အခန်း ၁၃၄
Vol. 14 Ch. 134
🍅 Chapter 134
ဟုတ်ပေသည်။ အိမ်၏မီးဖိုချောင်ထဲတွင် ဝမ်ကွေ့ချင်က အမြဲတမ်း အလုပ်ရှုပ်နေတတ်ပြီး သူ၏ တစ်နေ့သုံးနပ်စာကိုလည်း သူမကသာ အမြဲတမ်း ပြင်ဆင်ချက်ပြုတ်ပေးခဲ့ခြင်းဖြစ်သည်။
ဝမ်ကွေ့ချင်က စုန့်ကျစ်ရှုကို မြင်လိုက်ရသောအခါ သူ ဗိုက်ဆာနေပြီဟု ထင်မှတ်သွားသည်။
“စတုတ္ထမောင်လေး၊ ဘာလို့ ဒီလောက်စောစော ထလာတာလဲ၊ ထမင်းဟင်းတွေ မကျက်သေးဘူးလေ”
စုန့်ကျစ်ရှုကမူ ဝမ်ကွေ့ချင် ပေါက်စီများထုပ်ရန် အလုပ်ရှုပ်နေပြီး မီးဖိုပေါ်မှ ထင်းများ ပြုတ်ကျလုနီးပါး ဖြစ်နေသည်ကို ကြည့်နေလိုက်သည်။
သူ တိတ်ဆိတ်စွာပင် လျှောက်သွားပြီး မီးထိုးပေးလိုက်၏။
“မ၊ မလိုပါဘူး၊ ကျွန်မ ဘာသာ ကျွန်မ မီးထိုးလိုက်ပါ့မယ်”
ငယ်စဉ်ကတည်းက သူမ မျက်စိရှေ့တွင် ကြီးပြင်းလာခဲ့သော ဤစတုတ္ထသားဖြစ်သူကို ကြည့်ကာ စုန့်ကျစ်ရှုမှာ အများကြီးပိုပြီး လိမ္မာရေးခြားရှိလာပြီဟု တွေးမိရင်း ဝမ်ကွေ့ချင်က တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။
စုန့်ကျစ်ရှု ခွေးခြေခုံပေါ်တွင် ထိုင်ကာ မီးကို စောင့်ကြည့်ပေးနေသည်။
“ဒီမိသားစုမှာ ကျွန်တော်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီရမယ်လို့ အမေက ပြောတယ်၊ အိမ်မှာ ဘယ်သူ့မှ အလကားထိုင်စားခွင့်မရှိဘူးတဲ့”
ထိုစကားကို ကြားသောအခါ ဝမ်ကွေ့ချင် သူ့ကို ဆက်လက်မတားဆီးတော့ဘဲ မီးထိုးကူရန် ရောက်လာသော သူမ၏သမီးအကြီးဆုံး စုန့်ကျင်းဟွာကို ပြန်သွားရန် ညင်သာစွာ လက်ကာပြလိုက်သည်။
နောင်ကျရင် မတ်ဖြစ်သူကို အလုပ်ပိုလုပ်ဖို့ တိုက်တွန်းရမည်ဖြစ်ပြီး အိမ်ရှိ စားစရာ၊ ဝတ်စရာနှင့် နေ့စဉ်အသုံးအဆောင်များက ဘယ်ကလာသနည်းဆိုသည်ကို သူ သိရှိစေရန် လုပ်ဆောင်ရမည်ဟု သူမ၏ယောက္ခမက ပြောထားခဲ့သည်မဟုတ်ပါလား။
မနက်စာစားချိန်တွင် ဝမ်ကွေ့ချင် ထိုကိစ္စကို အထူးတလည် ထည့်သွင်းပြောဆိုလိုက်သည်။
“အမေ၊ ဒီနေ့ မနက်စာလုပ်တဲ့အချိန် မတ်လေးက မီးထိုးကူပေးလို့ တော်သေးတယ်၊ အဲဒီလိုမှ မဟုတ်ရင် ကျွန်မ မီးကို သေချာကြည့်နိုင်မှာမဟုတ်ဘူး”
ထိုစကားကို ကြားရသောအခါ ဝူယွီလန်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။
သူမ၏အငယ်ဆုံးသားက ဤရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြောင်းလဲလာနေကြောင်းကို သူမ သိရှိထားသော်လည်း ဤမျှမြန်ဆန်စွာ ပြောင်းလဲလာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သူမ တိုက်တွန်းစရာမလိုဘဲ အိမ်မှုကိစ္စများကို ကူညီပေးရန် သူကိုယ်တိုင် အစပျိုးလာနေပြီမဟုတ်ပါလား။
“ကျစ်ရှု၊ အမေ နင့်ကို အထင်မမှားခဲ့ဘူး၊ အခုဆိုရင် နင့်မရီးကို အိမ်မှုကိစ္စတွေ ကူညီပေးတတ်နေပြီ၊ မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ခွဲဝေယူတတ်နေပြီပဲ”
“အမေ့ရဲ့သား ပီသပါတယ်၊ အမေ တကယ်ကို နင့်အတွက်ဂုဏ်ယူမိတယ်”
စုန့်ကျစ်ရှုမှာ ချီးကျူးခံလိုက်ရသဖြင့် ရှက်ရွံ့သွားသည်။
“အမေ၊ ဒါ... ဒါက မီးထိုးပေးရုံလေးပါပဲ”
ဤအရာက သာမန်မီးထိုးပေးခြင်းသက်သက် မဟုတ်ဘဲ တာဝန်ယူလိုစိတ်ဖြင့် ကိုယ်တိုင်အစပြုလာခြင်းဖြစ်ကြောင်း ဝူယွီလန် ကောင်းကောင်း သိရှိထားသည်။
ပထမတစ်ကြိမ်ရှိခဲ့လျှင် ဒုတိယတစ်ကြိမ် သေချာပေါက်ရှိလာမည်ဖြစ်သည်။
သူ့ကို သင့်လျော်စွာအားပေးလမ်းညွှန်ကာ တစ်ဆင့်ပြီးတစ်ဆင့် ပျိုးထောင်ပေးမည်ဆိုပါက နောင်တစ်ချိန်တွင် စုန့်ကျစ်ရှုသည် မိသားစု၏တာဝန်များအား သူကိုယ်တိုင် ထမ်းဆောင်နိုင်စွမ်းရှိလာမည်ဖြစ်သည်။
“ကျစ်ရှု၊ အမေ တကယ်ကိုဝမ်းသာမိပါတယ်၊
ကိုယ်တိုင်အစပြုတတ်လာပြီး မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေယူတတ်လာတယ်ဆိုတာ သား ကြီးပြင်းလာပြီဆိုတဲ့အဓိပ္ပာယ်ပဲ”
ချီးကျူးစကားကြောင့် စုန့်ကျစ်ရှု၏မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။
“အမေ၊ သားက အမေ့ကို စိတ်ပူအောင် လုပ်ခဲ့မိတာပါ”
ဝူယွီလန် ခေါင်းခါပြလိုက်သည်။
“စိတ်ပူရတယ်ဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံး အများဆုံး စိတ်ပူခဲ့ရတာက နင့်ရဲ့ မရီးတွေပဲ၊ နင့်ရဲ့ စားဝတ်နေရေးနဲ့ သွားလာရေးကိစ္စ အားလုံးနီးပါးကို သူတို့ပဲ စီမံခန့်ခွဲပေးခဲ့ရတာလေ”
“နင့်ရဲ့ မရီးအကြီးက နင့်အတွက် ထမင်းချက်ပေးဖို့ နေ့တိုင်း မိုးလင်းမိုးချုပ် အလုပ်လုပ်ရတယ်၊ နင့်ရဲ့ ဒုတိယမရီးက နင့်အခန်းကို ရှင်းလင်းပေးပြီး အဝတ်အစားတွေ နေ့တိုင်းလျှော်ဖွပ်ပေးတယ်၊ နင့်ရဲ့ တတိယမရီးက နင့်အတွက် အဝတ်အစားတွေချုပ်ပေးဖို့ ညလုံးပေါက်အလုပ်လုပ်ရတာ ခဏခဏပဲ”
“သူတို့ရဲ့ သွေးသားအရင်းအချာတွေတောင် အဲဒီလိုအခွင့်အရေးမျိုး တစ်ခါမှမရခဲ့ဖူးဘူး”
ဟုတ်ပေသည်။ သူတို့၏ကလေးများမှာ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးသော်လည်း သူကမူ ထိုအခွင့်အရေးများကို နှစ်ပေါင်းများစွာ ရရှိခံစားခဲ့ရသည်မဟုတ်ပါလား။
ဤမိသားစုတွင် သူက မည်သည့်အရာကိုမျှ မပံ့ပိုးပေးခဲ့ဖူးသော်လည်း အိမ်ရှိ အကောင်းဆုံးအရာများအားလုံးမှာ သူ့ထံသို့သာ စီးဆင်းလာခဲ့သည်။
‘ငါက ဘာအခွင့်ထူးများ ရှိနေလို့လဲ’
စုန့်ကျစ်ရှုက သူ့ မရီးသုံးယောက်ကို ကြည့်လိုက်ရာ သူတို့ အိမ်ထောင်ကျစက အသွင်အပြင်များကို ဝေဝါးဝါးပြန်လည်အမှတ်ရသွားသည်။
ထိုစဉ်က သူတို့မှာ နုပျိုလှပခြင်း မရှိခဲ့လျှင်တောင်မှ လန်းဆန်းပြီး ငယ်ရွယ်နုပျိုနေကြသည်မဟုတ်ပါလား။
သို့သော် ယခုအခါ ဤမိသားစုအတွက် နေ့မအားညမနား ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရသဖြင့် သူတို့အားလုံး၏ မျက်နှာများပေါ်တွင် အချိန်အရေးကြောင်းများ အနည်းနှင့်အများဆိုသလို ထင်ဟပ်နေလေပြီ။
“ကျေး... ကျေးဇူးတင်ပါတယ် မရီးအကြီး၊ ဒုတိယမရီး၊ တတိယမရီး၊ ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တဲ့အတွက်ပါ”
ဝူယွီလန် သံပူခိုက် ဆက်လက်ထုနှက်လိုက်သည်။
“ဒီနှစ်တွေတစ်လျှောက်လုံး နင့်ရဲ့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ကလည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတာပဲ”
“နင့်ရဲ့ ပညာရေးကို ထောက်ပံ့ဖို့အတွက် နင့်အစ်ကိုကြီးက ဆောင်းတွင်းကြီးထဲမှာ တောင်ပေါ်သွားပြီး အမဲလိုက်ခဲ့ရတယ်၊ ခြေထောက်ကျိုးသွားတော့လည်း တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်၊ နင့်ဒုတိယအစ်ကိုကလည်း နင့်ကျောင်းလခအတွက် မြစ်ကြောင်းတူးဖော်ရေးသွားလုပ်ရပြီး မြစ်ကမ်းဘေးမှာ အပူရှပ်ပြီး သေလုနီးပါး ဖြစ်ခဲ့ရတယ်၊ ကျစ်ရှု၊ နင်သာဆိုရင် ဒီလိုအရာတွေကို လုပ်နိုင်ပါ့မလား”
စုန့်ကျစ်ရှု သူ့ကိုယ် သူ ပြန်လည်မေးခွန်းထုတ်ကြည့်ရာ သူ မလုပ်နိုင်ကြောင်း သိသွားလေသည်။
ဆောင်းရာသီ တောင်ပေါ်တွင် အမဲလိုက်ခြင်းဖြစ်စေ၊ နွေရာသီ မြစ်ကြောင်းတူးဖော်ရေးလုပ်ခြင်းဖြစ်စေ နှစ်ခုလုံးမှာ အသက်နှင့် ရင်းရသည့် ကိစ္စများဖြစ်သည်။
သူသာဆိုလျှင် သေချာပေါက် လုပ်နိုင်မည်မဟုတ်ပေ။
သို့သော် သူ့အစ်ကိုနှစ်ယောက်ကမူ သူ့အကျိုးအတွက် ဤကဲ့သို့ အသက်နှင့်ရင်းပြီးပေးဆပ်ရန် ဆန္ဒရှိခဲ့ကြသည်။
မိခင်ဖြစ်သူက အတင်းအကျပ် ခိုင်းစေခဲ့ခြင်းများလည်း ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။
သို့သော် ဤအရာများအားလုံးက သူ့အကျိုးအတွက် အမှန်တကယ်ပင် ဖြစ်ပေသည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို၊ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်အတွက်နဲ့ အစ်ကိုတို့ ဒုက္ခများခဲ့ရပြီ”
စုန့်ကျစ်ရှု ပြန်ရောက်လာကတည်းက စုန့်ကျစ်ချုံးမှာ သူ့ကို အမြဲတမ်း အထင်သေးသောအကြည့်ဖြင့် ကြည့်လေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော် ဤညီဖြစ်သူမှာ မိသားစုကံဆိုးမှုများ၏အဓိကဇစ်မြစ်ဖြစ်သည်ဟု သူ ခံစားရပြီး မကျေမနပ်ဖြစ်နေသောကြောင့်ပင်။
သို့သော် ယခုအခါ စုန့်ကျစ်ရှု၏ကျေးဇူးတင်စကားများကို ကြားလိုက်ရသောအခါ သူ့ရင်ထဲတွင် စုပုံနေသော မကျေနပ်မှုများမှာ တစ်ဝက်ကျော်ခန့် ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ကောင်းပြီလေ၊ မနက်စာစားကြရအောင်”
စုန့်ကျစ်ချုံးက ဆန်ပြုတ်တစ်လုတ်ကို ပါးစပ်ထဲသို့ ခပ်သွင်းလိုက်စဉ် စုန့်ကျစ်ရှု၏ တောင်းပန်နေဟန်ရှိသော အကြည့်များက သူ့ထံသို့ ရံဖန်ရံခါကျရောက်လာသည်ကို ခံစားလိုက်ရသည်။