အခန်း ၆၀
Vol. 6 Ch. 60
အပိုင်း (၆၀)
လျူယွမ် အိပ်ပျော်နေရင်းပင် သူ၏ စိတ်အာရုံက သက်ရှိတို့ မကျူးကျော်ဝံ့သော “တားမြစ်နယ်မြေ” ဆီသို့ နစ်မြုပ်သွားခဲ့သည်။
ဧရာမ မြို့တံတိုင်းကြီးတွေရဲ့ အောက်ခြေမှာတော့...
သန်းနဲ့ချီတဲ့ သက်ရှိသတ္တဝါတွေက ဒီရေလှိုင်းလုံးကြီးတွေလိုမျိုး တစ်သုတ်ပြီးတစ်သုတ် ပြန်လည် နိုးထလာနေကြသည်။
သွေးနီရောင် မိုးကြိုးတွေက ကောင်းကင်ယံထက်မှာ ဟိန်းဟောက်နေပြီး၊ နီရဲနေတဲ့ မြေရိုင်းပြင်ကြီးပေါ်မှာတော့ တောပန်းလေးတွေက တောင်တန်းတစ်ခုလုံး လွှမ်းခြုံသွားမတတ် ပွင့်လန်းနေကြသည်။
မမြင်နိုင်တဲ့ ဖိအားတစ်ခုက တားမြစ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထား၏။
ရေတွက်လို့မရနိုင်တဲ့ သတ္တဝါတွေက ထိုဖိအားဒဏ်ကို မခံနိုင်ဘဲ တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားကြပြီး ဖြူဆွတ်ဆွတ် အရိုးစုပုံကြီးများအဖြစ် ပြောင်းလဲသွားကြသည်။
အသက်ရှင်ကျန်ရစ်သူတွေကတော့ အလောင်းကောင်တွေ တောင်လိုပုံ၊ သွေးပင်လယ်လို ဝေနေတဲ့ကြားကနေ မြို့ထဲကို အတင်း တိုးဝင်လာကြသည်။
မြို့တွင်းမှာတော့ သံကြိုးတွေနဲ့ အချည်ခံထားရတဲ့ မိစ္ဆာကောင်ကြီးက နားကွဲမတတ် ဟိန်းဟောက်လိုက်လေသည်။
သူ့ရဲ့ အကြေးခွံအက်ကြောင်းတွေကြားထဲကနေ ချော်ရည်တွေလို ရဲရဲနီနေတဲ့ အလင်းတန်းတွေ ထုတ်လွှတ်နေပြီး ဒုတိယအဆင့် သောင်းကျန်းတဲ့ ပုံစံထဲသို့ ဝင်သွားသယောင် ရှိသည်။
၎င်းက မိစ္ဆာမီးတောက်တွေကို မှုတ်ထုတ်ပြီး သက်ရှိမှန်သမျှကို ပြာကျအောင် လောင်ကျွမ်းပစ်နေတော့သည်။
တောရိုင်းပြင်မှာ အလောင်းကောင်တွေက အစီအရီ လဲလျောင်းနေပြီး မိုင်ပေါင်းများစွာအထိ သက်ရှိဟူ၍ ဘာမှမရှိတော့ချေ။
ဒါပေမဲ့ တိုက်ပွဲကတော့ မပြီးသေးချေ။ ဆန်းပြားတဲ့ မျိုးရိုးဗီဇပြောင်းလဲခြင်း လမ်းစဉ်တွေကို အားကိုးပြီး အသက်ရှင်ကျန်ရစ်နေတဲ့ စစ်သည်အနည်းငယ်ကတော့ ထိုမိစ္ဆာကောင်ကြီးကို အဆုံးသတ် တိုက်ခိုက်ဖို့ ကြိုးစားနေကြတုန်းပင် ဖြစ်သည်။
ဟုတ်ပေသည်... ရှောင်တိမ်းနိုင်စွမ်းကို အဆုံးထိ မြှင့်တင်ထားပြီး မိစ္ဆာမီးတောက်တွေကြားထဲကနေ ပျံဝဲပြီး လှုပ်ရှားနေကြသည်။
အချို့ကတော့ အလွန် ထူထဲလှတဲ့ အကြေးခွံတွေ ပြောင်းလဲဖြစ်ပေါ်လာပြီး အရေထူထူ၊ အသားထူထူနဲ့ ခံနိုင်ရည် ရှိနေကြသည်။
ဒါပေမဲ့ ပြင်းထန်တဲ့ တိုက်စစ်ဆင်နိုင်စွမ်း မရှိရင်တော့ ဒါက အပေါ်ယံ ဟန်ပြနည်းလမ်းတစ်ခုသာ ဖြစ်ပြီး မိစ္ဆာကို သတ်ဖြတ်ပြီး ဂိမ်းအဆင့်ကို ကျော်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။
သေဆုံးဖို့ကတော့ အချိန်စောင့်ရုံသာ ရှိပေတော့သည်။
လျူယွမ် မျက်လုံးပွင့်လာတဲ့အချိန်မှာတော့ တစ်ကိုယ်လုံး ဖော်ပြလို့မရအောင် သက်သောင့်သက်သာ ဖြစ်နေတာကို ခံစားလိုက်ရသည်။
သူ့ရဲ့ မျိုးရိုးဗီဇတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ သူ၏ သိုင်းပညာကလည်း တစ်ဆင့် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
သူ့ရဲ့ ခန္ဓာကိုယ်က မီးတောက်တွေနဲ့ အကြိမ်ကြိမ် သန့်စင်ခံထားရသလိုမျိုး ပိုမို ကြံ့ခိုင်သန်မာလာသည်ဟု ခံစားနေရသည်။
“တားမြစ်နယ်မြေရဲ့ အခက်အခဲအဆင့်က ပိုမြင့်လာတာပဲ...”
လျူယွမ် စိတ်ထဲကနေ တွေးလိုက်မိသည်။
အကယ်၍ သူ့ဇနီးက ပိုမြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ကို တကယ်ပဲ တက်လှမ်းသွားခဲ့ရင် သူတို့နှစ်ယောက်ကြားက ကွာဟချက်က သူတို့ အသစ်စက်စက် အိမ်ထောင်ကျခါစတုန်းကလိုမျိုး ပြန်ပြီး ကွာဟသွားပေလိမ့်မည် ဖြစ်သည်။
သူမက ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားပေလို့သာ မျှော်လင့်ချက် ရောင်ခြည်လေး ကျန်ရှိနေခြင်း ဖြစ်သည်။
ဒါပေမဲ့ လျူယွမ်မှာ သမီးလေးတစ်ယောက် ရှိနေပြီဖြစ်လို့ ဒုတိယကလေး ရ၊ မရ ဆိုတာကို သူ သိပ်ပြီး ဂရုမစိုက်တော့ချေ။
သူ အမြဲတမ်း ချစ်မြတ်နိုးခဲ့တာက စုချင်းရွှယ် ဆိုတဲ့ သူကိုသာ မဟုတ်ပါလား။
“မောင်... တိုက်ပွဲက မပြီးသေးဘူးနော်...”
စုချင်းရွှယ်က ခေါင်းလေးစောင်းကာ ပြောလိုက်ပြီး ဗီရိုထဲကနေ ရိုးရှင်းတဲ့ ဂါဝန်နက်လေးတစ်ထည်ကို ထုတ်ယူလိုက်သည်။
သူမ ဘေးတစ်စောင်း လှည့်လိုက်စဉ်မှာပဲ နှင်းပွင့်တွေလို ဖြူစင်ချောမွေ့ပြီး လှပလွန်းတဲ့ ကျောပြင်လေးက အတိုင်းသား ပေါ်ထွက်လာခဲ့သည်။
သူမက ဂါဝန်နက်လေးကို အေးအေးလူလူ ဝတ်ဆင်လိုက်ပြီး လှုပ်ရှားမှုတိုင်းက ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ တင့်တယ်လှပနေကာ စွဲမက်ဖွယ် ကောင်းလှသည်။
ပျက်စီးခြင်းနိမိတ်ကြောင့် သွေးတွေ စွန်းထင်နေတဲ့ ဂါဝန်နီလေးကိုတော့ သေချာ ခေါက်သိမ်းပြီး ဗီရိုအောက်ခြေထဲကို ထည့်ထားလိုက်သည်။
ထိုအဝတ်အစားထဲမှာ သူမရဲ့ နတ်ဘုရားသွေးတွေ စိမ့်ဝင်နေတာကြောင့် အဆင့်ကိုး ဝိညာဥ်လက်နက်ထက် မနိမ့်တဲ့ တန်ဖိုးရှိနေသည်။
ဒါပေမဲ့ လျူယွမ်ကတော့ အမျိုးသမီးအဝတ်အစားကို ဝတ်မှာ မဟုတ်တဲ့အတွက်ကြောင့်... ဒီသွေးစွန်းနေတဲ့ အဝတ်အစားက အမှတ်တရ သိမ်းဆည်းစရာ ပစ္စည်းတစ်ခုအဖြစ်သာ ရှိနေတော့မည် ဖြစ်သည်။
အိပ်ခန်းထဲကနေ ထွက်လာခဲ့ကြတဲ့အချိန်မှာတော့...
သမီးလေး လျူနျန်က နို့တစ်ဗူး သောက်ပြီးတာနဲ့ ခြံဝင်းထဲ ပြေးသွားကာ သူမရဲ့ နေ့စဉ် သိုင်းလေ့ကျင့်မှုကို စတင်နေချေပြီ။
“မိန်းမ... ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ဆိုတော့ မောင် အဖိုးကို အမွှေးတိုင် သွားထွန်းဦးမယ်...”
လျူယွမ် အဝတ်အစား လဲလှယ်လိုက်ပြီး ဗီရိုထဲကနေ အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေကို ထုတ်လိုက်သည်။
“ကျွန်မလည်း လိုက်ခဲ့မယ်လေ...” စုချင်းရွှယ်က မှန်တင်ခုံရှေ့ကို လျှောက်သွားပြီး ထောင်နေတဲ့ ဆံပင်လေးတွေကို နားနောက်မှာ သပ်တင်လိုက်ရင်း - “နျန်နျန်လေးကိုပါ တစ်ခါတည်း ခေါ်သွားရအောင်...”
သူမက လျူယွမ်ရဲ့ လက်မောင်းကို ချိတ်လိုက်ပြီး သမီးဖြစ်သူကို လှမ်းခေါ်လိုက်သည်။
မိသားစု သုံးယောက်သား ရှေးဟောင်းအိမ်ကြီးရဲ့ အိမ်နောက်ဖေးဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။
ဒီနေရာက တော်တော်လေး တိတ်ဆိတ်ပြီး သာမန်အားဖြင့်တော့ ပစ္စည်းအစုံအလင် သိုလှောင်ထားတဲ့နေရာ ဖြစ်သည်။ အထူးသဖြင့် အခန်းတစ်ခန်းက တော်တော်လေး ဟောင်းနွမ်းနေပြီး အုတ်နံရံတွေပေါ်မှာ ရေညှိတွေ တက်နေကာ တံခါးအနီရောင်ရဲ့ ဆေးတွေပါ ကွာကျနေပြီး ရှေးဟောင်းအငွေ့အသက်တွေ အပြည့် ရှိနေသည်။
ကျွိကနဲ အသံနဲ့အတူ တံခါးကို တွန်းဖွင့်လိုက်ရာ အထဲမှာ လျူယွမ်ရဲ့ အဖိုး၊ အဖွား၊ အဖေနဲ့ အမေတို့ရဲ့ အထိမ်းအမှတ် သစ်သားကမ္ပည်းပြားအချို့ကို တွေ့လိုက်ရသည်။
[ ကွယ်လွန်သူ အဖိုးဖြစ်သူ လျူယမ်၏ ကမ္ပည်းပြား ]
[ ကွယ်လွန်သူ ချစ်လှစွာသော အဖွားဖြစ်သူ ဝမ်ရှို့ယင်၏ ကမ္ပည်းပြား ]
[ ကွယ်လွန်သူ ဖခင်ဖြစ်သူ လျူယွမ်ကျီ၏ ကမ္ပည်းပြား ]
[ ကွယ်လွန်သူ မိခင်ဖြစ်သူ လင်စီချီ၏ ကမ္ပည်းပြား ]
လျူယွမ်က ဆုတောင်းဖျာပေါ်မှာ ဒူးထောက်လိုက်ပြီး အမွှေးတိုင် သုံးတိုင်ကို မီးညှိကာ ရိုရိုသေသေ အကြိမ်ကြိမ် ဦးချလိုက်သည်။
သူ့ရဲ့ မိဘတွေနဲ့ အဖိုးကို လူကိုယ်တိုင် မမြင်ဖူးခဲ့ပေမဲ့ သူတို့က သူ့အတွက် အမွေအနှစ် အမြောက်အမြား ချန်ထားပေးခဲ့တာ ဖြစ်သည်။ အထူးသဖြင့် ဒီရှေးဟောင်းအိမ်ကြီးက သူ့ကို တစ်သက်လုံး ပူပန်စရာမလိုဘဲ အေးအေးဆေးဆေး နေထိုင်သွားနိုင်စေရန် အာမခံချက် ပေးထားသလိုပင် ဖြစ်နေသည်။
သူက ဒီကျေးဇူးတရားကို စိတ်ထဲမှာ အမြဲ မှတ်ထားခဲ့သည်။
စုချင်းရွှယ်က သစ်သီးလတ်လတ်ဆတ်ဆတ်တွေနဲ့ အရက်အချို့ကို စားပွဲပေါ်မှာ တင်ပေးလိုက်ပြီး သမီးလေး နျန်နျန်နဲ့အတူ ကမ္ပည်းပြားတွေရှေ့မှာ ရိုရိုသေသေ ဒူးထောက်လိုက်သည်။
သူမက [သုံးကြိမ်ဒူးထောက် ကိုးကြိမ်ဦးချ] တဲ့ စနစ်တကျ ရှိလှတဲ့ ရှေးရိုးရာ ဂါရဝပြုခြင်း အပြည့်အစုံနဲ့ လူကြီးမိဘတွေကို အရိုအသေပေးလိုက်ခြင်း ဖြစ်သည်။
ဒါကို ကြည့်ခြင်းအားဖြင့် လျူယွမ်က သူ့ဇနီးသည်ဟာ အဆုံးမဲ့ကောင်းကင်ဘုံက စည်းကမ်းအလွန်ကြီးမားတဲ့ မိသားစုကြီးတစ်ခုကနေ လာတာ ဖြစ်ရမယ်လို့ ရိပ်မိလိုက်သည်။
“အကြီးအကဲတို့ရှင်... လျူမိသားစုရဲ့ ချွေးမတစ်ယောက် ဖြစ်ခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ၊ ကောင်းကင်ဘုံကနေ အေးချမ်းစွာ အနားယူနိုင်ပါစေ...”
စုချင်းရွှယ်က တိုးတိုးလေး ဆုတောင်းလိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်ထလိုက်သည်။
လျူနျန်လေးကလည်း သူမ မိဘတွေ လုပ်သလို လိုက်လုပ်နေပြီး ဘာကို ဆိုလိုမှန်း မသိပေမဲ့ ရိုရိုသေသေပဲ ခေါင်းလေးကို ကြမ်းပြင်နဲ့ထိအောင် အကြိမ်ကြိမ် ဦးချလိုက်သည်။
သူမ ဦးချလိုက်တဲ့ ခဏမှာပင် အံ့သြစရာ ကောင်းတဲ့အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
ထွန်းထားတဲ့ အမွှေးတိုင် သုံးတိုင်က သိသိသာသာကို ပိုပြီး တောက်ပစွာ လောင်ကျွမ်းလာပြီး၊ အမွှေးတိုင် မီးခိုးငွေ့တွေက ဖြည်းဖြည်းချင်း အပေါ်ကို လွင့်တက်သွားကာ အိမ်ခေါင်မိုး ထုတ်တန်းတွေကို ဝဲလည်ပြီး အုတ်ကြွပ်အက်ကြောင်းတွေကနေတစ်ဆင့် ကောင်းကင်ယံထဲကို ပျောက်ကွယ်သွားတော့သည်။
“မောင်... ကြည့်ဦး...”
စုချင်းရွှယ် တစ်ခုခု ထူးခြားနေတာကို အာရုံခံမိလိုက်ကာ - “နျန်နျန်လေး ကန်တော့လိုက်တဲ့ အချိန်ကျမှ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်သွားတယ်...”
လျူယွမ်လည်း သတိထားမိလိုက်သည်။ သူ ကန်တော့တုန်းက သာမန်ပဲ ဖြစ်ပြီး သမီးလေး ကန်တော့မှ ဘာလို့ ဒီလောက်အထိ အမွှေးတိုင်တွေက တောက်ပသွားရတာလဲ။
သူ ချက်ချင်းပဲ အဖြေတစ်ခုကို သဘောပေါက်လိုက်သည် - နျန်နျန်လေး မွေးဖွားလာတာက လျူမိသားစုရဲ့ မျိုးဆက်ကို ဆက်ခံနိုင်ခဲ့ပြီ ဖြစ်လို့ပင်…
“အဖိုး ကွယ်လွန်ပြီးနောက်... ကောင်းကင်ဘုံမှာ နတ်ဘုရားတစ်ပါး ဖြစ်သွားတာမျိုး ဖြစ်နိုင်မလား...” စုချင်းရွှယ်က ခန့်မှန်းလိုက်သည်။
“မဖြစ်နိုင်ဘူး...” လျူယွမ်က ခေါင်းခါလိုက်ပြီး - “မောင် ငယ်ငယ်ကတည်းက ကန်တော့လာတာ အနှစ် ၂၀ ကျော်ပြီ၊ တစ်ခါမှ ထူးခြားတာ မရှိခဲ့ဖူးဘူး...”
“ဒါက နျန်နျန်လေးက အရည်အချင်း အလွန်မြင့်မားပြီး လျူမိသားစုရဲ့ သွေးသားစစ်စစ် ဖြစ်နေလို့၊ ကောင်းကင်နဲ့ လူသားကြားက ဆက်သွယ်မှုကို အာရုံခံမိစေတာ ဖြစ်နိုင်တယ်...” စုချင်းရွှယ်က ရှင်းပြလိုက်ရင်း - “ဒါပေမဲ့ ဒါကလည်း ကျွန်မရဲ့ ခန့်မှန်းချက်သက်သက်ပါ...”
လျူယွမ်ကတော့ ဒါကို လှပတဲ့ အတွေးတစ်ခုအနေနဲ့သာ သတ်မှတ်လိုက်သည်။
“အဖိုး၊ အဖွား၊ ဖေဖေနဲ့ မေမေ... တကယ်ပဲ ကောင်းကင်ဘုံမှာ ရှိနေတယ်ဆိုရင် ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပေးပါ...”
သူ ဆုတောင်းတစ်ခု တောင်းချင်မိသော်လည်း ထပ်ပြီး စဉ်းစားကြည့်တော့ မလိုအပ်ဘူးဟု ခံစားလိုက်ရသည်။
အဖိုးက တကယ်ပဲ နတ်ဘုရား ဖြစ်သွားခဲ့ရင်တောင် သူ့ဇနီးသည်လောက် စွမ်းအားကြီးချင်မှ ကြီးပေလိမ့်မည်။
ဒါ့အပြင် နျန်နျန်လေးမှာလည်း နတ်ဘုရား သွေးမျိုးဆက် ပါဝင်နေတာကြောင့် သေချာ ကျင့်ကြံရင် ကြီးလာတဲ့အခါ သူမရဲ့ မိခင် စုချင်းရွှယ်ကို ရှုံးမှာ မဟုတ်ချေ။
ဒါကြောင့် နတ်ဘုရားတွေ၊ ဗုဒ္ဓတွေကို ဆုတောင်းနေဖို့ မလိုချေ။
ကန်တော့ခြင်း အခမ်းအနား ပြီးနောက်မှာတော့ ဘိုးဘွားခန်းမထဲကနေ ထွက်လာခဲ့ကြသည်။
လျူနျန်လေးက ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရာ သူမရဲ့ လောကမျက်လုံးက အလိုအလျောက် ပွင့်သွားခဲ့သည်။ သူမရဲ့ မျက်ဆန်းအိမ်ထဲမှာ ရှုပ်ထွေးလှတဲ့ ပုံရိပ်များစွာ ကူးပြောင်းနေပြီး တခြားကမ္ဘာတစ်ခုကို မြင်နေရသလိုမျိုးပင်။
ဒါပေမဲ့ ခဏလေးအတွင်းမှာပဲ သူမက ခြံဝင်းထဲ ပြန်ပြေးဝင်သွားပြီး သိုင်းပညာကို ဆက်လက် လေ့ကျင့်နေတော့သည်။
ထိုအမွှေးတိုင် မီးခိုးစိမ်းလေးကတော့ ကောင်းကင်ဘုံရဲ့ အလွှာများစွာကို ဖြတ်ကျော်ပြီး ကမ္ဘာလောက သုံးထောင်ကို ကျော်လွန်သွားခဲ့သည်။
နောက်ဆုံးမှာတော့ [ရီထျန်] လို့ ခေါ်တဲ့ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးတစ်ခုဆီကို ရောက်ရှိသွားခဲ့သည်။
ဒီကမ္ဘာရဲ့ ဗဟိုချက်မှာတော့ အဆုံးအစမရှိ ကျယ်ပြောလှတဲ့ မြို့ကြီးတစ်မြို့ ရှိနေပြီး မြို့တံတိုင်းပေါ်မှာ ရှေးဟောင်း စာလုံးကြီးနှစ်လုံး ရေးထွင်းထားသည် -
“တပိုင်”
ဒါဟာ နတ်ဘုရားတွေ အများဆုံး နေထိုင်ကြတဲ့ နတ်ဘုရားနိုင်ငံတော် ဖြစ်သည်။
အနိမ့်ဆုံး ယင်ဝိညာဉ်ကနေ အမြင့်ဆုံး နတ်ဘုရားဝိညာဥ်တွေအထိ ရှိကြသည်။
မြို့ထဲက အခမ်းနားဆုံး နန်းတော်ကြီးထဲမှာတော့ မြို့စားမင်းက နတ်ဘုရားတွေနဲ့အတူ အစည်းအဝေး လုပ်နေလေသည်။
ဒါပေမဲ့ ထိုမီးခိုးငွေ့လေးကတော့ ထောင့်တစ်နေရာမှာ ငိုက်မြည်းနေတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို တိတ်တဆိတ် စိမ့်ဝင်သွားခဲ့သည်။
ထိုအဘိုးအိုက ရုတ်တရက် နိုးလာပြီး နေရာကနေ ဝုန်းကနဲ ထရပ်လိုက်ကာ သူ့မျက်နှာပေါ်မှာ မယုံနိုင်လောက်အောင် အတိုင်းထက်အလွန် ဝမ်းသာပီတိ ဖြစ်သွားရတော့သည်။
“အမလေး... ဘုရားရေ”
“ဟားဟားဟားဟား”
နတ်ဘုရားတွေ အားလုံးက လှည့်ကြည့်လိုက်ကြပြီး မျက်လုံးတွေထဲမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
“ဘာဖြစ်တာလဲ...”
“လျူယမ်... မင်း ရူးသွားတာလား...”
“နန်းတော်ထဲမှာ အသံကျယ်ကျယ် မလုပ်ရဘူးကွ”
ဒါပေမဲ့ ထိုအဘိုးအိုက ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဝမ်းသာအားရ ထကကာ အထိန်းအကွပ်မဲ့စွာ အော်ဟစ်ရယ်မောလိုက်လေသည် -
“ငါ့မှာ မြေးချွေးမလေး ရပြီဟေ့...”
“မင်းတို့ ယုံနိုင်မလား…. ငါ့မြေးက တကယ့် နတ်ဘုရားမလေးတစ်ပါးနဲ့ အိမ်ထောင်ကျတာကွ”
“ဟားဟားဟား... ”
ချက်ချင်းပင် ဘေးပတ်ဝန်းကျင်ကနေ မနာလို ဝန်တိုမှုတွေ၊ အားကျမှုတွေနဲ့ ပြည့်နှက်နေတဲ့ အသံတွေ ထွက်ပေါ်လာခဲ့သည် -
“လျှောက်မပြောနဲ့... မင်းမြေးက သာမန်လူသားတစ်ယောက်ပဲဥစ္စာ၊ နတ်ဘုရားမတစ်ပါးနဲ့ ဘယ်လိုလုပ် မျိုးဆက် ပြန့်ပွားနိုင်မှာလဲ”
“ငါ့အထင်တော့ မင်း အိပ်မက်မက်နေတာ ထင်တယ်...”
“နတ်ဝိညာဥ်အဖြစ် အဆင့်တက်လာတာ တစ်လပဲ ရှိသေးတယ်၊ နောက်တစ်ယောက် ရူးသွားပြန်ပြီ...”