အခန်း ၅၈
Vol. 6 Ch. 58
အပိုင်း (၅၈)
“နျန်နျန်လေး... ဒါက ပါပါးပေးတဲ့ နှစ်သစ်ကူး မုန့်ဖိုးနော်...”
လျူယွမ်က သမီးဖြစ်သူအား အနီရောင် စာအိတ်အကြီးကြီးတစ်အိတ် ကမ်းပေးလိုက်ရာ တော်တော်လေး ထူထဲလှသည်။
“ပါပါးကို ချစ်တယ်…”
လျူနျန်လေးက စာအိတ်နီကြီးကို ရင်ခွင်ထဲ အတင်းပွေ့ပိုက်ရင်း ပါးလေးနဲ့ ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။ တောက်ပတဲ့ စာအိတ်အနီရောင်ကြီးက သူမရဲ့ ဝိုင်းစက်တောက်ပနေတဲ့ မျက်လုံးအစုံမှာ အရောင်ပြန်ဟပ်နေပြီး ပျော်လွန်းလို့ ဝမ်းသာအားရပင် ကခုန်နေလေသည်။
ဒုတိယသခင်ကြီးချင် ဦးဆောင်တဲ့ အငြိမ်းစား အဘိုးအိုတစ်သိုက်ကလည်း လျူနျန်လေးက သူတို့ကို ဦးချပြီး နှစ်သစ်ကူး ဆုပေးပြီးတဲ့နောက်မှာတော့ ဝမ်းသာအားရနဲ့ နှစ်သစ်ကူး စာအိတ်နီတွေကို အပြိုင်အဆိုင် ထုတ်ပေးကြတော့သည်။
စာအိတ်နီတစ်အိတ်စီထဲမှာ အသစ်စက်စက် ယွမ်တစ်ထောင်တန် အထပ်လိုက်ကြီးတွေ ပါဝင်ပြီး တန်ဖိုးအားဖြင့် အနည်းဆုံး ဂဏန်းငါးလုံးမက ရှိပေလိမ့်မည်။
လျူနျန်လေးခမျာ စာအိတ်နီတွေ အများကြီး လက်ခံရရှိလွန်းလို့ လက်တွေညောင်းပြီး မနိုင်မနင်းတောင် ဖြစ်နေရှာသည်။
“နျန်နျန်လေး... နှစ်သစ်ကူး မုန့်ဖိုးတွေ အများကြီး ရထားတာပဲ၊ မေမေ သိမ်းပေးထားရမလား...”
စုချင်းရွှယ်က သမီးလေးနောက်ကနေ ပြုံးစိစိနဲ့ လိုက်လာပြီး လက်ကလေးဖြန့်ကာ - “သမီး အရွယ်ရောက်လာရင် မေမေ ပြန်ပေးမယ်နော်...”
လျူနျန်လေးက ခေါင်းလေးစောင်းကာ မေမေဖြစ်သူကို တစ်ချက်ကြည့်၊ ထို့နောက် မနိုင်မနင်း ကိုင်ထားရတဲ့ စာအိတ်နီတွေကို တစ်ချက်ကြည့်ပြီး ဘာမှမစဉ်းစားဘဲ အကုန်လုံး ကမ်းပေးလိုက်တော့သည်။
သူမရဲ့ ကလေးအတွေးကမ္ဘာထဲမှာတော့ ‘ပိုက်ဆံ’ ဆိုတဲ့ အယူအဆက လုံးဝ မရှိသေးချေ။
“ငါ့သမီးလေးက တကယ် လိမ္မာတာပဲ...”
စုချင်းရွှယ်က ပိုက်ဆံတွေကို သိမ်းဆည်းလိုက်သည်။
ဒီမြင်ကွင်းကို ကြည့်ပြီး စုယွီမော့က သူမရဲ့ ကလေးဘဝကို မချိတင်ကဲ ပြန်ပြောင်းသတိရသွားကာ မေးလိုက်သည် - “မမ... ငယ်ငယ်တုန်းက ငါတို့ရတဲ့ နှစ်သစ်ကူးမုန့်ဖိုးတွေကို အမေက ပြန်ပေးဖူးလို့လား...”
စုချင်းရွှယ်က ဝမ်းနည်းရိပ်သန်းစွာဖြင့် ခေါင်းခါပြလိုက်ကာ - “မပေးဖူးဘူး...”
သူမက နှစ်သစ်ကူးမုန့်ဖိုး မရခဲ့တာကို စိတ်ဆိုးနေတာမဟုတ်ဘဲ... သူမ အသက်ကိုးနှစ်အရွယ်မှာတင် အမေဖြစ်သူက ထွက်ခွာသွားခဲ့လို့ပင် ဖြစ်သည်။
လျူနျန်လေးကတော့ ထိုအခြေအနေရဲ့ လေးနက်မှုကို ဘာမှနားမလည်ဘဲ၊ သူမရဲ့ အကြည့်တွေက စားပွဲပေါ်က နှစ်သစ်ကူးအကြို ညစာစားပွဲဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယခုဆိုလျှင် သူမက နို့တစ်မျိုးတည်း သောက်ရတာမဟုတ်ဘဲ သာမန် အစားအစာအချို့ကိုပါ စားနိုင်နေပြီ ဖြစ်သည်။
ဒါပေမဲ့ သူမက အရပ်ပုပြီး လက်တိုလွန်းသဖြင့် ကလေးထိုင်ခုံမြင့်ပေါ်တွင် ထိုင်နေစဉ် အလှမ်းဝေးသောနေရာက ဟင်းပွဲတွေကို ထမင်းစားတူဖြင့် မမှီနိုင်ရှာချေ။
“နျန်နျန်လေး... လာလာ... ဒီ ငါးဟင်းချိုလေး သောက်ကြည့်ဦး၊ အဘွားစွန်းက တစ်နာရီကျော်ကြာအောင် အချိန်ပေးပြီး ချက်ထားတာနော်...”
“ဒီ ခြင်္သေ့ဦးခေါင်း အသားလုံးကြော်လေး မြည်းကြည့်ဦး... နူးညံ့ပြီး အရသာ အလွန်ရှိတယ်...”
အဘိုးအိုတွေအားလုံးက သူတို့ရဲ့ ထမင်းစားတူတွေကို ဆန့်ထုတ်ကာ သမီးလေးရဲ့ ပန်းကန်ထဲသို့ ဟင်းတွေ အလုအယက် ထည့်ပေးကြတော့သည်။
လျူနျန်လေးတစ်ယောက် တစ်အိမ်လုံးရဲ့ အသည်းကျော်လေး ဖြစ်နေပြီး သူမရဲ့ ပန်းကန်ထဲတွင် ဟင်းတွေက တောင်လိုပုံနေတော့သည်။
မိခင်ဖြစ်သူ စုချင်းရွှယ်အနေနဲ့ သမီးကို ကိုယ်တိုင် ကျွေးမွေးနေဖို့ပင် လုံးဝ မလိုအပ်တော့ချေ။
သူမခမျာ သမီးလေးကို ပွေ့ဖက်ဖို့တောင် အခွင့်အရေး မရလိုက်ပေ။
ညကောင်းကင်ယံတွင် တောက်ပလှသော မီးရှူးမီးပန်းများက တစ်ခုပြီးတစ်ခု ကွဲအက်ပွင့်လန်းကာ ခြံဝင်းကြီးတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
စုယွီမော့လည်း စိတ်ပါလာပြီး သူမရဲ့ ကျောနောက်ကနေ မီးပြာထွက်တဲ့ သေနတ်ကစားစရာကြီးကို ထုတ်ကာ တူမဖြစ်သူ လျူနျန်လေးနှင့်အတူ ခြံဝင်းထဲတွင် ပျော်ပျော်ပါးပါး ကစားနေတော့သည်။
“မောင်... ကြည့်လိုက်ဦး၊ နျန်နျန်လေး ဘယ်လောက် ပျော်နေလဲလို့...”
စုချင်းရွှယ်က လျူယွမ်ရဲ့ ဘေးနားမှာ မှီတွယ်ရင်း၊ မီးရှူးမီးပန်းတွေကြားထဲမှာ ပြေးလွှားရယ်မောနေတဲ့ သမီးဖြစ်သူကို ကြည့်ကာ မျက်ဝန်းတွေထဲမှာ ပျော်ရွှင်မှုတွေဖြင့် ပြည့်လျှံနေသည်။
သူမအနေဖြင့် ဤနေရာက ဘဝကို စွန့်ခွာသွားဖို့ ပိုပိုပြီး ဝန်လေးလာမိသည်။
ခွေးအိမ်ထဲတွင်တော့ ယွန်းမြောင်က တင်ပလ္လင်ခွေထိုင်ရင်း ခြံဝင်းထဲက နွေးထွေးစည်ကားလှတဲ့ မြင်ကွင်းကို ကြည့်ကာ သက်ပြင်းမောတစ်ချက်ကို မချဘဲ မနေနိုင်တော့ချေ။
‘ချင်းရွှယ်တစ်ယောက် အချစ်မှာ မူးယစ်နေတာကိုတော့ ကယ်လို့မရတော့ဘူး ထင်တယ်...’
‘မိသားစု၊ အိမ်ထောင်ရေး၊ ယောက်ျား... ဒါတွေက သူမရဲ့ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အဟန့်အတားတွေပဲ၊ သူ အရင်က ဒီလိုမျိုး မဟုတ်ပါဘူး...’
ယွန်းမြောင်က စုချင်းရွှယ်ဆီသို့ စိတ်ချင်းဆက်ကာ ပြောလိုက်သည် - “ချင်းရွှယ်... နင့်မှာ အချိန် တစ်နာရီပဲ ကျန်တော့တယ်၊ ပြီးရင် ငါနဲ့အတူ အဆုံးမဲ့ကောင်းကင်ဘုံကို ပြန်ရမယ်၊ ဒီတစ်ခါတော့ နောက်မကျစေနဲ့...”
ထိုအသံကို ကြားလိုက်ရချိန်တွင် စုချင်းရွှယ်ရဲ့ အပြုံးက အတန်ငယ် ပျက်ယွင်းသွားခဲ့ရသည်။ ပျော်စရာ နေ့ရက်တွေ ကုန်ဆုံးတော့မှာမို့ တနင်္လာနေ့ ရောက်တော့မယ့် ခံစားချက်မျိုး ဖြစ်သွားရသည်။
ဒါပေမဲ့ သူမက အဆုံးမဲ့ကောင်းကင်ဘုံကို ပြန်ဖို့ ကြောက်ရွံ့နေတာတော့ မဟုတ်ချေ။
သူမရဲ့ အိမ်ထောင်ရေးနဲ့ ကလေးရလာတဲ့အကြောင်းကို သူမရဲ့ အဖေ၊ အစ်ကိုနဲ့ စုမိသားစုတစ်ခုလုံးကို အတိအလင်း ဖွင့်ပြောပြချင်နေတာ ဖြစ်သည်။
ဒါပေမဲ့ သူမမှာ ဖြည့်ဆည်းရဦးမယ့် ဆန္ဒတစ်ခု ကျန်ရှိနေသေးသည်။
အိမ်ထောင်ရေး လက်မှတ်...။
လက်ထပ်စာချုပ်၊ လက်စွပ်၊ မင်္ဂလာပွဲ... ဒါတွေက ကမ္ဘာမြေပေါ်မှာတော့ တန်ဖိုးကြီးမားချင် ကြီးမားပေလိမ့်မည်။
ဒါပေမဲ့ အဆုံးမဲ့ကောင်းကင်ဘုံမှာတော့ လျူယွမ်အပေါ် ထားရှိတဲ့ သူမရဲ့ အချစ်တွေကို သက်သေပြဖို့ ဒါတွေက မလုံလောက်သေးချေ။
“မောင်... ဗိုက်ဝပြီလား...” စုချင်းရွှယ်က အသာအယာ မေးလိုက်သည်။
“မဝသေးဘူး... ဒါပေမဲ့ ခုတလော မောင့်ရဲ့ စားနိုင်စွမ်းက ပိုပိုများလာသလိုပဲ...” လျူယွမ်က သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်တွေလည်း တိုးလာတာကို သတိပြုမိလိုက်သည်။
ဒါ့အပြင် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ညတိုင်း “တားမြစ်နယ်မြေ" ထဲတွင် သွားရောက် တိုက်ခိုက်နေရသဖြင့် အင်အား တော်တော် ကုန်ခမ်းခဲ့ရသည်။
“ဒါဆိုရင် ကျွန်မ အသစ်သင်ထားတဲ့ ဟင်းပွဲလေး မြည်းကြည့်ဦး....”
စုချင်းရွှယ်က သူ့အတွက် ဟင်းချိုကို ခပ်ပေးပြီး နှုတ်ခမ်းနားအထိ ကိုယ်တိုင် ခွံ့ကျွေးကာ - “ကျွန်မ ချက်တဲ့ ဟင်းချိုက အရသာ ရှိရဲ့လား...”
လျူယွမ်က တစ်လုပ်စားကြည့်ပြီး ချက်ချင်းပင် လက်မထောင်ပြလိုက်ကာ - “ငါ့မိန်းမ လက်ရာက တကယ် အရသာရှိတာပဲ၊ အဖတ်တွေက အကြီးကြီးနဲ့ ပြည့်စုံပြီး ချိုမြိန်စိမ့်ဝင်နေတာပဲ...”
လျူယွမ် ဗိုက်ဝအောင် စားသောက်ပြီးချိန်မှာတော့ စားပွဲဝိုင်းက အငြိမ်းစား ဆရာကြီးတွေအားလုံးနီးပါး မူးနေကြပြီ ဖြစ်သည်။
သူတို့သောက်တာက သာမန်အရက်မဟုတ်ဘဲ စုယွီမော့ အဆုံးမဲ့ကောင်းကင်ဘုံကနေ ယူဆောင်လာတဲ့ ‘မသေမျိုး အရက်’ ဖြစ်တာကြောင့် စုယွီမော့ကိုယ်တိုင်ပင် အနည်းငယ် ရီဝေဝေဖြစ်ကာ လောကတ်ပင်အိုကြီးကို ဖက်ပြီး သူမရဲ့ ရင်ဖွင့်သံတွေကို လျှောက်ပြောနေတော့သည်။
“မောင်... အခန်းထဲ ပြန်ရအောင်... အချိန်လည်း တော်တော် လင့်နေပြီ...”
စုချင်းရွှယ်က လျူယွမ်ကို ကြည့်လိုက်ရာ သူမရဲ့ မျက်ဝန်းတွေက အရည်လဲ့နေပြီး - “မောင်ကတော့ ဗိုက်ဝသွားပြီ... ကျွန်မကတော့ ဆာနေတုန်းပဲ...”
“ဒါဆိုရင် မိန်းမအတွက် ပင်လယ်စာခေါက်ဆွဲ တစ်ပွဲ ချက်ပေးရမလား...”
လျူယွမ်က ဇနီးဖြစ်သူကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။
“အင်း...”
စုချင်းရွှယ်က အပြစ်ကင်းစင်စွာဖြင့် ပြုံးလိုက်သည်။ သူမက လျူယွမ် ချက်ကျွေးတဲ့ ခေါက်ဆွဲကို အကြိုက်ဆုံး ဖြစ်သည်။
‘မေမေနဲ့ ပါပါးက ဘာလို့ အခန်းထဲ ပြန်သွားကြတာလဲ...’
အဘိုးချန်နဲ့ လက်သီးသိုင်းကစားနေတဲ့ လျူနျန်လေးက မိဘနှစ်ပါးရဲ့ ကျောပြင်ကို ကြည့်ပြီး နားမလည်နိုင်ဘဲ မေးလိုက်သည် - “နှစ်သစ်ကူးအကြိုညမှာ အိပ်ရေးပျက်ခံပြီး စောင့်ရမှာ မဟုတ်ဘူးလား...”
အနည်းငယ် မူးနေတဲ့ အဘိုးချန်က လေချဉ်တစ်ချက်တက်ရင်း - “နျန်နျန်လေး... သမီးအဖေက သိုင်းပညာတွေ လေ့ကျင့်ဖို့ အခန်းထဲ ပြန်သွားတာ၊ သူက တကယ်ကို ကြိုးစားတဲ့သူတစ်ယောက်ပဲ...”
“ဝါး... ပါပါးက တကယ် တော်တာပဲ...”
လျူနျန်လေးက အံ့သြသွားပြီး သူမရဲ့ စိတ်ထဲမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်က ရုတ်တရက် အလွန် ကြီးမြတ်ပြီး ထည်ဝါသွားသလို ခံစားလိုက်ရသည်။
“မဟုတ်ဘူး... နျန်နျန်လေး...” မူးနေတဲ့ စုယွီမော့က ကြားဖြတ်ပြီး စကားကို ပြင်ပေးလိုက်သည် - “ငါ့မမ... သမီးရဲ့မေမေက ပိုပြီး အစွမ်းထက်တာ၊ သမီးအဖေက မမကို လုံးဝ မမှီဘူး...”
လျူနျန်လေးက လက်ညှိုးလေးကို နှုတ်ခမ်းနားတေးပြီး ခေါင်းလေးစောင်းကာ စဉ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်သည် - “အန်တီ... ဒါပေမဲ့ တစ်ခါက ပါပါးက မေမေကို အနိုင်ကျင့်နေတာ သမီး မြင်လိုက်တယ်၊ မေမေ့လည်ပင်းကိုတောင် ညှစ်ထားသေးတယ်...”
သူမ စကားမဆုံးခင်မှာတင် အဘွားစွန်းက အမြန်ပြေးလာပြီး ပြုံးလျက် ဝင်ပြင်ပေးလိုက်သည် - “အဲဒါက အနိုင်ကျင့်နေတာ မဟုတ်ပါဘူးကွယ်... သိုင်းပညာရပ်ချင်း ချစ်ချစ်ခင်ခင် ဖလှယ်နေကြတာပါ...”
“အော်... အဲ့လိုလား...” လျူနျန်လေးရဲ့ တိုက်ခိုက်လိုစိတ်တွေ နိုးကြားလာခဲ့ပြီး - “ဒါဆို နျန်နျန်လေးလည်း ပျင်းနေလို့ မဖြစ်ဘူး၊ နျန်နျန်လေးလည်း သိုင်းကျင့်ရမယ်...”
ပြောပြောဆိုဆိုနဲ့ သူမက ချက်ချင်း တင်ပလ္လင်ခွေထိုင်လိုက်ပြီး ကောင်းကင်က ကြယ်တာရာတွေရဲ့ စွမ်းအားကို ဆွဲယူကာ ခန္ဓာကိုယ်ကို စတင် သန့်စင်နေတော့သည်။
သူမရဲ့ ထိန်းချုပ်နိုင်စွမ်းကတော့ ကြောက်စရာကောင်းလှသည်။
“မောင်... ကျွန်မတို့သမီးက မောင် ကျွန်မကို လည်ပင်းညှစ်နေတာကို ဘယ်လိုလုပ် မြင်သွားတာလဲ...” စုချင်းရွှယ်က အိမ်ထဲအရောက်မှာ အနောက်က ဝိုင်းဖွဲ့ပြောနေသံတွေကို ကြားပြီး ခြေလှမ်းတုံ့ဆိုင်းကာ စိတ်ပူသွားမိသည်။
“မောင်လည်း မမှတ်မိတော့ဘူး...” ကလေးပုခတ်က အသံလုံတာကြောင့် လျူယွမ်လည်း စဉ်းစားမရချေ - “ငါတို့သမီးမှာ ကောင်းကင်မျက်စိ ရှိနေလို့ ထင်တယ်...”
စုချင်းရွှယ်လည်း ဒါပဲ ဖြစ်နိုင်တယ်လို့ တွေးမိကာ - “သမီးလေး ကြီးလာတာနဲ့အမျှ သူမရဲ့ ကောင်းကင်မျက်စိစွမ်းရည်က ပိုအားကောင်းလာမှာ၊ နောက်ဆို သမီးနဲ့ အခန်းခွဲအိပ်မှ ဖြစ်တော့မယ်...”
သူတို့နှစ်ယောက် အိပ်ခန်းထဲ ဝင်လာခဲ့ကြသည်။
စုချင်းရွှယ်က ဖိနပ်ကို ချွတ်လိုက်ပြီး ခြေဗလာဖြင့် ရှိနေလေသည်။
သူမက လျူယွမ်ကို ရေချိုးခန်းထဲ အတူတူ ရေချိုးဖို့ ဆွဲခေါ်သွားကာ ခြေတစ်လှမ်း လှမ်းလိုက်ရုံရှိသေး... သူမ ချက်ချင်း နေရာမှာတင် ကြောင်အမ်းပြီး ရပ်တန့်သွားခဲ့သည်။
သူမရဲ့ မျက်ခုံးအစုံက ကြုံ့သွားပြီး နေမကောင်းသလို ခံစားလိုက်ရသည်။
အောက်ကို ငုံ့ကြည့်လိုက်မိရာ...
သွားပါပြီ... ဒုက္ခပါပဲ...။
“ဘာဖြစ်လို့လဲ...”
လျူယွမ်က ဇနီးဖြစ်သူရဲ့ အကြည့်အတိုင်း လိုက်ကြည့်မိလိုက်သည်။
သူမ ဝတ်ဆင်ထားတဲ့ ဆီးနှင်းလို ဖြူစင်တဲ့ ဂါဝန်ဖြူလေးရဲ့ အနားသတ်မှာ... ရဲရဲနီနေတဲ့ သွေးကွက်တစ်ခုက ထင်ထင်ရှားရှား ပေါ်လွင်နေလေသည်။