အခန်း ၁၃၇
Vol. 14 Ch. 137
🍅 Chapter 137
“သူက မင်းတို့ကို အသက်မွေးဝမ်းကျောင်းပညာ အလကားသင်ပေးလို့ မရဘူးလေ”
ရွာသားများကလည်း ခေါင်းကို တရစပ်ညိတ်ကာ သဘောတူထောက်ခံကြသည်။
“ဒီပညာသင်ကြေးကို ပေးသင့်ပါတယ်၊ သေချာပေါက် ပေးသင့်ပါတယ်”
ရွာသားများ၏ သဘောထားကို မြင်သောအခါ ဝူယွီလန်မှာ ပိုကျေနပ်သွားတော့သည်။
“ကောင်းပါပြီ၊ ဒါဆို သဘောတူတယ်နော်၊ ဆေးဘက်ဝင်အပင်တွေကို ဘယ်လိုစုဆောင်းမယ်ဆိုတာ အသေးစိတ်ရေးသားထားတဲ့ စာချုပ်တစ်ခုကို ကျွန်မ ရေးဆွဲလိုက်ပါ့မယ်၊ ဒါက ကျွန်မတို့ အားလုံးအတွက် အာမခံချက်တစ်ခုဖြစ်လာမှာပါ”
“တကယ်ကိုပဲ၊ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်ဖို့ စာချုပ်တစ်ခုချုပ်ဆိုထားတာ အကောင်းဆုံးပဲ”
ရွာလူကြီးစုန့်ကျန်းရှု ခေါင်းညိတ်ထောက်ခံလိုက်သည်။
စာချုပ်ချုပ်ဆိုမည်ဟု ကြားသိရသောအခါ ရွာသားများမှာ ပိုမိုစိတ်အေးသွားကြတော့သည်။
သို့သော် ကြေးပြားငါးဆယ်ဆိုသည်မှာ များလွန်းသည်ဟု ခံစားရပြီး သင်တန်းကြေးပေးရန် တွန့်ဆုတ်နေသော ရွာသားအတော်များများလည်း ရှိနေသေးသည်။
ဝူယွီလန် ထိုသူများကို အတင်းအကျပ် မတောင်းဆိုတော့ဘဲ သူတို့ဘာသာ သူတို့ စဉ်းစားဆုံးဖြတ်ရန်သာ ပြောလိုက်သည်။
“ဒါဆိုရင် သဘောတူတယ်နော်၊ မနက်ဖြန်မနက်ကျရင် ဆေးဘက်ဝင်အပင်တွေကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲဆိုတာ လေ့လာဖို့ ကျွန်မအိမ်ကို အားလုံးလာခဲ့ကြပါ”
ထိုသို့ပြောပြီးနောက် ဝူယွီလန် လူတိုင်းကိုနှုတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်သို့ ပြန်ရောက်သည်နှင့် ဝူယွီလန်က စုန့်ကျစ်ရှုကိုခေါ်ကာ စာချုပ်မိတ္တူ ဒါဇင်နှင့်ချီ၍ရေးဆွဲရန် ညလုံးပေါက် အချိန်ယူခဲ့ကြသည်။
သေချာသည်မှာ သူမ နှုတ်မှခေါ်ပေးပြီး စုန့်ကျစ်ရှုက လိုက်ရေးရခြင်းဖြစ်၏။
နောက်တစ်နေ့တွင် ရွာသားများနှင့် ရွာလူကြီးစုန့်ကျန်းရှုတို့မှာ ကတိအတိုင်း ဝူယွီလန်၏အိမ်သို့ ရောက်ရှိလာကြသည်။
ကြေးပြားငါးဆယ်အပြင် လူတိုင်းက လက်ဆောင်ပစ္စည်းအသေးစားများကိုပါ ယူဆောင်လာခဲ့ကြသည်။
အချို့က ဂေါ်ဖီထုပ်တစ်ထုပ်၊ အချို့က ကြက်ဥနှစ်လုံး၊ အချို့ကတော့ ကန်စွန်းဥ အနည်းငယ် စသည်ဖြင့် ယူဆောင်လာကြသည်။
“ကျောင်းသားတွေက ဆရာ့ဆီသွားရင် လက်ဆောင်ပစ္စည်းတွေ ယူသွားရတယ်လို့ ကြားဖူးတယ်၊ ကျွန်တော်တို့ကလည်း အဒေါ်ဝူဆီမှာ ဆေးဘက်ဝင်အပင်တွေ ရှာဖို့ လာသင်တာဆိုတော့ ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုတော့ ပေးသင့်တယ်လို့ တွေးမိလို့ပါ၊ အိမ်မှာက သိပ်မရှိတော့ ဒီဂေါ်ဖီထုပ်လေးကိုပဲ ယူထားပေးပါ”
“ကျွန်တော်တို့ မိသားစုမှာလည်း သိပ်မရှိပါဘူး အဒေါ်ဝူ၊ အဒေါ့်အတွက် ကန်စွန်းဥ နည်းနည်းပါးပါးပဲ ယူလာနိုင်ခဲ့တယ်၊ စိတ်မရှိပါနဲ့နော်”
“ဒါတွေက ကျွန်မတို့အိမ်က ကြက်ဥတွေပါ၊ အဒေါ့်ကျန်းမာရေးအတွက်ကောင်းတယ်၊ ပြုတ်စားလိုက်ပါ”
“မနေ့က ကျွန်မယောက်ျား ဖမ်းလာတဲ့ငါးပါ၊ ငါးဟင်းချိုချက်သောက်ရင် သိပ်အရသာရှိတာ၊ အဒေါ်ဝူ မြည်းကြည့်ပါဦး”
... အားလုံးက စေတနာနှင့် ယူဆောင်လာကြခြင်းဖြစ်ရာ ဝူယွီလန်က မငြင်းဆန်တော့ဘဲ အားလုံးကို လက်ခံလိုက်သည်။
“ကောင်းပါပြီ၊ ဒါဆို အားလုံးကို ကျေးဇူးတင်ပါတယ်”
“မနေ့ညက ကျွန်မ စဉ်းစားပြီးတော့ စာချုပ်ကို အပြီးသတ်ရေးဆွဲထားလိုက်တယ်၊ စုန့်ကျစ်ရှုကို အားလုံးကြားအောင် ဖတ်ပြခိုင်းလိုက်မယ်”
စာရွက်ကိုကိုင်ထားရင်း လူတိုင်း၏အကြည့်များက သူ့ထံသို့ ကျရောက်နေသည်ကို မြင်သောအခါ စုန့်ကျစ်ရှု လက်များမှာ အလိုအလျောက် တုန်ယင်လာတော့သည်။
သူ ခါးကိုင်းသွားသည်ကို မြင်သောအခါ ဝူယွီလန် လက်လှမ်းကာ သူ့ကျောကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်၏။
“စုန့်ကျစ်ရှု၊ အားလုံးကြားရအောင် အသံကျယ်ကျယ်လေးဖတ်ပြလိုက်”
စုန့်ကျစ်ရှု ချောင်းတစ်ချက်ဟန့်ကာ လည်ချောင်းရှင်းလိုက်သည်။
“အဟမ်း၊ စုန့်မိသားစုရွာ ဆေးဘက်ဝင်အပင် အရောင်းအဝယ်စာချုပ်
နံပါတ်တစ်အချက် - ဝူယွီလန်ထံမှ ဆေးဘက်ဝင်အပင်များ ရှာဖွေနည်းကို သင်ယူမည့် စုန့်မိသားစုရွာမှ ရွာသားများအနေဖြင့် သင်တန်းကြေး ကြေးပြားငါးဆယ် ပေးသွင်းရမည်။
နံပါတ်နှစ်အချက် - ပညာသင်ယူပြီးနောက် စုန့်မိသားစုရွာမှ ရွာသားများ ရှာဖွေရရှိသော မည်သည့ ဆေးဘက်ဝင်အပင်ကိုမဆို ဝူယွီလန်တစ်ဦးတည်းထံသို့သာ ရောင်းချရမည်။
နံပါတ်သုံးအချက် - ဆေးဆိုင်မှ ဆေးဘက်ဝင်အပင်များကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဝူယွီလန်က ရွာသားများ ရှာဖွေလာသော ဆေးဘက်ဝင်အပင်များကို မဖြစ်မနေ ဝယ်ယူရမည်။
အကယ်၍ စုဆောင်းခြင်းကို ရပ်တန့်မည်ဆိုပါက ကြိုတင်အသိပေး အကြောင်းကြားရမည်။
နံပါတ်လေးအချက် - ဝူယွီလန်အနေဖြင့် ဆေးဘက်ဝင်အပင်များ၏ဈေးနှုန်းကို တမင်တကာ နှိမ့်ချခြင်းမပြုရ၊ ဈေးနှုန်းများကို ရှင်းလင်းစွာ ဖော်ပြထားရမည်။
နံပါတ်ငါးအချက် - ဆေးဘက်ဝင်အပင်များကို ရောင်းချပြီးနောက် တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက၊ သုံးစွဲသူများ အဆိပ်သင့်ခြင်း သို့မဟုတ် အခြားသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက ဝူယွီလန်ကသာ အဓိက တာဝန်ယူဖြေရှင်းပေးရမည်။
နံပါတ်ခြောက်အချက် - ရွာသားများ တောင်ပေါ်တွင် ဆေးဘက်ဝင်အပင်များရှာဖွေစဉ် ကြုံတွေ့ရသော မည်သည့်အန္တရာယ် သို့မဟုတ် ဘေးအန္တရာယ်ကိုမဆို မိမိကိုယ်တိုင်သာ တာဝန်ယူဖြေရှင်းရမည်...”
ရွာသားများက စာချုပ်ပါ အချက်အလက်များကို နားထောင်ရင်း အများစုမှာ သူတို့အတွက် အကျိုးရှိစေမည့်အချက်များဖြစ်နေသည်ကို သတိပြုမိသွားကြပြီး အနည်းငယ်အားနာသွားကြသည်။
“အဒေါ်ဝူ၊ ဒီလိုဆိုရင် အဒေါ့်အတွက် အရမ်းအရှုံးပေါ်နေမှာ မဟုတ်ဘူးလား”
ရွာသားတစ်ဦးက ဝင်ရောက်ပြောဆိုလိုက်လေ၏။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ဘာသာ ဆေးပင်တွေ မှားခူးမိရင် ကျွန်တော်တို့အပြစ်ပေါ့၊ အဲဒီတာဝန်ကို အဒေါ့်အပေါ် ပုံချလို့ ဘယ်ဖြစ်ပါ့မလဲ”
ဝူယွီလန် ခေါင်းခါပြလိုက်သည်။
“ကျွန်မက အားလုံးရဲ့ဆေးပင်တွေကို ဝယ်ယူပြီး ကြားအအကျိုးအမြတ်ကို ယူတာဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ကို ယူရမှာပေါ့”
သူမက ဆက်ပြောလာသည်။
“ဒီလိုဆိုရင် အားလုံးလည်း ကိုယ်ခူးလာတဲ့ဆေးပင်တွေကြောင့် တစ်ယောက်ယောက် သေဆုံးသွားမယ့်ပြဿနာကို စိုးရိမ်စရာမလိုဘဲ ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ငွေတွေကို စိတ်အေးချမ်းသာစွာနဲ့ သုံးစွဲနိုင်တာပေါ့”
အရင်က ထိုကဲ့သို့သောအဖြစ်အပျက်မျိုး ရှိခဲ့ဖူးသဖြင့် လူတိုင်းက ထိုသို့ဖြစ်လာမည်ကို အလွန်အမင်းကြောက်ရွံ့နေခဲ့ကြသည်။
ယခုအခါ ဝူယွီလန်ကိုယ်တိုင်က ဤကိစ္စ တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ရာ ထိုပြဿနာများ ပေါ်ပေါက်လာမည်ကို သူတို့ စိုးရိမ်စရာမလိုတော့ပေ။
ရွာလူကြီးစုန့်ကျန်းရှုက စာချုပ်ကိုယူ၍ သေချာဖတ်ရှုပြီးနောက် ခေါင်းညိတ်လိုက်၏။
“အင်း၊ ဒီစာချုပ်က ကောင်းပါတယ်၊ ဒါပေမဲ့ ယွီလန် မင်းရဲ့တာဝန်က တော်တော်လေးကြီးမားလိမ့်မယ်”
ငွေရှာချင်လျှင် အန္တရာယ်များကို ရင်ဆိုင်ရမည်သာဖြစ်သည်။
သို့မဟုတ်ပါက ထိုငွေများကို သူမ မည်ကဲ့သို့ မျက်နှာပြောင်တိုက်၍ ယူဝံ့မည်နည်း။ ထို့အပြင် သူမက အနည်းအကျဉ်းသာအမြတ်ထုတ်ရန် ရည်ရွယ်ထားခြင်းမဟုတ်ပေ။
ဝူယွီလန် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ကျွန်မက ဒီငွေကိုရှာဖို့ ရည်ရွယ်ထားမှတော့ ဒါတွေက ကျွန်မ တာဝန်ယူသင့်တဲ့ အရာတွေပါပဲ”
“ကောင်းပါပြီ၊ ကျွန်မ ဆီမှာ ဆေးဘက်ဝင်အပင်တွေ လာရောင်းဖို့ ဆုံးဖြတ်ထားတဲ့သူတွေ ဒီကိုလာပြီး စာချုပ်မှာလက်မှတ်လာထိုးကြပါ”
ထိုစကားကို ကြားသောအခါ ရွာသားများက စာချုပ်တွင် လက်မှတ်ရေးထိုးရန် စုန့်ကျစ်ရှုထံသို့ ဝိုင်းအုံသွားကြသည်။
မိမိ၏လက်ရေးကိုကြည့်ရင်း စုန့်ကျစ်ရှုမှာ ပထမဆုံးအကြိမ်အဖြစ် သူတစ်ပါးအားပြသရန် ရှက်ရွံ့နေမိသည်။
သို့သော် ကံကောင်းထောက်မစွာပင် ရွာသားများထဲတွင် စာတတ်သူ အလွန်နည်းပါးလှရာ သူ့လက်ရေး လှ၊ မလှကို မည်သူကမျှ မခွဲခြားနိုင်ကြပေ။