← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

🍅 Chapter 136

ဝူယွီလန်နှင့် သူမ မိသားစုတို့က တောင်ပေါ်တွင် ဆေးဘက်ဝင်အပင်များ ရှာဖွေနေခဲ့ကြသည်မှာ အတန်ကြာပြီဖြစ်ကြောင်း လူတိုင်း သိထားကြပြီးဖြစ်သည်။

ဆေးဘက်ဝင်အပင်များ ရှာဖွေခြင်းမှရရှိသော ဝင်ငွေဖြင့် ဝူယွီလန်က အိမ်ပင်ဆောက်နိုင်ပြီး မြင်းလှည်းကိုပါ ဝယ်ယူနိုင်ခဲ့သည်။

လူတိုင်း မနာလိုမဖြစ်ကြဘူးဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

သို့သော် ဟောင်ချန်၏အဖြစ်အပျက်ကို သင်ခန်းစာယူစရာအဖြစ် မြင်တွေ့ခဲ့ရ၏။

ထို့အပြင် ရှာဖွေလာသော ဆေးဘက်ဝင်အပင်များကြောင့် လူတစ်ယောက် အဆိပ်သင့်သေဆုံးခဲ့ရသည့် အဖြစ်အပျက်များလည်း ရှိခဲ့ဖူးသဖြင့် သူတို့မှာ မနာလိုဖြစ်ကြသော်လည်း မည်သူကမျှ ဆေးဘက်ဝင်အပင်များ ရှာဖွေရောင်းချရန် တောင်ပေါ်သို့တက်ရောက်မည့်အတွေးမျိုးကို မတွေးရဲခဲ့ကြပေ။

နောက်ဆုံးတွင် ဤအရာက သူမ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ပေသည်။

အကယ်၍ သူတို့ကသာ လုယူလိုက်မည်ဆိုပါက သူမ၏စားပေါက်ကို ပိတ်လိုက်သလို ဖြစ်သွားမည်မဟုတ်ပါလား။

သို့သော် ယခုအခါတွင် ဝူယွီလန်ကိုယ်တိုင်က သူတို့ကို ငွေရှာနိုင်ရန် ကူညီပေးမည်ဟု ပြောလာခဲ့လေပြီ။ သူတို့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

“အဒေါ်ဝူ၊ ဒါက အဒေါ်တို့မိသားစုရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်လေ၊ ကျွန်တော်တို့ကို အခုလိုငွေရှာဖို့ တကယ်ပဲခေါ်ချင်လို့လား”

သူတို့ ကြေးပြားတစ်ပြား ပိုရလေလေ ဝူယွီလန်အတွက် ကြေးပြားတစ်ပြား လျော့သွားလေလေ ဖြစ်မည်မဟုတ်ပါလား။

ဝူယွီလန် မဖြေရသေးမီမှာပင် စူးရှသောအသံတစ်သံက ကြားဖြတ်ဝင်ရောက်လာသည်။

“နင်တို့ကများ သူ့စကားကို ယုံရဲသေးတယ်ပေါ့”

“ငါ ရက်ပေါင်းများစွာ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတာတောင် ဆေးဆိုင်က ငါတို့ရှာလာတဲ့ ဆေးပင်တွေကို လက်မခံခဲ့ဘူး၊ နင်တို့သာ သူ့စကားကို ယုံလိုက်ရင် အလကားသက်သက် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်”

ဟောက်ချန် တံခါးဝတွင် မှီရပ်ကာ ခနဲ့တဲ့တဲ့ပြောဆိုလိုက်သည်။

ဝူယွီလန်က လူတိုင်းကို ငွေရှာနိုင်ရန် ကူညီပေးလောက်သည်အထိ သဘောကောင်းလိမ့်မည်ဆိုသည်ကို သူမက တစ်စက္ကန့်မျှပင်မယုံကြည်ပေ။

‘အရူးတွေသာ ဒီလိုအလုပ်မျိုးကို လုပ်မှာပေါ့'

……..

“နင် ရှာလာတဲ့ ဆေးပင်တွေကို ဆေးဆိုင်က ဘာလို့ လက်မခံတာလဲဆိုတာ နင့်ကိုယ် နင် မသိဘူးလား”

ဝူယွီလန် ဟောင်ချန်ကို ခန့်မှန်းရခက်သောအပြုံးလေးဖြင့် လှမ်းကြည့်လိုက်သည်။

“ဘာလို့ဖြစ်ရမှာလဲ၊ သူတို့က ဆေးပင်တွေကို လက်မခံတော့လို့ပဲ ဖြစ်မှာပေါ့၊ သူ့စကားကို ယုံလိုက်ရင် နင်တို့ရဲ့ အားထုတ်မှုတွေ အလကားဖြစ်သွားလိမ့်မယ်”

“ဆေးဆိုင်က သာမန်ဆေးဘက်ဝင်အပင်တွေကို လက်မခံတာ မှန်ပါတယ်၊ ဒါပေမဲ့ အားလုံးက ဆေးပင်တွေကို ကျွန်မဆီ အရင်ယူလာပေးမယ်ဆိုရင် ကျွန်မက အခြောက်ခံပြီး ပြုပြင်မွမ်းမံပေးမယ်၊ ပြီးတော့ အဆိပ်ရှိတဲ့ အပင်တွေကိုပါ ဖယ်ရှားပေးမှာဆိုတော့ ဆေးဆိုင်က သေချာပေါက် လက်ခံမှာပါ၊ ဆေးဆိုင်က လက်မခံဘူးဆိုရင်တောင်မှ အဲဒါက ကျွန်မရဲ့အရှုံးပါပဲ၊ အားလုံးအတွက် လုပ်အားခကိုတော့ နေ့စဉ် ကျွန်မ ရှင်းပေးသွားမှာပါ”

ထိုစကားကို ကြားသောအခါ ရွာသားများမှာ အလွန်အမင်း ဝမ်းသာသွားကြတော့သည်။

သို့သော် ရွာသားများစွာက ဝူယွီလန်အနေဖြင့် အလွန်အမင်း နစ်နာလွန်းနေမည်ဟု ခံစားရပြီး စိတ်မသက်မသာဖြစ်သွားကြသည်။

“အဒေါ်ဝူ၊ ဒီလိုလုပ်တာက အဒေါ့်အတွက် အရမ်းအရှုံးပေါ်နေမှာပေါ့၊ တကယ်လို့ ဆေးဆိုင်က တကယ်ပဲ ကျွန်တော်တို့ရဲ့ဆေးပင်တွေကို လက်မခံဘူးဆိုရင် အဒေါ်က ကိုယ့်စရိတ်နဲ့ကိုယ် ရှင်းရတော့မှာ မဟုတ်ဘူးလား”

“ဟုတ်တယ်၊ အဲဒါက သိပ်မသင့်တော်ပါဘူး”

လူတိုင်းက ဝူယွီလန်အား အလေးထားနေကြသည်ကို မြင်သောအခါ ဟောင်ချန်က မခံစားနိုင်တော့ပေ။

“ဝူယွီလန် အရင်တုန်းက ဘယ်လိုလူမျိုးလဲဆိုတာ နင်တို့အားလုံး မေ့သွားကြပြီလား၊ သတိထားကြနော်၊ သူက နင်တို့ကို လိမ်ဖို့ နည်းလမ်းရှာနေတာလည်း ဖြစ်နိုင်တယ်”

ထိုစကားကို ကြားသောအခါ ရွာသားများမှာ တိတ်ဆိတ်သွားကြသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ခါးထောက်ကာ ရှေ့သို့ ထွက်ရပ်လိုက်သည်။

“ဘာကို လိမ်ရမှာလဲ၊ နင် မေ့နေတာလား၊ ပြီးခဲ့တဲ့တစ်ခေါက်က အဒေါ်ဝူက ငါတို့အားလုံးရဲ့နာမည်နဲ့ ဘိုးဘွားကျောင်းဆောင်ကို ပြင်ဖို့အတွက် ငွေနှစ်ချောင်းတောင် လှူခဲ့သေးတာ”

“အဲဒါ ငွေနှစ်ချောင်းနော်၊ ငါတို့က တစ်နှစ်လုံး အလုပ်လုပ်ရင်တောင် ငွေနှစ်ချောင်းရဖို့ဆိုတာ လွယ်လို့လား”

“သူသာ ငါတို့ကို လိမ်ချင်တယ်ဆိုရင် သူ့ငွေကို အကုန်ခံမယ့်အစား ငါတို့ဆီက ငွေတွေကို လိမ်ယူဖို့ နည်းလမ်းရှာမှာပေါ့”

ရွာသားများက သေချာစဉ်းစားကြည့်လိုက်ရာ သူမ ပြောသည်မှာ လုံးဝ မှန်ကန်နေကြောင်း သဘောပေါက်သွားကြသည်။

“ဟုတ်တယ်လေ၊ နင်က ဘာတွေ လျှောက်ပြောနေတာလဲ၊ အဒေါ်ဝူက တခြားလူတွေဆီက အမြတ်ထုတ်ဖို့ အမြဲကြံစည်နေတဲ့ နင့်လိုလူမျိုးလို့ ထင်နေတာလား”

“ဟုတ်တယ်၊ ဒီမှာလာပြီး ရန်မတိုက်ပါနဲ့”

“သွားတော့၊ ဒီကနေထွက်ပြီး အိမ်ပြန်တော့”

“ဖွီး၊ ထွက်သွားတော့၊ အိမ်ပြန်တော့၊ ဒီကိစ္စတွေကို လာမဖျက်ဆီးနဲ့”

ထိုအခြေအနေကို မြင်သောအခါ ဟောင်ချန်မှာ ဒေါသကြောင့် ပါးစပ်ပင် ရွဲ့သွားတော့သည်။

“အမြော်အမြင်မရှိတဲ့ အရူးတွေ၊ နင်တို့ ရောင်းစားခံရတဲ့အခါ ငါ မသတိပေးခဲ့ဘူးလို့ လာမပြောနဲ့”

“ဟွန့်”

ဟောက်ချန် အေးစက်စွာ နှာမှုတ်လိုက်ပြီး မကျေမနပ်ဖြင့် လှည့်ထွက်သွားလေသည်။

လွန်ခဲ့သည့်ရက်များအတွင်း အတူတကွဖြတ်သန်းခဲ့ပြီးနောက် ရွာလူကြီးစုန့်ကျန်းရှုက ဝူယွီလန်၏ စရိုက်လက္ခဏာကို ယေဘုယျအားဖြင့် နားလည်ထားပြီးဖြစ်သည်။

သူမက သေချာမှုမရှိသော ကိစ္စများကို ပြီးစလွယ်ပြောဆိုမည့်သူမျိုး မဟုတ်ပေ။

သို့သော် သတိထားသည့်အနေဖြင့် ရွာလူကြီးစုန့်ကျန်းရှုက သေချာမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

ဤအရာက ဝူယွီလန်အပေါ်တွင်ရော အခြားသူများအားလုံးအပေါ်တွင်ပါ တာဝန်ယူမှုရှိခြင်းပင်။

“အဟမ်း၊ ယွီလန်၊ မင်း အကြံပြုတဲ့ကိစ္စကတော့ ဖြစ်နိုင်ချေရှိပါတယ်၊ ဒါပေမဲ့ ငါတို့ အလောတကြီး မဆုံးဖြတ်သင့်ဘူး၊ အထဲဝင်ပြီး ခဏထိုင်ပါဦး၊ ဒီကိစ္စကို သေချာဆွေးနွေးကြည့်ကြတာပေါ့”

ဝူယွီလန်ကိုယ်တိုင်လည်း ဤကိစ္စကို ရှင်းရှင်းလင်းလင်းပြောပြရန် ရည်ရွယ်ထားခဲ့သည်။

သူမက လက်ထဲတွင် ကိုင်ထားသော ပီလော့ချွန်း လက်ဖက်ခြောက်ဘူးကို အဒေါ်ဝမ်၏လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ဒါက လက်ဖက်ခြောက်ကောင်းလေးပါ၊ အစ်မ ယောက်ျားအတွက် သေချာသိမ်းထားပေးလိုက်ပါ၊ သူ့ကို ဖြည်းဖြည်းချင်း ဖျော်သောက်ခိုင်းလိုက်”

အဒေါ်ဝမ် ကျေးဇူးတင်ဟန်ဖြင့် ပြုံးပြလိုက်ပြီး လက်ဖက်ခြောက်ဘူးကို ဂရုတစိုက် လှမ်းယူလိုက်သည်။

“ညီမ ယွီလန်ရယ်၊ ဒီလောက်ငွေတွေအများကြီး အကုန်အကျမခံသင့်ပါဘူး”

“အလကားဖြစ်မသွားပါဘူး၊ အစ်မတို့လင်မယားက ကျွန်မကို တော်တော်လေး ကူညီပေးခဲ့တာပဲဟာ”

ဝူယွီလန် နှုတ်ဆက်စကား ပြောဆိုပြီးနောက် အခြားသူများ၏အနောက်မှလိုက်ကာ အိမ်မကြီးထဲသို့ ဝင်ရောက်သွားလေသည်။

အဒေါ်ဝမ် ပန်းကန်လုံးများ ထုတ်ယူကာ ရေနွေးတစ်အိုး တည်လိုက်ပြီး ရွာလူကြီးစုန့်ကျန်းရှု သေချာသိမ်းဆည်းထားသော လက်ဖက်ခြောက်အနည်းငယ်ကို ရောဖျော်လိုက်သည်။

ရွာလူကြီးစုန့်ကျန်းရှုက သူ၏နှမြောမှုကို မြိုသိပ်ကာ အားလုံးကို လက်ဖက်ရည်သောက်ရန် ဝမ်းသာအားရ ဖိတ်ခေါ်လိုက်သည်။

လူတိုင်း လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။ နာရီဝက်ခန့်ကြာအောင် ဆွေးနွေးပြီးနောက် အစီအစဉ်၏ အသေးစိတ်အချက် အလက်များကို နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့ကြသည်။

ရွာလူကြီး စုန့်ကျန်းရှုက ဝူယွီလန်အတွက် အကျိုးအမြတ်အချို့ကိုပင် ထပ်မံရယူပေးခဲ့သေးသည်။

“ဒါဆိုရင် သဘောတူပြီ၊ ယွီလန်နဲ့အတူ ဆေးဘက်ဝင်အပင်တွေ ဘယ်လိုရှာရမလဲဆိုတာ သင်ယူချင်တဲ့သူတိုင်းက ပညာသင်ကြေး ကြေးပြားငါးဆယ်ပေးရမယ်”

All Chapters