အခန်း ၅၉
Vol. 6 Ch. 59
အပိုင်း (၅၉)
“ဟင်... မိန်းမ၊ ထိခိုက်မိလို့လား...”
လျူယွမ် ကြည့်နေရင်းပင် စုချင်းရွှယ် ဝတ်ဆင်ထားတဲ့ ဆီးနှင်းလို ဖြူစင်တဲ့ ဂါဝန်ဖြူလေးပေါ်မှာ သွေးရောင်တွေက အတိုင်းသား ရဲရဲနီကာ စွန်းထင်လာခဲ့သည်။
သူ့ဇနီးရဲ့ ရာသီသွေးလို့တော့ သူ မထင်မိချေ။ အဘယ်ကြောင့်ဆိုသော် ရက်စွဲက မကိုက်ညီလို့ပင်ဖြစ်သည်။
သူတို့ အိမ်ထောင်သက် တော်တော်လေး ကြာလာခဲ့ပြီဖြစ်ရာ ဇနီးသည်ရဲ့ ရာသီစက်ဝန်းကို သူ ကောင်းကောင်း မှတ်မိနေခဲ့ပြီ ဖြစ်သည်။
လစဉ် လတိုင်း ၇ ရက်နေ့ဆိုလျှင် တစ်ရက်မှ မလွဲချော်ခဲ့ဖူးချေ။
“ထိခိုက်မိတာ မဟုတ်ပါဘူး...” စုချင်းရွှယ်က သွယ်လျတဲ့ မျက်ခုံးအစုံကို ကြုံ့ထားရင်း၊ မျက်နှာအမူအရာကလည်း လေးနက်နေကာ ခေါင်းခါပြလိုက်သည်။
“ဒါဆို... ရာသီလာတာ စောသွားတာလား...”
လျူယွမ်လည်း ဖြူစင်တဲ့ ဂါဝန်ဖြူလေးက ပိုပိုပြီး ရဲရဲနီလာကာ သွေးညှီနံ့သင်းသင်းလေးပါ ထွက်ပေါ်လာတာကို ကြည့်ပြီး တစ်ခုခုတော့ မှားနေပြီဆိုတာ ရိပ်မိလိုက်သည်။
သွေးထွက်တာက အလွန်အမင်း များပြားလွန်းလှသည်။
ရေဘုံဘိုင်ခေါင်းကို သေချာမပိတ်ဘဲ ထားသလိုမျိုးပင်။
“မဟုတ်ဘူး... အဲဒါလည်း မဟုတ်ဘူး...” စုချင်းရွှယ်က ထပ်မံခေါင်းခါပြလိုက်သည်။ သူမက အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် -
“မောင်... တောင်းပန်ပါတယ်၊ ကျွန်မ မောင့်ကို ဖုံးကွယ်ထားတဲ့ အကြောင်းအရာတစ်ခု ရှိတယ်...”
“ရပါတယ်... မောင်ကတော့ ကျင့်သားရနေပါပြီ...” လျူယွမ်က ဂနာမငြိမ်ဖြစ်နေတဲ့ ဇနီးသည်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ပေးလိုက်ရင်း - “အခု ဝန်ခံလည်း မနောက်ကျသေးပါဘူး...”
“ဟိုလေ... ပြီးခဲ့တဲ့ အချိန်တွေတုန်းက ကျွန်မ ရာသီလာချင်ယောင် ဆောင်ခဲ့တာ...” စုချင်းရွှယ်က ခေါင်းလေးငုံ့သွားသည်။ လျူယွမ်သာ သူမရဲ့ ဒူးတွေကို သူ့ခြေထောက်တွေနဲ့ ပင့်မပေးထားရင် အဝတ်လျှော်ပျဉ်ပြားကြီးက ထွက်လာဦးမှာ သေချာပေသည်။
လျူယွမ်ကတော့ သူ့ဇနီးကို အပြစ်မမြင်မိပေ။
သူမက ကမ္ဘာမြေပေါ်က သာမန် အမျိုးသမီးတစ်ယောက်လို ပိုတူအောင် ကြိုးစားနေခဲ့ရုံသာ မဟုတ်ပါလား။
“မောင် ရိပ်မိပြီးသားပါ...” လျူယွမ်က လက်ကိုဆန့်ကာ သူ့ဇနီးရဲ့ ခေါင်းပေါ်က ထောင်နေတဲ့ ဆံပင်ကောက်လေးကို သာသာယာယာ သပ်တင်ပေးရင်း ရယ်မောလိုက်သည် - “ဘယ်မိန်းကလေးရဲ့ ရာသီက လစဉ် ၇ ရက်နေ့ကျမှ အတိအကျကြီး လာမှာလဲ... မိန်းမက ရက်ချိန်းကို သေချာမတွက်တတ်ဘူးပဲ၊ အနည်းဆုံးတော့ နှစ်ရက် သုံးရက်လောက် ဟထားရမှာပေါ့...”
“ဟာ... ကျွန်မ မှားတွက်မိသွားတာကိုး...”
စုချင်းရွှယ် အတန်ငယ် အံ့သြသွားရသည်။ သူမ ကိုယ်သူမ ပြီးပြည့်စုံတယ်လို့ ထင်ထားတဲ့ အယောင်ဆောင်မှုက အမှားအဖြစ် ထပ်တိုးသွားပြန်ချေပြီ။
သူမက အဆုံးမဲ့ကောင်းကင်ဘုံမှာ ကြီးပြင်းလာပြီး နတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်ထားတာကြောင့် ခန္ဓာကိုယ် တည်ဆောက်ပုံက ကမ္ဘာမြေနဲ့ မတူညီချေ။
ကမ္ဘာမြေက စည်းမျဉ်းတွေကလည်း သူမအပေါ် သက်ရောက်မှု မရှိပေ။
စုချင်းရွှယ် လင်အန်းမြို့ကို စရောက်ခါစက လျူယွမ်ရဲ့ စောင့်ရှောက်မှုကို ခံခဲ့ရသည်။ သံသယ မဝင်စေရန်အတွက် လစဉ် ရာသီလာချင်ယောင် ဆောင်ခဲ့ပြီး လျူယွမ်ကို သွေးစွန်းနေတဲ့ အမျိုးသမီးသုံး ပစ္စည်းတွေကိုပါ တမင် သက်သက် ပြသခဲ့ဖူးသည်။
လျူယွမ်ကတော့ စိတ်ထဲကနေ ခေါင်းခါမိသည် - ‘ငတုံး နတ်ဘုရားမလေးရယ်...’
“မိန်းမ... တကယ်ပဲ ရာသီလာတာ မဟုတ်ဘူးလား၊ ပိုပိုပြီး ရဲလာပြီနော်...”
လျူယွမ် မြင်တွေ့နေရတဲ့ မြင်ကွင်းကြောင့် လန့်သွားရသည်။ စုချင်းရွှယ်ရဲ့ ဂါဝန်တစ်ထည်လုံး သွေးရောင်တွေ လွှမ်းသွားခဲ့ပြီဖြစ်သည်။
ရဲရဲနီနေတာက ကြောက်မက်ဖွယ် ကောင်းလှသည်။
“လုံးဝ မဟုတ်ဘူး...” စုချင်းရွှယ်က - “အဆုံးမဲ့ကောင်းကင်ဘုံရဲ့ အချိန်တွက်ချက်ပုံအရ ဆိုရင်တော့ ကျွန်မရဲ့ ရာသီလာဖို့ ငါးရက်တောင် လိုသေးတယ်၊ ကမ္ဘာမြေရဲ့ အချိန်စနစ်နဲ့ဆိုရင်တော့ ငါးနှစ်ပေါ့...”
“ ပြီးတော့ တစ်ခါ လာရင်လည်း အနည်းဆုံး ခုနစ်နှစ်လောက်အထိ ကြာတယ်”
ဒါကလည်း စုချင်းရွှယ် ဒုတိယကလေးကို အမြန်လိုချင်နေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပြီး ခုနစ်နှစ်လောက်အထိ ကလေးမရနိုင်တော့မယ့် အခြေအနေကို မရင်ဆိုင်ချင်လို့ပင် ဖြစ်သည်။
သီအိုရီအရ ပြောရရင်တော့ အချိန်ကိုက် ကလေးရသွားခဲ့ရင် ဒီလို ခုနစ်နှစ်ကြာမယ့် နတ်ဘုရားရာသီစက်ဝန်းက ထပ်ဖြစ်လာတော့မည် မဟုတ်ချေ။
“ဒါဆိုရင် ဂါဝန်ပေါ်က သွေးတွေက ဘာလဲ...” လျူယွမ်က နားမလည်နိုင်ဘဲ မေးလိုက်သည်။
ရဲရဲနီနေတဲ့ သွေးကွက်တွေက ဂါဝန်တစ်ခုလုံးကို ရွှဲရွှဲစိုသွားစေပြီး ဂါဝန်အနားသတ်ကနေ တောက်ပတဲ့ သွေးတစ်စက် မြေပြင်ပေါ်သို့ စီးကျသွားခဲ့သည်။
မြေပြင်ပေါ်က သွေးစက်က အသက်ရှိနေသလိုမျိုး လှုပ်ရှားနေပြီး စုချင်းရွှယ်ရဲ့ ခန္ဓာကိုယ်ဆီသို့ ပြန်သွားဖို့ ရုန်းကန်နေသယောင် ရှိသည်။
ခဏမျှ ရုန်းကန်ပြီးနောက်မှာတော့ မတတ်နိုင်တော့ဘဲ ကြမ်းပြင်အက်ကွဲကြောင်းကနေတစ်ဆင့် မြေကြီးထဲသို့ ပျောက်ကွယ်စိမ့်ဝင်သွားတော့သည်။
ပိုပြီး ကြောက်စရာကောင်းတာက သွေးကွက်တွေက ဂါဝန်အောက်နားကနေ ခါးအထိ ပျံ့နှံ့သွားခြင်းပင်။
တကယ်ကို ကြောက်မက်ဖွယ် မြင်ကွင်းပင်ဖြစ်သည်။
“ကျွန်မ မမှားဘူးဆိုရင် ဒါက နတ်ဘုရားတွေရဲ့ [ပျက်စီးခြင်း နိမိတ်ငါးပါး] ထဲက တစ်ခု ဖြစ်ရမယ်...”
စုချင်းရွှယ် ခန့်မှန်းလိုက်မိသည်။ သူမကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
“[နတ်ဘုရားအဝတ်အစား ညစ်ညမ်းခြင်း] ပဲ...”
ထိုအချိန်မှာပင် ခွေးအိမ်ထဲတွင် ရှိနေတဲ့ ယွန်းမြောင်က စိတ်ချင်းဆက်ကာ ပြောလိုက်သည်။ သူမရဲ့ အေးစက်ပြတ်သားတဲ့ အသံကို စုချင်းရွှယ်နဲ့ လျူယွမ်တို့ နှစ်ယောက်သာ ကြားနိုင်လေသည်။
“ချင်းရွှယ်... နင်က ပိုမြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ကို တက်လှမ်းတော့မှာ...”
ယွန်းမြောင်က ရှင်းပြလိုက်သည် -
“နတ်ဘုရားတစ်ယောက်က ကျင့်ကြံခြင်းအဆင့် တစ်ဆင့် တက်လှမ်းတိုင်းမှာ ပျက်စီးခြင်း နိမိတ်ငါးပါးကို ရင်ဆိုင်ရလေ့ရှိတယ်၊ ဒါက အင်မော်တယ် ကျင့်ကြံခြင်းစနစ်က မိုးကြိုးဘေးဒုက္ခ တွေနဲ့ ဆင်တူတယ်...”
“ပြီးတော့ နတ်ဘုရားတွေရဲ့ ပျက်စီးခြင်း နိမိတ်ငါးပါးထဲက ပထမဆုံးတစ်ခုကတော့ သူတို့ရဲ့ နတ်ဘုဥအဝတ်အစားတွေ ညစ်ညမ်းလာတာပဲ...”
“နင့်အဝတ်အစားပေါ်က သွေးတွေက ဒဏ်ရာက ထွက်တာမဟုတ်ဘူး၊ ခန္ဓာကိုယ်ထဲကနေ လျှံထွက်လာတဲ့ သွေးတွေပဲ...”
“ဒါက နင့်ရဲ့ နတ်ဘုရားခန္ဓာကိုယ်က ကြီးမားတဲ့ အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ...”
အကယ်၍ အောင်မြင်စွာ ကျင့်ကြံဆင့် တက်လှမ်းနိုင်ခဲ့ရင် ခွန်အားတွေက သိသိသာသာ တိုးတက်လာမှာဖြစ်ပြီး အဆင့်အတန်းကလည်း တစ်ဆင့် မြင့်တက်သွားပေလိမ့်မည်။
ယွန်းမြောင် ရှင်းပြပြီးနောက်မှာတော့ စုချင်းရွှယ်ရဲ့ ဂါဝန်ဖြူလေးက သွေးရောင်တွေနဲ့ လုံးဝ နီရဲသွားပြီး ထူးခြားဆန်းပြားစွာဖြင့် လှပနေတော့သည်။
“ဆရာ... ကျွန်မ အဆင့်တက်တာ အောင်မြင်၊ မအောင်မြင်ကို ဘယ်လိုသိနိုင်မလဲ...” စုချင်းရွှယ်က စိတ်ချင်းဆက်ပြီး မေးလိုက်သည်။
ယွန်းမြောင်ရဲ့ အဖြေက ရိုးရှင်းပေသည် - “နတ်ဘုရား ပျက်စီးခြင်း နိမိတ်ငါးပါးရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်ရင် ရပြီ...”
“ဟုတ်ကဲ့ ဆရာ... ကျွန်မ စမ်းကြည့်ပါ့မယ်...”
ဒီအချိန်မှာတော့ စုချင်းရွှယ်က သွေးအိုင်ထဲကနေ ထွက်လာတဲ့သူတစ်ယောက်လို ဖြစ်နေချေလေပြီ။
သူမက ခြေဗလာနဲ့ ကြမ်းပြင်ပေါ် လျှောက်လှမ်းရာမှာ ရဲရဲနီနေတဲ့ ခြေရာတွေ ကျန်ရစ်ခဲ့ပြီး သည်းထိတ်ရင်ဖို ရုပ်ရှင်ထဲက သရဲမတစ်ကောင်လိုပင် တကယ်ကို ခြောက်ခြားစရာ ကောင်းလှသည်။
ဒါပေမဲ့ လျူယွမ်ကတော့ ဘာကိုမှ မကြောက်ပေ။ ဒါက သူ နှစ်အတော်ကြာအောင် ချစ်မြတ်နိုးလာခဲ့ရတဲ့ ဇနီးသည်ပဲ မဟုတ်ပါလား။
“မိန်းမ... အဝတ်အစား လဲဦးမလား...”
“လဲလည်း မထူးပါဘူး...” စုချင်းရွှယ်က ခေါင်းခါလိုက်ကာ - “နတ်ဘုရားအဝတ်အစား ညစ်ညမ်းမှုက အသစ်လဲမယ့် အဝတ်အစားတွေကိုပါ သွေးစွန်းစေဦးမှာပဲ...”
ထိုအချိန်တွင် အခန်းတံခါးကို လာခေါက်သံ ကြားလိုက်ရသည်။
“ချင်းရွှယ်... ငါပါ...”
ယွန်းမြောင် ခွေးအိမ်ထဲကနေ ထွက်လာပြီး စုချင်းရွှယ်နဲ့ လျူယွမ်တို့ရဲ့ အိပ်ခန်းတံခါးဝမှာ လာရပ်နေသည်။
သူမက တပည့်ဖြစ်သူကို ကိုယ်တိုင် လမ်းညွှန်ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမက ဒီအခြေအနေတွေကို ကိုယ်တိုင် ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံ ရှိလို့ပင်ဖြစ်သည်။
လျူယွမ် တံခါးဖွင့်ပြီး သူမကို အထဲပေးဝင်လိုက်သည်။
ဆရာနဲ့ တပည့် နှစ်ယောက်ကတော့ အိပ်ခန်းထဲမှာ အတွေ့အကြုံတွေ ဖလှယ်ပြီး လေ့ကျင့်နေကြပြီ ဖြစ်သည်။
ယွန်းမြောင် အခန်းထဲ ခြေချလိုက်ကတည်းက စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေရှာသည်။
အထူးသဖြင့် သူမတပည့်ရဲ့ မင်္ဂလာခုတင်ကြီးကို ကြည့်မိတဲ့အခါ... သူမရဲ့ ထက်မြက်လှတဲ့ အာရုံခံစားမှုကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေကိုပါ မြင်နေရသည်။
အလောင်းကောင်တွေက ဘယ်လောက်တောင် များပြားလိုက်သလဲ...။
ကြည့်ရတာ တကယ်ကို မျက်စိနောက်စရာပင်ဖြစ်သည်။
ဒါပေမဲ့ တပည့်ဖြစ်သူအတွက်ကြောင့် စိတ်ကို အောင့်ထားပြီး သေချာ ဂရုတစိုက် လမ်းညွှန်ပေးလိုက်သည်။
စုချင်းရွှယ်ကို ကျင့်ကြံခြင်းအဆင့် အောင်မြင်စွာ တက်လှမ်းနိုင်အောင် ကူညီပေးနေခြင်း ဖြစ်သည်။
လျူယွမ်ကတော့ ဧည့်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း စိုးရိမ်စိတ်တွေ လွန်ကဲနေကာ ဇနီးသည် ကလေးမွေးတုန်းက ခံစားချက်မျိုး ဖြစ်နေလေတော့သည်။
သူ့ဇနီး တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေမိသော်လည်း သူကိုယ်တိုင်လည်း ဘာမှ မကူညီနိုင်ရှာချေ။ သူ လုပ်နိုင်တာဆိုလို့ စိတ်ထဲကနေပဲ “ကျေးဇူးပြုပြီး ကျွန်တော့်မိန်းမ ဒီအတားအဆီးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပါစေ” လို့ ဆုတောင်းနေရုံသာ ရှိသည်။
ညဉ့်က တော်တော်လေး နက်လာခဲ့လေပြီ…
လျူနျန်လေးက သိုင်းကျင့်ပြီးနောက်မှာ အိမ်ထဲကို ခြေလှမ်းတိုလေးတွေနဲ့ ပြေးဝင်လာပြီး နို့တစ်အိုး သောက်ကာ သူမရဲ့ ကလေးခုတင်လေးပေါ် ပြန်အိပ်ဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ ဖခင်ဖြစ်သူ ဆိုဖာပေါ်မှာ တစ်ယောက်တည်း လှဲနေတာကို မြင်တော့ အံ့သြသွားပြီး-
“ပါပါး... ဘာလို့ ဒီည မေမေနဲ့ အတူတူ မအိပ်တာလဲ...”
လျူနျန်လေး အံ့သြသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမဖခင်က ဆိုဖာပေါ်မှာ တစ်ခါမှ မအိပ်ဖူးဘဲ မေမေနဲ့အတူ အိပ်ခန်းထဲမှာပဲ အမြဲအိပ်လေ့ရှိသောကြောင့် ဖြစ်သည်။
လျူယွမ်လည်း ကလေးကို ဘယ်လိုရှင်းပြရမှန်း မသိတာကြောင့် တိတ်ဆိတ်နေမိသည်။
ဖခင်ဖြစ်သူရဲ့ သနားစရာကောင်းပြီး ‘အပယ်ခံ’ ထားရတဲ့ ပုံစံကို ကြည့်ပြီး လျူနျန်လေးက ဖခင်ဖြစ်သူရဲ့ ရင်ခွင်ထဲကို ချက်ချင်း တိုးဝင်ကာ ခေါင်းလေးနဲ့ ပွတ်သီးပွတ်သပ် လုပ်ရင်း ကလေးအသံလေးနဲ့ ချော့လိုက်သည် -
“ပါပါး... စိတ်မကောင်းမဖြစ်နဲ့နော်၊ မေမေက ပါပါးကို မခေါ်ရင် နျန်နျန်လေးက ပါပါးနဲ့ အတူအိပ်မယ်...”
“ငါ့သမီးလေးက တကယ် လိမ္မာတာပဲ...” လျူယွမ်က သမီးဖြစ်သူရဲ့ ပါးလေးကို ဆွဲဖျစ်လိုက်ရင်း - “နျန်နျန်လေး... အိပ်တော့နော်...”
“ပါပါး... သမီးကို ပုံပြင်တစ်ပုဒ် ပြောပြပါဦး...” လျူနျန်လေးက လျူယွမ်ရဲ့ ရင်ခွင်ထဲမှာ ခိုလှုံရင်း ဝိုင်းစက်တောက်ပတဲ့ မျက်လုံးကြီးတွေနဲ့ ကြည့်ကာ မေးလိုက်သည်။
လျူယွမ် ခဏလောက် စဉ်းစားပြီးမှ - “ကောင်းပြီ... ပါပါးက သမီးကို ရန်အားလန် ကောင်ကင်တောင်ကို ဖြိုခွဲပြီး မိခင်ဖြစ်သူကို ကယ်တင်ခဲ့တဲ့ ပုံပြင် ပြောပြမယ်နော်...”
အာရုဏ်ဦး ရောက်ခါနီးအချိန်မှာတော့ စုချင်းရွှယ်က [နတ်ဘုရားအဝတ်အစား ညစ်ညမ်းခြင်း] စွမ်းအားကို စတင် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဂါဝန်ကတော့ အဖြူရောင် ပြန်မဖြစ်လာတော့သော်လည်း ခန္ဓာကိုယ်ထဲက သွေးတွေကတော့ အလိုအလျောက် လျှံထွက်မလာတော့ချေ။
ဆရာနဲ့ တပည့် နှစ်ယောက်လုံး အိပ်ခန်းထဲက ထွက်လာချိန်မှာတော့ ဆိုဖာပေါ်မှာ သမီးဖြစ်သူ လျူနျန်လေးကို ပွေ့ဖက်ပြီး အိပ်ပျော်နေတဲ့ လျူယွမ်ကို မြင်လိုက်ရသည်။
ယွန်းမြောင် ဒါကို ကြည့်ပြီး အတန်ငယ် အံ့သြသွားရသည်။
စုချင်းရွှယ်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ နတ်ဘုရားအဆီအနှစ် သွေးတွေက ကြောက်မက်ဖွယ် စွမ်းအားတွေ ရှိနေတာကြောင့် သိုင်းဂိုဏ်းချုပ် ဆရာကြီးတွေကိုတောင် သက်ရောက်မှု ရှိစေနိုင်သည်။
လျူနျန်လေးကတော့ စုချင်းရွှယ်ရဲ့ သမီးဖြစ်ပြီး သွေးသားတော်စပ်တာကြောင့် ဒီစွမ်းအားတွေက သူမအတွက် အကျိုးကျေးဇူးတောင် ရှိစေသေးသည်။
ဒါပေမဲ့ လျူယွမ်က ဘာလို့ ဘာဒဏ်မှ မသင့်ရတာလဲ...။
ဒီကောင်လေးက ကြည့်ရတာ သာမန်လူတစ်ယောက်လိုပဲ၊ တကယ်လည်း သာမန်လူပါပဲ။
ဒါပေမဲ့ စည်းမျဉ်းများစွာက သူ့အပေါ်မှာတော့ အလုပ်မဖြစ်ခဲ့ချေ။
ယွန်းမြောင် တိတ်တဆိတ် အခန်းထဲက ထွက်ပြီး ခွေးအိမ်ဆီ ပြန်ဖို့အလုပ်မှာပဲ... အရက်နာကျပြီး အခုမှ နိုးလာတဲ့ စုယွီမော့နဲ့ တိုးလေတော့သည်။
စုယွီမော့ သူမမျက်စိကို သူမ မယုံနိုင်အောင် ဖြစ်သွားရသည်။
မျက်လုံးကို ပွတ်ပြီး မယုံကြည်နိုင်တဲ့ မျက်နှာပေးနဲ့ ကြည့်ကာ -
‘မဟုတ်မှလွဲရော... ယွန်းမြောင်က မမနဲ့ ခဲအိုရဲ့ အခန်းထဲမှာ တစ်ညလုံး နေခဲ့တာလား...’
‘ဒါဆိုရင် မနေ့ညက...’
စုယွီမော့ စိတ်ထဲမှာ စကားလုံးတစ်လုံး ပေါ်လာသည် - ‘သုံးယောက်တွဲ…!!!’
‘ဘုရားရေ... ယွန်းမြောင်က မမရဲ့ ဆရာလေ...’
စုယွီမော့ စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားကာ - ‘နောက်တစ်ခါကျရင် ငါလည်း ဝင်ကစားဦးမယ်...’ ဟု တွေးလိုက်မိသည်။
“ယွီမော့... ကြမ်းပြင်က အေးတယ်၊ အထဲပြန်ဝင်ပြီး အိပ်ဦး...” ယွန်းမြောင်က စိတ်ပူပေးတဲ့ လေသံနဲ့ ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူမရဲ့ စီနီယာအစ်ကိုကြီး စုကျန့်နန်ရဲ့ သမီးပဲ မဟုတ်ပါလား။
ဒီအချိန်မှာတော့...
အခန်းထဲမှာ လျူယွမ် နိုးလာပြီး သမီးဖြစ်သူကို ကလေးပုခတ်လေးပေါ် အသာအယာ ပြန်သိပ်လိုက်သည်။
ထို့နောက် ဇနီးသည်ကို အိပ်ခန်းထဲ ဆွဲခေါ်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည် - “ဘယ်လိုလဲ... အဆင်ပြေရဲ့လား...”
“ယာယီတော့ ထိန်းချုပ်ထားနိုင်ပါပြီ...” စုချင်းရွှယ်က တစ်ပတ် လှည့်ပြလိုက်ရာ သွေးနီရောင် ဂါဝန်ကနေ သွေးတွေ ထပ်ပြီး အစက်မကျတော့ချေ။
ပွင့်လန်းနေတဲ့ စပိုက်ဒါလီလီပန်းတွေလိုမျိုး ဆန်းပြားပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတစ်ခု ရှိနေသည်။
လျူယွမ် လက်လှမ်းပြီး ထိကြည့်လိုက်ရာ သူ့လက်မှာ သွေးတွေ ပေကျံသွားခဲ့သည်။
နတ်ဘုရားတွေရဲ့ သွေးက ခြောက်သွေ့ဖို့ အချိန်အတော်ကြာ လိုအပ်ပေသည်။
“ဒါဆို... အဆင့်တက်တာ အောင်မြင်သွားပြီလား...” လျူယွမ်က မေးလိုက်သည်။
စုချင်းရွှယ်က ခေါင်းခါပြလိုက်ပြီး လိုက်ကာတွေကို သေချာချကာ အကာအကွယ် စည်းဝိုင်းအချို့ကိုပါ ထပ်မံ ချထားလိုက်သည်။
“ဘာဖြစ်လို့လဲ မိန်းမ... ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ...”
“မောင်...” စုချင်းရွှယ်က လျူယွမ်ရဲ့ ဘေးနား အသာကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည် - “တကယ်တော့ ဆရာ့ကို ဖုံးကွယ်ထားတဲ့ အကြောင်းအရာတစ်ခု ရှိသေးတယ်၊ မနေ့ညက ကျွန်မ အဆင့်တက်လို့ ရရဲ့သားနဲ့... ကျွန်မ အောင့်ထားလိုက်တာ...”
“ဟင်... မိန်းမ၊ ကျင့်ကြံခြင်းအဆင့် တက်တာကို ဘယ်လိုလုပ် အောင့်ထားလို့ ရမှာလဲ...” လျူယွမ် အံ့သြသွားကာ- “အောင့်ထားဖို့ မလိုပါဘူး၊ အဆင့်တက်လိုက်တာ ပိုကောင်းတာပေါ့... အကြာကြီး ဖိနှိပ်ထားရင် ခန္ဓာကိုယ်အတွက် မကောင်းဘူးလေ...”
“ဘာလို့လဲဆိုတော့...” စုချင်းရွှယ်က ခေါင်းလေးငုံ့ကာ လက်ချောင်းလေးတွေကို တစ်ခုနဲ့တစ်ခု လိမ်ယှက်ထားရင်း - “ဘာလို့ဆို ကျွန်မ အဆင့်တက်သွားရင် ကလေးရဖို့ ပိုပြီး ခက်ခဲသွားမှာ စိုးလို့...”
“အားပါးပါး...” လျူယွမ် သက်ပြင်းတစ်ချက် အောင့်သက်သက် ချလိုက်မိသည် - “မိန်းမရာ... တကယ်တမ်း ပြောရရင် မိန်းမက တကယ့်ကို အချစ်မှာ မျက်စိကန်းနေတဲ့သူပဲ...”
“ဟွန့်...” စုချင်းရွှယ်က မကျေမချမ်း ဖြစ်သွားပြီး - “ဒါဆိုရင်လည်း ကျွန်မ အဆင့်တက်လိုက်တော့မယ်...”
“မလုပ်နဲ့... မလုပ်နဲ့... မလုပ်နဲ့ဦး...” လျူယွမ်က သူမကို သူ့ရင်ခွင်ထဲ အမြန် ဆွဲသွင်းလိုက်ရင်း - “မိန်းမက အောင့်ထားပြီးပြီပဲ... နောက်ထပ် နည်းနည်းလောက် ထပ်အောင့်ထားလိုက်ပါဦး...”
ကမ္ဘာမြေပေါ်မှာ စုချင်းရွှယ်ကို ခြိမ်းခြောက်နိုင်တဲ့အရာ မရှိတာကြောင့် သူမအနေနဲ့ အဆင့်ကို ချက်ချင်း တက်ဖို့ မလိုသေးပေ။
ဒါဟာ လူမြင်ကောင်းရုံသက်သက်ပဲ ရှိပေသည်။
ဒါပေမဲ့ အဆုံးမဲ့ကောင်းကင်ဘုံကို ပြန်ရောက်မှ အဆင့်တက်လိုက်ရင်တော့ ဒါက ရန်သူကို အောင်နိုင်မယ့် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်ပေသည်။
“မရတော့ဘူး... ကျွန်မ မအောင့်နိုင်တော့ဘူး...”
ပြောပြောဆိုဆိုနဲ့ စုချင်းရွှယ်က လျူယွမ်ရဲ့ လည်ပင်းကို သိုင်းဖက်လိုက်ပြီး နှစ်ယောက်သား အိပ်ရာနုနုလေးပေါ်သို့ အတူတူ လှိမ့်ဆင်းသွားကြတော့သည်။
လျူယွမ်ရဲ့ လက်တွေက ဇနီးဖြစ်သူရဲ့ ဂါဝန်ကို ထိမိချိန်မှာတော့ လက်တွေမှာ သွေးတွေ ရွှဲရွှဲစိုသွားခဲ့သည်။
တော်သေးတာက... သူဟာ သွေးလန့်တတ်တဲ့သူ မဟုတ်လို့ပင်…..