← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

🍅 Chapter 133

“ဆရာ့ကို တကူးတက သွားမေးကြည့်တော့ ဒီစာအုပ်နှစ်အုပ်က နင့်အတွက် အကျိုးရှိနိုင်တယ်လို့ ပြောလိုက်တယ်၊ နင့်ဘာသာ နင် ဖတ်ကြည့်လိုက်ပါဦး”

စုန့်ကျစ်ရှု စာအုပ်နှစ်အုပ်ကို လှမ်းယူလိုက်သည်။

ပညာသင်ကြားနေစဉ်က ဤစာအုပ်များကို သူ ဖတ်ဖူးခဲ့သော်လည်း အဓိပ္ပာယ်ကို သေသေချာချာနားမလည်ဘဲ အပေါ်ယံမျှသာ ဖတ်ရှုခဲ့ခြင်းဖြစ်၏။

ယခုအခါ စိတ်ကို တည်ငြိမ်အောင်ထားပြီး စာအုပ်များကို ဖွင့်ကြည့်လိုက်သောအခါ ညီအစ်ကိုများ မည်သို့သင့်မြတ်အောင် နေထိုင်သင့်သည်ဆိုသည်အား စာအုပ်များထဲတွင် ရှင်းလင်းစွာ ရေးသားထားသည်ကို သူ မြင်တွေ့လိုက်ရသည်။

စုန့်မိသားစု

“ကလေးတွေရဲ့အဖေ၊ ဒီသစ်သားတွေနဲ့ ဘာတွေအလုပ်ရှုပ်နေတာလဲ”

ဝမ်ကွေ့ချင်က ထင်းတဲထဲမှ သစ်သားအားလုံးကို အပြင်သို့ထုတ်ယူနေသော ခင်ပွန်းဖြစ်သူအား ကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“လေးယောက်မြောက်ကောင် ထင်းတဲထဲမှာ အိပ်နေရတာ လဝက်တောင်ရှိနေပြီ၊ ရာသီဥတုလည်း အေးလာပြီဆိုတော့ သူ မြေကြီးပေါ်မှာ ဆက်အိပ်နေဖို့က မသင့်တော်ဘူးလေ”

ဤရက်ပိုင်းများအတွင်း စုန့်ကျစ်ရှု၏ပြောင်းလဲမှုအားလုံးကို စုန့်ကျစ်ယုံ မြင်တွေ့ခဲ့ရသည်။

အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူ့ညီဖြစ်သူကို လုံးဝလျစ်လျူရှုထားရန် သူ မလုပ်ရက်နိုင်ပေ။

ဤညီဖြစ်သူမှာ ဒေါသကြီးပြီး ခေါင်းမာကာ အလျှော့မပေးတတ်သူ ဖြစ်သော်ငြားလည်းပေါ့။

“ဒါလည်း ဟုတ်တာပါပဲ၊ သူ မြေကြီးပေါ်မှာ ဆက်အိပ်နေရင် အအေးပတ်ပြီး ဖျားနာလိမ့်မယ်”

ဝမ်ကွေ့ချင်လည်း အနီးသို့ လျှောက်လာပြီး ဝင်ရောက်ကူညီပေးလေ၏။

ကျောင်းဆင်း၍ ပြန်ရောက်လာသော ကလေးများက ထိုစကားကို ကြားသောအခါ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီကြသည်။

အချို့က ကော်ဖတ်စက္ကူများကို ယူကာ သစ်သားများကို ချောမွတ်အောင် ပွတ်တိုက်ပေးကြပြီး အချို့က ဓားများကိုအသုံးပြု၍ သစ်သားပေါ်ရှိ ဆူးငြောင့်ငယ်များကို ဂရုတစိုက် ခုတ်သင်ဖယ်ရှားပေးကြ၏။

စုန့်ကျစ်ရှု အိမ်သို့ ပြန်ရောက်လာသောအခါ မိသားစုတစ်ခုလုံး အလုပ်ရှုပ်နေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။

ဝူယွီလန်က သူတို့ ဘာလုပ်နေကြသနည်းဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသော်လည်း ဘာမှမသိသကဲ့သို့ ဟန်ဆောင်ကာ နားမလည်နိုင်သည့်ဟန်ဖြင့် မေးမြန်းလိုက်သည်။

“သားကြီး၊ နင်တို့ ဘာလုပ်နေကြတာလဲ”

စုန့်ကျစ်ယုံ အဖြေမပေးရသေးမီမှာပင် ဘေးနားရှိ စုန့်အာ့လန်က ဝင်ပြောလိုက်သည်။

“အဖေက ရာသီဥတုအေးလာပြီဆိုတော့ ဦးလေး ၄ မြေကြီးပေါ်မှာအိပ်ရင် အအေးပတ်ဖို့လွယ်တယ်တဲ့၊ ဒါကြောင့် ဦးလေး ၄ အတွက် ကုတင်တစ်လုံးလုပ်ပေးဖို့ ထင်းတဲထဲက သစ်သားတွေ သွားရှာလာတာပါ”

ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှု၏ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

‘ဒါဆိုရင်၊ သူ့အစ်ကိုကြီးနဲ့ မိသားစု၀င်တွေ ဒီမှာအလုပ်ရှုပ်နေကြတာက ငါအအေးပတ်မှာကို စိုးရိမ်ပြီး ငါ့အတွက် တကူးတက ကုတင်တစ်လုံး လုပ်ပေးနေကြတာပေါ့'

‘ဘာကြောင့်လဲ၊ အအေးပတ်မှာက ငါလေ၊ သူတို့မှ မဟုတ်တာ'

‘ငါက ပညာလည်းမသင်တော့ဘူး၊ မိသားစုကို ဂုဏ်တက်စေဖို့ နိုင်ငံတော်စာမေးပွဲ ဖြေပြီး ပညာတတ်တစ်ယောက်လည်း ဖြစ်လာနိုင်တော့တာ မဟုတ်ဘူး၊

ဒါဆို ဘာလို့ ငါ့အပေါ် ဒီလောက်တောင် ကောင်းနေကြသေးတာလဲ'

‘အထူးသဖြင့် အဲဒီကောင်မလေး ချွမ်းနီပဲ၊ အရင်က သူမကို ရောင်းစားဖို့ ငါကြံစည်ခဲ့သေးတယ်၊ သူက ဘယ်လိုလုပ်ပြီး အငြိုးအာဃာတ နည်းနည်းလေးတောင်မထားဘဲ နေနိုင်ရတာလဲ’

“ကျစ်ရှု၊ ဘာတွေ ငေးနေတာလဲ၊ နင့် အစ်ကိုကြီးကို မြန်မြန် ကျေးဇူးတင်စကားပြောလိုက်လေ၊ နင့် အစ်ကိုကြီးက နင့်ကို ဘယ်လောက်တောင်ဂရုစိုက်လဲ ကြည့်ပါဦး”

ဂရုစိုက်မှု

‘အမေ့လိုပဲ ဘာအကျိုးအမြတ်မှ ပြန်မလိုလားတဲ့ ဂရုစိုက်မှုမျိုး၊ ငါ စာမေးပွဲအောင်သွားရင် ငါ့ပုံရိပ်နဲ့ ကြီးပွားချင်လို့ မျက်နှာချိုသွေးနေကြတာမဟုတ်ဘူး'

“ကျေး၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

ကျေးဇူးတင်ပါတယ်ဆိုသော စကားလုံးက စုန့်ကျစ်ရှု၏ပါးစပ်မှ အလွန်အမင်းတောင့်တင်းစွာဖြင့် ထွက်ပေါ်လာသည်။

စုန့်ကျစ်ရှု အမှန်တကယ် ကျေးဇူးတင်စကားပြောဆိုလိုက်သည်ကို ကြားသောအခါ လူတိုင်း အံ့ဩမှင်တက်သွားကြတော့သည်။

အရင်ကဆိုလျှင် စုန့်ကျစ်ရှုက သူတို့၏ကြင်နာမှုများကို သူ ရသင့်ရထိုက်သည့်အရာဟုသာ ယူဆခဲ့ပြီး သူတို့ကို ကျွန်များကဲ့သို့ ဆက်ဆံရာတွင်ပင် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး အနည်းငယ်မျှမရှိခဲ့ပေ။

‘သူ ဘယ်တုန်းက ကျေးဇူးတင်စကားတစ်ခွန်း ပြောဖူးလို့လဲ'

သို့သော် ယခုအခါတွင် စုန့်ကျစ်ရှု၏ပါးစပ်မှ ကျေးဇူးတင်စကားကို သူတို့ကြားလိုက်ရလေပြီ။

ဤသည်က တကယ်ကို နေမင်းကြီးအနောက်အရပ်မှ ထွက်လာသကဲ့သို့ပင် ဖြစ်ပေသည်။

မိသားစုတစ်စုလုံးက စိတ်တူကိုယ်တူ ပူးပေါင်းလုပ်ဆောင်ကြရာ မကြာမီမှာပင် သစ်သားကုတင်တစ်လုံး ပြီးစီးသွားလေသည်။

ညဉ့်နက်ချိန်သို့ ရောက်သောအခါ နောက်ဆုံးတွင် စုန့်ကျစ်ရှုမှာ မြေကြီးပေါ်တွင် အိပ်စရာမလိုတော့ပေ။

“သွား၊ ဒီစောင်ကို နင့် ဦးလေး ၄ ဆီ သွားပေးလိုက်”

သူ ကုတင်ပေါ်တွင် လှဲလျောင်းကာ အကြောင်းအရာများကို တွေးတောနေစဉ် ရုတ်တရက် လီရှို့ယွင်၏အသံကို ကြားလိုက်ရသဖြင့် စုန့်ကျစ်ရှု အလျင်အမြန် ထထိုင်လိုက်သည်။

“ဒေါက်၊ ဒေါက်၊ ဒေါက်”

“ဘယ်သူလဲ”

“ဦးလေး ၄၊ သမီးပါ”

ချွမ်းနီ၏ကြည်လင်ပြတ်သားသော ကလေးအသံလေးက တံခါးအက်ကွဲကြောင်းကြားမှ ထွက်ပေါ်လာသည်။

စုန့်ကျစ်ရှု တံခါးကို ကမန်းကတန်းဖွင့်လိုက်၏။

“ချွမ်းနီ၊ ဘာကိစ္စရှိလို့ လာတာလဲ”

ချွမ်းနီမှာ သူမကိုယ်လုံးထက် ကြီးမားနေသော စောင်တစ်ထည်ကို မနိုင်မနင်းသယ်ဆောင်လာခဲ့သည်။

“အမေက ရာသီဥတုအေးလာပြီဆိုတော့ ဦးလေးလေးအတွက် စောင်တစ်ထည် အလျင်စလိုချုပ်ပေးပြီး သမီးကို လာပို့ခိုင်းတာပါ”

“အို၊ ပြီးတော့ အဝတ်အစားနှစ်စုံလည်း ပါသေးတယ်”

ထိုစကားကို ကြားသောအခါ ဤနှစ်များတစ်လျှောက်လုံး သူ ဝတ်ဆင်ခဲ့သော အဝတ်အစားများနှင့် ခြုံခဲ့သော စောင်များအားလုံးကို လီရှို့ယွင်ကသာ သူ့အတွက် ချုပ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း စုန့်ကျစ်ရှု ရုတ်တရက် သတိရသွား၏။

သူ စောင်နှင့် အဝတ်အစားများကို လှမ်းယူလိုက်သည်။

“ဦးလေးလေးကိုယ်စား နင့်အမေ့ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး”

ချွမ်းနီ အင်းဟု အသံပြုကာ ပြေးထွက်သွားလေသည်။

ကုတင်ပေါ်တွင်ထိုင်လျက် ကုတင်ဘေးရှိ အဝတ်အစားများနှင့် စောင်ကို ကြည့်ရင်း စုန့်ကျစ်ရှု၏ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေတော့သည်။

သူ နားမလည်နိုင်အောင် ဖြစ်နေလေ၏။

အရင်က သူက သူတို့အပေါ် အလွန်ဆိုးရွားခဲ့ပြီး အလွန်အမင်းယုတ်မာရက်စက်ခဲ့သည်ဟုပင် ဆိုနိုင်ပါလျက်နှင့် သူတို့က အဘယ်ကြောင့် အတိတ်က အငြိုးအာဃာတများကို ဘေးဖယ်ထားပြီး သူ့အပေါ် ဤမျှအထိ ကောင်းမွန်နေကြသနည်း။

‘ငါ့ဆီမှာ သူတို့ မက်မောလောက်စရာ ဘာတစ်ခုမှ မရှိတော့ဘူးလေ'

အဖြေရှာမတွေ့နိုင်သောအခါ စုန့်ကျစ်ရှုက စားပွဲပေါ်ရှိ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ စာအုပ်ကို ဖွင့်လိုက်သည်။

ထိုညက လရောင်အောက်တွင် ထိုစာအုပ်ကို သူ ထပ်ခါတလဲလဲ ဖတ်ရှုနေခဲ့လေသည်။

တစ်ညလုံး အိပ်မပျော်ခဲ့သော စုန့်ကျစ်ရှုမှာ ကြက်တွန်သံကို ကြားလိုက်ရသဖြင့် ကုတင်ပေါ်မှ ထထိုင်လိုက်သည်။

အရင်ကဆိုလျှင် သူက မနက်ခင်း နောက်ကျမှသာ ထလေ့ရှိပြီး ဤမျှစောစောစီးစီး တစ်ခါမျှ မထဖူးခဲ့ပေ။

သူ ထလာသောအခါ မီးဖိုချောင်ထဲတွင် တစ်ယောက်ယောက် အလုပ်ရှုပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ အနီးသို့လျှောက်သွားလိုက်ရာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသူမှာ ဝမ်ကွေ့ချင်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

All Chapters