အခန်း ၁၃၁
Vol. 14 Ch. 131
🍅 Chapter 131
နောက်ပိုင်းရက်များတွင် စုန့်ကျစ်ရှုမှာ အမှန်တကယ်ပင် ပိုမိုလိမ္မာရေးခြားရှိလာခဲ့သည်။
ဝူယွီလန်အား ပြုစုစောင့်ရှောက်ရန် တာဝန်ယူရုံသာမက စုန့်ကျစ်ယုံတို့နှင့်အတူ လယ်ထဲသို့ဆင်းကာ စပါးရိတ်သိမ်းရာတွင်လည်း လိုက်ပါကူညီခဲ့၏။
သို့သော် လူတစ်ယောက်၏ ပျင်းရိတတ်သည့်အကျင့်ဟောင်းမှာ လွယ်လွယ်နှင့် ပြောင်းလဲ၍မရနိုင်ပေ။
ဝူယွီလန်၏ကျန်းမာရေး တစ်နေ့တခြားပိုမိုကောင်းမွန်လာသည်နှင့်အမျှ စုန့်ကျစ်ရှုမှာလည်း တဖြည်းဖြည်း ပြန်လည်ပျင်းရိလာတော့သည်။
ယနေ့တွင်မူ သူက အိပ်ရာထဲမှမထဘဲ ဇိမ်ခံနေကာ နေ့လယ်စာစားချိန်ရောက်မှသာ ပျင်းရိလေးတွဲစွာဖြင့် လျှောက်လာခဲ့သည်။
သူ၏ ဤအခြေအနေကို မြင်သောအခါ ဝူယွီလန်က လေးနက်စွာ သက်ပြင်းချလိုက်သည်။
“ဟူး”
မိခင်ဖြစ်သူ၏သက်ပြင်းချသံကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှုမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွား၏။
“အမေ၊ ဘာဖြစ်လို့လဲ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခု ရှိနေလို့လား”
ဝူယွီလန် ငြီးတွားလိုက်သည်။
“ကျစ်ရှု၊ အမေက နင့်ကို လျိုမိသားစုဆီ ပြန်မသွားစေချင်ပါဘူး၊ ဒါပေမဲ့ အိမ်တော်ထိန်းလျိုက လျော်ကြေးအနေနဲ့ ငွေအချောင်းငါးဆယ်ပေးရမယ်လို့ ပြောနေတယ်”
“ငါ့ကိုယ် ငါ ရောင်းစားရင်တောင်မှ ဒီငွေအချောင်းငါးဆယ်ကို ရနိုင်မှာမဟုတ်ဘူး”
မိခင်ဖြစ်သူက သူ့ကိစ္စအတွက် ထပ်မံပူပန်နေရပြန်သည်ကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှုမှာ သူ၏ပျင်းရိမှုအတွက် ချက်ချင်းအပြစ်ရှိသလို ခံစားလိုက်ရသည်။
“အမေ၊ ကိစ္စမရှိပါဘူး၊ အမေ နေကောင်းသွားရင် သားပြန်သွားလိုက်ပါ့မယ်”
“လျိုမိသားစုမှာ သား ကြိုးကြိုးစားစားအလုပ်လုပ်ပါ့မယ်၊ အမေ အိမ်မှာပဲနေပြီး သက်သက်သာသာအနားယူပါတော့”
ဝူယွီလန် ခေါင်းခါပြလိုက်၏။
“သားသမီး မြေးမြစ်တွေ ဘေးမှာရှိနေတာကမှ အစစ်အမှန်ပျော်ရွှင်မှုပါ၊ နင် လျိုမိသားစုမှာ ဒုက္ခရောက်နေတာကိုကြည့်ပြီး ငါက ဘယ်လိုလုပ် ပျော်ရွှင်နိုင်မှာလဲ”
ထိုစကားကို ကြားသောအခါ စုန့်ကျစ်ရှုမှာ တစ်ခဏမျှ စကားပင်ဆက်မပြောနိုင်တော့ပေ။
ငွေအချောင်းငါးဆယ်ကိုပင် ရှာဖွေမပေးနိုင်လောက်အောင် အသုံးမကျသော မိမိကိုယ်ကိုယ် အလွန်မုန်းတီးသွားမိ၏။
သူ ပညာသင်ကြားခဲ့သော ဤနှစ်များတစ်လျှောက်လုံးတွင် မိခင်ဖြစ်သူက သူ့အတွက် ငွေအချောင်းတစ်ရာကျော် သုံးစွဲခဲ့သည်ကို သူ သတိရသင့်ပေသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက စပါးများရိတ်သိမ်းပြီး လယ်ခွန်ပေးရန်အတွက် ရောင်းချလိုက်ပြီးနောက် ကြေးပြားအနည်းငယ်မျှသာ ကျန်ရှိတော့သည်။
ထိုအချိန်ကျမှသာ ငွေရှာရသည်မှာ မည်မျှခက်ခဲကြောင်းကို သူ သဘောပေါက်သွားတော့သည်။
လျိုမိသားစုတွင် သူတစ်ပါးလက်အောက်၌ ခိုကပ်နေထိုင်ရခြင်း၏အရသာကို ခံစားခဲ့ရပြီးနောက် စုန့်ကျစ်ရှုမှာ သူ့တူမများကို ရောင်းစားရန် နောက်တစ်ကြိမ် မဟဝံ့တော့ပေ။
သူတစ်ပါးအတွက် အစေခံတစ်ဦးဖြစ်ရခြင်းမှာ လူတစ်ယောက်နေထိုင်ရမည့်ဘဝမျိုး လုံးဝ မဟုတ်ပေ။
ဆင်းရဲသောကလေးများကို ချမ်းသာသည့်မိသားစုများထံ ရောင်းချ၍ အလုပ်လုပ်စေကာ ဇိမ်ကျကျနေထိုင်ရသည်ဆိုသော စကားများအားလုံးမှာ…….
သူ့ထံမှ အရက်ဖိုးလိမ်လည်လိုသော သူ၏ကျောင်းနေဖက်သူငယ်ချင်းများက ဖန်တီးထားသည့် အဓိပ္ပာယ်မရှိသော စကားများသာဖြစ်ကြောင်းကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့ပြီဖြစ်၏။
ဤသည်က ဇိမ်ကျကျနေထိုင်ရခြင်း လုံးဝမဟုတ်ဘဲ အရှင်လတ်လတ် သေမိန့်ကျနေခြင်းသာဖြစ်သည်။
စုန့်ကျစ်ရှု နောင်တရစွာဖြင့် ဖွင့်ဟလိုက်သည်။
“အမေ၊ သား အသုံးမကျပါဘူး၊ အမေ့ရဲ့ငွေတွေ အများကြီး သုံးခဲ့ပြီးတာတောင် ပညာတတ်တစ်ယောက်မဖြစ်ခဲ့ဘူး၊ စာမေးပွဲမအောင်ခဲ့ဘူး၊ သားသာ ပိုပြီးအရည်အချင်းရှိခဲ့ရင် အမေ ဒီလောက်အထိ ဒုက္ခခံရမှာမဟုတ်ဘူး”
စပါးရိတ်သိမ်းခြင်းကြောင့် သူ့လက်များပေါ်တွင် ထွက်နေသော အရည်ကြည်ဖုများကို ကြည့်ရင်း စုန့်ကျစ်ရှုမှာ တွေးလေလေ ပိုအပြစ်ရှိသလို ခံစားရလေလေ ဖြစ်နေသည်။
သူ့ပညာရေးကို ထောက်ပံ့ရန်အတွက် မိခင်ဖြစ်သူမှာ နှစ်ပေါင်းများစွာ ဤကဲ့သို့ ပင်ပန်းဆင်းရဲစွာဖြင့် နေ့စဉ်နှင့်အမျှ အလုပ်လုပ်ခဲ့ရသည်။
သို့တိုင်အောင် မိခင်ဖြစ်သူ အရိုးကျေမတတ်အလုပ်လုပ်၍ ရှာဖွေထားသော ငွေများကို သူ ယူဆောင်ကာ အပြင်ဘက်တွင် ပျော်ပါးသောက်စားရင်း အချိန်ဖြုန်းခဲ့သည်မဟုတ်ပါလား။
ဝူယွီလန် နူးညံ့စွာ ပြောလိုက်သည်။
“ကျစ်ရှု၊ ရွှေဆိုတာတောင် အပြစ်အနာအဆာကင်းတာမဟုတ်ဘူး၊ လူဆိုတာလည်း ပြီးပြည့်စုံတဲ့သူဆိုတာမရှိပါဘူး၊ အရင်က အမေ နင့်ကို စာသင်ဖို့ အတင်းအကျပ် မလုပ်ခိုင်းသင့်ခဲ့ဘူး”
သူ ဤမျှလောက်အထိ အသုံးမကျဖြစ်နေပါလျက်နှင့် မိခင်ဖြစ်သူမှာ သူ့အား နားလည်ခွင့်လွှတ်ပေးနေဆဲပင်။
ဤအရာက စုန့်ကျစ်ရှုကို ပိုလို့ပင်ရှက်ရွံ့သွားစေခဲ့သည်။
စုန့်ကျစ်ရှု စိတ်အားထက်သန်စွာ မေးလိုက်သည်။
“အမေ၊ အခု သား ဘာလုပ်ရမလဲ၊ အမေ ဘာလုပ်ခိုင်းလုပ်ခိုင်း သားအကုန်လုပ်ပါ့မယ်”
ဝူယွီလန် တွေးတောနေသည့်ဟန်ဖြင့် မျက်လွှာချလိုက်ပြီး တစ်ခဏအကြာတွင် စိတ်ရှုပ်ထွေးနေသော အမူအရာနှင့် မော့ကြည့်လိုက်၏။
“နင့်ကို လျိုမိသားစုဆီပြန်သွားပြီး ဒုက္ခခံဖို့ ငါမလွှတ်ရက်ဘူး၊ အခု ဖြေရှင်းစရာ နည်းလမ်းကတော့ ငွေရှာဖို့ နည်းလမ်းတစ်ခုခုရှာရမှာပဲ”
“ငွေရှာဖို့နည်းလမ်းတော့ ရှိတယ်၊ ဒါပေမဲ့ ပင်ပန်းတဲ့အလုပ်တော့ ဖြစ်လိမ့်မယ်”
စုန့်ကျစ်ရှု အလျင်အမြန်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။
“အမေ၊ သားက အပင်ပန်းခံရမှာကို မကြောက်ပါဘူး”
ဤအရာက ဝူယွီလန်စောင့်ဆိုင်းနေသော စကားပင်။
နောက်တစ်နေ့တွင် ဝူယွီလန်က စုန့်ကျစ်ရှုအား တောင်ပေါ်သို့ ခေါ်ဆောင်သွားကာ ဆေးဘက်ဝင်အပင်များ စတင်ရှာဖွေတော့သည်။
စုန့်ကျစ်ရှုမှာ ပင်ပန်းသည်ဟု ခံစားရသော်လည်း သူ့မိခင်က ဤအသက်အရွယ်ကြီးဖြင့် သူ၏အကျိုးအတွက် တောင်ပေါ်တွင် ဆေးဘက်ဝင်အပင်များ လိုက်လံရှာဖွေနေရသည်ကို တွေးမိသောအခါ…..
သူ သေမတတ် ပင်ပန်းနေလျှင်တောင်မှ ညည်းညူပိုင်ခွင့်မရှိပေ။
သို့သော် လယ်ထွန်နေသော နွားတစ်ကောင်ပင်လျှင် ရက်အနည်းငယ်ကြာ မနားတမ်း အလုပ်လုပ်ပြီးပါက ပင်ပန်းနွမ်းနယ်သွားမည်မှာ သေချာသည်။
နွားကို ဆက်လက်အလုပ်လုပ်စေချင်ပါက အစာကျွေးရန် လိုအပ်ပေသည်။
ဆေးဘက်ဝင်အပင်များ လုံလုံလောက်လောက် စုဆောင်းမိပြီဖြစ်ကြောင်း မြင်သောအခါ ဝူယွီလန်က စုန့်ကျစ်ရှုကို ဖျန်းကျန်းမြို့သို့ ခေါ်ဆောင်သွားကာ ရောင်းချလေသည်။
သမားတော်လီက ဆေးဘက်ဝင်အပင်များကို နေရာချထားနေစဉ် ဝူယွီလန်အား ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူ့မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။
“သမားတော်ဝူ၊ မတွေ့ရတာကြာပြီနော်၊ ဒီရက်ပိုင်းတွေအတွင်း ဘယ်တွေရောက်နေတာလဲ”
ဝူယွီလန် အသေးစိတ်ရှင်းမပြတော့ပေ။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်မှာ ကိစ္စလေးနည်းနည်းရှိနေလို့ပါ”
သမားတော်လီက နားလည်သဘောပေါက်ဟန်ဖြင့် ပြောလိုက်သည်။
“ဒီလိုကိုး၊ ခင်ဗျား ဆေးဘက်ဝင်အပင်တွေ မရှာတော့ဘူးလို့တောင် ထင်နေတာ”
ဝူယွီလန် သူမ၏ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
“ဆေးပင်တွေဆက်ရှာဖို့ လိုပါသေးတယ်၊ ဆရာကြီးက ဘယ်လောက်အထိ ယူနိုင်မလဲဆိုတာပဲမသိတာ”
သမားတော်လီ လက်ကာပြလိုက်သည်။
“သမားတော်ဝူ၊ ခင်ဗျားက ကျွန်တော့်ကို အထင်သေးနေပြီ၊ ကျွန်တော့်ရဲ့ ဒီဆေးဆိုင်လေးက သေးတယ်လို့ထင်ရပေမဲ့ ပေလျိုခရိုင်မှာ ဆိုင်ခွဲတော်တော်များများ ရှိပါတယ်၊ ဒီဆေးပင်နည်းနည်းလေးတင် မကပါဘူး၊ ခင်ဗျား ဒီထက်ပိုပြီးယူလာရင်တောင် ကျွန်တော်လက်ခံနိုင်တယ်”
ဝူယွီလန် ထိုစကားများကို ရင်ထဲတွင် သေချာမှတ်သားထားလိုက်သည်။
ဤကဲ့သို့ဆိုလျှင် ရွာထဲရှိ စေတနာကောင်းသောမိသားစုများကို သူမနှင့်အတူ ဆေးဘက်ဝင်အပင်များရှာဖွေရန် ဖိတ်ခေါ်နိုင်သည်ဟု သူမ တွေးတောလိုက်၏။