အခန်း ၁၃၈
Vol. 14 Ch. 138
🍅 Chapter 138
ရွာလူကြီးစုန့်ကျန်းရှု၏ အကြည့်များကသာ တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ စုန့်ကျစ်ရှုထံသို့ အကြိမ်ကြိမ်ကျရောက်နေလေသည်။
ရွာလူကြီးစုန့်ကျန်းရှုက သက်ပြင်းချကာ ပြောလိုက်သည်။
“ကျစ်ရှု၊ မင်းအမေ မင်းကို ကျောင်းထားဖို့ သုံးခဲ့တဲ့ငွေတွေအားလုံး သဲထဲရေသွန်ဖြစ်သွားခဲ့ပြီပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှုမှာ မျက်နှာပူထူသွားပြီး နားရွက်များပင် ရဲတက်လာတော့သည်။
အရင်ကဆိုလျှင် သူက ရွာထဲတွင် တစ်ဦးတည်းသောပညာတတ်ဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားလေ့ရှိပြီး တစ်နေ့နေ့ နိုင်ငံတော်စာမေးပွဲတွင် ပထမရမည်ဟုပင် စိတ်ကူးယဉ်ခဲ့ဖူးသည်။
ယခု ပြန်လည်တွေးတောကြည့်သောအခါ သူ အလွန်အမင်း ရှက်ရွံ့နေမိတော့၏။
စုန့်ကျစ်ရှု ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။
“အဟမ်း၊ အဟမ်း၊ ကျွန်တော်က ပညာသင်ဖို့ ပါရမီမပါပါဘူး၊ ဒါကြောင့် အမေ့ရဲ့ ငွေတွေကို ဖြုန်းတီးမိသလို ဖြစ်သွားခဲ့တာပါ”
ကောင်လေး၏ပါးစပ်မှ ဤစကားကို ကြားလိုက်ရသောအခါ ရွာလူကြီးစုန့်ကျန်းရှုမှာ အနည်းငယ် အံ့အားသင့်သွားရသည်။
ယခင်က စုန့်ကျစ်ရှုမှာ အလွန်အမင်းမောက်မာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲလွန်းသူ ဖြစ်သည်မဟုတ်ပါလား။
ပညာသင်ရန် ပါရမီမပါကြောင်း သူ ကိုယ်တိုင် စတင်ဝန်ခံလာသည်ကို မြင်တွေ့ရခြင်းက တကယ်ကို ရှားပါးလှပေသည်။
စုန့်ကျစ်ရှုက ထိုကဲ့သို့ပြောဆိုလာသောအခါ ရွာလူကြီးမှာ အနည်းငယ်ပင် နေရခက်သွားတော့သည်။
ရွာလူကြီးစုန့်ကျန်းရှုက နှစ်သိမ့်လိုက်လေ၏။
“အဟမ်း၊ မင်း ပညာဘယ်လောက်သင်နိုင်လဲဆိုတာ အရေးမကြီးပါဘူး၊ အကြောင်းအကျိုးကို နားလည်ပြီး မင်းအမေကို ကျေးဇူးဆပ်တတ်ရင်ရပါပြီ”
ဝူယွီလန် ဝမ်းသာအားရ ချီးမွမ်းလိုက်သည်။
“ကျွန်မတို့ရဲ့ ကျစ်ရှုက အခုဆို အရမ်းလိမ္မာနေပါပြီ၊ နေ့တိုင်း အိမ်က အလုပ်တွေကို ကူလုပ်ပေးတယ်၊ အခုဆို ဝက်စာကျွေးတာ၊ ကြက်စာကျွေးတာတွေက သူ့အတွက် အသေးအဖွဲလေးတွေဖြစ်နေပြီ၊ သူ တကယ်ကို လိမ္မာရေးခြားရှိပြီး မိဘကျေးဇူးသိတတ်တဲ့ ကလေးပါ”
သူမ၏ စကားများကို နားထောင်ရင်း စုန့်ကျစ်ရှု နားရွက်များပင် ပူထူလာရသည်။
သူက ထိုအရာများကို အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်းမရှိသော်လည်း လူတိုင်းက သူ့ကို လေးစားအားကျသောအကြည့်များဖြင့် ကြည့်နေကြသည်ကို မြင်သောအခါ သူ့ကျောပြင်ကို အလိုအလျောက်မတ်မတ်ထားလိုက်မိသည်။
ရွာသားများက ချီးကျူးလိုက်ကြလေ၏။
“ကျစ်ရှုက အခု ဒီလောက်တောင်လိမ္မာပြီး အိမ်မှုကိစ္စတွေကို ကူလုပ်ပေးတတ်နေပြီလို့ တစ်ခါမှမထင်ထားခဲ့ဘူး”
“ဟုတ်တယ်၊ ဒီကလေးက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတာ၊ မင်းအမေ မင်းကို ပြုစုပျိုးထောင်ခဲ့ရတာ အလဟဿမဖြစ်ပါဘူး”
လူတိုင်း၏ချီးမွမ်းသံများကို နားထောင်ရင်း စုန့်ကျစ်ရှုမှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။
သူက အိမ်ထဲသို့ ဝင်သွားပြီး လူတိုင်းအတွက် ထိုင်ခုံများကို အားသွန်ခွန်စိုက် ထုတ်ယူလာပေးလေသည်။
ဤလုပ်ရပ်က လူအုပ်ကြီးထံမှ နောက်ထပ်ချီးမွမ်းသံများကို ထပ်မံရရှိစေခဲ့၏။
အားလုံး၏ ချီးကျူးမှုများနှင့် ထိုက်တန်စေရန်အတွက် စုန့်ကျစ်ရှုမှာ ပိုမိုကြိုးစားပမ်းစား အလုပ်လုပ်တော့သည်။
လူတိုင်းအတွက် ရေငှဲ့ပေးခြင်းနှင့် အခြားအလုပ်များကို လုပ်ဆောင်ပြီးနောက် သူက ဝူယွီလန် အနောက်သို့ လာရောက်ကာ သူမ၏ကျောကို နှိပ်နယ်ပေးလေသည်။
ဤကောင်လေးက ချီးကျူးခံရခြင်းကို အလွန်နှစ်သက်သူဖြစ်ပြီး သူ့အား အလုပ်လုပ်စေချင်ပါက အကြိမ်အနည်းငယ်မျှ ချီးကျူးပေးလိုက်ရုံဖြင့်ရနိုင်ကြောင်း ဝူယွီလန် နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။
အဆုံးသတ်တွင်မူ ရွာထဲမှ အိမ်ထောင်စု စုစုပေါင်း နှစ်ဆယ်ခန့်က ဝူယွီလန်နှင့်အတူ ဆေးဘက်ဝင်အပင်များ ရှာဖွေရောင်းချရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုအထဲတွင် ထက်ဝက်ခန့်မှာ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသည်။
ရွာသားများအား ဆေးဘက်ဝင်အပင်များရှာဖွေရန် ခေါ်ဆောင်သွားမည့်ကိစ္စကို ထိုသို့ဖြင့် အတည်ပြုနိုင်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ဝူယွီလန်ကိုယ်တိုင် လူတိုင်းကို ဆေးဘက်ဝင်အပင်များ ခွဲခြားနိုင်ရန် တစ်နေ့လည်လုံး သင်ကြားပြသပေးခဲ့သည်။
နောက်တစ်နေ့တွင်မူ မိသားစုတစ်စုစီမှ ကိုယ်စားလှယ်တစ်ဦးစီကို တောင်ပေါ်သို့ခေါ်ဆောင်ကာ ဆေးပင်အစိမ်းများ အတူတကွ တူးဖော်စေခဲ့သည်။
ဟောင်ချန်ကမူ ဝူယွီလန်နှင့်အတူ အားလုံးအလုပ်ရှုပ်နေကြသည်ကို မြင်သော်လည်း တစ်စက်လေးမျှ ဂရုမစိုက်ပေ။
ဝူယွီလန်၏အကြောင်းကို သူမ နားလည်ထားသလောက်ဆိုလျှင် ရွာသားများကို ငွေရှာနိုင်အောင် ကူညီပေးလောက်သည်အထိ ဝူယွီလန် သဘောကောင်းလိမ့်မည်မဟုတ်ပေ။
သူမက ဖရဲစေ့များကို ခွာစားရင်း လူအုပ်ကြီး အရူးအမဲသားကျွေးခံရမည့်ပြဇာတ်ကို ကြည့်ရှုရန် စောင့်ဆိုင်းနေလေသည်။
သို့သော် စောင့်ရင်း စောင့်ရင်းဖြင့် နောက်ဆုံးတွင် သူမ ရရှိလိုက်သောအရာမှာ ရင်ကျိုးမတတ် နောင်တတရားများသာ ဖြစ်ပေတော့သည်။
ရွာသားတစ်ဦးက အံ့ဩတကြီးမေးလိုက်သည်။
“အဒေါ်ဝူ၊ ဒီစံပယ်ဥက တစ်ကတ်တီကို ကြေးပြားငါးဆယ်ရတယ်လို့ ပြောလိုက်တာလား”
ရွာသားများမှာ သူတို့၏ကျောပိုးအိတ်များထဲမှ ဆေးဘက်ဝင်အပင်ခြင်းတောင်းများကို ကြည့်ကာ အံ့အားသင့်သွားကြသည်။
‘ဘုရားရေ’
တစ်ကတ်တီကို အများဆုံး ကြေးပြားဆယ်ဂဏန်းလောက်ပဲ တန်လိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။
ဤသို့သောာ အချိန်ကာလမျိုးတွင် ငွေအနည်းငယ်ရလျှင်ပင် အလွန်ကောင်းမွန်နေပြီမဟုတ်ပါလား။
အားလုံးက ညည်းညူခြင်းမရှိခဲ့သကဲ့သို့ ဝူယွီလန်အား ဆေးဘက်ဝင်အပင်များ၏ဈေးနှုန်းကိုလည်း သေချာမမေးမြန်းခဲ့ကြပေ။
ဤဆေးပင်များက ဤမျှလောက်အထိ တန်ဖိုးရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ဝူယွီလန် ပြုံး၍ ဖြေလိုက်သည်။
“ဟုတ်ပါတယ်၊ ဒီအရည်အသွေးအပေါ် အခြေခံပြီး အားလုံးဆီကနေ တစ်ကတ်တီကို ကြေးပြားငါးဆယ်နဲ့ ကျွန်မ ဝယ်ယူမှာပါ”
ဝူယွီလန်၏အဖြေကို ကြားလိုက်ရသောအခါ လူတိုင်းမှာ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားကြတော့သည်။
“ဘုရားရေ၊ ဒါဆို ငါ့ခြင်းတောင်း တစ်တောင်းလုံးက စံပယ်ဥတွေချည်းပဲ၊ ငါ ငွေတော်တော်များများရမှာပေါ့”
“ငါ့ဆီမှာ သုံးကတ်တီတိတိ ရှိတယ်”
“ငါ့ဆီမှာ သုံးကတ်တီနဲ့ တစ်ဝက်ရှိတယ်”
လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် သူတို့ရှာဖွေလာသော ဆေးဘက်ဝင်အပင်များကို အလျင်အမြန် ချိန်တွယ်ကြည့်ချင်နေကြ၏။
ဝူယွီလန် စုန့်ကျစ်ရှုအား စာရင်းစာအုပ်ကို ကိုင်ဆောင်ကာ မှတ်တမ်းတင်စေလိုက်သည်။
ဝူယွီလန် အားလုံးကို ဖြောင်းဖျလိုက်သည်။
“အားလုံးပဲ မလောကြပါနဲ့၊ အားလုံးအတွက် ဈေးနှုန်းကအတူတူပါပဲ၊ တစ်ယောက်ချင်းစီ လာကြပါ”
စုန့်ကျစ်ရှု ချိန်တွယ်၍ မှတ်တမ်းတင်လိုက်သည်။
“တာ့နျိုအတွက်က နှစ်ကတ်တီနဲ့ ငါးတန်၊ စုစုပေါင်း ကြေးပြား တစ်ရာ့နှစ်ဆယ့်ငါးပြားပါ”
“အဒေါ်ကျန်းအတွက်က သုံးကတ်တီနဲ့ တစ်တန်၊ စုစုပေါင်း ကြေးပြား တစ်ရာ့ငါးဆယ့်ငါးပြားပါ”
ရွာသားများအတွက် ချိန်တွယ်ပေးပြီးနောက် ဝူယွီလန် ငွေများထုတ်ယူကာ အားလုံးကို ထိုနေရာတွင်ပင် ချက်ချင်း ပေးချေလိုက်သည်။
လေးလံသောကြေးပြားများကို လက်ထဲတွင်ကိုင်ဆောင်ထားရင်း ရွာသားများမှာ အိပ်မက်မက်နေသကဲ့သို့ လက်တွေ့မဆန်သော ခံစားချက်ကို ခံစားနေကြရဆဲပင်။
တစ်ရက်တည်း…. မဟုတ်သေး၊ နေ့တစ်၀က်တည်းဖြင့် ကြေးပြားတစ်ရာကျော်ကို သူတို့ ရှာဖွေနိုင်ခဲ့ပြီဖြစ်သည်။
ယခင်က ဆိပ်ကမ်းတွင် ကုန်ထမ်းသွားလုပ်ပါက တစ်နေ့လုံးမှ အများဆုံး ကြေးပြားနှစ်ဆယ်ခန့်သာ ရရှိခဲ့သည်မဟုတ်ပါလား။
အလွန်အမင်း စိတ်လှုပ်ရှားနေကြသူများမှာ ငယ်ရွယ်သောအမျိုးသမီးများနှင့် ဇနီးသည်များပင်။
ဤနှစ်များတစ်လျှောက်လုံးတွင် သူတို့မှာ ကလေးထိန်းခြင်းနှင့် အိမ်မှုကိစ္စများကိုသာ လုပ်ဆောင်နေခဲ့ရပြီး ကြေးပြားတစ်ပြားကိုမျှ မရှာဖွေနိုင်ခဲ့ကြချေ။