်အတွက်မူ အပိုအလျှံကြီး ဖြစ်နေလောက်ပြီ ဖြစ်သည်။
“ဒါကြောင့်မို့လို့ ကျောင်းတွေမှာ [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] ကို လေ့လာတဲ့ ကျောင်းသားတွေကို စာရိတ္တပညာရပ်တွေ အတင်းသင်ခိုင်းပြီး နိုင်ငံရေး နောက်ခံတွေကိုပါ ပုံမှန် စစ်ဆေးနေကြတာကိုး...”
လျူယွမ် အထက်တန်းကျောင်းနှင့် သိုင်းပညာတက္ကသိုလ်တုန်းက အတိတ်ကို ပြန်ပြောင်း သတိရမိလိုက်သည်။ ထိုစဉ်က တစ်ကျောင်းလုံးတွင်မှ အလွန်ထူးချွန်သည့် ကျောင်းသား အနည်းငယ်စုကိုသာ [နတ်ဘုရားဘွဲ့နှင်းခြင်း လမ်းစဉ်] ကို လေ့လာခွင့် ပြုခဲ့ခြင်း ဖြစ်သည်။
သူတို့က တစ်ကျောင်းလုံးတွင် ‘သူတော်စင်’ ကဲ့သို့ အစင်ကြယ်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
စာမေးပွဲ အမှတ်စာရင်းများတွင်လည်း ကိုယ်ကျင့်တရားနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာတွင် ရမှတ် အလွန် မြင့်မားလှသည်။
ဒါဟာ ကျောင်းသားတွေ ဝိညာဉ်အသွင် ပြောင်းလဲပြီးတဲ့နောက် သူတို့ရဲ့ စွမ်းအားကို အလွဲသုံးစားလုပ်ပြီး သူတစ်ပါး ခန္ဓာကိုယ်ထဲ စိတ်အလိုကျ ပူးကပ်ကာ ကိုယ်ကျင့်တရားဆိုင်ရာ ကပ်ဘေးတွေ မဖြစ်ပွားစေဖို့ တားဆီးထားခြင်း ဖြစ်ပေလိမ့်မည်။
အိပ်ရာကထ၊ မျက်နှာသစ်ပြီးနောက် လျူယွမ် အပြင်ထွက်လာခဲ့ရာ သမီးဖြစ်သူ လျူနျန်လေးက ကလေးထိုင်ခုံမြင့်လေးပေါ်တွင် လိမ္မာယဉ်ကျေးစွာ ထိုင်ရင်း နို့ဗူးကို အရသာရှိရှိ သောက်နေသည်ကို တွေ့လိုက်ရသည်။
သူက သမီးလေးအနားသို့ လျှောက်သွားပြီး ပန်းရောင်သန်းနေသော ပါးဖောင်းဖောင်းလေးကို ရွှတ်ကနဲ နမ်းလိုက်သည်။
“နျန်နျန်လေးကတော့ တဖြည်းဖြည်းနဲ့ ပိုတော်လာပြီပဲ... မင်းအဖေလိုပဲ သိုင်းသူရဲကောင်းအဆင့်ကိုတောင် ရောက်နေပြီ...”
“ပါပါး... ချီဦး...”
လျူနျန်လေးက သူမ၏ အသားပြည့်ပြီး ဆူဖြိုးသော လက်မောင်းတိုလေးနှစ်ဖက်ကို ဆန့်တန်းကာ လျူယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။
လျူယွမ်က သမီးလေးကို စနောက်ရင်း တစ်ဖက်ကလည်း လောကကြီးအကြောင်းကို စိတ်ရှည်လက်ရှည် စတင် သင်ကြားပေးတော့သည်။
သမီးဖြစ်သူက နေ့တိုင်း သိုင်းကျင့်၍ အလုပ်ရှုပ်နေသော်လည်း အခြား အထွေထွေ ဗဟုသုတပိုင်းကိုပါ လျစ်လျူရှုထား၍မရချေ။
ဥပမာအားဖြင့်... သင်္ချာဘာသာရပ်ဖြစ်သည်။
အမှန်တော့ လျူယွမ်အနေဖြင့် သမီးလေးကို နောင်တစ်ချိန် သင်္ချာပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ဖြစ်စေ၊ ခက်ခဲတဲ့ ပုစ္ဆာတွေ တွက်ချက်ဖို့ဖြစ်စေ မမျှော်လင့်ထားခဲ့ပေ။
ဒါပေမဲ့ အခြေခံ ဂဏန်းသင်္ချာ တွက်ချက်မှုကတော့ တတ်မြောက်ထားဖို့ လိုအပ်ပေသည်။
“နျန်နျန်လေး... ပါပါး မေးခွန်းတစ်ခု မေးမယ်နော်၊ ဒီစားပွဲကြီးကို ကြည့်ဦး... ထောင့် ဘယ်နှစ်ထောင့် ရှိလဲ...”
လျူယွမ်က ရှေ့တွင်ရှိသော စကျင်ကျောက် ထမင်းစားပွဲစတုရန်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။
လျူနျန်လေးက မျက်လုံးဝိုင်းကြီးများဖြင့် စားပွဲကို စူးစိုက်ကြည့်ကာ ခေတ္တမျှ စဉ်းစားနေပြီးနောက် လက်ကလေးကို ဆန့်ထုတ်ကာ လက်ညှိုးလေးတွေနှင့် သေချာ ရေတွက်နေတော့သည်။
တစ်၊ နှစ်၊ သုံး၊ လေး...
“ လေးထောင့်...” ကလေးသံလေးဖြင့် မှန်ကန်သော အဖြေကို ပေးလိုက်သည်။
“နျန်နျန်လေးက တကယ်တော်တာပဲ...” လျူယွမ်က ပြုံးလျက် ချီးကျူးလိုက်ပြီး - “ဒါဆို ပါပါးက နောက်တစ်ခွန်း ထပ်မေးမယ်နော်၊ တကယ်လို့ ဒီစားပွဲရဲ့ ထောင့်တစ်ထောင့်ကို ဖြတ်ပစ်လိုက်ရင် ဘယ်နှစ်ထောင့် ကျန်မလဲ...”
“ဟိဟိ...” လျူနျန်လေးက သူမ၏ နှုတ်ခမ်းထောင့်ကနေ နို့ရည်ဖြူဖြူလေးတွေ လျှံကျလုနီးပါးဖြစ်အောင် အပြစ်ကင်းစင်စွာ ရယ်မောလိုက်ပြီး -
“ပါပါး... သုံးထောင့်..”
သူမက ဘာမှပင် မစဉ်းစားတော့ဘဲ လက်ညှိုးလေးသုံးချောင်းကို ထောင်ပြကာ အဖြေပေးလိုက်သည်။
လျူယွမ်က သမီးလေး၏ နှာခေါင်းလုံးလုံးလေးကို အသာအယာ ဆွဲလိုက်ပြီး သူမ၏ အတွေးအမှားကို ပြင်ဆင်ပေးရန် ပြင်လိုက်သည်။
ထိုစဉ် မီးဖိုချောင်ထဲကနေ စုချင်းရွှယ်က မနက်စာကို သယ်ဆောင်ရင်း ထွက်လာခဲ့သည်။ သမီးဖြစ်သူ၏ အဖြေကို ကြားလိုက်ရသဖြင့် သူမက ချက်ချင်းဆိုသလို ချီးမွမ်းစကား ဆိုတော့သည် -
“နျန်နျန်လေးက တကယ်ကို ဉာဏ်ကောင်းတာပဲ... မှန်သွားပြီနော်... မေမေက ဆုအဖြစ် ပန်းပွင့်နီလေး ပေးမယ်...”
စကားလည်းပြော၊ သမီးဖြစ်သူ၏ ပါးလေးကိုလည်း နမ်းလိုက်ရာ နှုတ်ခမ်းနီရာ အဖျော့လေး ထင်ကျန်ရစ်ခဲ့သည်။
လျူယွမ်၏ မျက်ခုံးအစုံက ချက်ချင်း ကြုံ့သွားတော့သည်။
သူက ဇနီးဖြစ်သူ၏ ရိုးသားဖြူစင်ပြီး သဘာဝအတိုင်း ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်လိုက်ရာ... ဟန်ဆောင်နေပုံလည်း မပေါ်ချေ။
ဘုရားရေ... ငါ့မိန်းမရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေက ဉာဏ်ရည်ဉာဏ်သွေးကို စတေးပြီး ရလာတာများလား...။
“မိန်းမ... မင်း သေချာလို့လား... သုံးထောင့် ဟုတ်လို့လား...” လျူယွမ် မနေနိုင်ဘဲ မေးလိုက်သည်။
“ဟုတ်တယ်လေ... သုံးထောင့်ပဲပေါ့...” စုချင်းရွှယ်က မနက်စာကို စားပွဲပေါ်တင်ရင်း တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
“နောက်တစ်ခေါက်လောက် သေချာ ပြန်စဉ်းစားကြည့်ဦးလေ...”
လျူယွမ်က စားပွဲထောင့်ကို ဖြတ်ချလိုက်သကဲ့သို့ လက်ဟန်ခြေဟန်ဖြင့် သရုပ်ပြလိုက်သည်။
စုချင်းရွှယ်က သူ့ရဲ့ လက်ဟန်ခြေဟန်ကို ကြည့်ရင်း သူမ၏ စင်ကြယ်သော မျက်ဝန်းအစုံတွင် ဉာဏ်ပညာအရိပ်များ ဖြတ်ပြေးသွားကာ လေသံက အလွန် ပြတ်သားသွားခဲ့သည် -
“သုံးထောင့်...”
လျူယွမ်က ရင်ခွင်ထဲက သမီးလေးကို အားကိုးရာမဲ့စွာ ကြည့်လိုက်မိသည် -
“သွားပါပြီ... သမီးမေမေရဲ့ အတွေးအခေါ်တွေ ပျက်စီးကုန်ပြီ...”
သမီးလေးရေ... မင်းရဲ့ သိပ္ပံပညာရပ်တွေကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး၊ မေမေဖြစ်သူဆီက သင်္ချာပါရမီကို အပြည့်အဝ ဆက်ခံရရှိထားတာကိုး။
စုချင်းရွှယ် စိတ်မရှည်တော့ချေ။
သူမက သူမ၏ သွယ်လျပြီး ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်ညှိုးလေးကို ဆန့်ထုတ်ကာ အသာအယာ တောက်လိုက်သည်။
ဝုန်း......!!!
စကျင်ကျောက် ထမင်းစားပွဲကြီးက ထက်ပိုင်းပြတ်သွားပြီး ထောင့်တစ်ထောင့် လွင့်စင်သွားတော့သည်။
“မောင်... ကြည့်လိုက်ဦး... သုံးထောင့်ကွက်တိပဲ မဟုတ်လား...”
စောင်းစောင်းလေး ဖြတ်တောက်ခံထားရသော စားပွဲကြီးကို ကြည့်ပြီး လျူယွမ် ချက်ချင်းပင် လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။
ဟုတ်ပါပြီ... မိန်းမပြောတာ အမှန်ဆုံးပါပဲ။
ကြီးမားလှတဲ့ ခွန်အားအောက်မှာတော့ လှည့်ကွက်တွေနဲ့ ဉာဏ်နီညဏ်နက်တွေက လုံးဝ အသုံးမဝင်တော့ချေ။
ဒါပေမဲ့ သမီးဖြစ်သူကိုတော့ အဖြေအမှန်ကို ပြောပြဖို့ လိုအပ်သည်ဟု သူ ခံစားရဆဲ ဖြစ်သည်။
“နျန်နျန်လေး... အမှန်တော့ ဒီမေးခွန်းမှာ ထွက်လာနိုင်တဲ့ အဖြေ သုံးမျိုး ရှိတယ်၊ သုံးထောင့်၊ လေးထောင့်နဲ့ ငါးထောင့်ပေါ့...”
လျူနျန်လေးက နားမလည်နိုင်ဘဲ သူမ၏ မျက်လုံးဝိုင်းကြီးများက စူးစိုက်လျက် စူးစမ်းလိုစိတ်များဖြင့် တောက်ပနေသည်။ ဘာလို့ အဖြေ သုံးမျိုးတောင် ရှိရတာလဲ...။
စုချင်းရွှယ်ကတော့ ရုတ်တရက် သဘောပေါက်သွားပုံရသည်။ သူမက လက်ကို ထပ်မံ ဝှေ့ယမ်းကာ စားပွဲကို နောက်တစ်ကြိမ် ဖြတ်လိုက်ပြန်ရာ ငါးထောင့်ပုံစံ ထွက်ပေါ်လာသည်။
“မောင်... ဒါဆို လေးထောင့်ထွက်အောင် ဘယ်လို ဖြတ်ရမှာလဲ...” သူမက လက်ချောင်းလေးတွေဖြင့် အမူအရာပြရင်း ခေတ္တမျှ စဉ်းစားမရ ဖြစ်သွားသည်။
“တော်ပြီ... မဖြတ်နဲ့တော့... စားပွဲကြီး ငိုနေတာ မကြားဘူးလား...” လျူယွမ်က သမီးဖြစ်သူကို စုချင်းရွှယ်ထံ ကမ်းပေးလိုက်ပြီး ပျက်စီးနေသော စားပွဲကို အမြန် သွားရောက် ထိန်းကိုင်လိုက်ရသည်။
“စားပွဲက စကားပြောနေတာလား... သူ ဘာပြောလို့လဲ...”
“မြေပဲ ကျွေးပါဦးတဲ့...”
လျူယွမ်က ကွဲကြေနေသော စကျင်ကျောက် စားပွဲကြီးကို ကိုင်ထားရင်း အဖတ်ဆယ်ရန် ကြိုးစားနေသည်။
စုချင်းရွှယ်က ရယ်မောလိုက်ပြီး - “မောင်ကတော့ တကယ် စိတ်ရှုပ်ဖို့ကောင်းတယ်…”
သူမက စားပွဲ၏ ပြတ်တောက်သွားသော နေရာကို သူမ၏ နူးညံ့သော လက်ကလေးဖြင့် အသာအယာ ပွတ်သပ်လိုက်ရာ စက်ရုံက အသစ်စက်စက် ထွက်လာသလို မူလအတိုင်း ပြန်လည် ကောင်းမွန်သွားတော့သည်။
လျူနျန်လေးမှာ ကြောင်အမ်းသွားပြီး - “မေမေက တကယ် အစွမ်းထက်တာပဲ...”
လျူယွမ်လည်း အတန်ငယ် အံ့အားသင့်သွားရသည်၊ ဒါလည်း နတ်ဘုရားတွေရဲ့ အစွမ်းပဲလားဟ….
နတ်ဘုရားတွေက မော်လီကျူးအဆင့်အထိ သေးငယ်တဲ့ ဖွဲ့စည်းပုံတွေကို ထိန်းချုပ်နိုင်စွမ်း ရှိကြသဖြင့် ကျောက် စားပွဲမျက်နှာပြင်ရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံကို ပြန်လည် စီစဉ်ပြီး မူလအခြေအနေအတိုင်း ပြန်ပြင်ပေးဖို့က အလွန် လွယ်ကူလှသည်။
ဒါက နတ်ဘုရားတွေရဲ့ စွမ်းဆောင်ရည်တွေထဲက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးမျှသာ ရှိသေးသည်။
သူတို့ကိုယ်တိုင်ရဲ့ ပြန်လည်ရှင်သန်နိုင်စွမ်းကလည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဥပမာအားဖြင့်... စုချင်းရွှယ် ကလေးမွေးတုန်းက သူမ၏ ဝမ်းဗိုက်ကို ဓားဖြင့် ခွဲစိတ်ခဲ့ရသော်လည်း ချက်ချင်းဆိုသလို ပြန်လည် ကောင်းမွန်သွားခဲ့သည်။
နတ်ဘုရားတစ်ပါးကို ထက်ပိုင်း ဖြတ်ပစ်လိုက်ရင်တောင် သူတို့က ခန္ဓာကိုယ်ကို ပြန်လည် စုစည်းနိုင်ကြဆဲ ဖြစ်သည်။
စုချင်းရွှယ် ကိုယ်တိုင်ပင် ထိုနတ်ဘုရားကို အပြီးတိုင် မသတ်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်ကို ရှစ်ပိုင်း ပိုင်းဖြတ်ကာ ကမ္ဘာ့နေရာအနှံ့အပြားတွင် ပိတ်ဆို့ ချိပ်ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။
“ကျွန်မ ဘယ်လို ဖြတ်ရမလဲ သိပြီ...”
စုချင်းရွှယ်၏ မျက်ဝန်းများ တောက်ပသွားပြီး နောက်ထပ်တစ်ကြိမ် လှုပ်ရှားလိုက်ရာ... မူလအတိုင်း ဖြစ်သွားသော စားပွဲပေါ်တွင် ထောင့်လေးထောင့် ပုံစံကို တိကျစွာ ဆွဲသားပြလိုက်တော့သည်။
လျူနျန်လေးလည်း အားလုံးကို မြင်တွေ့လိုက်ရသည်။
လေ့ကျင့်မှု များလာရင် ဆရာဖြစ်လာတာပဲ... ဒီပုစ္ဆာကို ငါ သဘောပေါက်သွားပြီ...။
သူမက နို့ကို အကုန်သောက်ပြီးနောက် မေမေဖြစ်သူ၏ ရင်ခွင်ထဲကနေ ဝုန်းကနဲ ခုန်ဆင်းကာ ခြံဝင်းထဲသို့ သိုင်းကျင့်ရန် ပြေးထွက်သွားပြီး သူမ၏ တစ်နေ့တာ သင်ခန်းစာကို စတင်တော့သည်။
ခြံဝင်းထဲ ရောက်ရှိသွားချိန်တွင် လျူနျန်လေး အံ့သြသွားရသည်၊ အဘယ်ကြောင့်ဆိုသော် မနေ့ညက သူမ ပျက်စီးအောင် လုပ်ခဲ့သော အုတ်ကြွပ်ပြားများအားလုံး ပြန်လည် ပြင်ဆင်ပြီးသား ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
အရင်အတိုင်း တစ်ပုံစံတည်းဖြစ်ပြီး အုတ်ခဲကြားက ပေါက်နေတဲ့ ရေညှိလေးတွေကအစ အနေအထား ကွက်တိပင် ဖြစ်သည်။
မနေ့ညက တိုက်ပွဲကြီး လုံးဝ မဖြစ်ပွားခဲ့ဖူးသကဲ့သို့ပင်…
သူမ မျက်စိမှားတာလားဆိုပြီး မျက်လုံးကိုတောင် ပွတ်ကြည့်လိုက်မိသည်။
“နျန်နျန်လေး... ဘာကြည့်နေတာလဲ၊ အဘိုး ပြန်ပြင်ပေးထားပြီးပြီလေ...”
အဘိုးချန်က လက်ထဲတွင် အင်္ဂတေကိုင်တဲ့ ဒလိမ့်တုံးကို ကိုင်ထားရင်း တကယ့် ကျွမ်းကျင် အင်ဂျင်နီယာတစ်ဦးကဲ့သို့ ရပ်နေသည်။
“ရေး... သင်မယ်...”
လျူနျန်လေးကအဘိုးချန်၏ နာမည်ကို မသိသော်လည်း "အဘိုး" ဟု ခေါ်ရန် တတ်မြောက်သွားခဲ့ပြီ ဖြစ်ရာ ကလေးသံလေးဖြင့် လိုက်သင်ရန် ပြောလိုက်သည်။
“ဟုတ်ပါပြီ... နောက်ကျရင် အဘိုးက အင်္ဂတေဘယ်လိုကိုင်ရမလဲ၊ အင်္ဂတေဂေါ်ပြားကို ဘယ်လို သုံးရမလဲဆိုတာ သင်ပေးမယ်...” အဘိုးချန်က လက်ဟန်ပြရင်း ရယ်မောကာ - “ငါတို့ နျန်နျန်လေး အရွယ်ရောက်လာရင် အင်ဂျင်နီယာမေဂျာက ထိပ်တန်းကျောင်းသူကြီး ဖြစ်လာမှာ...”
“နျန်နျန်လေး... အဲဒီလူဆီက အဲ့ဒါတွေ သွားမသင်နဲ့...” သတင်းစာဖတ်နေသော အဘိုးလီက ဆက်ကြည့်မနေနိုင်တော့ဘဲ - “အဘိုးကြီးချန်... ဒီဘက်ခေတ်မှာ မြို့ပြအင်ဂျင်နီယာကျောင်းဆင်းတွေရဲ့ အလုပ်အကိုင် ဈေးကွက် ဘယ်လိုဖြစ်နေလဲ မင်းလည်း သိရဲ့သားနဲ့...”
အဘိုးဝမ်ကလည်း ဝင်ပြောလိုက်သည် - “ဟုတ်တယ်... နျန်နျန်လေးလို မိန်းကလေးကို ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ လွှတ်မလို့လား...”
“ဘာမှ နားမလည်တဲ့ သူတွေပဲ...” အဘိုးချန်က သူတို့ကို အထင်သေးသလို တစ်ချက်ကြည့်လိုက်ပြီး - “ငါက နျန်နျန်လေးကို အစီအရင်လမ်းစဉ်ကို သင်ပေးနေတာကွ... နျန်နျန်လေးသာ တတ်သွားရင် လက်ဗလာနဲ့ မိုးမျှော်တိုက်ကြီးတွေ ဆောက်နိုင်တယ်၊ တစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခု ဖြစ်နိုင်ပြီး တစ်ရက်တည်းနဲ့ မဟာတံတိုင်းကြီးကိုတောင် တည်ဆောက်နိုင်တယ်...”
“ဟေး... မင်း အလှည့် မဟုတ်သေးဘူးနော်... ငါ့ရဲ့ ကာယအချိန်ကို လာမလုနဲ့...” ဒုတိယသခင်ကြီးချင်က လျှောက်လာပြီး သူတို့၏ ကြွားဝါမှုကို ကြားဖြတ်တားဆီးလိုက်ကာ - “နျန်နျန်လေး... အရင်ဆုံး အဘိုးချင်ဆီကနေ လက်ဝှေ့နဲ့ ခြေထောက်ကျင့်စဉ်တွေကို လာသင်ဦး...”
ဤသို့ဖြင့် လျူနျန်လေးသည် သူမ၏ နေ့စဉ် ကျင့်ကြံခြင်း ပညာရပ်များကို ပြန်လည် စတင်လိုက်တော့သည်။
စုချင်းရွှယ်နှင့် လျူယွမ်တို့သည် သမီးဖြစ်သူ တစ်ရက်ပြီးတစ်ရက် အရွယ်ရောက် လာသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
တစ်လ၊ နှစ်လ၊ သုံးလ..
အချိန်တွေက မြားတစ်စင်းအလား ရွှေ့လျားကာ ကုန်လွန်သွားခဲ့သည်။
သမီးလေးက ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာပြီး အရပ်တွေ ပိုရှည်လာကာ ဆံပင်တွေ ရှည်လာပြီး သွားလေးတွေလည်း ပိုစုံလာခဲ့သည်...
သူမက ခြံဝင်းထဲက သစ်ပင်ပန်းမန် တိုင်းကို ပိုမို ရင်းနှီးလာခဲ့ပြီး အထူးသဖြင့် နံရံထောင့်က ပုရွက်ဆိတ်အုံကိုဆိုလျှင် ပုရွက်ဆိတ်တစ်ကောင်ချင်းစီကို သူမ၏ စူးရှသော မျက်လုံးဖြင့် အကြိမ်တစ်ရာမက စောင့်ကြည့်လေ့လာခဲ့ပြီးပြီ ဖြစ်သည်...
သူမက နေ၊ လ၊ ကြယ်တာရာကအစ နေ့စဉ်လူမှုဘဝ အသုံးအဆောင်ပစ္စည်းတွေအထိ ဝေါဟာရ စကားလုံးတွေကို ပိုမို တတ်မြောက်လာခဲ့သည်...
ထိုအရာတွေကို ကိုယ်စားပြုတဲ့ စာလုံးတွေကိုလည်း မှတ်မိလာပြီး စကားတွေ ပိုပြောတတ်လာခဲ့သည်။
သိုင်းပညာလမ်းစဥ်၊ အင်မော်တယ်လမ်းစဉ်၊ အစီအရင်ကျင့်စဉ်၊ ဓားသိုင်း၊ လှံသိုင်းနှင့် ဆေးဝါးပညာ... စသည့် ပညာရပ်များတွင်လည်း ထိုအငြိမ်းစား ဆရာကြီးများ၏ သွန်သင်မှုအောက်တွင် သူမ၏ တိုးတက်မှုက သဘာဝအတိုင်းပင် အလွန် လျင်မြန်လှသည်။
ဒီနေ့ကတော့ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးအကြိုညပင် ဖြစ်သည်။
ခြံဝင်းကြီးတစ်ခုလုံးကို မီးအိမ်နီများ၊ ရောင်စုံအလှဆင်မှုများဖြင့် ဆင်ယင်ထားသဖြင့် ပွဲတော်အရှိန်အဝါတို့ဖြင့် အလွန် စည်ကားသိုက်မြိုက်နေလေသည်။
လောကတ်ပင်အိုကြီးရဲ့ အောက်ခြေတွင် ဧရာမ စားပွဲဝိုင်းကြီးတစ်ခုပေါ်၌ နှစ်သစ်ကူးအကြို ညစာစားပွဲကို ပြင်ဆင်ထားသည်။
ဒါက လျူနျန်လေး မွေးဖွားပြီးကတည်းက ပထမဆုံးအကြိမ် ဆင်နွှဲရတဲ့ နှစ်သစ်ကူးပွဲတော် ဖြစ်သည်...။
သူမက အနီရောင် ဂွမ်းခံအင်္ကျီလေးကို ဝတ်ဆင်ထားပြီး ဆံပင်ကို အနီရောင် ဖဲကြိုးလေးဖြင့် ထုံးထားသဖြင့် နတ်ရုပ်ကလေးနှင့်ပင် တူနေကာ၊ ကလေးသံချိုချိုလေးဖြင့် လူတိုင်းကို ဦးချလျက် နှစ်သစ်ကူး ဆုတောင်းပေးနေတော့သည်။
“ဖေဖေ….”
“မေမေ…”
“အဘိုးချင်…”
“အဘိုးဝမ်…”
“အဘိုးလီ…”
“အဘိုးချန်…”
“အဘိုးကျန်း…”
“အဘိုးချန်း…”
“အဘိုးကျိုး…”
“အဘွားစွန်း….”
“ဒေါ်လေး…”